Miss Grand တာချီလိတ် အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ် .. လိုက်ကြောင်း ကြေညာ
Miss Grand တာချီလိတ် အလှမယ်ရဲ့ မယ်သီလရှင်ဝတ်စုံ သရုပ်ဖော်မှု ဂယက်နဲ့အတူ၊ လူမှုကွန်ရက်ပေါ်မှာ အရင်က ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပြင်းပြင်းထန်ထန် အရေးယူခံခဲ့ရတဲ့ သာဓကတွေကို ပြန်လည်ထောက်ပြကာ ဥပဒေဟာ အားလုံးအတွက် တန်းတူညီမျှ ရှိသင့်ကြောင်း တောင်းဆိုမှုတွေ ပိုမိုမြင့်တက်လာပါတယ်။
ပရိသတ်တွေက ယခင်က ထိရောက်စွာ အရေးယူခံခဲ့ရတဲ့ အောက်ပါ ဖြစ်ရပ် (၃) ခုကို အဓိကထားပြီး ထောက်ပြနေကြတာပါ –
အောင်ကိုမိုး (အောင်ဇမ္ဗူ) – မသန်စွမ်းသူတွေကို ထိခိုက်စေတဲ့ ပြက်လုံးထုတ်ခဲ့မိလို့ နောင်လူတွေ ဆင်ခြင်နိုင်အောင် သာဓကပြ အရေးယူခံခဲ့ရသူ။

DJ Violet – ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဓမ္မတေး (ဘုရားစာ) ကို DJ ပွတ်ပြီး ဖွင့်ခဲ့မိလို့ တောင်းပန်ခဲ့ပေမယ့်လည်း ဘာသာရေးစော်ကားမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရသူ။
အကယ်ဒမီပွဲတက် ဖက်ရှင် – အကယ်ဒမီပေးပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ဟာ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ပုံစံမျိုး ဖြစ်နေတဲ့အတွက် ထောင်ကျခဲ့ရသူ။
ဒီလိုမျိုး အရင်က သာဓကတွေ အခိုင်အမာ ရှိခဲ့တဲ့အတွက် အခုကိစ္စမှာလည်း တောင်းပန်ရုံနဲ့ ပြီးသွားမယ်ဆိုရင် တရားဥပဒေရဲ့ မျှတမှုအပေါ် အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ပြည်သူတွေက “ဥပဒေဆိုတာ ကျောသား ရင်သား မခွဲခြားဘဲ အားလုံးအပေါ် တစ်သားတည်း ဖြစ်ပါကြောင်း” ဆိုတဲ့ စကားနဲ့အတူ တရားဥပဒေ စိုးမိုးရေးနဲ့ အရေးယူဆောင်ရွက်မှုတွေကို စောင့်ကြည့်လျက်ရှိကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်ဗျာ။
Miss Grand တာချီလိတ် အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်

အကြောင်းအရာ။ ။ MGM-05 Miss Grand Tachileik 2026 အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း
ထုတ်ပြန်သည့်နေ့စွဲ – မေလ ၅ ရက်၊ ၂၀၂၆ ခုနှစ်။
၁။ ကျွန်ုပ်တို့သည် Miss Grand Myanmar ပွဲစဉ်ကြီးကို ကျင်းပရာတွင် မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးပေါင်းများစွာနှင့် ကိုးကွယ်ရာ ဘာသာတရားများ အားလုံးကို လေးစားသော စိတ်ဖြင့်သာ ပြုလုပ်ကြောင်း ဦးစွာ ပြောကြားလိုပါသည်။
၂။ Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director များနှင့် အလှမယ်များအား မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော၊ ကိုးကွယ်ရာ ဘာသာတရားအား အကြည်အညိုမဲ့စေသော ပြင်ဆင်မှုများ မပြုလုပ်လာရန် အသေးစိတ် မှာကြားခဲ့ပါသည်။
၃။ ယမန်နေ့က ကျင်းပခဲ့သော အမျိုးသားဝတ်စုံပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ရာတွင် မေလ ၃ ရက်နေ့တွင် တစ်ကြိမ်၊ မေလ ၄ ရက်နေ့ ညနေ ၃ နာရီတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ Full Rehearsal ပြုလုပ်ရာ ထိုသို့သော Performance လုံးဝ မပါဝင်ကြောင်း ပြိုင်ပွဲဝင်အလှမယ်များ၊ Staff များ၊ Production Crew များ အားလုံး မျက်မြင်ဖြစ်ပါသည်။
၄။ ယခုဖြစ်ပေါ်နေသော တာချီလိတ်အလှမယ်ကိစ္စနှင့် ပတ်သက်၍
– Full Rehearsal နှစ်ကြိမ်လုံးတွင် ယခုကဲ့သို့ Performance ကြိုတင် ပြသထားခြင်း မရှိခြင်း
– မည်သည့် Supervisor, Admin တာဝန်ရှိသူများကိုမှ ထိုအစီအစဉ်အား အရိပ်အမြွက်ပင်ဖြစ်စေ ကြိုတင် အကြောင်းကြားထားမှု မရှိခြင်း
– စာချုပ်ပါစည်းကမ်းအရ “နိုင်ငံတော်ကို အကြည်အညိုပျက်စေသော၊ Organization ကို ဂုဏ်သရေ ညှိုးနွမ်းစေသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ ဆောင်ရွက်မိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်” ဆိုသော အချက်အား လျစ်လျူရှုခြင်း
– မြန်မာပြည်၏ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင် ပြုရာ ရောက်ခြင်း စသည့် အချက်များကြောင့် ပြိုင်ပွဲစည်းကမ်းအရ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်သည်။
၅။ မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ ဖြစ်ပေါ်သွားခြင်းအတွက် MGM Organization မှ ထပ်မံ အနူးအညွတ် တောင်းပန်ပါကြောင်းနှင့် နောက်နောင် ဤကဲ့သို့ ဖြစ်ရပ်မျိုး လုံးဝ မဖြစ်စေရတော့ကြောင်း အာမခံပါသည်။
ညှိုးငယ်စွာဖြင့်


Miss Grand Myanmar Organization