စစ်မှုထမ်း ၂ နှစ်ပြည့်ပြီးသူတွေကို အာဏာရှင်စစ်တပ်အနေနဲ့ အလုပ်အကိုင်ရရှိအောင် စီမံပေး နေပြီး အလုပ်မရရင် စစ်မှုပြန်ထမ်းနိုင်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောပါတယ်။
မေ ၈ ရက်က ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဇေယျာသီရိဗိမာန်မှာ ပြုလုပ်တဲ့ နေပြည်တော်တိုင်း အရာရှိစစ်သည်တွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“နိုင်ငံတော်အတွက် အရေးကြုံချိန် နိုင်ငံ့သားကောင်း တယောက်ပီသစွာနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ကျေးဇူးတင်ပြီး အလုပ်အကိုင်ရရှိရေးအတွက် စစ်တပ်အနေနဲ့ စီမံဆောင်ရွက်ပေးနေပြီး အလုပ်မရလို့ စစ်တပ်မှာ ပြန်လည် တာဝန်ထမ်းဆောင် လိုပါက ကြိုဆိုတယ်”လို့ ပြောပါတယ်။
ပြန်လည်ဝင်ရောက်လာမဲ့ စစ်မှုထမ်းတွေကိုလည်း သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေက မိသားစု သဖွယ် ညီရင်းအစ်ကိုပမာ လက်တွဲခေါ်ယူသွားဖို့ လိုအပ်တယ်လို့လည်း ပြောဆိုပါတယ်။
ရှေ့တန်းမှာ သေဆုံးသူတွေကိုတောင် အငှားအိမ်ရာတိုက်ခန်းနဲ့ မြေကွက်ကို လျှောက်ခွင့်မရဘဲ စစ်မှုထမ်းတွေကို အလုပ်ပေးမယ်ဆိုတာက မဖြစ်နိုင်ဘူးလို့ တပ်မိသားစုဝင်တယောက်က ဝေဖန် ပြောဆိုပါတယ်။
“ရှေ့တန်းမှာ ကျသွားတဲ့သူတွေကို အငှားအိမ်ရာနဲ့ မြေနေရာပေးတယ်ဆိုလို့ ရန်ကုန်တိုင်း အစိုးရမှာ သွားလျှောက်တယ်။ ပုံစံလျှောက်လွှာဖိုး ၂,၀၀၀၀ ပေးရတယ်။ လျှောက်လွှာသွားတင် တော့ ဖောင်ပိတ်သွားပြီ ဆိုပြီး ပြန်လွှတ်တယ်။ ရှေ့တန်းမှာသေသွားတဲ့ တပ်မိသားစုဝင်တွေ တောင် ထောက်ပံ့မပေးတာ၊ စစ်မှုထမ်းတွေ အလုပ်ရှာပေးမယ်၊ အလုပ်ပြန်ပေးမယ်ဆိုတာ ဖြစ်နိုင်မလား စဉ်းစားကြည့်ရင် သိတယ်” လို့ ပြောပါတယ်။
မနေ့က နေပြည်တော် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာလုပ်တဲ့ အစည်းအဝေးမှာ တော့ စစ်အာဏာရှင်ခန့် အလုပ်သမားဒုဝန်ကြီး ဦးမောင်မောင်သန်းက စစ်မှုထမ်း ၂ နှစ် တာဝန် ထမ်းဆောင်ပြီးသူတွေကို ပြည်တွင်းက ဌာနဆိုင်ရာရုံးတွေမှာ အစိုးရဝန်ထမ်းအဖြစ် ခန့်ပေး သွားမယ်လို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။
၂ နှစ် စစ်မှုထမ်းပြီးတဲ့သူတွေကို အလုပ်ပေးဖို့ ‘စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ’ ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်မှာ စစ်အာဏာရှင်က ဖွဲ့စည်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး မတ် ၃၀ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၁ ကို စတင်ခေါ်ယူခဲ့လို့ အခုဆိုရင် စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်နေပြီ ဖြစ်ပါတယ်။






