အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ညွန့်ပေါင်းတပ်အစုကဲ့သို့ဖြစ်နေသော စစ်ရှုံးစစ်ကောင်စီတပ်မှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေရဟု AA ထုတ်ပြန်

အာရက္ခတပ်တော်(AA)က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဂွမြို့ကိုလည်း မကြာခင် ရက်များအတွင်း သေချာပေါက် သိမ်းနိုင်တော့မည်ဟု ဖော်ပြသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာ အမ်းမြို့ကို AAက ဒီဇင်ဘာ ၂၀ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာ ၂၁ရက်ညပိုင်းတွင် ဂွမြို့သိမ်းတိုက်ပွဲ အခြေအနေကို အသိပေးလာခြင်းဖြစ်သည်။

ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်သည်ဟု ဆိုသည်။

အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှလည်း ဂွမြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။

“ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည့် အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်သည်” ဟု AAက ထုတ်ပြန်သည်။

အာရက္ခဒေသအတွင်း၌ စစ်ရှုံး စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေခဲ့ပြီး ယနေ့အချိန်ထိလည်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများ၌ မည်သည့်တိုက်ပွဲတွင်မဆို အရှုံးများနှင့် ရင်ဆိုင်နေရပြီး စခန်းတစ်ခုပြီးတစ်ခု၊ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ် ဆုံးရှုံးနေရကြောင်းဖော်ပြသည်။

ထိုသို့ စစ်ရှုံးနေသည့် စစ်ကောင်စီက ဖက်ဆစ်စစ်တပ်တို့၏ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့အပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းလျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ဤကဲ့သို့သော လုပ်ရပ်များမှာ အာရက္ခဒေသတစ်ခုအတွင်း၌သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့တွင် နေ့တိုင်းနီးပါး ပြုလုပ်နေသည့် လုပ်ရပ်များပင်ဖြစ်သည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိကြောင်း၊ ဒီဇင်ဘာလ ၁၇ နှင့် ၁၈ ရက်နေ့များတွင် စစ်ကောင်စီတပ်မှ ဂွမြို့နယ်၊ “အလယ်ရွာ”ကိုလည်းကောင်း၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်လည်း ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း အသိပေးသည်။ထိုသို့ မီးရှို့ခဲ့၍ ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့သည်ဟုဆိုသည်။

စစ်ရှုံး စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်းလည်း သတိပေးသည်။

ထို့ပြင် ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော စစ်ကောင်စီတပ်များကို အဆက်မပြတ် စစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဂွတိုက်ပွဲသည် နေ့စဉ် ပြင်းထန်နေကြာင်း ထုတ်ပြန်သည်။

အာရက္ခဒေသ၊ ဂွ တိုက်ပွဲသတင်း

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်

အာရက္ခဒေသအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေခဲ့ပြီး ယနေ့အချိန်ထိလည်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများ၌ မည်သည့်တိုက်ပွဲတွင်မဆို အရှုံးများနှင့် ရင်ဆိုင်နေရပြီး စခန်းတစ်ခုပြီးတစ်ခု၊ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ် ဆုံးရှုံးနေရသော အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီသည် ဖက်ဆစ်စစ်တပ်တို့၏ လုပ်နေကျ ဝသီအကျင့်စရိုက်အတိုင်း စစ်ရေးပစ်မှတ်မဟုတ်သော ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ရပ်ရွာများကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့အပြင် ရပ်ရွာများကို မီးရှို့ခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းတို့ကို နေ့စဉ်နေ့တိုင်းပြုလုပ်ကာ မထူးဇာတ်ခင်းလျက်ရှိကြသည်။ ဖက်ဆစ် စစ်ကောင်စီ၏ ဤကဲ့သို့သော လုပ်ရပ်များမှာ အာရက္ခဒေသတစ်ခုအတွင်း၌သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့တွင် နေ့တိုင်းနီးပါး ပြုလုပ်နေသည့် လုပ်ရပ်များပင်ဖြစ်သည်။

အာရက္ခတပ်တော်မှ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်သည်။ မိမိတို့၏ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်သည်။ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှလည်း ဂွ မြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည့် အာရက္ခဒေသ၏ တောင်ဖက်အကျဆုံး မြို့ဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီတပ်သည် ဂွမြို့ရှိ ကျေးရွာများ နှင့် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းတို့ကို ဆက်တိုက် လုပ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးလျက်ရှိသည်။ ဧရာဝတီတိုင်းအတွင်းသို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဆုတ်ခွာထွက်ပြေးနေသော ရန်သူများကို မိမိတို့မှလည်း အဆက်မပြတ် လိုက်စစ်ဆင် တိုက်ခိုက်လျက် ရှိသောကြောင့် ဂွတိုက်ပွဲသည်လည်း နေ့စဉ်ရက်ဆက် ပြင်းထန်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၇/၁၈) ရက်နေ့များတွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ ဂွမြို့နယ်၊ “အလယ်ရွာ”ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်လည်း နံနက် (၇) နာရီအချိန်ခန့်မှ စတင်ကာ ၎င်းတို့အခြေစိုက်ရာ ခမရ (၅၆၃) အနီးအနားမှ လူနေအိမ်များကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီ၏ ဤကဲ့သို့ မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်အများအပြားမှာ မီးလောင်ပျက်စီးခဲ့ရသည်။

အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော်အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများ နှင့် အမိန့်ပေး၊ ညွှန်ကြားချက်ပေးသူများကို ဖမ်းဆီးရမိပါက ၎င်းပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *