Tag: News

  • ဧရာဝတီ-ရခိုင်နယ်စပ်၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး

    ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်က ရိုးလမ်းတွေပေါ်နဲ့ လေးမျက်နှာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ရေကြည်မြို့နယ်ထဲက ကျေးရွာတွေကိုလည်း နေရပ်စွန့်ဖို့ ဖိအားပေးနေကြောင်း ဒေသခံတွေကပြောပါတယ်။

    အာရက္ခတပ်တော် (AA) က ဘောမိရွာကိုထိန်းနိုင်ချုပ်ခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းလောက်ကစလို့ ဧရာဝတီတိုင်းထဲက ရေကြည်၊ သာပေါင်း၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်အစွန်အဖျားတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။

    ဒါပေမဲ့ နှစ်ဖက်လုံးက အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်တာမျိုးမရှိခဲ့ဘဲ အခု စက်တင်ဘာလထဲ မှာတော့ ရခိုင်နဲ့ ဧရာဝတီအစပ် ဂွ-ငသိုင်းချောင်း ရိုးလမ်းပေါ်အပြင် လေးမျက်နှာမြိုနယ်ဘက်ကိုပါ စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အကြောင်း မြေပြင်ဒေသခံက ပြောပြပါတယ်။

    ရခိုင်-ဧရာဝတီအစပ်မှာ နေထိုင်တဲ့ ဒေသခံတယောက်က “ဟိုတရက်က စစ်ကြောင်း ၃ ကြောင်းတက်သွားတယ်။ ၃၄၄ ရှေ့က ကျနော်တို့ ရခိုင်ဘက်ကိုတက်တဲ့ ရိုးလမ်း၊ မနေ့ကပေါ့။ တိုက်ပွဲကတော့ နေ့တိုင်းတော့ ဖြစ်နေတယ်။ မျက်နှာဘက်အခြမ်းတွေမှာ လက်နက်ကြီးတွေ ဆင်ထားတာလား မသိဘူး။ လက်နက်ကြီးတွေက အရင်ထက်ပိုပြီးတော့ နေရာများများမှာ ကြားလာရတယ်။ နည်းနည်း ဒီလှုပ်လှုပ်ရှားရှားတွေတော့ များလာတယ်။ အခု ဒီရက်ပိုင်းတွေပေါ့။ အရင်တုန်းကဆိုရင် လေးမျက်နှာမှာဖြစ်ရင် ရိုးဘက်အခြမ်းမှာ တိုက်ပွဲတွေတိမ်းနေတယ်။ အဲဒီလိုမျိုးမဟုတ်ဘဲ အခုက လေးမျက်နှာဘက်မှာလည်း စစ်ကြောင်းတွေက ထိုးနေသလို ဒီဘက်မှာလည်း စစ်ကြောင်းတွေကထိုးနေတယ် ”လို့ ပြောပါတယ်။

    ရခိုင်နဲ့ ဧရာဝတီအစပ် ရိုးလမ်းမပေါ် အရင်တိုက်ပွဲဖြစ်ဖူးတဲ့ စာဥစမ်းနေရာဘက်ကိုတော့ စက်တင်ဘာ ၈ ရက်မှာ ခန့်မှန်းအင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ခုခွဲပြီးတက်သွားတာ ဖြစ်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

    ဒါပေမဲ့ လေးမျက်နှာမြို့နယ်ဘက်မှာတော့ စစ်ကြောင်းထိုးနေတာကိုသိသလို လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြားနေရပေမဲ့ ဒေသခံတွေ မရှိသလောက်ဖြစ်နေတာကြောင့် ထိတွေ့မှုဖြစ်တဲ့နေရာကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

    စစ်တပ်ဟာ အမတ-၃၄၄ အနောက်ဘက်မှာရှိတဲ့ ကျေးရွာ ၁၀ ခု ဝန်းကျင်ကိုလည်း တိုက်ပွဲနဲ့မလွတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဩဂုတ်လကုန်ပိုင်းကစလို့ နေရာရွှေ့ပြောင်းခိုင်းထားကြောင်း ရေကြည်မြို့နယ်ဒေသခံက ပြောပါတယ်။

    ရေကြည်မြို့နယ်ဒေသခံက “ကုန်းပြင်အနောက်ခြမ်း၊ ဘာလဲ၊ မကျီးကုန်းတို့ အဲဒီလိုရွာတွေပေါ့ စလူတောင်တို့ သိုက်တူးကုန်းတို့ အများကြီးပေါ့ ရွာတွေ။ တချို့တွေကျတော့ ရှောင်ကိုမရှောင်နိုင်တာ။ တနေရာမှာသွားပြီးတော့ အိမ်ငှားနေတာတို့ ဘာတို့ အဲဒါမျိုးလည်း မလုပ်နိုင်ဘူးဗျာ။ ဆင်းရဲတော့။ ဖြစ်ချင်ရာဖြစ်၊ ကိုယ့်နေရာမှာပဲ အသေခံမယ်ဆိုပြီးအဲလိုမျိုးနေတဲ့၊ ကျန်ခဲ့တဲ့သူတွေကို တယောက်မှ မကျန်ခဲ့နဲ့တော့တဲ့။ အကုန်သွားတော့တဲ့ နောက်ဆုံး ထားပြီးတော့ဗျာ ရွှေ့တော့ဆိုပြီး ရွှေ့ခိုင်းလိုက်တယ်။ နောက်တခါ သူတို့ဒီထဲဝင်လာလို့တွေ့ရင် သူတို့တာဝန်မဟုတ်ဘူးတဲ့။ အဲဒီလိုပြောတော့တာကို၊ ပြောတယ်ဆိုတော့ အပေါ်ကလာပြီး ဗုံးကြဲရင်လည်း ကြဲမယ်ဗျာ”လို့ ပြောပါတယ်။

    ဒါကြောင့် စက်တင်ဘာ ၈ ရက်ကစလို့ အမတ-၃၄၄ အနောက်ဘက် ရိုးမထိစပ်နေတဲ့ သရက်ပိုင်ကြီးစုကျေးရွာဝန်းကျင်မှာ နေထိုင်သူမရှိသလောက် ဖြစ်သွားပြီး အများစုဟာ ကုန်းပြင်၊ ငသိုင်းချောင်းနဲ့ ရေကြည်မြို့တို့အပါအဝင် နီးစပ်ရာတွေဆီ ပြောင်းရွှေ့သွားကြကြောင်းသိရပါတယ်။

    ဒါ့အပြင် သီတာကုန်းပြင်ဈေးထဲမှာလည်း အခုလဆန်းပိုင်းကစလို့ ကုန်ခြောက်တွေကို ဈေးထဲမှာ ရောင်းခွင့်မပြုတော့လို့ အိမ်တွေမှာပဲ ဆိုင်ဖွင့်နေရကြောင်းသိရပါတယ်။

    ငသိုင်းချောင်းမြို့နဲ့ ချိတ်ဆက်ထားတဲ့ ရေနံ့သာဂိတ်မှာလည်း ဆန် အပါအဝင် ကုန်ပစ္စည်းအများစုကို ကန့်သတ်ပိတ်ပင်မှုတွေပြုလုပ်နေတာကြောင့် ကုန်ဈေးနှုန်းတွေ မြှင့်တက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    ✍စိုးသူအောင်

  • အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင်

    အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင်

    BGF ၏ လမ်းပြကူညီမှုဖြင့် အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင် (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုပုတ်ခတ်နေသော စစ်တပ်ဝါဒဖြန့် ဇာတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်

    အကြမ်းဖက်စစ်တပ်စစ်ကြောင်းများက BGF ခေါ် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့များ၏ ကူညီထောက်ပံ့မှုများဖြင့် ကော့ကရိတ်-မြ၀တီ လမ်းပိုင်းကို ယခုရက်ပိုင်းအတွင်း ထိုးဖောက်လာနိုင်ခဲ့ပြီး ယင်းသို့ ထိုးဖောက်လာသော စစ် တပ်စစ်ကြောင်းများကို ဦးစီးနေသူမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင် (ခေါ်) စစ်တပ် ဝါဒဖြန့် ဇာတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်ဖြစ်သည်။

    အမေရိကန်က နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော BGF/ KNA မှ ဗိုလ်မှူးကြီးစောချစ်သူ၏ ကူညီမှုများဖြင့် ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင် ဦးစီးသော စစ်တပ်စစ်ကြောင်းများက ဩဂုတ်လနှောင်းပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းတွင် အာရှလမ်းပိုင်းကို ထိုးဖောက်ဝင်ရောက်လာခဲ့သော်လည်း ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိုင်မှာ မထင်မရှားဖြင့်သာ ပုန်းလျှိုးကွယ်လျှိုးဖြင့်သာ နေထိုင်လျက်ရှိသည်။

    ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင်ကို သူရဘွဲ့ ပေးအပ်ခဲ့ပြီး သူရ ဘွဲ့ပေးအပ်သည့်အကြောင်းအရင်းမှာ ကရင်ပြည်နယ်၊ သံဖြူဇရပ်နှင့် ဘုရားသုံးဆူကြားရှိ အနန်းကွင်း တပ်စခန်းထိုင် ဗျူဟာစခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတော်လှန်ရေးတပ်များ လက်သို့ မကျရောက်စေရန် ကာကွယ်ပေးမှုဖြင့် သူရဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင်မှာ ကရင်ပြည်နယ်တွင်ပင် အခြေချလှုပ်ရှားနေသော စစ်တပ်အရာရှိကြီးတစ်ဦးဖြစ်ပြီး ကရင့်လက် နက်ကိုင်အဖွဲ့များအကြောင်း ကောင်းမွန်စွာ သိရှိသူဟုလည်း နာမည်ကြီးသည်။

    ကရင်ဂွင်တွင်လှုပ်ရှားသော်လည်း ၎င်း၏ လုံခြုံရေးနှင့် မိသားစု လုံခြုံရေးအတွက် အမြဲလိုလို စိုးရိမ်ပူပန်တတ်သူဖြစ်ရာ မိသားစုနှင့်သူ့အကြောင်းကို သိုသိုသိပ်သိပ်နေထိုင်လေ့ရှိသည်။

    အထူးသဖြင့် ပြင်ပမှ သူ့အကြောင်း မသိစေရန် သွားလာလှုပ်ရှားနေထိုင်သည်။

    အနေအထိုင်သိုသိပ်ပြီး ၎င်း၏ ဓာတ်ပုံများ ပြင်ပပေါက်ကြားမည်ကိုစိုးရိမ်၍ နာမည်အရင်းဖြင့်ပင် ဆိုရှယ်မီဒီယာမသုံးသူလည်းဖြစ်သည်။

    ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင်၏ နောက်ထပ် ထူးချွန်သော အလုပ်တစ်ခုမှာ ဝါဒဖြန့်သော အလုပ်ဖြစ်ပြီး စစ်တပ်ဝါဒဖြန့် ဇာတ်ညွှန်းရေးသူတစ်ဦးလည်းဖြစ်သည်။

    စစ်တပ် ဝါဒဖြန့် ဇာတ်ကားများဖြစ်သည့် သက်ရှိစည်းရိုး၊ စောင်နီလေးတစ်ထည် ဇာတ်ကားများကို အဓိက ဇာတ်ညွှန်းရေးသူမှာ ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင် တစ်ဖြစ်လဲ ဇာတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်ဖြစ်သည်။

    ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင်(ခ) စစ်တပ်ဝါဒဖြန့် ဇာတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်ပေါ်တွင် ဆဲဆိုပုတ်ခတ်လေ့ရှိပြီး သူ၏ ဇနီးဖြစ်သူမှာလည်း ကြံ့ခိုင်ရေးပါတီဝင် အမာခံဖြစ်သည်။

    အာရှလမ်းကို ထိုးဖောက်ပြီးနောက် စစ်တပ်က ပြန်လည်အနိုင်ရသည့်ပုံစံဖြင့် အသံပြန်ထွက်လာသော ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင်မှာ လာမည့် စစ်တပ်နှစ်ပတ် လည်နေ့များအတွက် ဝါဒဖြန့် ဇာတ်ညွှန်းများ ထပ်မံရေးရင်း လုပ်ကြံခံရမည်စိုးရိမ်၍ သိုသိုသိပ်သိပ် ဆက်လက် နေထိုင်ဆဲဖြစ်သည်။

    အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့်ချိရေးတွင် အားကိုးရသည့် ဗိုလ်မှူးကြီး ဝဏ္ဏလှိုင် ၏ ရာဇဝင်နောက်ကြောင်းများကို တပ်တွင်းဖရဲ သီးများထံမှ စတင်ရရှိ ခဲ့ပြီး စိစစ်အတည်ပြုခဲ့ရာ ၎င်းမှာ တော်လှန်ရေးတပ်များ၏ ပစ်ခတ်လုပ်ကြံမှုများကိုရှောင်ရှားရန် သိုသိပ်စွာနေခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

    ဗိုလ်မှူးကြီး ၀ဏ္ဏလှိုင် အကြောင်းနှင့် နောက်ခံအခြေအနေများမှာ တပ်တွင်း ဖရဲသီးများမှတစ်ဆင့် တော်လှန်ရေးတပ်ဖွဲ့အသီးသီးထံသို့ ရောက်ရှိနေပြီဟု သိရှိရသည်။

  • မကွေးတိုင်း ငဖဲမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံး

    မကွေးတိုင်း ငဖဲမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံး

    မကွေးတိုင်း ငဖဲမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု အာရက္ခတပ်တော် (AA) ထုတ်ပြန်

    မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်များအကြား စက်တင်ဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း အာရက္ခတပ်တော်က သတင်းထုတ်ပြန်သည်။

    စက်တင်ဘာလ ၁၀ ရက်နေ့တွင် အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့သည့် အသေးစိတ်အချက်အလက်များအရ၊ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပန်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂၉၅) မှ ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်သော စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာလ ၇ ရက်နေ့တွင် ငဖဲမြို့နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

    ထိုနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စတင်ခဲ့ပြီး ၈ နာရီနီးပါး ကြာမြင့်ခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများခဲ့ပြီး တပ်ဖွဲ့ဝင်အလောင်း ၆၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၂၀ တွင် စစ်ကောင်စီဘက်မှ တတိယမြောက် စစ်ကြောင်းဖြင့် ထပ်မံထိုးစစ်ဆင်ခဲ့ရာ သုံးနာရီခန့်အကြာတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ အဆိုပါ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၁၀ ဦး ထပ်မံသေဆုံးကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

    လက်ရှိတွင် စစ်ကောင်စီတပ်များသည် စွန်တက်ကျေးရွာအနီးရှိ ဝေဠုဝန်ကျောင်း၏ အနောက်မြောက်ဘက် လက်ဖက်ခြံများတွင် ခံစစ်ပြင်ဆင်လျက်ရှိပြီး ထပ်မံထိုးစစ်ဆင်ရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။

    ငဖဲမြို့နယ်သည် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့၏ နယ်စပ်ဒေသတွင် တည်ရှိပြီး၊ အဆိုပါဒေသသည် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ မကြာခဏ ပြင်းထန်လေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။ အထူးသဖြင့် အမ်း-ပဒါန်း ကားလမ်းမကြီးတစ်လျှောက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

    လွန်ခဲ့သည့် လများအတွင်းကလည်း ငဖဲမြို့နယ်တွင် တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းများ အထိနာခဲ့ကာ ရာနှင့်ချီသော တပ်ဖွဲ့ဝင်များ သေဆုံး၊ လက်နက်ချ သို့မဟုတ် ထွက်ပြေးခဲ့ကြသည်။

    ယခုနောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် စစ်ကောင်စီဘက်မှ မကွေး-ရခိုင်၊ ဧရာဝတီ-ရခိုင် နယ်စပ်ဒေသများရှိ နယ်မြေများ ပြန်လည်ရရှိရေးအတွက် ထိုးစစ်များကို အဆက်မပြတ် လုပ်ဆောင်နေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။အဆိုပါ ထိုးစစ်များတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ (၅၇၄)၊ (၅၆၉)၊ (၅၇၅)၊ (၅၇၇)၊ (၅၂၀) နှင့် ခလရ (၂၉၅) တို့ ပါဝင်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  • လူမဆန်တဲ့ လုပ်ရပ်တခု

    လူမဆန်တဲ့ လုပ်ရပ်တခု

    လူမဆန်တဲ့ လုပ်ရပ်တခု

    ဖခင်ဖြစ်သူက သမီးအရင်းဖြစ်သူ မသန်စွမ်းကို မုဒိမ်းကျင့်တယ်တဲ့ဗျာ။

    ကောင်းမွန်စွာနဲ့ အိမ်ပြန်ရောက်ပါပြီ။

    မြို့မ ရဲစခန်းလည်း ရောက်ခဲ့ပါတယ်။ လွတ်ရိုး ထုံးစံမရှိပါတဲ့။

    တရားလွတ်တော်ရှေ့နေကလည်း အစစ အရာရာ ကူညီ ပေးပါမယ်။

    ရပ်ကျေးအုပ်စုလည်း ရပ်တည် လုပ်ဆောင်ပေးပါမယ်တဲ့။

    အမှုအတွက်လည်း ပူစရာမလိုတော့ပါဘူး။

    မိသားစုကလည်း အားလုံး ဆက်လုပ်ဖို့ လက်ခံပေးပါတယ်။

    အကူအညီတောင်းလို့ သွေးပါ လှူပေးခဲ့ရပါတယ်။

    စိတ်ပူပေးလို့ အားလုံးကျေးဇူးပါ။

    အမှန်တရားဆိုတာက ဘာမှ ဖုံးကွယ်မရပါဘူးဗျာ။ သူ့ ကံနဲ့သူသွားမှာပါ။

    နောက်ဆို ဒါလိုမျိုးတွေက မဖြစ်သင့်အောင် ပူးပေါင်းကာကွယ်ရမယ်။

    ပထမအကြိမ် ကိုယ်ဝန်ရတုန်းက ဖျက်ချတယ်။

    ခုနောက်တကြိမ်က ၇ လ ထပ်ဖျက်ချဖို့ ကြိုးပမ်းတယ်။

    အမေဖြစ်သူကလည်း လင်ကိုကြောက်တော့ လင်ဘက်ပဲ ပါတယ်။

    ပေါက်ကြားရင် အားလုံးသတ်ပစ်မယ် ချိန်းခြောက်ထားလို့ သမီးရော မယားရော သတ်မယ်ဆိုလို့ ပတ်ဝန်းကျင်က အစ ဘာမှ မလှုပ်ရဲ။

    ဒီတိုင်းထားရင်လည်း နောက်သမီးအငယ်လေးတွေရှိနေသေး စိတ်မချရဘူး။

    ဒီမသန်စွမ်းကလေးမလေးလည်း ကိုယ်ဝန်ဖျက်ချလို့ အသက်အန္တရာယ် ရှိလာနိုင်တယ်။

    မြို့နယ်က ဧရာတိုင်းထဲကပဲ။

    သူမိသားစု လုံခြုံရေးအရမို့ မြို့နယ်၊ အမည်တွေမဖော်ပြတော့ဘူး။

    ဖော်ထုတ်စစ်ဆေး အရေးယူဖို့ လာအကူညီတောင်းလို့ ဌာနဆိုင်ရာတွေနဲ့ ချိတ်ထားပေးပါတယ်။

    ဒီလို ဖခင်လိုလူမျိုး ဘာကောင်ဖြစ်ဖြစ် လောကထဲမှာ မရှိသင့်ဘူး။

    ကိုယ့်ကရင်လူမျိုးထဲကပဲ ။

    အားလုံးလည်း အမှန်တရားဘက်က ရပ်တည်ပြီး ကလေးမလေးရှေ့ရေးအတွက် ဝိုင်းဝန်းကြဖို့ တောင်းဆိုပါတယ်။

    ထီးထာဖောင်ဒေးရှင်း

    ဖအေဆိုးတရားခံ မိပါပြီ။ ထွက်ပြေးနေတာ ။

    ဒီနေ့မြို့နယ် ထွေအုပ်မှာ အကြံဉာဏ်တောင်းပြီး အမှုလုပ်ဖို့ ပြင်ဆင်ပြီးပါပြီ။

    သူ့သမီးကိုလည်း ညက နှိပ်စက်ပြီး ဗိုက်ကို ဖိညစ်လို့ အနီဆင်းတယ်ကြတယ်။

    အားလုံးစိတ်ပူစရာမလိုအောင် ပညာသားပါပါနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကို ပပျောက်အောင်ဖော်ထုတ်သွားရမယ်။

    ဗိုက်ထဲက ကလေးက 21 ပတ်ဖြစ်နေပြီး မိခင်ရော ကလေးရော ကျန်းမာအောင် ဖြစ်ဖို့ လိုပါတယ်။

    ဖျက်ချဖို့ ကြိုးစားခဲ့တယ် မအောင်မြင်ဘူး။

    ပထမအကြိမ် ကတော့ အောင်မြင်ခဲ့တယ်ပြောတယ်။

    ကာယကံရှင် ကလေးမလေးကိုယ်တိုင် ကလေးကို မွေးမလားဆိုတော့ ခေါင်းညိမ့်တယ်။

    လောကထဲ ရောက်လာပြီးမှတော့ ဘယ်တတ်နိုင်မှာလည်းဗျာ…..။

    Edit – ဒီကလေးကို မွေးပြီးရင် သူမိသားစုလက်ထဲမထားဘဲ ကျတော်တို့ မိတ်ဖက် ပရဟိတဂေဟာကို ပို့ပြီးစောင့်ရှောက်ပေးသွားပါမယ်။

    ဒါကိုလည်း လက်ခံကြပါတယ်။

    ငါလုပ်ပြီဆို ဟို အရင်ထဲက အခိုင်အမာယူပြီး လုပ်တာ…

    ခုက အမှုဖြစ်တဲ့ ရွာက ရွာကလူတွေက သိက္ခာကျတယ် ဆိုပြီး နှုတ်ပိတ်ထားချင်တယ်တဲ့။

    အဖေအရင်းက သမီးအရင်း မသန်စွမ်းကို မုဒိမ်းကျင့်တာနော်။

    ရွာက လူတွေက ရွာ သိက္ခာတယ်တဲ့ ဒီလို လူမဆန်လုပ်ရပ်လုပ်ထားသူကို အေးဆေးဖြေရှင်းမယ်တဲ့….။

    Public တင်တာ ရှက်တယ်ဆိုလားပဲ။ Ethics နဲ့ Law အရတင်ထားတာ။

    ဘယ်သူတွေ ဆိုတာ ဖော်ထုတ်ပြီး ကြံရာပါလုပ်ပေးပြီး ပညာပြပေးလိုက်ရမလား။

    ကူညီ ပေးတဲ့ သူတောင် အပြစ်ပြောနေသူကိုမှတ်လောက်သားလောက်အောင် လုပ်ပေးလိုက်မလား ။

    ကြံရာပါတွေ အကုန် ထည့်မယ်။

    ငါတို့က သမိုင်းမသေအောင် လုပ်နေတဲ့သူတွေ ဒီဖြစ်ရပ်ကြ စတေးရဲတယ်။

    ကောင်းမွန်စွာနဲ့ အိမ်ပြန်ရောက်ပါပြီ။

    မြို့မ ရဲစခန်းလည်း ရောက်ခဲ့ပါတယ်။ လွတ်ရိုး ထုံးစံမရှိပါတဲ့။

    တရားလွတ်တော်ရှေ့နေကလည်း အစစ အရာရာ ကူညီ ပေးပါမယ်။

    ရပ်ကျေးအုပ်စုလည်း ရပ်တည် လုပ်ဆောင်ပေးပါမယ်တဲ့။

    အမှုအတွက်လည်း ပူစရာမလိုတော့ပါဘူး။

    မိသားစုကလည်း အားလုံး ဆက်လုပ်ဖို့ လက်ခံပေးပါတယ်။

    အကူအညီတောင်းလို့ သွေးပါ လှူပေးခဲ့ရပါတယ်။ စိတ်ပူပေးလို့ အားလုံးကျေးဇူးပါ။

    အမှန်တရားဆိုတာက ဘာမှ ဖုံးကွယ်မရပါဘူးဗျာ ။ သူ့ ကံနဲ့သူသွားမှာပါ။

    နောက်ဆို ဒါလိုမျိုးတွေ က မဖြစ်သင့်အောင် ပူးပေါင်းကာကွယ်ရမယ်။

    Sa Aing Htee Khant

  • AA တို့ရဲ့ (၈) နာရီနီးပါးကြာ တိုက်ပွဲ

    (၈) နာရီနီးပါးကြာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အလောင်း (၆၀) ကျော်နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ၊ လက်နက် ခဲယမ်းတွေကို AA မှ သိမ်းဆည်းရမိ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရန်သူ့အလောင်း (၆၀) ကျော်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲ့ယမ်းတွေကို အာရက္ခတပ်တော် (AA)က သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။

    ဒီတိုက်ပွဲဟာ စက်တင်ဘာ ၇ ရက် နံနက် (၁၁) နာရီ (၁၅) မိနစ်မှာ ဒုတိယစစ်ကြောင်းအနေနဲ့ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တဲ့ စကခ (၁၇) လက်အောက်ခံ၊ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပန် အခြေစိုက်၊ ခလရ (၂၉၅) ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်လာတဲ့ တပ်ရင်းနဲ့ ဖြစ်ပွားခဲ့တာလို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒီတိုက်ပွဲဟာ (၈) နာရီနီးပါးကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်အလောင်း (၆၀) ကျော်နဲ့ စစ်အသုံး အဆောင် ပစ္စည်းများ၊ လက်နက် ခဲယမ်းတွေကို အာရက္ခတပ်တော်မှ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

    အကြမ်းဖက် စစ်တပ်ဟာ ကစဉ့်ကလျားဆုတ်ခွာ ထွက်ပြေးနေကြပြီး ထွက်ပြေးကြတဲ့ ရန်သူတွေကို အာရက္ခတပ်တော်က လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

    နောက်ထပ် တိုက်ပွဲ တစ်ခုကတော့ အခြားသောနေရာတစ်ခုဖြစ်တဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာရဲ့ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့် အကွာအဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်းရဲ့ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊ ညနေ (၅) နာရီ (၂၀) မိနစ်အချိန်တွင် တတိယ စစ်ကြောင်းအဖြစ် အာရက္ခတပ်တော်ကိုထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီနေရာမှ တိုက်ပွဲ ၃ နာရီကြာဖြစ်ပွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

    အဲဒီ စစ်ကြောင်းလည်း သုံးနာရီခန့်ကြာ ထိုးစစ်အပြီး ယခင်စစ်ကြောင်းတွေနည်းတူ အထိနာပြီး တပ်လန်ခဲ့ရတယ်လို့ ဆိုပါတယ်။

    ရန်သူရဲ့ တတိယစစ်ကြောင်း ထိုးစစ်အတွင်းမှာ မျက်မြင် (၁၀) ဦးခန့်ကျဆုံးကာ ဒဏ်ရာ အများအပြားရရှိသွားခဲ့သလို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို အာရက္ခတပ်တော်က ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    စက်တင်ဘာ ၁၀ ရက် အာရက္ခတပ်တော် ထုတ်ပြန်တဲ့ တိုက်ပွဲ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

    ——

    တိုက်ပွဲသတင်းထုတ်ပြန်ချက်

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်

    ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီသည် စကခ (၁၇) လက်အောက်ခံတပ်ရင်းများ ဖြစ်ကြသော ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများအပြင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကို ခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များဖြင့် စုဖွဲ့ထားသည့် တပ်ရင်းများဖြင့် စုပေါင်းကာ ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသော နေရာများကို ပြန်လည်ရရှိရန် ကြိုးပမ်း အားထုတ်သော ထိုးစစ်များ ကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

    ထို့ကြောင့် ယခုရက်များအတွင်း အဆိုပါနေရာများ၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

    အထူးသဖြင့် ရန်သူသည် မကွေးတိုင်း၊ နတ်ရေကန်ကုန်းဘက်တွင် ထိုးစစ်များကို ပိုမို ပြုလုပ်လျက်ရှိသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်၊ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၂၈၀၀) ခန့်အကွာအဝေးတွင် ဖြစ်ပွားခဲ့သော နှစ်နာရီကျော်ကြာ တိုက်ပွဲအတွင်း အထိနာတပ်လန်ခဲ့သော စကခ (၁၇) လက်အောက်ခံ တပ်ရင်းများထဲမှ

    နောက်ထပ် တပ်ရင်းတစ်ခုဖြစ်သော ဒုဗမက ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ ခလရ (၂၉၅) တပ်ရင်းသည်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၁) နာရီ (၁၅) မိနစ်မှ စတင်၍ ဒုတိယစစ်ကြောင်းအနေဖြင့် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သည်။

    ဤစစ်ကြောင်းသည် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာအဝေးရှိ မိမိတို့ တပ်ဖွဲ့ဝင်များအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ယခင်ရက်များ၌ စွန်တက်ကျေးရွာ၏ အရှေ့တောင်ဘက်မှ ထိုးစစ်ဆင်ရာတွင် ထိရောက်မှုမရှိဘဲ တပ်လန်သွားခဲ့သောကြောင့် နောက်ထပ်တစ်နေရာမှ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပုံပေါက်သည်။

    သို့သော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့်တန်ပြန်ထိုးစစ်အောက်တွင် ဤစစ်ကြောင်းသည်လည်း ယခင်စစ်ကြောင်းနည်းတူ အထိနာကာ အထိအခိုက် အကျအဆုံးများစွာဖြင့် ထပ်မံတပ်လန် သွားခဲ့ရပြန်သည်။

    (၈) နာရီနီးပါးကြာ မိမိတို့၏ ခုခံစစ်အတွင်း ရန်သူ့အလောင်း (၆၀) ကျော်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက် ခဲယမ်းများကို အာရက္ခတပ်တော်မှ သိမ်းဆည်းရမိခဲ့သည်။

    ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေကြသော ရန်သူများကို မိမိတို့မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

    အခြားသောနေရာတစ်ခုဖြစ်သော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့် အကွာအဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှ ရန်သူ သည် မိမိတို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊ ညနေ (၅) နာရီ (၂၀) မိနစ်အချိန်တွင် တတိယ စစ်ကြောင်းအဖြစ် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

    ဤစစ်ကြောင်းသည်လည်း သုံးနာရီခန့်ကြာ ထိုးစစ်အပြီး ယခင်စစ်ကြောင်းများ နည်းတူ အထိနာပြီး တပ်လန်ခဲ့ရသည်။

    လက်ရှိအချိန်တွင် ရန်သူသည် ဝေဠုဝန်ကျောင်း၏ အနောက်မြောက်ဘက် လက်ဖက်ခြံထဲတွင် ခံစစ်အနေအထားဖြင့် မိမိတို့အား ခုခံရင်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင်လျက်ရှိသည်။

    ရန်သူ၏ ဤတတိယစစ်ကြောင်း ထိုးစစ်အတွင်း မျက်မြင် (၁၀) ဦးခန့်ကျဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

    စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်သောကြောင့် မိမိတို့နှင့် ရင်ဆိုင်ထားသော မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း အသိပေးအပ်ပါသည်။

    မိမိတို့ထံ လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေး၍လည်းကောင်း၊ မိမိတို့အဖွဲ့အစည်းထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်၍လည်းကောင်း၊ ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍လည်းကောင်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

    ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ နှင့် ရိုးတောင်အစပ် နေရာများတွင် ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လာသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

    တိုက်ပွဲနောက်ဆက်တွဲ သတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

    သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်