Tag: News

  • မိဘတွေအပေါ်ထားတဲ့ ပိုင်တံခွန်ရဲ့စိတ်ထားကို ဖွင့်ဟလာတဲ့ အစ်မဖြစ်သူ မေချစ်သွေး

    မိဘတွေအပေါ်ထားတဲ့ ပိုင်တံခွန်ရဲ့စိတ်ထားကို ဖွင့်ဟလာတဲ့ အစ်မဖြစ်သူ မေချစ်သွေး

    အိမ်ထောင်မကျခင်ကတည်းက အိမ်ရဲ့အသုံးစရိတ်စာရင်းကို လင်းမြဖူးဆီ စာရင်းပြငွေထုတ်ခိုင်းခဲ့တဲ့ ပိုင်တံခွန်ရဲ့မိဘတွေအပေါ်ထားတဲ့ နောက်ကွယ်ကစိတ်ဓာတ်ကို ဖွင့်ဟလာတဲ့ အစ်မဖြစ်သူ မေချစ်သွေး

    အိမ်ပေးခဲ့တဲ့စာချုပ်မှာ အိမ်သားတွေအားလုံးကို ရှေ့နေနဲ့ လက်မှတ်ထိုးခိုင်းကတည်းက တစ်မိသားစုလုံး နာကျင်ခဲ့ရတယ်တဲ့

    အခုဖြစ်နေတဲ့ပြသနာနဲ့ပတ်သက်ပြီး မိဘတွေခံစားနေရတာကို မကြည့်ရက်တော့လို့ ပထမဆုံးဖြေရှင်းခြင်းပါ။

    အရင်ကတော့ လူတချို့ရဲ့အနှိမ်ခံပဲ ဖြစ်ခဲ့တာ။ ကောင်းပေးခဲ့ဖူးတဲ့အရာတွေကြောင့် ခေါင်းငုံ့သည်းခံပေးပြီး ငြိမ်ပေးနေခဲ့တာပါ။

    ဘာသက်သေမှ မရှိလို့ လူတွေပြောနေသမျှက မှန်နေလို့ ကြောက်လို့ ငြိမ်နေခဲ့တာ မဟုတ်ပါဘူး။

    အခု လူတွေစွပ်စွဲနေကြသလိုလည်း ငွေကြေးကြောင့် လုံးဝမဟုတ်တာ ကာယကံရှင်တွေသာ အသိဆုံးပါ။

    ကိုယ့်မောင်ကို ချစ်တဲ့စိတ်နဲ့ မလုပ်ရက်ခဲ့လို့ အစ်မတစ်ယောက်အနေနဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ စိတ်လျှော့ချခဲ့တာ။

    နင့်ဆီက ငွေ မပြောနဲ့ နင့်ကိုယ်ရေးကိုယ်တာတောင် မိသားစုက ဝင်မစွက်ဖက်ခဲ့ဖူးဘူးနော်။

    နင် ကောင်းစားဖို့အတွက်ပဲ ဘာအကျိုးမှ မမျှော်ကိုးခဲ့ပဲ တတ်နိုင်သလောက် ကူညီပေးခဲ့ကြတာ။ ငါတို့ရယူခဲ့တာ ဘာမှမရှိခဲ့ဘူး။

    ကိုယ့်ဘဝအတွက်တောင် မကြည့်ခဲ့ပဲ နင့်အနားမှာ နှစ်အကြာကြီး ထမင်းစားကျွန်ဘဝနဲ့ နေပေးခဲ့တာ နင့်ကို သိပ်ချစ်လို့။

    နင့်ကို သိစေချင်တာ တစ်ခုပဲရှိတယ်။ ကိုယ့်မိသားစုကို ကိုယ်မှတန်ဖိုးမထားပေးရင် ကိုယ်မှ ကာကွယ်မပေးရင် အပြင်လူက ဝင်စော်ကားဖို့ အေးဆေးပဲ။

    ငါကလည်း သူများကို အကြောင်းမဲ့သွားရိုင်းပြီး စော်ကားတတ်တဲ့သူ မဟုတ်ဘူးဆိုတာ နင်သိမှာပါ။

    ကိုယ့်မိဘကို ထိခိုက်လာလို့ ငါ့အမေ မျက်ရည်ကျနေတာကို သည်းမခံနိုင်တော့လို့ ပေါက်ကွဲထွက်သွားတာပဲရှိတာ။

    အမေ ဘယ်လောက်ထိ နာကျင်ခဲ့ရသလဲ ငိုခဲ့ရသလဲ နင်သိလား။ အရာရာတိုင်းမှာ အကျိုးနဲ့အကြောင်းဆိုတာ ရှိစမြဲပဲ။

    ငါ့အပေါ် အပြစ်တွေပုံချပြီး နင်ဒေါသထွက်သမျှကိုတောင် ငြိမ်ခံပေးခဲ့တာပါ။ ငါ အစ်မပီသအောင် နေပေးခဲ့တဲ့အတွက် လိပ်ပြာလုံတယ်။

    ပတ်ဝန်းကျင်လည်းသိတယ်။ တစ်မိသားစုလုံးက နင်ရှာသမျှကို ထိုင်စားခဲ့သတဲ့။

    အစ်မကြီးက ရတဲ့အလုပ်ရှာလုပ်ခဲ့သလို အစ်ကိုကလည်း အလုပ်လုပ်ခဲ့ပြီး မိဘကို ရှာကျွေးခဲ့ကြတာ။

    သူတို့မိသားစုနဲ့သူတို့ဘာသာ အဆင်မပြေကြတာတောင် မိဘကို ရတဲ့အခကြေးငွေနဲ့ ရှာကျွေးခဲ့ပါတယ်။

    ငါလည်း နင့်ဆီမှာအလုပ်လုပ်ပေးနေရင်း မိဘကို နိုင်သလောက် ထောက်ပံ့ခဲ့တယ်။ အကုန်လုံးက နင့်လောက် ဝင်ငွေမကောင်း၊ မရှာနိုင်ပေမယ့် တစ်သိန်းရရ နှစ်သိန်းရရ မိဘကို ပေးခဲ့တာချည်းပဲ။

    ငါတို့မောင်နှမ အကုန်လုံးက မိဘကို သိတတ်သူတွေချည်းပဲ။ အားလုံးက နင့်ကိုသိပ်ချစ်ပြီး ဂုဏ်ယူခဲ့ကြတဲ့သူတွေပါ။

    ငါက အမြဲ နင့်ဖက်ပဲ ရပ်တည်ပေးခဲ့တဲ့သူဆိုတာ နင်အသိဆုံးပါ။ အခုလည်း ငါတို့က နင့်သဘောအတိုင်း နင့်စကားအတိုင်း ထပ်လာမပတ်သက်နဲ့ အမေသေလည်းမလာဘူး နင်သေလည်းမလာနဲ့ဆိုလို့ ငါတို့နေပေးခဲ့တာပဲရှိတာ။

    ငါတို့မှားသွားသလား။ နင် အမေ့ကိုပြောခဲ့တဲ့စကားတွေ နင် အသိဆုံးပါ။

    အိမ်ပေးခဲ့တဲ့စာချုပ်မှာ တစ်မိသားစုလုံး လက်မှတ်ထိုးရမယ်ဆိုပြီး ရှေ့နေနဲ့ လုပ်ခိုင်းတဲ့နေ့တုန်းက ငါတို့အကုန်လုံး နာကျင်ခံစားခဲ့ရတာ။

    နင် ဘာသဘောနဲ့ လုပ်သလဲဆိုတာ နင့်ကိုယ်နင် ပိုသိမှာပါ။ ဒီကိစ္စကို ငါပြောရတာ နင်တို့ဖက်က စာချုပ်ကို ဟိုလူကတဆင့် ထုတ်ပြခိုင်းခဲ့လို့ ငါပြောတာ။

    ငါတို့မိဘက မိဘကောင်းသိပ်ပီသခဲ့တာ နင်အသိဆုံးနော်။ သားသမီးကို ပေးဆပ်ဖို့သက်သက်ပဲ ရှင်သန်ခဲ့ကြတာပါ။

    ငယ်ငယ်လေးကတည်းက ပိုးမွေးသလို မွေးပေးခဲ့ပြီး အဆင့်မြင့်မြင့်ထားပေးခဲ့တာ။

    ဘိတ်လိုပဲပြောတတ်ပြီး ဗမာစကားတောင် ကောင်းကောင်းမပြောတတ်တဲ့အမေက ရန်ကုန်မှာ နင် မင်းသားဖြစ်ဖို့ အများကြီးလုပ်ပေးခဲ့တာ။

    နင့်ကြိုးစားမှုကြောင့် ဒီနေရာရောက်လာတာမှန်ပေမယ့် မိဘသာ မကောင်းခဲ့ရင် မထောက်ပံ့ပေးခဲ့ရင် နင်ဆိုတာ မဖြစ်လာဘူး။

    ကံမကောင်းလို့ စီးပွါးကျဆင်းပြီး သုညဘဝက စခဲ့ရတာတောင် ငါတို့ ထမင်းငတ်ခဲ့ဖူးသလား။

    ဆန်ကြမ်းစားခဲ့ရဖူးသလား။ ထမင်းပွဲမှာ အသားဟင်းမပါပဲ စားခဲ့ရတဲ့နေ့ ရှိခဲ့ဖူးသလား။ နင် တစ်ခုချင်း သေချာပြန်တွေးကြည့်ပါ။

    ကျန်းမာရေးအခြေအနေ အရမ်းဆိုးဝါးလာလို့သာ သားသမီး ပေးတာယူ ကျွေးတာစားဘဝနဲ့ နေခဲ့ရတာ။

    နင် အများကြီး ထောက်ပံ့ပေးခဲ့တယ် ကူညီပေးခဲ့တယ် ငါတို့အကုန်လုံး နင့်ကို ကျေးဇူးလည်းတကယ်အများကြီးတင်တယ်။

    နင်တို့ မယူခင်နှစ်အပိုင်းအခြားတစ်ခုကတည်းက အမေ့ကို နင့်မိန်းမဆီ လစဥ် ကုန်ကျစရိတ်ကို စာရင်းအတိအကျနဲ့ တင်ခိုင်းခဲ့တယ်။

    ဒါ့အပြင် ထောက်ပံ့စရိတ်ကိုလည်း နင့်မိန်းမဆီကနေ တောင်းခိုင်းခဲ့တယ်။

    အဲ့လိုကြောင့် အမေက ပိုစိတ်မကောင်းဖြစ်ခဲ့ရတာ သိမ်ငယ်ခဲ့ရတာ အဲ့ဒါက မိဘတစ်ယောက်ရဲ့မာနပဲ ဆိုတာ နင်သိလား။

    အသက်ကြီးလာတဲ့မိဘက သားသမီးဆီက ငွေကြေးထက် မေတ္တာပဲ ပိုလိုချင်ခဲ့ကြတာ။ အမေနဲ့ ဘယ်နနာရီအချိန်ပေးပြီး စကားပြောဖူးလဲ။

    အမေဆေးရုံတက်ရရင်ရော နာရီဝက်ပြည့်အောင်ဆေးရုံလာဖူးတာရှိခဲ့လား။

    အရာရာတိုင်းက ငွေပေးရုံနဲ့ပြီးသွားလား မိဘတွေက သားသမီးဆီက မေတ္တာလည်းလိုတယ်ဆိုတာတွေးပေးခဲ့ဖူးလား။

    လူကိုမမျှော်ဘဲ လစဉ်ထောက်ပံ့မဲ့ငွေကို မျှော်ပြီး နေခဲ့တဲ့မိဘမဟုတ်ပါဘူး။

    သူ နေကောင်းတာနဲ့ သူ့လက်ရာကိုကြိုက်တဲ့ နင့်အတွက် နင်ကြိုက်တတ်တဲ့စားစရာတွေကို ကိုယ်တိုင်ချက်ပြုတ်ပြီး နင်ရှိတဲ့နေရာအထိရောက်အောင် ပို့ပေးခဲ့တဲ့ အမေမျိုးပါ။

    မိဘခံစားချက်ကို နင် ဘယ်တုန်းက ထည့်တွေးပေးခဲ့ဖူးသလဲ။ နင့်ကိုငါ အမြဲ ဆုံးမခဲ့တယ် သတိပေးခဲ့ပါတယ်။

    အခု အဲ့လိုမိဘနှစ်ပါးလုံးက နေ့တိုင်း ဒူးနဲ့မျက်ရည်သုတ်နေရတယ်။

    ငါတို့ကို ပင်ပင်ပန်းပန်းရှာဖွေလုပ်ကိုင်ပြီး ကျွေးမွေးခဲ့တဲ့ နင့်ကိုသိပ်ချစ်တဲ့အဖေက အခု ငိုနေတယ်။

    ငါတို့အဖေ လူရိုးလူအေးကြီးက ငိုနေတာ။

    ဒါတောင် မေတ္တာမပျက်ခဲ့ဘူးနော်။ နင် ရိုင်းခဲ့တာတွေကို အဖေက အမေ့ကို ခွင့်လွှတ်ပေးဖို့နားချပြီး သူ့သားကံကြီးထိုက်မှာစိုးရိမ်စွာနဲ့ မေတ္တာပို့ပေးနေတာပါ။ မိဘဆိုတာ အစားပြန်မရဘူး။ မစော်ကားကောင်းဘူး။

    ဘယ်အချိန် ဘာဖြစ်သွားနိုင်သလဲဆိုတာ မသိနိုင်တဲ့ခေတ်ကြီးထဲမှာ နင် နားလည်လာတဲ့တစ်နေ့ နောက်မကျစေဖို့ ငါဆုတောင်းပေးပါတယ်။

    နောက်ဆုံးအနေနဲ့တော့ ငါ မျှော်လင့်ခဲ့လိုက်မိသေးတာ နင်ကာကွယ်ပေးမှာပါလို့။

    ငါတို့မောင်နှမတွေအကုန်လုံးက ဘာမှမဖြေရှင်းပဲ ဆဲသမျှခံပေးခဲ့တာက ထရှင်းလိုက်ရင် နင် ထိခိုက်သွားမှာကြောက်တဲ့စိတ်နဲ့ ငြိမ်ပေးနေခဲ့တာ။ 😅

    ငါတို့က စွန့်ပစ်ခံခဲ့ရတဲ့လူတွေပါ။

    ငါ့အတွက်တော့ လူတွေအကြောင်း ကောင်းကောင်းကြီး သိခဲ့ရတဲ့နှစ်ပါပဲ။

    မေတ္တာထားပေးလျက်ပါ။

    May Chit Thway

  • တောင်ငူရှိ စစ်တပ်လေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

    တောင်ငူရှိ စစ်တပ်လေဆိပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူက ကေတုမတီလေဆိပ်ကို ဒရုန်းတွေနဲ့ဗုံးကြဲခဲ့ပြီး ထိန်းသိမ်းရေးမျှော်စင်နဲ့ ဒရုန်းကာကွယ်ရေးတိုင်တို့ မီးလောင်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ်မှာ Operation Thumderbolt အနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေဆိပ်ထဲကို အဆင့်မြင့် FPV ဒရုန်း ၄ စီးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    ဝရဇိန်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “လေကြောင်းကာကွယ်ရေးအဆင့်ဆင့်ကို ကျော်ဖြတ်ပြီး လေတပ်ဝင်းထဲကို Anti Jamming FPV Drone တွေနဲ့ ဝင်တိုက်တာပါ။ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နဲ့ Jammer တာဝါတိုင်တွေကို အတိအကျ တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

    ဒရုန်း ၄ စီးမှာ ၂ စီးက ထိန်းသိမ်းရေးမျှော်စင်(လေယာဉ်အတက်အဆင်းထိန်းချုပ်တဲ့နေရာ)နဲ့ Jammer ထားတဲ့နေရာတွေကိုထိပြီး Jammer စက်တွေ ဆက်တိုက်မီးလောင်ကျွမ်းကာ ကျန်တဲ့ ၂ စီးကတော့ မြူနှင်းတွေထူထပ်နေတာကြောင့် ပစ်မှတ်လွဲချော်ခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ဆင်ရေးကို ဝရဇိန်တပ်ဖွဲ့ကဦးဆောင်ပြီး မဟာမိတ်အနေနဲ့ သံတောင်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူးပေါင်းပါဝင်ကာ နည်းပညာတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုလို့ ပြောပါတယ်။

  • စစ်ကူလာချသည့် ရဟတ်ယာဉ်ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်

    စစ်ကူလာချသည့် ရဟတ်ယာဉ်ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်

    ဖာပွန်ခရိုင်သို့ စစ်ကူလာချသည့် ရဟတ်ယာဉ်ကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်မှု ခေတ္တဗျူဟာမှူး ဒုဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် အရာရှိနှင့်စစ်သည် ၁၅ ဦးသေဆုံး

    တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊စစ်သည် ၁၀၀ နီးပါး အစစ်ခံနေရ

    ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဘော်စဲခို စခန်းသို့ စစ်ကူလာချသည့် ရဟတ် ယာဉ်ကို KNLA ပူး ပေါင်း တပ်များက တိုက်ခိုက်ခဲ့ရာ ခေတ္တဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် ၁၅ ဦးသေဆုံးသွားကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    နိုဝင်ဘာလ ၂၁ ရက်နေ့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် စစ်ဆင်ရေးများ ကြီးကြပ်ကွပ်ကဲမည့် ခေတ္တဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် စစ်ကူများကို Mi-17 ရဟတ်ယာဉ်ဖြင့် လာရောက်ချထားစဉ် KNLA နှင့် PDF ပူးပေါင်းတပ်များ သတင်းအရ တိုက်ခိုက်ခဲ့ရာ ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် ၁၅ ဦး သေဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် အခြားရဟတ်ယာဉ် ၁ စီးဖြင့် ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုး၏ အလောင်း အပါအဝင် အရာရှိများ၏ အလောင်းများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြန်လည် သယ်ယူသွားခဲ့ကြောင်း သိရှိရသည်။

    “ရဟတ်ယာဉ်နဲ့လာချတာက နေ့လယ်ပိုင်းလောက်မှာ လာချပေးတာ။ အဲဒါကို သတင်းပေါက်ကြားပြီး တစ်ဖက်အဖွဲ့အစည်းကနေ လက် နက်ကြီး၊ လက်နက်ငယ်၊ ၆၀ မမ တွေရော ဒရုန်းဗုံးတွေနဲ့ပါတိုက်ခိုက်တာ။ ရဟတ်ယာဉ်ပေါ်ပါ ဒုဗိုလ်မှူးကြီး အောင်မြတ်မိုး အပါအဝင် အရာရှိ စစ်သည် ၁၅ ဦး ကျဆုံးပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    CDM ဗိုလ်ကြီးဇင်ယော်ကလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ A1 ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုးနှင့်အဖွဲ့ ရဟတ်ယာဉ်ပေါ်မှ ချအပြီး တိုက်ခိုက်ခံရမှု ကြောင့် စစ်အရာရှိကြီး၊ အရာရှိငယ်နှင့်စစ်သည် စုစုပေါင်း ၁၅ ဦးသေဆုံးကြောင်း အတည်ပြုပြောဆိုသည်။

    “စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း အဓိက ကျောက်ကြီးနယ်မြေထဲကို အဓိက ရွေးကောက်ပွဲလုပ်ချင်တော့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးက A1 တွေ Q1 တွေပါ အလှည့်ကျ စစ်ဆင်ရေးထွက်ရတဲ့ အချိန်မှာ A1 အောင်မြတ်မိုးတို့အဖွဲ့က စစ်ကူလိုက်သွားရတာ ။ ပို့တာလည်း ရဟတ်ယာဉ်နဲ့ ပို့တာ သေချာတယ်။ အဲဒီမှာ တိုက်ခိုက်ခံရပြီးတော့ ၂ အပေါင်း ၁၃ On the spot အားလုံးပေါင်း ၁၅ ယောက်ကျတယ်။ ဆေးမှူးတစ်ယောက်လည်း ကျတယ်။ တိုင်းရုံး စုပေါင်းစပ်ပေါင်းအဖွဲ့တွေလို့ သိရတယ်။ KNU ဘက်ကလည်း သတင်းအတိအကျရပြီးတော့‌ စောင့်ကြိုတိုက်ခိုက်တဲ့ အနေအထား။ ရှော့တိုက်ဒုံးနဲ့ ပစ်တယ်လို့တော့ တော်တော်များများတော့ ပြောကြတယ်။ ဒါပေမဲ့ အနေအထားက ရှော့တိုက်ဒုံးနဲ့ ပစ်တဲ့ အနေအထားမျိုး မဟုတ်ဘူးလို့ မြင်ရတယ်။ အဲဒီဘက်မှာ အသုံးများတာက ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အနေအထားမျိုး” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

    ဒုတိယဗိုလ်မှူးကြီး အောင်မြတ်မိုးနှင့်အဖွဲ့ စစ်ကူအဖြစ် ရဟတ်ယာဉ်ဖြင့် သွားရောက်ပို့ဆောင်သည့်သတင်း ပေါက်ကြား၍ တိုက်ခိုက်ခံရပြီး ကျဆုံးသွားသော ဖြစ်စဉ်အပေါ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စုံခုံဖွဲ့၍ စစ်ဆေးလျက်ရှိပြီး တိုင်းရုံးမှ အရာရှိ၊ စစ်သည်နှင့်မိသားစုဝင် အနည်းဆုံး ၁၀၀ နီးပါး၏ ဖုန်းများကို စစ်တပ်က စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

    “သတင်းပေါက်ကြားလို့ တိုက်ခိုက်ခံရတာတော့ ပေါ်ပေါက်တယ်။ ဘယ်က သတင်းပေါက်လဲဆိုတာကို လိုက်နေကြတယ်။ အခုသိရသလောက် တိုင်းရုံးက အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင် ၁၀၀ လောက်ရဲ့ ဖုန်းတွေကို စရဖက ယူပြီး စစ်နေတယ်။ ဖမ်းဆီးတာမျိုးမဟုတ်ဘူး။ ဖုန်းတွေကို သိမ်းပြီး စစ်နေတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

  • ဒီပဲယင်းနယ် လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် အသက် ငါးနှစ်အောက်ကလေးငယ် နှစ်ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးရှိလာ

    ဒီပဲယင်းနယ် လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် အသက် ငါးနှစ်အောက်ကလေးငယ် နှစ်ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးရှိလာ

    ဒီပဲယင်းနယ် လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် အသက် ငါးနှစ်အောက်ကလေးငယ် နှစ်ဦးအပါအဝင် သေဆုံးသူ ၁၈ ဦးရှိလာ

    စစ်ကိုင်းတိုင်း၊ ပဲယင်းနယ်အရှေ့ခြမ်းက မရကန်ကျေးရွာကို ဒီဇင်ဘာလ ၅ ရက်နေ့ ည‌ ၈ နာရီခန့်မှာ စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ငါးနှစ်အောက်ကလေးငယ်အပါအဝင် ပြည်သူ ၁၈ ဦးသေဆုံးထားပြီး ထိခိုက်ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတဲ့ ပြည်သူတွေလည်း ရှိနေသေးတယ်လို့ ဒီပဲယင်းနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

    တိုက်ပွဲဖြစ်ပွားနေတာမရှိတဲ့ ဒီပဲယင်းနယ် မရကန်ကျေးရွာကို စစ်အုပ်စုတပ်က ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက်ငါးနှစ်အောက် ကလေးငယ်နှစ်ဦးနဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၁၈ ဦးထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    ဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများအပြားရှိနေပြီး ဆေးဝါးကုသမှုတွေ ဆက်လုပ်နေသလို စိုးရိမ်ရတဲ့ လူနာတွေကိုစောင့်ကြည့်နေရတယ်လို့ အမည်မဖော်လိုတဲ့ ဒီပဲယင်းဒေသခံတစ်ဦးက ပြောပါတယ်။

    “ဒဏ်ရာရလူနာတွေအထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေ လေးယောက်ထက်မနည်း ရှိတယ်။ သူတို့ကိုတော့ ပထမဦးစားပေးအနေနဲ့ စောင့်ကြည့်နေကြပါတယ်။ သေဆုံးသူတွေကိုတော့ ဒီနေ့အကုန်လုံး သဂြိုဟ်သွားမှာပါ။ အများစုက အိမ်ထောင်ဦးစီးတွေ ပါကြတာဗျ။ ဘောလုံးပွဲဆိုတော့လေ ညနေပိုင်းအားတဲ့ အချိန်လေးကို ဆုံပြီး သာရေးနာရေး ပြောကြာတာပေါ့ဗျာ။ ရွာဆိုတဲ့ ထုံးစံအတိုင်းပေါ့”

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေအပြင် မရကန်ကျေးရွာက လက်ဖက်ရည်ဆိုင်နဲ့ နေအိမ်တွေအပါအဝင် အဆောက်အဦး ဆယ်လုံးထက်မနည်း ပျက်စီးသွားတယ်လို့ သူကဆိုပါတယ်။

    ဒီဇင်ဘာလ ၅ ရက်ညနေပိုင်းမှာ ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာ – ဖိလစ်ပိုင် အမျိုးသမီး ဘောလုံးပွဲကို ဒေသခံတွေစုပေါင်း ကြည့်ရှုနေကြတဲ့ လက်ဖက်ရည်ဆိုင်နဲ့ ကိုက်နှစ်ရာကြားမှာ ဗုံးကျရောက်ပေါက်ကွဲ ခဲ့တာ​ကြောင့် အစုလိုက်အပြုံလိုက် သေဆုံးကုန်တာလို့ ဒေသခံတွေက ပြောပါတယ်။

    စစ်အုပ်စုက လေကြောင်းကနေ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်တိုက်ခိုက်သတ်ဖြတ်‌တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်အထူးဂရုစိုက်ဖို့နဲ့ လူစုလူဝေးတွေ မလုပ်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

    အကြမ်းဖက် မင်းအောင်လှိုင် သစ္စာခံစစ်အုပ်စုဟာ ဒီပဲယင်းနယ်အပါအဝင် စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်ခရိုင်ထဲက ကျေးရွာတွေနဲ့ နိုင်ငံဝန်းကို နေ့စဉ် ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

  • ဘောလုံးပွဲကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲသတ်

    ဘောလုံးပွဲကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲသတ်

    ဒီပဲယင်းမှာ ဘောလုံးပွဲကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက ဗုံးကြဲသတ်လို့ ပြည်သူ ၁၃ ဦး သေဆုံး

    စစ်အုပ်စုက အကြောင်းမဲ့ တနေကုန် ဒီပဲယင်းနယ် ကျေးရွာတွေကို ဗုံးပတ်ကြဲနေ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဒီဇင်ဘာ ၅ ရက်ည ၈ နာရီမှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ သေဆုံးတဲ့ပြည်သူ ၁၃ ဦး ရှိကာ ဒဏ်ရာရသူတွေလည်း များတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီပဲယင်းနယ် အရှေ့ခြမ်း၊ မရကန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို မိတ္ထီလာမြို့ကနေ တက်လာတဲ့ MIG-29 အမျိုးအစား တိုက်လေယာဉ်နဲ့ စစ်အုပ်စုက နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်အတွင်း ဘောလုံးပွဲ ကြည့်ပြီး ထိုင်နေတဲ့ ဒေသခံတွေ သေဆုံးတာလို့ ဆိုပါတယ်။

    “လက်ဖက်ရည်ဆိုင်ဆိုတော့ အထိအခိုက် များတယ်၊ သေတဲ့သူ ဆယ်ကျော်မယ်၊ ခြေပြတ်၊ လက်ပြတ်တွေ ပါတယ်၊ လတ်တလော အတည်ပြုဖို့ ခက်နေသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဗုံးထိမှန်လို့ လက်ဖက်ရည်ဆိုင် မီးလောင်နေပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ မရေတွက်နိုင်သေးဘူးလို့ ဆိုပါတယ်။

    ဒီကနေ့ ညနေပိုင်း ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာ – ဖိလစ်ပိုင် အမျိုးသမီး ဘောလုံးပွဲရှိလို့ ဒေသခံတွေ လက်ဖက်ရည်ဆိုင်မှာ လာရောက်ကြည့်ရှု့ကြကာ လူစုသလို ဖြစ်နေချိန် စစ်အုပ်စုက လာရောက် ဗုံးကြဲ သတ်ဖြတ်တာလို့ ဒေသခံတွေက ပြောပါတယ်။

    “မရကန်ကျေးရွာအား အကြမ်းဖက် စစ်အုပ်စုမှ လူမဆန်စွာ အကြောင်းမဲ့ လေ‌ကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ (၁၃)ဦးခန့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့။ …။ အကြမ်းဖက်စစ်အုပ်စုမှ ယနေ့ တစ်ရက်ထဲမှာပဲ ဒီပဲယင်းမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများ နေထိုင်သော ကျေးရွာများအား (Genocide)ဆန်စွာ ဆက်တိုက်လေကြောင်းမှ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်” လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကလည်း ဖော်ပြပါတယ်။

    မင်းအောင်လှိုင် သစ္စာခံ အာဏာသိမ်း စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်းကစလို့ ဒီပဲယင်းနယ် ကျေးရွာတွေကို တိုက်လေယာဉ် ငါးစီး၊ ဂျိုင်ရိုကော်ပတာ (Gyrocopter – ရဟတ်ယာဉ်ငယ်) နှစ်စီးနဲ့ အကြောင်းမဲ့ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

    မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအတွင်း ဒီပဲယင်းနယ် အနောက်ခြမ်းက ကျေးရွာတွေကို ကိုးကြိမ်အထိ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

    “ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်း နေရာများအား တံတားဦးနှင့် မိတ္ထီလာ လေတပ်များမှ တက်လာသော Jet Fighter များဟာ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ မိဘ ပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ် ဂရုစိုက်ကြပါခဗျာ” လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က သတိပေးတိုက်တွန်းထားပါတယ်။

    မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ ဒီပဲယင်းနယ် အပါအဝင် စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်ခရိုင်ထဲက ကျေးရွာတွေနဲ့ နိုင်ငံဝန်းကို နေ့စဉ် ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

    ဒီပဲယင်းနယ် မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – CJ

    ဆက်စပ်သတင်း

    မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲ