Author: Baby Yit Lone

  • ရန်ကုန်လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၂ နေရာတွင်ရှိ

    ရန်ကုန်လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၂ နေရာတွင်ရှိ

    ရန်ကုန်မြို့လေထုညစ်ညမ်းမှုက ကမ္ဘာ့အဆင့် ၂ နေရာမှာ ရှိနေတယ်လို့ world-air-quality index (AQI) ရဲ့ ဖေ ဖော်ဝါရီ ၂၃ ရက် ည ၈ နာရီအချိန် တိုင်းတာချက်အရ သိရပါတယ်။

    AQI ရဲ့ ဖော်ပြချက်အရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းက ၁၇၉ မှာ ရှိနေတယ်လို့ သိရပါတယ်။

    ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် ည ၇နာရီက အဆင့် ၃ နေရာမှာ ရှိခဲ့ရာက နေ ည ၈ နာရီအချိန်မှာတော့ အနီရောင်အဆင့်ဖြစ်တဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။

    လေထုအရည်အသွေးအညွှန်းကိန်း ၀ ကနေ ၅၀ အတွင်းဆိုရင် လေထုသန့်ရှင်းတယ်လို့ သတ်မှတ်ပြီး ၅၀ ကနေ ၁၀၀ အတွင်းဆိုရင် လေထုအသင့်အတင့် သန့်ရှင်းမှုရှိတယ်လို့ သတ်မှတ်ကာ၊ ၁၀၁ ကနေ ၁၅၀ အတွင်းဆိုရင် တော့ လေထုအသင့်အတင့် ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

    ယခု ရက်ပိုင်း အတွင်း ရန်ကုန်မြို့၏ လေထုမှာ မြူဆိုင်းသည့်သဖွယ် မြင်ကွင်းမျိုးဖြစ်နေခြင်း ဖြစ်ပြီး IQAir ဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်အရ ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) တွင် 161 US AQI⁺ ရှိကာ ယင်းပမာဏမှာ ကျန်းမာရေးအတွက် မသင့်လျော်သောအဆင့်ဟု သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။

    အလားတူ ၁၅၁ ကနေ ၂၀၀ အတွင်းဆိုရင် လေထုက ဆိုးဆိုးဝါးဝါး ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားပြီး ၂၀၁ ကနေ ၃၀၀ ဆိုရင် လေထုက ကျန်းမာရေးထိခိုက်အောင် ညစ်ညမ်းမှုရှိကာ၊ ၃၀၁ အထက်ဆိုရင်တော့ လေထုက အရေးပေါ် အခြေအနေအထိ ညစ်ညမ်းမှုရှိတယ်လို့ သတ်မှတ်ထားပါတယ်။

    လေထုညစ်ညမ်းမှုကြောင့် အပြင်သွားလာရင် အသက်ရှုရခက်ခဲပြီး ရင်ဘတ်အောင့်လာရင်၊ ချောင်းခြောက်တအား ဆိုးလာရင် ၊ ခေါင်းမူးခေါင်းကိုက်ဖြစ်လာရင် ၊ နှာခေါင်းထဲမှာ ရှတတခံစားချက်မျိုး ဆိုးဝါးစွာရလာရင် နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေမှာ ချက်ခြင်းကုသမှုခံယူဖို့ U- Report Myanmar က အသိပေး ထုတ်ပြန်ထားပါတယ်။

    အထူးသဖြင့် အသက်ကြီးသူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ရင်ကြပ်ရောဂါရှိသူတွေ ပိုပြီး သတိထားဖို့လိုအပ်တယ်လို့လည်း သတိပေးထုတ်ပြန်ထားပါတယ်။

    Mm News.xyz 2026 02 24 004837

    Mm News.xyz 2026 02 24 004951

    Mm News.xyz 2026 02 24 005002

    Mm News.xyz 2026 02 24 005011

    Mm News.xyz 2026 02 24 005020

    Mm News.xyz 2026 02 24 005032

  • ကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတား ဒလတိုးဂိတ်တွင် YBS ယာဥ်ကြမ်းခင်းကျွံပြီး ကားပေါ်မှ ပြုတ်ကျသည့်ငါးနှစ်အရွယ် ကလေးငယ် ဘီးဖြင့်ကြိတ်မိကာ သေဆုံး

    ကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတား ဒလတိုးဂိတ်တွင် YBS ယာဥ်ကြမ်းခင်းကျွံပြီး ကားပေါ်မှ ပြုတ်ကျသည့်ငါးနှစ်အရွယ် ကလေးငယ် ဘီးဖြင့်ကြိတ်မိကာ သေဆုံး

    ကိုရီးယား- မြန်မာ ချစ်ကြည်ရေးတံတား ဒလတိုးဂိတ်တွင် YBS ယာဥ်ကြမ်းခင်းကျွံပြီး ကားပေါ်မှ ပြုတ်ကျသည့် ငါးနှစ်အရွယ် ကလေးငယ် ကားဘီးဖြင့်ကြိတ်မိကာ သေဆုံးခဲ့သည်ဟု ကြီးလေးကြီးလူမှုကူညီရေးအသင်းထံမှ သိရသည်။

    638482998 1364783279021814 5114897889270759498 N

    ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီခန့်က ဒလမြို့နယ်တွင် နေထိုင်သည့် ကလေးငယ်မှာ ဝါဖြေရန် ရန်ကုန်မြို့ဘက်သို့ အဒေါ်ဖြစ်သူနှင့်အတူထွက်လာပြီး မုန့်ဝယ်ကာ ဒလမြို့သို့အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ” ကလေးက အဒေါ်နဲ့အတူလာတာ။ အပြန်မှာ တံတားဘက်ကနေ ကားစီးပြီးပြန်ချင်တယ်ပြောလို့ အဒေါ်နဲ့အတူ ကားစီးလာတာ။ တိုးဂိတ်ကို ရောက်တော့ Slow down ကို ဖြတ်တော့ ကားကခုန်လိုက်တဲ့အချိန် ကြမ်းခင်းကျွံပြီး အောက်ကို ရောက်သွားတာ။ အဒေါ်ဖြစ်တဲ့သူကလည်း လှမ်းဆွဲလိုက်ပေမယ့် မမှီဘူး။ နောက်ဘီးနဲ့ ကြိတ်မိတာပေါ့။ ကျွန်တော်တို့ကလည်း အဲ့ဒီဘက်ကိုသွားရင်းနဲ့တွေ့တော့ ကူညီလိုက်ရတာ။ ကလေးက ငါးနှစ်ပဲရှိသေးတယ်။ သူတို့ရဲ့ ထုံးတမ်းစဥ်လာအရ သုသာန်ကို ပို့ပေးလိုက်တယ်” ဟု ကြီးလေးကြီးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    640075578 1364783315688477 201496633920949216 N

    YBS ယာဥ်နှင့်ကြိတ်မိကာ သေဆုံးခဲ့သည့် ကလေးငယ်မှာ ဒလမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ အလောင်းကို ဒလမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်ချက်ရယူပြီး သုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ကြီးလေးကြီး လူမှုကူညီရေးအသင်းထံမှ သိရသည်။

  • စစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသား ၁၆၁ ယောက်ကို စာမေးပွဲဖြေခွင့်မပြုဘဲ ပြန်လွှတ်

    စစ်ကိုင်းမြို့က ထက်ကိုယ်ပိုင်ကျောင်း ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသား ၁၆၁ ယောက်ကို စာမေးပွဲဖြေခွင့်မပြုဘဲ ပြန်လွှတ်

    ဒီက​နေ့​ ​ဖေ​ဖော်ဝါရီ ၂၃ ရက်မှာ စတင်​ဖြေဆို​နေတဲ့ အတန်းတင်စာ​မေးပွဲမှာ စစ်ကိုင်းမြို့ ၊ ထက်ကိုယ်ပိုင်အထက်တန်းကျောင်းက ခုံနံပါတ်နဲ့ ဖြေဆိုခွင့်ကတ် ထွက်ပြီးသား G5 နဲ့ G9 ကျောင်းသားကျောင်းသူ ၁၆၁ ယောက်ကို သက်ဆိုင်ရာ စာဖြေဌာနက စာမေးပွဲဖြေဆိုခွင့် မပြုဘဲ ပြန်လွှတ်လိုက်တာ​ကြောင့် က​လေး​တွေ နစ်နာရတယ်လို့ ထက်ကိုယ်ပိုင်​ကျောင်း ကျောင်းအုပ်ကြီးဆီက သိရပါတယ်။

    ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ G5 ကျောင်းသူကျောင်းသား ၇၂ ယောက်နဲ့ G9 ကျောင်းသူကျောင်းသား ၈၉ ယောက်ဟာ စာမေးပွဲဖြေဆိုဖို့အတွက် သက်ဆိုင်ရာ စာ​ဖြေဌာနကို သွားရောက်ချိန်မှာ ဖြေဆိုခွင့်မပြုကြောင်းပြောဆိုခဲ့တာ ​ဖြစ်တယ်လို့ သိရပါတယ်။

    ” ကျောင်းကို နှစ်သုတ်တက်ဆိုပြီး ဖွင့်ခဲ့တယ်။အဲဒါကို စာနဲ့မဟုတ်ဘဲ ပါးစပ်နဲ့ ၈ လပိုင်းကျမှ တသုတ်တက်ဆိုပြီး ပြင်ခိုင်းတယ်။ တို့က ဇွန်လထဲက ကျောင်းသားလက်ခံပြီးသားလေ။ ၉ လပိုင်းဆန်းမှ ဒီကလေးတွေ ဘယ်သွားလို့ရမှာလဲ ။မရတော့ဘူးလေ။အဲအချိန်မှာ မြို့နယ်ကလက်မခံလို့တိုင်းဒေသကြီးညွှန်မှူးဆီ အမြဲတမ်း ပို့တယ်။ဒီမှာဖြေတာတွေပို့တယ်။ အဲဒါပြီးတော့ ဒုဝန်ကြီးဆီကို တင်ပြခဲ့တယ်။ ကျန်တဲ့ကလေးတွေက ဒီကလေးတွေပါ ။ဒီကလေးတွေ ဖြေဆိုခွင့်နစ်နာမှာစိုးလို့ တင်ပြခဲ့တယ်။ပြီးတော့ ခရိုင်နဲ့မြို့နယ်က ၁၉ ရက်နေ့မှာ ခုံနံပါတ်ထွက်ပေးလိုက်တယ်။ ဖြေဆိုခွင့်ဆိုပြီးတော့။ ကလေးတွေရဲ့ဖြေဆိုခွင့်ကပ်ပေးလိုက်တယ်။ စာဖြေဌာနတွေလည်း ကပ်ပေးထားတယ်။ ကျောင်းမှာလည်း ကပ်ပေးထားတယ်။၂၁ ရက်နေ့ကျတော့ ယာယီဖြေဆိုခွင့်ကတ်ကို ကျောင်းသားတိုင်းကို ပေးပြီးသွားပြီ။ကနေ့ ၂၃ ရက်နေ့ မနက် ၇ နာခွဲ ၈ နာရီလောက် စာမေးပွဲဖြေဖို့ ရောက်သွားမှ ဒီကလေးတွေက အရင်စာရင်းသွင်းထားတာမဟုတ်လို့ ဖြေဆိုခွင့်မပြုဘူးလို့ ပြောလိုက်တယ်။ ” လို့ ကျောင်းအုပ်ကြီးဦးခင်မောင်ရေး က ပြောပါတယ်။

    ခုံနံပါတ် ၊ ဖြေဆိုခွင့်ကတ်တွေ ထွက်ပြီးသား ကျောင်းသားကျောင်းသူတွေကို စာမေးပွဲဖြေဆိုခွင့်မပေးတာကြောင့် ကျောင်းသားတွေအတွက် နစ်နာမှုရှိတဲ့အတွက် ကလေးမိဘတွေက ကျေနပ်မှုမရှိကြောင်းနဲ့ ခုလိုလုပ်တာဟာ မူဝါဒအရမဟုတ်ဘဲ ထက်ကိုယ်ပိုင်ကျောင်းအပေါ် ပုဂ္ဂိုလ်ရေးအရ လုပ်တာဖြစ်တယ်လို့ ယူဆကြောင်း ကျောင်းအုပ်ကြီးက ဆိုပါတယ်။

    ” ကလေးတွေကို ဖြေဆိုခွင့်ပေးရမယ်။ အကယ်၍ ကလေးတွေမှာ အချက်အလက်တွေ မပြည့်စုံရင် သူတို့ဘာသာ အောင်စာရင်းမှာ ချန်ထားရင် ကျေနပ်တယ်။ မိဘတွေလည်း ကျေနပ်တယ်။မူဘောင်ဆိုတာ တပြေးညီတည်းဖြစ်ရမယ်။ မူဆိုရင်လုပ်လိုက်။ စစ်ကိုင်းမှာကျောင်းမတက်တဲ့ ကိုယ်ပိုင်ကျောင်းတွေရှိတယ်။အဲဒါတွေလည်း ဖယ်ပစ်လိုက် ။ဒီကျောင်းတခုတည်းကို ပုဂ္ဂိုလ်ရေးအရ လုပ်တာတော့လက်မခံနိုင်ဘူးလေ။ ဒီကလေးတွေကို သူတို့လုပ်ချင်ရင် ၁၉ ရက်နေ့ကတည်းက ခုံနံပါတ်ထွက်မပေးနဲ့တော့လေ ။ ခုံနံပါတ်တွေလည်းသိပြီးပြီ။ ဖြေဆိုခွင့်ကတ်တွေလည်းကိုင်သွားတဲ့အချိန်မှာ ကနေ့မနက်မှ ကပ်ဖြုတ်တာဆိုတော့ ဒါက ပုဂ္ဂလ်ရေးအရဖြစ်သွားပြီလေ။ ” လို့ ထပ်မံ ပြောပါတယ် ။

    ဒါကြောင့် ကလေးတွေ စာမေးပွဲဖြေဆိုခွင့်ရရှိရေးအတွက် ကလေးမိဘတွေရဲ့လက်မှတ်နဲ့အတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တင်ပြပြီး မိတ္တူကို ဒုဝန်ကြီး ၊ တိုင်းဝန်ကြီးချုပ်၊ တိုင်းပညာရေးမှူး ၊ ခရိုင်အုပ်ချုပ်ရေး ၊ ခရိုင်နဲ့ မြို့နယ်ပညာရေးမှူးရုံးကို တင်ပြတောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

    ဓာတ်ပုံ – ထက်ကျောင်းအုပ်ကြီး

  • မလေးရှားကမ်းလွန်တွင် ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်

    မလေးရှားကမ်းလွန်တွင် ပြင်းအား ၇ ဒသမ ၁ ရှိ ငလျင်လှုပ်

    မလေးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ ဆာဘားပြည်နယ် ကမ်းလွန်ပင်လယ်ပြင်ကို ဗဟိုပြုပြီး ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့အစောပိုင်းမှာ ပြင်းအားရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) က ထုတ်ပြန်ပါတယ်။

    ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၁၂ နာရီ ၅၇ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပြည်နယ်မြို့တော် ကိုတာကီနာဘာလူမြို့ရဲ့ အရှေ့မြောက်ဘက် ၆၂ မိုင် အကွာကို ဗဟိုပြုခဲ့လှုပ်ခတ်ခဲ့ကာ မြေအောက်အနက် ၃၈၅ မိုင်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

    ငလျင်ဟာ အလွန်နက်ရှိုင်းတဲ့နေရာမှာ လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ USGS က သတ်မှတ်ထားပြီး ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

    မလေးရှား မိုးလေဝသဌာနကတော့ ငလျင်ပြင်းအားကို ၆ ဒသမ ၈ လို့ တိုင်းတာခဲ့ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

    ဆာဘားမီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ငလျင်ကြောင့် ထိခိုက်မှုဖြစ်စဉ် တစုံတရာ သတင်းပို့ တင်ပြထားတာ မရှိသေးဘူးလို့ Bernama သတင်းဌာနကို ပြောပါတယ်။

    ဒါပေမဲ့ ကိုတာကီနာဘာလူနဲ့ အနီးတဝိုက်က ဒေသခံတွေ၊ အထူးသဖြင့် အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်သူတွေဟာ စက္ကန့် ၁၀ လောက်ကြာတဲ့ တုန်ခါမှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ထိတ်လန့်တကြား ဖြစ်ခဲ့ကြပါတယ်။

    အမေရိကန်ဆူနာမီသတိပေးစင်တာက သတိပေးချက်ထုတ်ပြန်ခြင်းမရှိဘဲ ငလျင်၏အနက်ကြောင့် ဆူနာမီလှုပ်ရှားမှုကိုမျှော်လင့်မထားကြောင်း ပြောကြားခဲ့ပါတယ်။

    မလေးရှားမိုးလေဝသဌာနက “အခြေအနေကို အနီးကပ်ဆက်လက်စောင့်ကြည့်နေကြောင်း၊ ငလျင်ပြင်းအားကို ၆.၈ ရှိသည်ဟုဖော်ပြထားပါတယ်။

    ဆာဘား၏ အနောက်ဘက်ကမ်းရိုးတန်းနှင့် ဆာရာဝပ်ပြည်နယ်၏ နေရာအတော်များများတွင် ငလျင်လှုပ်ခတ်မှုများကို ခံစားခဲ့ရပါတယ်။

    အိမ်နီးချင်း စင်ကာပူနိုင်ငံက ဒေသခံတချို့လည်း ငလျင်တုန်ခါမှုကို ခံစားခဲ့ရတယ်လို့ စင်ကာပူ အခြေစိုက် Channel News Asia သတင်းမှာ ဖော်ပြပါတယ်။

    Source: Bernama /CNA

  • ချယ်ရီထက်တောင် ပြန်လွှတ်ပေးဖို့ မင်းအောင်လှိုင် ကြောက်နေတယ်

    ချယ်ရီထက်တောင် ပြန်လွှတ်ပေးဖို့ မင်းအောင်လှိုင် ကြောက်နေတယ်

    စစ်ကောင်စီဘက်က အပိုင်းပိုင်းပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအလွန်တွင် NLD ပါတီ ခေါင်းဆောင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလာမလားဆိုသည့် မျှော်လင့်မှုများ ရှိလာခဲ့သည်။ အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်ပြီး စုစုပေါင်းအမှု ၁၉ မှုဖြင့် တရားစွဲကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့် ပေးသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” အနေဖြင့် အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့သဖြင့် ကျန်သည့် ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရဆဲ ဖြစ်သည်။

    ယခုနောက်ပိုင်း သူမ၏ သားငယ်ဖြစ်သူ ကိုထိန်လင်းက မိခင်ဖြစ်သူ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာမှုနှင့် AI နည်းပညာဖြင့် ပြုလုပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းချခံထားရသည့် ဓာတ်ပုံများကြောင့်လည်း ပြည်သူအများက အသက်အရွယ် ကြီးရင့်လာသည့် သူမကို အကျဉ်းစံဘဝမှ အမြန်ဆုံး လွတ်မြောက်စေချင်ကြသည်။ သို့သော် စစ်ကောင်စီဘက်က အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည့် အရိပ်အယောင် တစုံတရာကိုမျှ ထုတ်ဖော်ပြသခြင်း မရှိသေးပေ။

    ထိုသို့ ထုတ်ဖော်ပြသမှု မရှိသည့်အပြင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရှမ်းမြောက်တွင် စစ်ကောင်စီဘက်က ရှာဖွေတွေ့ရှိခဲ့သည့် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် နေရာများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကတော့ နိုင်ငံရေးအမှုဆိုတာထက် လာဘ်ပေးလာဘ်ယူနဲ့ စွဲဆိုခံထားရတာမို့ ဒါတွေဟာ ရာဇဝတ်မှုနဲ့ ပတ်သက်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရားဥပဒေအတိုင်း ဆက်ဖြစ်ပါလိမ့်မယ်” ဟု ဖြေဆိုခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည့် အရိပ်အယောင်မျှ မရှိသေးကြောင်း ဆိုခဲ့ခြင်း ဖြစ်သည်။

    အများပြည်သူက နိုင်ငံရေးပြက္ခဒိန် သဘောအရ စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လာလိမ့်မည်ဟု မျှော်လင့်ကြသည် ဆိုသော်လည်း တကယ်က သူမကို မဆိုထားနှင့် သူမ၏ အနီးကပ် သက်တော်စောင့် တာဝန်ယူခဲ့သူ ဒုရဲအုပ် ချယ်ရီထက်ပင် ယခုအချိန်ထိ လွှတ်ပေးခဲ့ခြင်း မရှိသေးပေ။ အရပ်ခပ်မြင့်မြင့်၊ အသားဖြူဖြူ ဒုရဲအုပ် ချယ်ရီထက်သည် NLD အစိုးရကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များတွင် အနီးကပ် လုံခြုံရေးအဖြစ် လိုက်ပါခဲ့သူ ဖြစ်သဖြင့် လူသိများသည်။ ၂၀၂၀ ပြည့်နှစ်က ချယ်ရီထက်၏ မွေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က သူမကိုယ်တိုင် ဒီဇိုင်းဆွဲထားသည့် ဆွဲကြိုးတကုံးကို လက်ဆောင်အဖြစ် ကိုယ်တိုင် ဝတ်ဆင်ပေးခဲ့ဖူးသည်။ လရောင်တော ရေကန်က တံတားလေးပေါ်မှာ ဆွဲကြိုးဝတ်ဆင်ပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်၊ မွေးနေ့ရှင် ချယ်ရီထက်နှင့် မလှမ်းမကမ်းတွင် ခွေးကလေး ထိုက်ချိတိုတို့ ပါသည့် ဓာတ်ပုံကို ဆိုရှယ်မီဒီယာ၌ လူအများက စိတ်ဝင်တစား ဖြန့်ဝေခဲ့ကြဖူးသည်။

    ထိုအကြောင်းကို ပြန်တွေးရင်း ချယ်ရီထက်ကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရမှုကို နောက်ကြောင်းပြန် စဉ်းစားမိပါသည်။ ဇန်နဝါရီ ၃၁ ရက် ညဉ့်နက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို အတင်းဝင်ရောက် ဖမ်းဆီးချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ သတင်းရဲတပ်ဖွဲ့၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက အနီးကပ် လုံခြုံရေးအဖွဲ့ကို အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်ခြံဝန်းအတွင်း ခေတ္တထိန်းသိမ်းထားခဲ့သည်။ ထို့နောက် တပ်ဖွဲ့ဝင်တဦး ဖြစ်သူ ဒုရဲအုပ်ချယ်ရီထက်ကို သက်သာသည့် တာဝန်ပေးသည့် ခေါင်းစဉ်ဖြင့် စောင့်ကြည့်ခဲ့ကြကြောင်းလည်း တွေ့ခဲ့ရသည်။

    ထိုစဉ်က ထွက်ပေါ်ခဲ့သည့် သတင်းများအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးရှိရာ နေပြည်တော် ဇေယျဌာနီလမ်းပေါ်ရှိ ရုံးအမှတ် ၃၈ တွင် အကျယ်ချုပ် ထားခဲ့သည်ကို တွေ့ခဲ့ရသည်။ သူမကိုယ်တိုင် သုံးစွဲခဲ့သည်ဟု ယူဆရသည့် Cherry Htet ဆိုသည့် နာမည်နှင့် Facebook Account တွင်လည်း ၂၀၂၁ ခုနှစ် မတ် ၃ ရက်က အနက်ရောင် Profile ပြောင်းထားခြင်းကလွဲ၍ အကြောင်းအရာများ မျှဝေခြင်းမျိုးကိုပင် မလုပ်ခဲ့ပေ။

    ထိုသို့ဖြင့် စောင့်ကြည့်ခံဘဝဖြင့် နေထိုင်ခဲ့ရသည့် ချယ်ရီထက်သည် အာဏာသိမ်းအပြီး ၇ လကျော်အကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်တွင် သူမကိုင်ဆောင်သည့် ဖုန်းနှင့် ကွန်ပျူတာကို စရဖက လာရောက်သိမ်းဆည်းခြင်းကို ခံခဲ့ရသည်။ ထို့နောက် စရဖက စစ်ကြောရေး ဆောင်ရွက်ခဲ့ပြီး စစ်ကြောရေး ဆောင်ရွက်စဉ် ၂၀၂၁ ခုနှစ် မတ်လအတွင်း၌ ချယ်ရီထက်သည် May Mi ဆိုသည့် အကောင့်ဖြင့် “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့တော့ မပြောပါနဲ့”၊ We Love Daw Aung San Suu Kyi Page က တင်ထားသည့် “လွမ်းလိုက်တာအမေ” ဆိုသည့် စာသားကို ဝေမျှခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လတွင် NLD ပါတီ၏ ဘီးလင်းမြို့နယ်မှ လွှတ်တော်အမတ် ဒေါ်သီရိရတနာနှင့် အဆက်အသွယ်လုပ်၍ NUG ၏ သတင်းများ အပြန်အလှန် ပေးပို့ခြင်း၊ လက်နက်ကိုင်ဆောင်သည့် မှတ်တမ်းဓာတ်ပုံများ ပေးပို့ခြင်း၊ ပြည်ပသတင်းဌာနများ၏ သတင်းရုပ်သံဖိုင်များ ပေးပို့ခြင်းတို့ ပေါ်ပေါက်ခဲ့ကြောင်း သတင်းများအရ သိခဲ့ရသည်။

    ထိုစွဲချက်များကြောင့် နေပြည်တော် အနီးတဝိုက်က ရဲစခန်းတခုတွင် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအပြင် ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့ကြောင်းလည်း ကြားသိခဲ့ရသည်။ ထို့နောက် ဒုရဲအုပ်ချယ်ရီထက်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချခံလိုက်ရကြောင်း၊ နေပြည်တော် အကျဉ်းထောင်မှ ရမည်းသင်း အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံထားရကြောင်း သိခဲ့ရသည်။ ၂၀၂၄ ခုနှစ် သြဂုတ်လ ၉ ရက်နေ့တွင် အကျဉ်းကျခံကာလ ပြည့်မြောက်ခဲ့သဖြင့် ပြန်လွတ်ခါနီးတွင် အထက်အမိန့်အရဟု ဆိုကာ ဆက်လက် ဖမ်းဆီးထားခဲ့သည်။ သတင်းများအရ ရမည်းသင်း အကျဉ်းထောင်ရှိ ရိပ်သာတွင် အကျယ်ချုပ်ဖြင့် ဆက်လက် ထားရှိကြောင်း သိရသည်။

    မည်သည့်အတွက်ကြောင့် ရဲအရာရှိ ရာထူးပိုင်းတွင် အငယ်ဆုံးအဆင့်ရှိသူ အမျိုးသမီး ဒုရဲအုပ်ကိုပင် မင်းအောင်လှိုင်က မငဲ့ညှာနိုင်ရသည်ကိုလည်း စဉ်းစားမိပါသည်။ စစ်ဗိုလ်ချုပ်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်အလာအရ ကြောက်နေကြခြင်းဟု အကြမ်းဖျင်း ယူဆမိသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သည့် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်များကိုလည်း နိုင်ငံရေးလောကမှ အပြီးတိုင် ဖယ်ရှားလေ့ရှိသည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီ ကာလများကို ပြန်ကြည့်လျှင်လည်း ထိုကဲ့သို့ သာဓကပြစရာ ဖြစ်စဉ်များ ရှိခဲ့ကြောင်း တွေ့နိုင်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သည့် ဆက်ဆံရေး တည်ဆောက်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းသည်လည်း နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်၌ “သန်းခေါင်ယံ အာဏာသိမ်းပွဲ” ဟု ထင်ရှားသည့် ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ပါတီဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ပေးခဲ့ရဖူးသည်။

    အလားတူ NLD အစိုးရ သက်တမ်းအစ ၂၀၁၆ မတ်လ ၃၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်းခရီးစဉ်များတွင် အမြဲလိုလို လိုက်ပါလေ့ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေသည်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် စောင့်ရှောက်ပေးတတ်သည့် ဓာတ်ပုံများကြောင့် စစ်ဘက်အရပ်ဘက် ဆက်ဆံရေး၏ ပြယုဂ်သဖွယ် ဖြစ်ခဲ့ရဖူးသည်။ ထိုဆက်ဆံရေးကို ပြည်သူအများနှင့် စစ်တပ်တွင်းက အောက်ခြေအရာရှိ၊ စစ်သည်များ သေဘောကျခဲ့သော်လည်း မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ဟောင်းများကတော့ သဘောကျခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအလွန် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် သူ့ကို ပြည်ထဲရေးဝန်ကြီးမှ အနားပေးကာ အရန်အင်အား စာရင်းသွင်းခဲ့သည်ကို တွေ့ခဲ့ရသည်။

    ယခု ချယ်ရီထက်သည်လည်း ဗိုလ်ချုပ်ကြီးများလို ရာထူးကြီးမားသူ မဟုတ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်လျှင် အသေးစိတ်နီးပါး သိရှိထားသူ ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ လျှို့ဝှက်ချက်များ မသိရှိလျှင်တောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူအပေါ် ထားသည့် သဘောထား၊ စစ်တပ်အပေါ် ထားသည့် သဘောထားများကို အသေးစိတ် သိရှိနိုင်သူ ဖြစ်သည်။ ထို့အပြင် မင်းအောင်လှိုင်က သမ္မတလုပ်ချင်၍ ဖိအားပေး ညှိနှိုင်းသည့် ဖြစ်စဉ်များ၊ အာဏာသိမ်းစဉ်က ဖမ်းဆီးသည့် ဖြစ်စဉ်နှင့် အမှုဆင်ထားသည့် ကိစ္စများနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း သက်သေပြ တုံ့ပြန်နိုင်သည့် လူသက်သေ ဖြစ်သည်။

    ထို့ကြောင့် ချယ်ရီထက်ကို လွှတ်ပေးလိုက်၍ လွတ်မြောက်နယ်မြေ တခုခုကို ရောက်သွားမည်ကို အကြီးအကျယ် စိုးရိမ်ခဲ့ကြသည်။ လွတ်မြောက်နယ်မြေကနေ သူမသိသမျှ အကုန်ဖွင့်ချသည့်အခါ မင်းအောင်လှိုင်အတွက် ကိုယ်ကျိုးနည်းစရာသာ ရှိသည်။ ထို့ကြောင့် မျက်နှာပြောင်တိုက်ပြီး အမျိုးသမီး ရဲအရာရှိငယ် တဦးကို ဥပဒေမဲ့ ဆက်လက် ချုပ်နှောင်ထားခြင်းလည်း ဖြစ်သည်။ ထိုကဲ့သို့ အားနွဲ့သည့် အမျိုးသမီး ဒုရဲအုပ်လေး တဦးကိုပင် ငဲ့ညှာခြင်း မရှိသည့် မင်းအောင်လှိုင်သည် ပြည်သူလူထုက ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံတကာက အသိအမှတ်ပြုသည့် ဒေါ်အောင်ဆန်းစုကြည်ကို အစောတလျင် ပြန်လွှတ်ပေးဖွယ် မရှိသေးကြောင်း ယူဆရပါသည်။

    (စွယ်တော်သည် CDM စစ်သားတဦးဖြစ်သည်။)