Author: Admin-501

  • မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ

    မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ

    ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့စခန်း ဒရုန်းဗုံးကြဲချခံရပြီး ရဲတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရဲတပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြဝတီရဲတပ်ဖွဲ့ဝင် တစ်ဦးထံက သိရသည်။

    “ခရိုင်ရဲစခန်းဝင်းးရဲ့ အနောက်အဝင်ဝနားမှာ ပေါက်ကွဲ သွားတော့ ရဲတပ်သား သုံးဦးနဲ့ မိသားစုဝင်တစ်ဦး လေးဦး ထိခိုက်ဒဏ်ရာရတယ်။ မြဝတီခရိုင်ဆေးရုံကို ပို့ထားတယ်”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

    အဆိုပါ ခရိုင်ရဲရုံးကို ယမန်နေ့ ညပိုင်းက ဒရုန်းဗုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    “ညက ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာ။ သွားတိုက်ခိုက်ချိန် တစ်လုံးကြဲချပြီးချိန်မှာ ဂျန်ဘာ(Jammer) တွေဖွင့်လိုက်တော့ နောက်တစ်လုံးချဖို့ ခက်သွားတယ်။ ဂျန်ဘာတွေကို ချက်ချင်းထဖွင့်တာ။ ဒရုန်းတောင် မနည်းပြန်ရုန်းထွက်ခဲ့ရတယ်”ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

    “မြဝတီက ရဲနှင့် အုပ်ကြီး၊ ဆယ်အိမ်မှူးတွေကို နောက်ဆုံး သတိပေးမယ်။ ပြည်သူကို ခြိမ်းခြောက်ငွေညှစ် ဖမ်းဆီးနေတာတွေ ရပ်တန်းကရပ်သင့်ပြီနော် သတိပေးထားတာ မရပ်ရင်တော့ မြွေဟောက် အဆိပ်ပြင်းတယ်ဆိုတာ ခံစားရမယ်” ဟု ကော်ဘရာစစ်ကြောင်းမှ ကိုစောကောမှ ၎င်း၏လူမှုကွန်ရက် တွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ရေးသားထားသည်။

    ဓာတ်ပုံ-ပေးပို့

    ပုံစာ-ဒရုန်းဗုံးကြဲချခံရသည့် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့စခန်းကိုတွေ့ရစဉ်

  • တစ်ကြိမ်စစ်သားဖြစ်က အမြဲတမ်းစစ်သားဆိုသည့် စိတ်ဓာတ်ခံယူရန် ဒုစစ်ခေါင်းဆောင်ပြော

    တစ်ကြိမ်စစ်သားဖြစ်က အမြဲတမ်းစစ်သားဆိုသည့် စိတ်ဓာတ်ခံယူရန် ဒုစစ်ခေါင်းဆောင်ပြော

    စစ်မှုထမ်းသင်တန်းသားများသည် တပ်မတော်သားဘဝရရှိခံယူထားပြီးသူများဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို၂၄ နာရီ တာဝန်ထမ်းဆောင်သော နိုင်ငံ့သားကောင်းများဖြစ်ကြောင်း၊ “Once a Soldier, always a Soldier” ဆိုသည်နှင့်အညီ တစ်ကြိမ်စစ်သားဖြစ်ပြီးပါက အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စိတ်ဓာတ်များခံယူထားရမည်ဟု ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်း အင်းတိုင်တပ်နယ်ရှိ စစ်မှုထမ်းသင်တန်းသားများနှင့် တွေ့ဆုံစဉ်ပြောသည်။

    စစ်မှုထမ်းသင်တန်းဆင်းများသည် နိုင်ငံ့သားကောင်းရတနာများအဖြစ် မိမိကိုယ်ကိုယ်မိမိ ဂုဏ်ယူကြရမည်ဖြစ်ကာ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာ၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြားစစ်ပညာများ စနစ်တကျသင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်ပညာများကို စနစ်တကျ အသုံးချသွားရန်လည်း ၎င်းကဆိုသည်။

    ထို့ပြင် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်ရန်အရေးကြီးကြောင်း အမိန့်နာခံတတ်မှ အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်းလည်း ဒုစစ်ခေါင်းဆောင်က ပြောသည်။

    နိုင်ငံအား မပြိုကွဲရန် ထိန်းသိမ်းနိုင်ခြင်းမှာ ကျစ်လစ်ခိုင်မာ အင်အားတောင့်တင်းသည့် တပ်မတော်တရပ်ရှိနေခြင်းကြောင့် ဖြစ်ကြောင်းလည်း ၎င်းက စည်းရုံးပြောဆိုသွားသည်။

    လက်ရှိတွင် စစ်မှုထမ်းရန် စစ်ကောင်စီအဖွဲ့ဝင်များကမြို့ရွာများအတွင်း အဓမ္မလိုက်လံစုဆောင်းနေခြင်းများကြောင့် လူငယ်လူရွယ်များမှာ ပြည်ပသို့ တိမ်းရှောင်ခြင်းများလည်းရှိနေသလို မိဘများအနေဖြင့် မိမိသားသမီးစစ်မှုထမ်းစာရင်း၌ ပါဝင်မည်ကို စိုးရိမ်ပူပန်နေရကြောင်း ပြည်သူများထံက သိရသည်။

    ဓာတ်ပုံ- MOI

  • မောင်းနှင်သူတွေကိုစတေးပစ်မယ့် စက်တပ်လေထီးအသုံးပြုဗုံးကြဲခြင်း

    မောင်းနှင်သူတွေကိုစတေးပစ်မယ့် စက်တပ်လေထီးအသုံးပြုဗုံးကြဲခြင်း

    စစ်ကောင်စီက စက်တပ်လေထီးများကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရန်ကြိုးပမ်းလာခြင်းက မောင်းနှင်သူအတွက်အသက်အန္တရာယ်ကို အလေးမထားခြင်းကိုပြသနေသည်။

    မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်မှုလုပ်ပြီး စက်တပ်လေထီး (Powered parachute) အသုံးပြုတိုက်ခိုက်မှု ဗွေဆော်ဦးစတင်ခဲ့သည်။

    လေယာဉ်ဆီမလိုအပ်ဘဲ သာမာန် စက်သုံးဆီများဖြင့် ပျံနိုင်သကဲ့သို့ လေယာဉ်ပြေးလမ်းများလည်း မလိုအပ်သော စက်တပ်လေထီးကို စစ်ဘက်ဆိုင်ရာတွင်အသုံးပြုခြင်းကလည်း မြန်မာနိုင်ငံစစ်သမိုင်းတွင် ပထမဆုံးဖြစ်လာခဲ့သည်။

    ပြီးခဲ့သည့် မိုးကုန်ကာလ မှစတင်ကာ ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တပ်လေထီးများကို အစမ်းမောင်းနှင်လေကျင့်ခဲ့ကြောင်း စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေသည့်အဖွဲ့ဖြစ်သည့် NAS-နပ်စ်လေကြောင်းရန် အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

    “ပြီးခဲ့တဲ့ လ​တွေက ပြင်ဦးလွင်မှာ ​လေ့ကျင့်ပါတယ်။ ရှမ်းတဲက​နေ အခုက လေ့ကျင့်ရင်း စမ်းသပ် 81 မမ လနကြီး​ကျည်​တွေ ပစ်ချ​နေတာပါ” ဟု NAS-နပ်စ်လေကြောင်းရန် အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

    စက်တပ်လေထီး တစင်းတွင် အများဆုံး လူနှစ်ဦး လိုက်ပါနိုင်သည်။ လက်ရှိတွင် မိတ္ထီလာ ရှမ်းတဲလေတပ် လေကြောင်းအတတ်သင်ကျောင်းတွင်လည်း ပျံသန်းလေ့ကျင့်မှုများ လုပ်ဆောင်နေသည်။

    ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၆နာရီ ၄၉ မိနစ်တွင်လည်း မိတ္ထီလာ ရှမ်းတဲလေတပ်မှ စက်တပ်လေထီးတစီး လေ့ကျင့်ပျံသန်းပြီးနောက် ညနေ ၈ နာရီခန့်တွင် ပြန်လည်ဆင်းသက်ခဲ့ကြောင်း NAS-နပ်စ်လေကြောင်းရန် အဖွဲ့က ထုတ်ပြန်သည်။

    သို့သော် စက်တပ်လေထီးဖြင့်တိုက်ခိုက်မှုက မောင်းသူအတွက် အန္တရာယ်ကြီးလှသည်။

    စက်တပ်လေထီးသည် တနာရီ ၄၀ မှ ၆၀ ကီလိုမီတာခန့်သာ မောင်းနှင်နိုင်သဖြင့် အရှိန်နှေးခြင်း၊ ကီလို ၂၅၀ မှ ၃၀၀ ခန့်သာ သယ်ဆောင်နိုင်ခြင်း၊ နေရာအတိအကျ တွင် ရပ်၍ မရသဖြင့် ပစ်မှတ်တည့်တည့်ကို ဗုံးသီးချနိုင်ရန် ခက်ခဲခြင်း၊ အကာအကွယ်မရှိသဖြင့် မောင်းနှင်သူအတွက် အန္တရာယ်များခြင်း၊ လေထီးဖြစ်သဖြင့် လေထီးကြိုးနှင့် လေထီးရွက်များ ထိခိုက်ပျက်စီးလွယ်ခြင်း၊ အသံကျယ်ခြင်း စသည့် အချက်များကြောင့် စစ်ဘက်တွင် အသုံးပြုရာ၌ အားနည်းချက်များစွာ ရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။

    “Paramotor ရဲ့ တန်ဖိုးက တခြားစစ်ဘက်ဆိုင်ရာ လေယာဉ်၊ ဟယ်လီကော်ပတာတွေထက် တန်ဖိုးနည်းပြီး ပျံသန်းစားရိတ်သက်သာတာ၊ မောင်းနှင်သူအတွက် စစ်ဘက်သုံးဖို့ အဖက်ဖက်က အားနည်းချက်တွေရှိပြီး အန္တရာယ်များပေမယ့် စစ်ကောင်စီမှာ မောင်းနှင်မယ့်သူ ပေါတာ၊ မောင်းနှင်သူတွေရဲ့ အသက်ကို တန်ဖိုးမထားတွေကြောင့် အသုံးပြုနေတာဖြစ်တယ်” ဟု လေကြောင်းပျံသန်းမှုဆိုင်ရာ ကျွမ်းကျင်သူတဦးက ပြောသည်။

    တောင်သာတွင် စက်တပ်လေထီးဖြင့် ဗုံးကြဲမှုဖြစ်စဉ်သည် ပြန်လည်တိုက်ခိုက်သူမရှိသည့် အရပ်သားများအပေါ်ကိုသာ တိုက်ခိုက်ခြင်းဖြစ်သဖြင့် စစ်ကောင်စီအနေဖြင့် လက်တည့်စမ်းနေခြင်းဖြစ်နိုင်ကြောင်း စက်လက်နက်များအကြောင်း လေ့လာရေးသားနေသည့် Tactical Raptor က ပြောသည်။

    “အန္တရာယ်နည်းတဲ့နေရာမိုလို့ သွေးတိုးစမ်းသုံးကြည့်လားလို့ပဲ တွေးမိပါတယ်။အားသာချက်ကတော့ ထူးထူးခြားခြားမရှိလှပါဘူး။ ပျံသန်းစရိတ်သက်သာမယ်၊ လေ့ကျင့်ထားတဲ့ ပိုင်းလော့မလိုဘူး။ ဒါတွေရှိမယ်။ အားနည်းချက်ကတော့များတယ်။​ ဒရုန်းထက် စားရိတ်မသက်သာနိုင်ဘူး။ လေယာဉ်နဲ့ယှဉ်ရင်သာ ဈေးသက်သာတာပါ။ ဗုံးကြဲဖို့အတွက် ဘယ်လိုမှ မသင့်တော်တဲ့ platform တခုပါ။ ထောက်လှမ်းရေး၊ ကင်းလှည့်ဖို့၊ တိတ်တဆိတ်အလျင်အမြန်ဝင်ရောက်ဖို့ လိုမျိုးတွေမှာပဲ အသုံးဝင်နိုင်ပါတယ်” ဟု ဆိုသည်။

    မြန်မာနိုင်ငံတွင် အာဏာမသိမ်းခင်ကာလအထိ အရပ်သားများ၏ စက်တပ်လေထီးအဖွဲ့က အာဆီယံဒေသ Paramotor အဖွဲ့များဖြင့် တွဲဖက်ပျံသန်းမှုများရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့၏ လှုပ်ရှားမှုရပ်တန့်နေခဲ့သည်။

  • ဧရာဝတီတိုင်းမှာ  တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အတွက်  စစ်ကောင်စီ ခံစစ်ပြင်နိုင်မှာလား

    ဧရာဝတီတိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အတွက် စစ်ကောင်စီ ခံစစ်ပြင်နိုင်မှာလား

    စစ်ခေါင်းဆောင် ချီးကျူးခဲ့တဲ့ ဧရာဝတီတိုင်းမှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အတွက် စစ်ကောင်စီ ခံစစ်ပြင်နိုင်မှာလား

    ရခိုင်ပြည်နယ်၊ ဂွမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်နိုင်လိုက်ပြီဆိုရင် စစ်ပွဲတွေဟာ ဧရာဝတီတိုင်းကို ရောက်ရှိလာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။ လက်ရှိ ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းမှာလည်း AA က သူတို့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဂွမြို့ကို သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။

    တကယ်တမ်း ဧရာဝတီတိုင်းကို စစ်မီးကူးလာခဲ့မယ်ဆိုရင် စစ်ကောင်စီအနေနဲ့ လက်တွေ့မြေပြင်မှာ ခံစစ်ပြင်နိုင်တဲ့ စစ်သည်အင်အားလုံလောက်တဲ့အခြေအနေတောင်မရှိဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေကဆိုပါတယ်။

    “ AA က ဧရာဝတီထဲကို ဝင်လာမလား မဝင်လာဘူးလား မသေချာဘူး ။ တော်လှန်ရေးတပ်ဖွဲ့တွေဝင်လာတာကိုပဲ ကူညီမှာလည်း ဖြစ်နိုင်တယ်” လို့ စစ်ရေးလေ့လာသုံးသပ်သူတဦးကပြောပါတယ်။

    ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်း ထိစပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေပေမယ့် လှည့်ကင်းပတ်နိုင်တဲ့ အင်အားလောက်သာ ရှိတော့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကဆိုပါတယ်။

    ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းအတွင်းကို အဓိက ဝင်ပေါက်ဖြစ်တဲ့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ဂွ-ငါးသိုင်းချောင်းလမ်းပေါ်မှာသာ ခံစစ်အဆင့်ဆင့်ပြုလုပ်ပြီး လုံခြုံရေးတင်းကျပ်ထားနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

    “ရခိုင်ကိုပို့နေတာတော့ ဧရာဝတီတိုင်းမှာရှိတဲ့ တပ်ရင်းအကုန်လုံးကနေ ထုတ်နုတ်ပြီးပို့နေတာ၊ အခုဆိုရင် ထုတ်နုတ်စရာတောင်မရှိတော့ဘူး သက်ကြီးရွယ်အို စစ်သားတွေပဲကျန်တော့တယ် ။ ခြေမြန်နဲ့ ခြေလျှင်တပ်ရင်းတွေမှာ ထင်သလောက် အင်အားမရှိိတော့တာ သေချာတယ်” လို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

    ရခိုင်ပြည်နယ်ကို ပို့ဆောင်ခံရခဲ့ရတဲ့ စစ်ကောင်စီတပ်တွေဟာ အသွားသာရှိပြီး အပြန်မရှိတာကြောင့် ဧရာဝတီတိုင်းအတွင်းက ခြေမြန်နဲ့ ခြေလျင်တပ်ရင်းတွေမှာ အင်အားမရှိတော့တာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

    စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ဧရာဝတီတိုင်းကတပ်ရင်းတွေကို အင်အားအလုံးအရင်းထုတ်နုတ်အသုံးပြုထားတာဖြစ်လို့ ဧရာဝတီတိုင်းထဲမှာခံစစ်ပြင်ဖို့ အလားလာနည်းသွားပြီးလို့လည်း ဆိုပါတယ်။

    AA ရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ဧရာဝတီတိုင်းအတွင်းက စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည် နယ်အတွင်းက တိုက်ပွဲတွေမှာ သေဆုံး၊ လက်နက်ချ၊ ဖမ်းဆီးခံရတာတွေ အများအပြားရှိတယ်လို့ မကြာခဏတွေ့ရပါတယ်။

    ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်နယ်မြေအချို့မှာ ခံစစ်ပြင်ထားမှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အားအခြေအနေ

    ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်နယ်မြေတွေများစွာရှိပေမယ့် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၊ ဂွ-ငါးသိုင်းချောင်း လမ်းပေါ်မှာသာခံစစ်ပြင်ထားနိုင်တဲ့ အခြေအနေရှိတော့တယ်လို့ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။

    ဂွ-ငါးသိုင်းချောင်းလမ်း ငါးသိုင်းချောင်းနဲ့ မိုင် ၂၀ ခန့်အကွာမှာ ခံစစ်စခန်းတခု၊ ငါးသိုင်းချောင်း တံတားမှာခံစစ်စခန်းတခု၊ အမှတ် (၃၄၄) အမြောက်တပ်မှာ ခံစစ်စခန်းတခု ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောဆိုထားတာရှိပါတယ်။

    ဂွ-ငါးသိုင်းချောင်းလမ်းပေါ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမှတ် ( ၃၄၄ ) အမြောက်တပ်က လက်နက်ကြီး ပစ်ကူပေးနေတယ်လို့လည်း သိရပါတယ်။

    ဒီဇင်ဘာလ တတိယပတ်အတွင်းမှာ စစ်ကောင်စီက အဲ့ဒီအမြောက်တပ်အတွင်းမှာ ရဟတ်ယာဥ်ကွင်းတခုအရေး ပေါ်ဆောက်လုပ်နေပြီး ရေကြည်နဲ့ ငါးသိုင်းချောင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံတွေက လုပ်အားပေးနေတယ်လို့ ဆိုပါတယ်။

    ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေဖြစ်တဲ့ မြန်အောင် ၊ ကြံခင်း၊ လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ သာပေါင်း၊ ပုသိမ်မြို့နယ်တွေမှာတော့ စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကအတိုင်း တမြို့နယ်ကို စစ်ကောင်စီတပ် အင်အား ၅၀နဲ့ ၁၀၀ ကြားလောက်နဲ့သာ စစ်ကြောင်းထိုးတာတွေ ကင်းလှည့်တာတွေကို လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    “ရှိသလောက် အင်အားနဲ့တော့ မြို့တိုင်းမှာ ပတ်နေတုန်းပဲ။ ခံစစ်ပြင်နိုင်ဖို့ဆိုတာထားဦး နတခမှာ တပ်စောင့်ဆိုပြီး အင်အား ၁၀၀ ရှိတယ်။ အဲ့ဒီ အင်အား ၁၀၀ က တပ်စောင့်တာတင်မကဘူး အင်အားမရှိလို့ ကင်းပါလှည့်နေရတယ်လို့ကြားတယ်။ ဧရာဝတီ တိုက်ပွဲဖြစ်လာရင် အတွေ့အကြုံရှိတဲ့ စစ်သားဆိုတာ အတော်ရှားသွားပြီ။ စစ်ကူကတော့ ကျိန်းသေလာမှာဖြစ်လို့ ဒါကိုလည်း ထည့်ပြီး စဥ်းစားထားရမယ်။ စစ်ကူမပို့နိုင်ရင် စစ်မှုထမ်းတွေပဲ ရှိတော့မယ်”လို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူက ပြောပါတယ်။

    အာရက္ခတပ်တော်က ဂွမြို့ကို သိမ်းပိုက်လိုက်နိုင်ပြီဆိုရင် ဂွမြို့ဘက်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် အင်အားတွေ၊ စစ်မှုထမ်း ဥပဒေနဲ့ အဓမ္မ စစ်သားစုဆောင်းခံရသူတွေနဲ့သာ ဧရာဝတီတိုင်းအတွင်း ခံစစ်ပြင်နိုင်မယ့် အနေအထားဖြစ်နေတယ်လို့ သူကပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ဧရာဝတီတိုင်းရဲ့ တိုင်းမြို့ဖြစ်တဲ့ ပုသိမ်မြို့မှာရှိတဲ့ အနောက်တောင်တိုင်းစစ်ဌာန ချုပ်(နတခ)ကို ဒီဇင်ဘာ ၂၈ ရက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း လာရောက်စဥ်မှာတောင် လုံခြုံရေးအပြည့်အဝ မပေးနိုင်ဘဲ ရှိတဲ့အင်အားနဲ့သာ လုံခြုံရေးပေးခဲ့ရတယ်လို့ သိရပါတယ်။

    “အရင်ကဆို စစ်တပ်က အကြီးပိုင်း တယောက်ယောက်လာပြီဆို ပုသိမ်တံတားထိပ် ဝင်ပေါက်ကနေ နတခ အထိ လမ်းတလျောက် လုံခြုံရေးပေးနိုင်တယ်။ အခုက တွေ့ကို မတွေ့ရတော့ဘူး။ ပုသိမ်မြို့ပေါ်မှာလည်း စိုးဝင်းလမ်းကြောင်းအတွက် လုံခြုံရေး နည်းနည်းပဲ ချထားနိုင်တယ်လို့ သိရတယ်”လို့ စစ်ကောင်စီနဲ့ နီးစပ်သူကပြောပါတယ်။

    ဒီအခြေအနေတွေဟာ ဧရာဝတီတိုင်းအတွင်းက စစ်ကောင်စီတပ်တွေမှာ အင်အားလျော့နည်းနေပြီဆိုတာကို သိသာစေပါတယ်။

    စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း အဓမ္မ စစ်သားစုဆောင်နေမှု အခြေအနေ

    စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်ခံရတဲ့ ဧရာဝတီတိုင်းအတွင်းက အမျိုးသား အများအပြား ထွက်ပြေးနေပြီး သတ်မှတ် လူဦးရေ မပြည်မီတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လက စတင်ပြီးတော့ စစ်ကောင်စီက အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတာတွေကို လုပ်ဆောင်နေပါတယ်။

    အဲဒီလို ပေါ်တာဆွဲနေတာဟာ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ဖြစ်တယ်ဆိုတာကိုလည်း “ စစ်မှုထမ်းရန် လူလိုနေသဖြင့် ပုသိမ်မြို့တွင် ပေါ်တာဆွဲမည်ဟုဆို” ဆိုတဲ့ သတင်း ဆိုတဲ့ခေါင်းစဥ်နဲ့ မဇ္စျိမက သြဂုတ်လ ၂၆ ရက်မှာ ရေးသားဖော်ပြခဲ့ပါသေးတယ်။

    အစပိုင်းမှာ သတင်းမထွက်စေဖို့အတွက် မြို့အစွန် ရပ်ကွက်တွေမှာနေထိုင်တဲ့ အရက်စွဲနေသူတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ အလုပ်လက်မဲ့တွေကိုသာ အဓမ္မဖမ်းဆီးခဲ့ပါတယ်။

    ဒီဇင်ဘာလ အစောပိုင်းမှာတော့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေက မြို့ပေါ်ရပ်ကွက်တွေထဲအထိ ဝင်ရောက်ကာ အဓမ္မစစ်သားစုဆောင်းတာတွေကို ပြုလုပ်လာပါတယ်။

    ညအချိန် အပြင်ထွက်သူတွေကို စစ်ဆေးစရာရှိတယ်လို့ဆိုကာ ပြန်မလွှတ်တာတွေ၊ ဆိုင်ကယ်လိုင်စင် စစ်ဟန်ဆောင်ပြီး ပေါ်တာဆွဲတာတွေ၊ စစ်မှုထမ်းဖို့အတွက် မဲပေါက်ထားတာမရှိဘဲ လိမ်ညာခေါ်ပြီး စစ်သားစုဆောင်းတာတွေကို စစ်ကောင်စီက မြို့နယ်တိုင်းမှာ ခပ်စိပ်စိပ်ပြုလုပ်လာပါတယ်။

    ဟင်္သာတမြို့နယ်မှာ ဒီဇင်ဘာလအတွင်းက ငုံးဥပြုတ် ရောင်းသူ တဦးကို ဖမ်းဆီးတာ၊ အလုပ်ပြန်နောက်ကျတဲ့ လူငယ်တွေကို ဖမ်းဆီး ခေါ်ဆောင်တာတွေ၊ ရပ်ကွက်အတွင်း လူငယ်တွေကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်တာတွေနဲ့ မအူပင်မြို့ အမှတ် (၁) ရပ်ကွက်က လူငယ်နှစ်ဦးကို စစ်မှုထမ်းဖို့ မဲပေါက်ထားတာမရှိဘဲ လိမ်လည် ခေါ်ဆောင်တဲ့ဖြစ်စဉ် စသည်ဖြင့် ပြုလုပ်လာပါတယ်။

    “ဧရာဝတီက တပ်တွေမှာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မခေါ်ထားတဲ့ဟာတွေပဲ ကျန်တော့တယ်။ အဲ့တာကြောင့် လူငယ်တွေ အပျော်အပါး အသောက်အစားတွေ ဆင်ခြင်ကြပါ။ ပေါ်တာ ပါသွားပြီးရင် သိန်းရာချီ ပေးနိုင်ရင်လွှတ်မယ်။ မပေးနိုင်ရင် မရဏလမ်းကို တန်းတန်းသွားရမယ် ဒီနှစ်လမ်းပဲရှိတယ်။ မကြာခင် အိမ်ပေါ်တက်ဆွဲတဲ့ အထိဖြစ်ဦးမှာ၊ နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူး တော်လှန်ရေးမလုပ်ရင် အေးအေး ဆေးဆေးနေရတယ် အဖမ်းမခံရဘူးလို့ပြောနေတဲ့သူတွေ အခုလစဥ်ဆပ်ကြေးပေးနေရပြီ သေသေချာချာစဥ်းစားကြပါ”လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

    ဧရာဝတီတိုင်းအတွင်းက အခြားမြို့နယ်တွေမှာလည်း နည်းလမ်းမျိုးစုံနဲ့ ပေါ်တာဆွဲတာတွေကို စစ်ကောင်စီက ခပ်စိပ်စိပ်ပြုလုပ်နေတာကြောင့် ည ၈ နာရီကျော်ရင် မြို့နယ်တိုင်းက အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားတွေ အပြင်မထွက်ရဲတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဥ် (၄ )လောက်က စတင်ပြီး စစ်မှုထမ်းဖို့အတွက် သတ်မှတ် လူဦးရေ ပြည့်မီအောင်မရရှိတော့တာ၊ မဲပေါက်ထားသူတွေက ငွေကြေးအမြောက်အမြားပေးပြီး လူစားထိုးနေကြတာ၊ လက်ရှိမှာ လူစားထိုးဖို့အတွက်တောင် လူမရှိတော့ဘူးလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    ဧရာဝတီနဲ့ ပတ်သက်ပြီး PDF တွေ ဘာပြောလဲ

    မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီလို ထုတ်ပြန်ပြီးနောက်မှာ ဧရာဝတီတိုင်းအတွင်း မြို့ နယ်အလိုက်ဖွဲ့စည်းထားတဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ၊ PDF တပ်ရင်းတွေ နဲ့ အခြားသော တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့တွေက အဖွဲ့ဝင် သင်တန်းသား အသစ်ခေါ်ယူတာတွေကို ပြုလုပ်ခဲ့ပါတယ်။

    စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူဦးရေ၏ ရာခိုင်နှုန်းအနည်းငယ်သာ တော်လှန်ရေးအဖွဲ့တွေထံကို ဝင်ရောက်ခဲ့ကြပြီး အချို့က ပြည်ပသို့တိမ်းရှောင်ခဲ့ကြပြီး အများစုကတော့ ပြည်တွင်းမှာသာ ဆက်လက်နေထိုင်ခဲ့ကြတယ်လို့ ဧရာဝတီတိုင်း ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပုံမှန်အတိုင်းရှိနေတယ်လို့ ဝေဖန်ခံနေရတဲ့ ဧရာဝတီတိုင်းဟာ စစ်ရိပ်စစ်ငွေ့ တဖြည်းဖြည်းသန်းလာပြီဖြစ်ပြီး အရေးကြီးတဲ့အချိန်ရောက်လာပြီဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ် ဂွမြို့မှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ ဒီဇင်ဘာ ၁၂ ရက်မှာ NUG- MOD ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူပြီး တိုင်းစစ်ဌာန(ဧရာဝတီ)ကိုဖွဲ့စည်းပြီးကြောင်း ကြေညာထားပါတယ်။

    “အခုနောက်ပိုင်း ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ သေနေတာတွေက စစ်မှုထမ်းတွေလည်း အများကြီးပါတယ်။ အဲဒီတော့ စစ်မှုထမ်းမလား ၊ ပေါ်တာဆွဲခံမလား၊ ထွက်ပြေးမလား၊ တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုလာမလား စဥ်းစားကြပါ။ အရမ်းကြီးနောက်မကျသေးပါဘူး။စကစ ဆီကိုရောက် ရင်တော့ ပြန်လမ်းမရှိဘူးဆိုတာ သိထားဖို့လိုတယ်”လို့ သူကဆိုပါတယ်။

    PDF နောက်ထပ်တဦးကလည်း စစ်ကောင်စီဟာ ရခိုင် ပြည်နယ်တခုလုံးကို လက်လွှတ်ဆုံးရှုံးရပြီဆိုတာနဲ့ ဧရာဝတီတိုင်းအတွင်း လက်ရှိထက်ပိုပြီး ဒုက္ခမျိုးစုံပေးတော့မှာဖြစ်ပြီး လက်ရှိအခြေအနေမှာ စဥ်းစားဆုံးဖြတ်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ဝင်လာသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုသိမ်ကို လာရောက်စဥ်က”အားကိုးရတဲ့ စံပြတိုင်းတစ်ခုလို့” ချီးကျူးခဲ့တဲ့ ဧရာဝတီတိုင်းဟာ စစ်ခေါင်း ဆောင်မျှော်လင့်ထားသလို ဖြစ်မလာဘဲ အင်အားချိနဲ့လာတာဖြစ်ပါတယ်။

    အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့်ရခိုင်ပြည်နယ် တခုလုံးကို လက်လွှတ်ဆုံးရှုံးရတော့မယ့်အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းမှာပါ ခံစစ်မပြင်နိုင်တဲ့ အခြေအနေတွေဟာ စစ်ခေါင်းဆောင်အတွက် အိမ်မက်ဆိုးတွေဖြစ်နေမှာ သေချာပါတယ်။

  • မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရမှုအတွင်း ထိခိုက်မှုများ ရှိသော်လည်း သတင်းဖုံးထား

    မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရမှုအတွင်း ထိခိုက်မှုများ ရှိသော်လည်း သတင်းဖုံးထား

    ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ရဲများ ထိခိုက်ဒဏ်ရာရမှု ရှိသော်လည်း သတင်းဖုံးထားကြောင်း ဒေသခံများက ပြောသည်။

    ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်) ည ၇ နာရီ ၂၅ မိနစ်အချိန်က ဗုံးပေါက်ကွဲသံ နှစ်ကြိမ်ကြားရပြီး မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။

    ” အကျယ်ကြီးပဲ နှစ်ခါတောင် ” ဟု မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဒေသခံတဦးက ပြောသည်။

    အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း မြို့မရဲစခန်းမှ ရဲနှစ်ဦးထက်မနည်း ထိခိုက်မှု ရှိခဲ့သော်လည်း သတင်းဖုံးထားကြသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။

    ” လောလောဆယ်တော့သတင်းကမတိကျသေးဘူး။ သူတို့ကသတင်းအမှောင်ချထားတယ်။ သိရသလောက်တော့ ရဲနှစ်ယောက်ကနေ သုံးယောက်လောက်သေတယ်လို့ပြောတယ်။ ထိခိုက်သူလည်း ရှိတယ်” ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။

    ဒေသခံတဦး​၏ ပြောကြားချက်အရ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း၌လည်း ယမန်နေ့ညက သေနတ်ကိုင်ဆောင်ထားသည့် ရဲနှင့် စစ်ကောင်စီတပ်သားများ သွားလာ လှုပ်ရှားခြင်းများ ရှိနေကြောင်း သိရသည်။

    စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင်မူ မြို့မရဲစခန်းအရှေ့ ဗုံးသီးနှစ်လုံးကျရောက်ပေါက်ကွဲပြီး လမ်းသွားလမ်းလာ နှစ်ယောက်ထိသဖြင့် ဆေးရုံတင်ထားရသည်ဟု ဆိုကြသည်။

    မြဝတီရဲစခန်းကို မည်သည့်အဖွဲ့က တိုက်ခိုက်မှန်း မသိရသေးသော်လည်း ကော်ဘရာစစ်ကြောင်းမှူး စောကော်က ” မြဝတီကရဲနှင့်အုပ်ကြီး ဆ​ယ်အိမ်မှူး တွေကိုနောက်ဆုံးသတိပေးမ​ယ်။ ပြည်သူကိုခြိမ်းခြောက် ငွေညစ်ဖမ်းဆီးနေတာတွေ ရပ်တန်းကရပ်သင့်ပြီနော် ။ သတိပေးထားတာမရပ်ရင်တော့ မြွေဟောက်အဆိပ်ပြင်းတယ်ဆိုတာခံစားရမယ်” ဟူသည့် စာသားဖြင့် မြဝတီမြို့မရဲစခန်းဆိုင်းဘုတ်ဓါတ်ပုံ တွဲလျက် တင်
    ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် မြဝတီမြို့ခံများကလည်း Cobra Column က တိုက်ခိုက်ခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။

    ပြီးခဲ့သည့် ၂၀၂၃ ခု၊ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြဝတီမြို့ရဲစခန်းနေရာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းရှိပြီး ရဲတပ်သားတဦး သေဆုံးပြီး ထိခိုက်သေဆုံးမှုများ ရှိသော်လည်း စစ်ကောင်စီက သတင်းဖုံးထားသဖြင့် အတိအကျ မသိခဲ့ရပေ။

    ပုံအညွှန်း- မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ၂၀၂၃ ခု၊ စက်တင်ဘာ ၃ ရက်နေ့က KNLA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းရှိပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ခြောက်ဦးသေဆုံးကာ ခရိုင်ရဲမှူးအပါအဝင် ၁၃ ဦး ဒဏ်ရာရခဲ့သည်။ (ဓါတ်ပုံ- CJ)