Tag: News

  • တရုတ်နယ်စပ်ဂိတ်များ၌ လူပုံတူစက်ရုပ်များက လူအုပ်ကို လမ်းညွှန်ထိန်းကျောင်းမည်

    တရုတ်နယ်စပ်ဂိတ်များ၌ လူပုံတူစက်ရုပ်များက လူအုပ်ကို လမ်းညွှန်ထိန်းကျောင်းမည်

    ရှန်ကျန်းအခြေစိုက် UBTech Robotics ကုမ္ပဏီက နောက်ဆုံး မော်ဒယ် လူပုံတူစက်ရုပ်များ တီထွင်ပေးရမည့် ဒေါ်လာ သန်းပေါင်းများစွာတန် လုပ်ပိုင်ခွင့်ကို ရရှိကြောင်း ကြေညာပြီးနောက် တရုတ်နယ်စပ်ဂိတ်အချို့၌ ခရီး သွားများကို လမ်းပြခြင်းနှင့် လူအုပ်ကို စီမံခန့်ခွဲခြင်းများကို လူပုံတူ စက်ရုပ်များက လုပ်ဆောင်မည်ဖြစ်သည်။

    ဗီယက်နမ်နှင့် တရုတ်နယ်စပ်အနီး လူပုံတူစက်ရုပ် စမ်းသပ်စခန်းနှင့်အတူ အမေရိကန်ဒေါ်လာ ၃၇ သန်းတန် သဘောတူညီချက်ကို ချုပ်ဆိုခဲ့သည်ဟု ယင်း ကုမ္ပဏီက အင်္ဂါနေ့တွင် ပြောသည်။

    အဆိုပါ စီမံကိန်းသည် နယ်စပ် စီမံခန့်ခွဲမှု၌ အားဖြည့်ကူညီခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးကို ကိုင်တွယ်ဖြေရှင်းခြင်း၊ စက်ရုံများတွင် ကင်းလှည့်ခြင်း စသည်တို့အား UBTech ကုမ္ပဏီ၏ “Walker” နောက်ဆုံးပေါ်ဗားရှင်း စက်ရုပ်များကို အဓိက အသုံးပြုကာ စမ်းသပ်လုပ်ကိုင်ခိုင်းမည် ဖြစ်သည်။

    ဘက်ထရီကို ကိုယ်တိုင် လဲလှယ်နိုင်သည့် ထို စက်ရုပ်များကို ဒီဇင်ဘာလတွင် စတင် ပေးပို့မည် ဖြစ်ကြောင်း UBTech ကုမ္ပဏီက ဆိုသည်။

    စက်ရုပ်များအား ဉာဏ်ရည်တု (AI) ဖြင့် မောင်းနှင်မည်လား သို့မဟုတ် အဝေးမှ ထိန်းချုပ်စေခိုင်းမည်လားဆိုသည်ကို ကုမ္ပဏီက မပြောပေ။

    တရုတ်အစိုးရက ကမ္ဘာ့ စက်ရုပ်နယ်ပယ်ကို ဦးဆောင်ရေး မျှော်လင့်ချက်ဖြင့် ပြည်တွင်းကုမ္ပဏီများကို လူပုံတူစက်ရုပ်များ ဖန်တီးထုတ်လုပ်ရန် အားပေးအားမြှောက် ပြုနေသည်။

    ၂၀၂၅ ခုနှစ်၌ တရုတ်၏ လူပုံတူစက်ရုပ် လုပ်ငန်းသည် ယွမ် ၈၂ ဘီလီယံ (ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံ) အထိ ကမ္ဘာ့ရောင်းအား တဝက်ခန့် ရရှိမည်ဟု အထူး အကြံပေးကုမ္ပဏီ Leaderobot က ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ခန့်မှန်းထားသည်။

    ယခုလအတွင်း ရှန်ဟိုင်းအခြေစိုက် AgiBot ကုမ္ပဏီထုတ် စက်ရုပ်က လူပုံတူစက်ရုပ် လမ်းလျှောက်သည့် အဝေးဆုံးအကွာအဝေးအဖြစ် ကီလိုမီတာ ၁၀၀ ခရီးကို သုံးရက်အတွင်း လျှောက်လှမ်းခဲ့ကာ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့သည်။

    တရုတ်သည် ကမ္ဘာ့ပထမဆုံး လူပုံတူစက်ရုပ် အားကစားပွဲကို ဩဂုတ်လအတွင်း ကျင်းပရာ စက်ရုပ် “အားကစားသမား” ၅၀၀ ကျော်က ဘတ်စကက်ဘောကစားပွဲများမှ ယှဉ်ပြိုင် သန့်ရှင်းရေး လုပ်ခြင်းအထိ အားကစားနည်းမျိုးစုံ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

    AFP မှ Humanoid robots to trial guiding crowds at Chinese border crossings ကို မိုးသဲ ဘာသာပြန်သည်။

  • ပြည်သူအပေါ် ဖိနှိပ်နေသည့် စစ်အုပ်စုကို နောက် ၅နှစ်အတွင်း နည်းပညာမြှင့်တင်မှုများ ပိုမိုပံ့ပိုးရန်ရှိကြောင်း တရုတ် ပြော

    ပြည်သူအပေါ် ဖိနှိပ်နေသည့် စစ်အုပ်စုကို နောက် ၅နှစ်အတွင်း နည်းပညာမြှင့်တင်မှုများ ပိုမိုပံ့ပိုးရန်ရှိကြောင်း တရုတ် ပြော

    လာမယ့် ၅ နှစ်အတွင်း တရုတ်က မြန်မာနိုင်ငံအတွင်း နည်းပညာမြှင့်တင်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ် ဆောင်သွားဖို့ရှိပြီး ခေတ်မီနည်းပညာပံ့ပိုးကူညီမှုတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရုံး တာဝန်ခံ မစ္စတာ ကျောင်းဟွေ့က ပြောဆိုလိုက်ပါတယ်။

    ရန်ကုန်မြို့၊ သံတမန်လမ်းရှိ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး သိပ္ပံမှာ နိုဝင်ဘာလ ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းသစ်များဆိုင်ရာဆွေးနွေးပွဲမှာ မစ္စတာကျောင်းဟွေ့က အခု လို ပြောဆိုခဲ့တာပါ။

    တရုတ်နိုင်ငံအနေနဲ့ လာမယ့် ၅နှစ်အတွင်း မြန်မာနဲ့ပေါင်းပြီး ကြီးမားကျယ်ပြန့်တဲ့ ဈေးကွက်ရရှိဖို့ အရည်အသွေးမြင့်တဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မြှင့်တင်ပေးနိုင်ဖို့ အခွင့်အလမ်းတွေအတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၅နှစ်တာကာလမှာလည်း တရုတ်အနေနဲ့ မြန်မာကို နည်းပညာနဲ့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ပံ့ပိုးလုပ်ဆောင်ပေးခဲ့သလို အောင်မြင်မှုတွေရခဲ့တယ်လို့ မစ္စတာ ကျောင်းဟွေ့က ဆိုပါတယ်။

    စက်တင်ဘာလ ၉ ရက်က ထုတ်ပြန်ခဲ့တဲ့ Justice For Myanmar-JFM ပါဝင်တဲ့ မီဒီယာနှင့်အစိုးရ မဟုတ်သော အဖွဲ့တွေရဲ့ အစီရင်ခံစာမှာ တရုတ်အစိုးရနဲ့ ဆက်ဆံရေ နီးကပ်တဲ့ တရုတ်နည်းပညာကုမ္ပဏီ Geedge Networks ဟာ အင်တာနက်သုံးစွဲမှုနဲ့ ဖုန်းတာဝါတိုင်တွေကတဆင့် အသုံးပြုသူရဲ့ တည်နေရာကို ခြေရာခံပေးနိုင်တဲ့ ဟာ့ဒ်ဝဲလ်၊ ဆော့ဖ်ဝဲလ် နည်းပညာတွေကို အကြမ်းဖက်စစ်တပ်ဆီ ရောင်းချပေးထားခဲ့တယ်လို့ ဆိုပါတယ်။

    စစ်အုပ်စုဟာ ဒီနည်းပညာကို သုံးကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (၁၃) ခုကတဆင့် ပြည်သူ ၃၃.၄ သန်းရဲ့ အွန်လိုင်းအသုံးပြုမှုနဲ့ တည်နေရာကို ခြေရာခံစောင့်ကြည့်နေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အလားတူ မြန်မာနိုင်ငံအတွင်း ဖေ့ဘွတ်ခ်အသုံးပြုမှုကို ထိန်းချုပ်တာအပြင် Virtual Private Network (VPN) သုံးစွဲမှု ပိတ်ပင်တာတွေကို အကြမ်းဖက်စစ်တပ်က တရုတ်ရဲ့ နည်းပညာပံ့ပိုးမှုနဲ့ လုပ်ဆောင်နေခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

    ဒါ့အပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းကို စိစစ်တာနဲ့ ထိန်းသိမ်းစောင့်ကြည့်တာတွေကို တိကျစွာလုပ်ဆောင်နိုင်တဲ့ PSMS (Person Scrutinization and Monitoring System) စနစ်ကိုလည်း တရုတ်က နည်းပညာ ပံ့ပိုးကူညီပေးထားခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က အဲဒီနည်းပညာကိုအသုံးချကာ တော်လှန်ရေးမှာ ပါဝင်သူတွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

  • စစ်တပ်ထိုးစစ် စဥ့်ကူးနယ်ထဲရောက်လာ

    မတ္တရာနဲ့ သပိတ်ကျင်းဘက်ကနေ စစ်ကြောင်း နှစ်ဖက်ညှပ်ထိုးတာရယ်၊ သပိတ်ကျင်း တွင်းငယ်ဘက်မှာ လည်း စစ်ကြောင်းတွေ စုပြုံရောက်နေပြီဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေ လုပ်ရကိုင်ရကျပ်တာမျိုး ဖြစ်လာနိုင်တယ်။

    တော်လှန်ရေးအင်အားစုတွေကို သူတို့လိုချင်တဲ့နေရာအထိ တဖြည်းဖြည်းနဲ့ ပုံသွင်းခေါ်ဆောင် နေတယ်ဆိုတာကို ဒီဘက်က အထူးသတိထားကြဖို့လိုပါတယ်။

    စဉ့်ကူးနယ် ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဗုံးကြဲသတ်လို့ စစ်ဘေးရှောင်တွေ အပါ ငါးဦးခန့် သေဆုံး

    မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ စစ်အုပ်စုက ထင်တိုင်းကျဲ ဗုံးကြဲသတ်နေပြီး ယခုလအတွင်း သေဆုံးသူ ၂၀ ဝန်းကျင် ရှိ

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးရုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဒီကနေ့ မနက်ပိုင်း စစ်အုပ်စုက အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ဓမ္မာရုံထဲမှာ ရှိနေတဲ့ ဥပုသ်သည်နဲ့ စစ်ဘေးရှောင်ပြည်သူတွေ စုစုပေါင်း ငါးဦးခန့် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    နိုဝင်ဘာ ၂၇ ရက် မနက် ၉နာရီ ခွဲခန့်မှာ ဝါးရုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းထဲက ဓမ္မာရုံကို မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးသီးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    “(သေဆုံးသူ) လေး၊ငါးယောက်လို့ ပြောတာ၊ တွေ့လာတဲသူကတော့ အတော် များတယ်ပြောတယ်၊ (ဗုံး) နှစ်လုံးစလုံး ဓမ္မာရုံပေါ်ကျတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စဉ့်ကူးနယ်ကို စစ်အုပ်စုက ဖုန်း၊အင်တာနက်နဲ့ လျှပ်စစ်မီးဖြတ်တောက်ထားတာ နှစ်နဲ့ချီနေပြီ ဖြစ်ပြီး လက်ရှိမှာလည်း ဆက်သွယ်ရေး အခက်အခဲကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

    သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စစ်အုပ်စု ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲက စစ်ရှုံးနယ်မြေတွေ ပြန်ရရေး အာဏာသိမ်း စစ်အုပ်စုက လေကြောင်းအားကိုးနဲ့ ပြန်လည် စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထားကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံနဲ့ ကျေးရွာ၊ရပ်ကွက်တွေကို ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

    မတ္တရာနဲ့ စဉ့်ကူးနယ်မှာ ယခု နိုဝင်ဘာလအတွင်း စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်လို့ ထိခိုက်သေဆုံးသူ ၂၀ ဝန်းကျင်အထိ ရှိနေပြီ ဖြစ်ပါတယ်။

    မင်းအောင်လှိုင် သစ္စာခံ အာဏာသိမ်း စစ်အုပ်စုဟာ နိုဝင်ဘာ ၇ ရက်က မတ္တရာနယ်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ယာယီခိုလှုံရာ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာ စာသင်ကျောင်းတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ခြောက်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး နိုဝင်ဘာလ ၁၂ရက်ကလည်း စဉ့်ကူးမြို့နယ်၊ မာလဲတောကျေးရွာ စာသင်ကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်လို့ စာသင်ကျောင်းထဲမှာ စစ်ဘေးရှောင်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ငါးဦး ထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၂၂ရက်ကလည်း နတ်ကြီးစင်ရွာ စာသင်ကျောင်းကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုလို့ ကလေးသူငယ်တွေ အပါအဝင် ဒေသခံ လေးဦး သေဆုံးခဲ့ပါတယ်။

    ကျေးရွာတွေကို ဗုံးကြဲတာ၊ လက်နက်ကြီးထုတာနဲ့ တွေ့သမျှပြည်သူ ရန်ပြု သတ်ဖြတ်နေလို့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီလုပ်ကိုင်နေသူတွေက ပြောပါတယ်။

    မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲက စစ်စခန်းအများအပြားကို ၂၀၂၄ နှစ်လယ်ပိုင်းက စတင်ကာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

    အဲ့ဒီ စစ်ရှုံးနယ်မြေတွေ ပြန်ရရေး စစ်အုပ်စုက လေကြောင်းအားကိုး၊ တရုတ်နဲ့ ရှရှားက ပံ့ပိုးထားတဲ့ ဒရုန်းအားကိုးနဲ့ ပြန်လည် ထိုးစစ်ဆင်နေကာ ပြီးခဲ့တဲ့ ဇွန်လကစလို့ မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်အကွာက စစ်စခန်းတွေ အပါအဝင် မတ္တရာနယ်က စစ်စခန်းအများစုကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။

    လက်ရှိမှာ မန္တလေး-မတ္တရာ – စဉ့်ကူး – မိုးကုတ် ကားလမ်းအတိုင်း ပြန်လည် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ မတ္တရာနဲ့ စဉ့်ကူးနယ်အစပ်အထိ ရောက်လာပြီး အဆိုပါ ဒေသတဝိုက်ကို စိတ်ထင်တိုင်း ဗုံးကြဲ၊ လက်နက်ကြီး ထုနေလို့ ထောင်သောင်းချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေး တိမ်းရှောင်နေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

    နိုဝင်ဘာ ၇ ရက်နဲ့ ၁၂ရက်က စစ်ဘေးရှောင်တွေ ယာယီခိုလှုံရာ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာ စာသင်ကျောင်းနဲ့ မာလဲတောကျေးရွာ စာသင်ကျောင်းတွေကို မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့စဉ်/Photo – CJ

  • KIAပြောပြတဲ့ ကချင်မြို့နယ်လေးခုရဲ့ လတ်တလော စစ်ရေးအခြေအနေများ

    ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်အကြား လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်က ဗန်းမော်၊ ၀ိုင်းမော်၊ ဖားကန့်နဲ့ ခေါင်လန်ဖူးမြို့နယ်တွေရဲ့ လတ်တလော စစ်ရေးအခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်မှာ ရှင်းလင်းဖြေကြားပေးထားပါတယ်။

    KIAဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာလဆန်းက စတင်ခဲ့တာဖြစ်ပြီး တနှစ်ကြာတဲ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကာ အပြန်အလှန် ထိုးစစ်ဆင်မှုတွေရှိနေပါတယ်။

    အလားတူ KIA စိုးမိုးထိန်းချုပ်မှု အားကောင်းတဲ့ ဖားကန့်ဒေသကိုလည်း စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေလို့ တိုက်ပွဲတွေနှစ်ဝက်လောက်ကြာ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီက ဖားကန့်ကို စစ်အင်အားတွေဖြည့်တင်းပြီး ဒေသတွင်းစစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ရှိနေသလို စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေရပါတယ်။

    ၀ိုင်းမော်မြို့နယ်မှာလည်း စစ်ကောင်စီဟာ ပြည်သူ့စစ်အင်အားတွေ စုစည်းပြီး ထိုးစစ်ဆင်နေလို့ အခု နှစ် နွေကာလက စပြီး တိုက်ပွဲတွေရှိနေတာပါ။

    KIA နဲ့ မဟာမိတ်တပ်တွေဟာ ၂၀၂၄ မတ်လ ၇ရက်က စပြီး ၀ိုင်းမော်မြို့နယ်က စစ်ကောင်စီ တပ်ရင်းဌာနချုပ်အချို့နဲ့ ဗျူဟာကျတဲ့ တပ်စခန်းတွေအပါအဝင် ကချင်ပြည်နယ်က တပ်စခန်းရာချီကို သိမ်းပိုက်နိုင်ခဲ့သလို မြန်မာ-တရုတ် နယ်စပ်မြို့တွေအပါအဝင် စစ်ကောင်စီနဲ့ ပြည်သူ့စစ် ထိန်းချုပ်ရာမြို့တွေ၊ နယ်မြေတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

    ဒါကြောင့် စစ်ကောင်စီက စိုးမိုးထိန်းချုပ်နယ်မြေတွေပြန်ရဖို့ ကြိုးပမ်းတာ၊ ဝိုင်းမော်မြို့နယ်က လက်ကျန် တပ်ရင်းဌာနချုပ်လုံခြုံရေးအတွက် ရည်ရွယ်ပြီး စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲတွေဖြစ်နေတာပါ။

    ခေါင်လန်ဖူးမြို့နယ်မှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဟာ KIA သိမ်းထားတဲ့ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို ပြန်ရဖို့ ပြီးခဲ့တဲ့ လအနည်းငယ်က ကြိုးပမ်းလာလို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

    လန်ဆယ်ကို သိမ်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီ နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်ဟာ KIA ပူးပေါင်းတပ်ရဲ့ ခုခံမှုကြောင့် လန်ဆယ်ထိုးစစ်တန်လန်ခဲ့ရတဲ့အပြင် KIA ရဲ့ တန်ပြန်ထိုးစစ်မှာ ခေါင်လန်ဖူးဒေသက စစ်ကောင်စီ တပ်စခန်းအချို့ သိမ်းပိုက်ခံရသလို ခေါင်လန်ဖူး၊ ပူတာအိုမြို့တွေက စစ်ကောင်စီတပ် လုံခြုံရေးအတွက်ပါ စိုးရိမ်နေကြရတဲ့ အခြေအနေ ကြုံနေရတာဖြစ်ပါတယ်။

    ကချင်ပြည်နယ်အတွင်း လတ်တလော စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူရဲ့ ရှင်းပြချက်တွေကို ရေးသားဖော်ပြလိုက်ပါတယ်။

    ဗန်းမော်စစ်ရေးအခြေအနေ

    ဗန်းမော်မြို့ဘက်က စစ်ရေးအခြေအနေကတော့ စစ်ကောင်စီတပ် စစ်ကြောင်းတွေလည်း မိုးမောက်ဘက်ကို တက်သွားတဲ့ ၃ မိုင်နေရာဘက်မှာ ပိုပြီးမှ သူတို့ ထိုးစစ်ဆင်တာကို တွေ့ရပါတယ်။

    နောက် သုံးမိုင်ကနေ ခလရ(၄၇)ဘက်ကို ပေါက်တဲ့ ရပ်ကွက်(၁) မြို့သစ်ပေါ့ အဲဒီလမ်းကြောဘက်မှာလည်း သူတို့ ထိန်းချုပ်နိုင်ဖို့အတွက် အကြီးအကျယ် ထိုးစစ်ဆင်တာတွေ့ရပါတယ်။ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေလည်း သူတို့ ထိုးစစ်ဆင်တဲ့ နေရာတိုင်းမှာခုခံတိုက်ပွဲက နေ့တိုင်းဖြစ်ပါတယ်။

    သူက လက်နက်ကြီးနောက် လေကြောင်းကို အားပြုပြီးမှ မြေပြင်ကနေလည်း သာလွန်အင်အားစုပြီးမှ တက်လာတဲ့ စစ်ဆင်ရေးတွေဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့နဲ့ နေ့တိုင်းလို တိုက်ပွဲဖြစ်ပါတယ်။

    တချို့နေရာမှာတော့ ကျနော်တို့လည်း ဆုတ်ပေးတဲ့နေရာ တွေလည်း ပါပါတယ်။ ဒါပေမဲ့ ကျနော်တို့ အခိုင်အမာ ကျနော်တို့ စခန်းချထားတဲ့နေရာတွေတော့ ဆုတ်တဲ့နေရာမှာ မပါပါဘူး။

    ■၀ိုင်းမော်စစ်ရေးအခြေအနေ

    ၀ိုင်းမော်မြို့နယ် လမြန်ဘက်မှာလည်း မြေပြင်ကနေ ထိုးစစ်ဆင်တာ အဲဒီလောက်ကြီးမဟုတ်ဘူး။

    ဒါပေမဲ့ လက်နက်ကြီးတို့ ဒရုန်းတို့ လေကြောင်းနဲ့ကတော့ နေ့တိုင်းလိုပစ်ပါတယ်။ သူတို့ရဲ့ လက်လွှတ်ခဲ့တဲ့ ရွှေညောင်ပင်စခန်းဘက်မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ့ရပါတယ်။

    ပြည်သူလူထုရဲ့ အိမ်တွေထိခိုက်တာရှိတယ်။ နောက် လမြန်ဘက်မှာလည်း သူတို့ အမြဲတမ်းလို ထိုးစစ်ဆင်ဖို့ မြေပြင်ကနေ ပြင်ဆင်တာတွေ့ရပါတယ်။ အဲဒီမှာ ကျနော်တို့လည်း အမြဲတမ်း စောင့်ကြည့်ပြီးမှ တိုက်ခိုက်နေတာဖြစ်ပါတယ်။

    ■ဖားကန့်စစ်ရေးအခြေအနေ

    ဖားကန့်ဘက်မှာတော့ မြို့တွင်းမှာ သူတို့ရဲ့ စစ်ကြောင်းတွေထိုးပြီးမှ မြို့တွင်းမှာ လှုပ်ရှားတာ။ လှုပ်ရှားတဲ့အခါကျတော့ တိုက်ပွဲတွေ ဖြစ်တာ။ ကျနော်တို့ KIAနဲ့ ပူးပေါင်းတပ်တွေ KPDF တွေလည်း အမြဲတမ်းစောင့်ကြည့်နေတယ်။ ဒါကြောင့် သူတို့လှုပ်ရှားတဲ့နေရာ တိုက်ပွဲဖြစ်ပါတယ်။ သူတို့ကတော့ အခုထိကတော့ ရန်သူရှိရှိ မရှိရှိ ဘာမှ ဂရုမစိုက်ဘူး။

    သူတို့က ပြည်သူလူထု ရှိတဲ့ဘက်မှာ ရပ်ကွက်တွေမှာ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ အမြဲတမ်းဗုံးကြဲတာရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုတွေ ထိခိုက်တာတွေ သူတို့ အိမ်တွေပျက်စီးတာတွေရှိပါတယ်။ နောက် တနေ့ကတော့ ဖားကန့်ဘက်မှာ သူတို့ မဲဆွယ်ဖို့ ဆိုင်းဘုတ်တွေထောင်တယ်ဆိုတဲ့ သတင်းလည်းကြားပါတယ်။ အတိအကျတော့ မသိရသေးပါဘူး။

    ခေါင်လန်ဖူးဒေသ စစ်ရေးအခြေအနေ

    ခေါင်လန်ဖူးဘက်မှာကတော့ ခေါင်လန်ဖူးဘက်ကနေ ကျနော်တို့ လန်ဆယ်ဘက်ကို သူတို့က စစ်ဆင်ရေးလုပ်တာရှိပါတယ်။ အဲဒီဘက်မှာလည်း ကျနော်တို့ဘက်ကနေ နေ့တိုင်းလို ခုခံပြီးမှ တိုက်ပွဲတွေရှိပါတယ်။ သူတို့က လေကြောင်းနဲ့ ပစ်ကူတာရှိတယ်။ သူတို့ စစ်ကူတွေလည်း ပူတာအိုဘက်ကနေ လေကြောင်းနဲ့ ပို့ပေးတာတွေရှိပါတယ်။ အဲဒါကြောင့် အဲဒီဘက်မှာတော့ နေ့တိုင်းလို တိုက်ပွဲရှိတယ်။

    စစ်ရေးတင်းမာတဲ့အနေအထားဖြစ်ပါတယ်။ ပူတာအိုကနေ လုံရှာယာန် တန်ဂျာဘက် နောက် အဲဒီကနေ အင်ခါးဂါးဘက် မလိခဘက်မှာလည်း စစ်ကြောင်းတွေဆင်းပြီးမှ သူတို့ရဲ့ ပူတာအို လုံခြုံရေးအတွက် သူတို့ တင်းတင်းကြပ်ကြပ် နေရာယူထားတာတွေ့ရပါတယ်။ ကချင်ပြည်နယ်ရဲ့ စစ်ရေး အခြေအနေကတော့ အကြမ်းဖျဉ်းဒီလိုရှိပါတယ်။

    KIAဟာ ကချင်ပြည်နယ်အပြင် ရှမ်းမြောက်မှာလည်း တပ်မဟာတွေ စုဖွဲ့တည်ရှိတာဖြစ်ပြီး ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသနဲ့ မဘိမ်းမြို့နယ်တွေကို တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

    ရှမ်းမြောက် ဒေသစစ်ရေး အခြေအနေတွေကိုလည်း ထပ်မံ ဆက်သွယ်မေးမြန်းထားပြီး ဗိုလ်မှူးကြီးနော်ဘူရဲ့ ဖြေကြားမှု ရရှိပါက ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    (ဗိုလ်မှူးကြီးနော်ဘူ၊ KIA,KPDF တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-Sirinda၊CJ)

  • လေးမျက်နှာမြို့နယ်အတွင်းရှိ ရှေ့တန်းစခန်းများကို AA နှင့်တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်

    ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းရှိ ရှေ့တန်းစခန်းများကို AA နှင့်တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်

    ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကော်မ ရှင်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကော် မရှင်၏ တပ်စခန်းအချို့ကို AA နှင့် ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားကြောင်း သိရသည်။

    လေးမျက်နှာမြို့နယ်အတွင်း စက်စက်ယိုကျေးရွာနှင့် သဲနုကုန်းကျေးရွာပတ်ဝန်းကျင်တွင် တိုက်ပွဲ များပြင်းထန်ခဲ့ပြီးနောက် သဲနုကုန်းကျေးရွာပတ်ဝန်းကျင်ရှိ ရှေ့တန်းစခန်းအချို့ကို AA နှင့်ပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “စက်စက်ယိုတစ်ဝိုက်က အကုန် AA သိမ်းထားတာ။ အခုသဲနုကုန်းဘက်မှာပါ AA က နယ်မြေချဲ့ လာနိုင်တယ်။ စစ်တပ်ကတော့ လက်နက်ကြီးနဲ့ လေယာဉ်ပစ်ကူကို အားကိုးပြီးတိုက်နေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    စခန်းများအသိမ်းခံရပြီးနောက် စစ်ကော်မရှင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့က စစ်ဘေးရှောင်များ စစ်ရှောင်နေထိုင်နေသည့် ဝက်ကုန်းကျေးရွာကို ဂျက်ဖိုက်တာနှစ်စင်းဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ ပေါင် ၅၀၀ ဗုံး သုံး လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကိုယ်ဝန် ဆောင် အမျိုးသမီး တစ်ဦးနှင့် သက်ကြီးပိုင်းအမျိုး သားတစ်ဦးတို့ သေဆုံးပြီး လေးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဝက်ကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေးမျက်နှာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာ များမှ စစ်ရှောင်အများစု ဝင်ရောက်နေထိုင်နေသည့် ကျေးရွာဖြစ်သည်။

    ဧရာဝတီတိုင်းအတွင်း လေးမျက်နှာ၊ သာပေါင်း၊ ရေကြည်၊ အင်္ဂပူနှင့် ရွှေသောင်ယံမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုန်းနှင့် ပါရာမော်တာများအပြင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

    ဓာတ်ပုံ-AA Info Desk