Author: Baby Yit Lone

  • မန်ယူအသင်း ဘာကြောင့် “(RED)” အမှတ်တံဆိပ် ဂျာစီအင်္ကျီ ပြောင်းလဲဝတ်ဆင်ကစားခဲ့တာလဲ

    မန်ယူအသင်း ဘာကြောင့် “(RED)” အမှတ်တံဆိပ် ဂျာစီအင်္ကျီ ပြောင်းလဲဝတ်ဆင်ကစားခဲ့တာလဲ

    မန်ယူအသင်း ဘာကြောင့် “(RED)” အမှတ်တံဆိပ် ဂျာစီအင်္ကျီ ပြောင်းလဲဝတ်ဆင်ကစားခဲ့တာလဲ

    မန်ယူနိုက်တက်အသင်းဟာ ဒီမနက်အစောပိုင်းက ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားတွေရဲ့ ဂျာစီအင်္ကျီကို ပုံမှန်စပွန်ဆာဖြစ်တဲ့ “Snapdragon” အမှတ်တံဆိပ်နေရာမှာ အထူးထုတ်လုပ်ထားတဲ့ “(RED)” အမှတ်တံဆိပ်ပါ ဂျာစီနဲ့ အစားထိုး ဝတ်ဆင်ကစားသွားပါတယ်။

    ဒီအပြောင်းအလဲဟာ ကမ္ဘာတဝန်းက HIV/AIDS တိုက်ဖျက်ရေးလှုပ်ရှားမှုကို ကူညီပံ့ပိုးဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အစီအစဉ်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။

    ဒီပူးပေါင်းဆောင်ရွက်မှုဟာ အားကစားရဲ့စွမ်းအားကို လက်တွေ့ကမ္ဘာအတွက် အကျိုးသက်ရောက်မှုအဖြစ် ပြောင်းလဲနိုင်ကြောင်း ပြသလိုက်တာလို့ (RED) အဖွဲ့ ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ကိတ်ချားလ်စ်က ပြောပါတယ်။

    Match Worn Shirt ရဲ့ ပူးတွဲတည်ထောင်သူ တီမန်ဇွန်ဒါဝစ်ခ်ကလည်း “ဒီအင်္ကျီတွေဟာ ကွင်းထဲက အကောင်းဆုံး ဘောလုံးအခိုက်အတန့်တွေကို ကွင်းပြင်ပက အဓိပ္ပာယ်ရှိတဲ့ အကျိုးသက်ရောက်မှုအဖြစ် ပြောင်းလဲပေးတာကို ကိုယ်စားပြုပါတယ်” လို့ ပြောပါတယ်။

    ပရိသတ်တွေကို သူတို့ချစ်မြတ်နိုးတဲ့ အားကစားနဲ့ ပိုမိုနီးစပ်စေခြင်းအားဖြင့် အသက်ကယ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်တွေအတွက် ရန်ပုံငွေနဲ့ အသိပညာပေးမှုကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

    မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ် မေလက ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း (RED) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပါတယ်။

    (RED) အဖွဲ့ကို ၂၀၀၆ ခုနှစ်မှာ U2 အဖွဲ့ရဲ့ အဆိုတော် ဘိုနိုနဲ့ ဆန်တာမိုနီကာမြို့တော်ဝန်ဟောင်း ဘော်ဘီ ရှရိုင်ဗာတို့က စတင်တည်ထောင်ခဲ့တာပါ။

    (RED) ရဲ့ ဝက်ဘ်ဆိုက်အရ ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ်တွေ၊ နာမည်ကျော်တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး မမျှတမှုတွေကို တိုက်ဖျက်ဖို့ ရန်ပုံငွေရှာဖွေတာ၊ အာရုံစိုက်မှုရအောင် လုပ်ဆောင်တာလို့ သိရပါတယ်။

    ဒီအဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာလုံးဆိုင်ရာရန်ပုံငွေအဖွဲ့ (Global Fund) အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ပြီး ကမ္ဘာတဝန်းက လူပေါင်း သန်း ၃၅၀ ကျော်ရဲ့ ဘဝတွေကို အကျိုးပြု ကူညီနိုင်ခဲ့ပြီးဖြစ်ပါတယ်။

    ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအစီအစဉ်တွေအတွက် ရန်ပုံငွေရှာဖွေဖို့ ကစားသမားတွေရဲ့ လက်မှတ်ပါ အင်္ကျီတွေကို လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

    အခု ရှာဖွေရရှိတဲ့ ရန်ပုံငွေတွေကိုတော့ HIV/AIDS၊ တီဘီနဲ့ ငှက်ဖျားရောဂါလိုမျိုး ကမ္ဘာ့အန္တရာယ်အရှိဆုံး ကပ်ရောဂါတွေကို တိုက်ဖျက်ဖို့ ၂၀၀၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ Global Fund ဆီကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

    ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကုန်တုန်းကလည်း ဝက်စ်ဟမ်းနဲ့ ကစားတဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း (RED) အဖွဲ့နဲ့ ပူးပေါင်းခဲ့ပါသေးတယ်။ အခုနှစ်မှာလည်း ဒီအစီအစဉ်ကို ထပ်လုပ်မယ်လို့ ဇန်နဝါရီလထဲမှာ ကြေညာခဲ့တာဖြစ်ပြီး လက်ရှိစပွန်ဆာဖြစ်တဲ့ Snapdragon ကုမ္ပဏီကလည်း အပြည့်အဝ ထောက်ခံအားပေးထားပါတယ်။

    (RED) အမှတ်တံဆိပ်ကို မန်ယူအမျိုးသမီးအသင်းက ဧပြီ ၂၆ ရက်နေ့ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲမှာ ဝတ်ဆင်ကစားခဲ့ပြီး အမျိုးသားအသင်းကတော့ ဧပြီ ၂၇ ရက်၊ အိုးထရက်ဖို့ဒ်ကွင်းမှာ ဘရန့်ဖို့ဒ်အသင်းကို ( ၂-၁) ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဝတ်ဆင်ကစားခဲ့တာပါ။

    ဒီတပွဲအတွက်သာ အထိမ်းအမှတ်အနေနဲ့ ပြောင်းလဲတာဖြစ်ပြီး နောက်ပိုင်းပွဲစဉ်တွေမှာတော့ Snapdragon အမှတ်တံဆိပ်ကိုပဲ ပြန်လည်အသုံးပြုမှာပါ။

    ဒီပွဲစဉ်မှာ ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့ လက်မှတ်ပါ ဒီအထူးထုတ် (Limited-edition) အင်္ကျီတွေကို Match Worn Shirt (MWS) လေလံပလက်ဖောင်းကနေတဆင့် လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

    ပွဲထွက်ကစားသမားတွေနဲ့ အရန်ကစားသမားတွေရဲ့ အင်္ကျီတွေအားလုံးကို ပရိသတ်တွေအနေနဲ့ ဧပြီ ၂၇ ရက်ကနေ မေ ၂ ရက်အထိ MWS ဝက်ဘ်ဆိုက်နဲ့ အက်ပလီကေးရှင်းကနေတဆင့် ပါဝင်လေလံဆွဲနိုင်မှာ ဖြစ်ပါတယ်။

    ဒီလေလံပွဲကနေရရှိတဲ့ အကျိုးအမြတ်အားလုံးကို (RED) နဲ့ Global Fund တို့ကို လှူဒါန်းသွားမှာ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းတွေ တိုက်ဖျက်ရေးအတွက် (RED) အဖွဲ့ရဲ့ လုပ်ငန်းတွေကို ထောက်ပံ့ဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

    Photo: Reuters

  • ပိုက်ဆံရရင်ပြီးရောလား?

    ပိုက်ဆံရရင်ပြီးရောလား?

    ပိုက်ဆံရရင်ပြီးရောလား?

    မိသားစုကျန်းမာရေးအတွက် ဝယ်သောက်နေတဲ့ ၂၀ လီတာ ရေသန့်ဗုံးထဲက ကြောက်စရာ အနည်အဖတ်များ” ⚠️

    နွေရာသီ အပူရှိန်ပြင်းပြင်းမှာ လူကြီးရော ကလေးပါ ရေကို အဓိကထား သောက်သုံးနေကြရတာပါ။

    ဒါပေမယ့် မိသားစုကျန်းမာရေးအတွက် ဝယ်ယူအားကိုးနေရတဲ့ ၂၀ လီတာ ရေသန့်ဗုံးကြီးတွေထဲမှာ မမျှော်လင့်ဘဲ အနည်တွေ၊ အဖတ်တွေ ပါဝင်နေတာကို တွေ့ရှိခဲ့ရပါတယ်။ 😱

    ဒီဖြစ်စဉ်ကို “သိမ့် Vintage Fashion Shop” ပိုင်ရှင် မသိမ့် က သူမရဲ့ Page မှာ ကိုယ်တိုင်တွေ့ရှိခဲ့တာကို အများပြည်သူ သတိထားမိစေဖို့အတွက် စေတနာရှေ့ထားပြီး မျှဝေပေးထားတာဖြစ်ပါတယ်။

    “ပိုက်ဆံရရင်ပြီးရော ဆိုပြီး လူတွေရဲ့ ကျန်းမာရေးကို ငဲ့ညှာမှုမရှိဘဲ လုပ်ဆောင်နေကြတဲ့ တချို့သော စီးပွားရေးသမားတွေရဲ့ လုပ်ရပ်က တကယ်ကို စိတ်မကောင်းစရာပါပဲ။”

    သတိပြုရန် အချက်များ –

    ရေသန့်ဗုံးကို ဖောက်မသုံးခင် အထဲမှာ အနည်ပါမပါ အလင်းနဲ့သေချာ ကြည့်ပါ။

    ဗုံးခွံသန့်ရှင်းမှု ရှိမရှိ စစ်ဆေးပါ။

    ယုံကြည်စိတ်ချရတဲ့ တံဆိပ်မျိုးကိုသာ ဦးစားပေး ရွေးချယ်ပါ။

    မိမိတို့ မိသားစုဝင်တွေ ဝမ်းရောဂါနဲ့ အခြားရောဂါဘယတွေ ကင်းဝေးစေဖို့ အခုကတည်းက စပြီး သတိထားကြရအောင်နော်။

    ဒီသတင်းလေးကို လူအများသိအောင် Share ပေးပြီး သတိပေးလိုက်ကြပါဦး။

  • ဒေါ်မိမိအောင် သို့မဟုတ် Starlink ဂြိုလ်တုအင်တာနက်ရဲ့ ပြိုင်ဘက်

    ဒေါ်မိမိအောင် သို့မဟုတ် Starlink ဂြိုလ်တုအင်တာနက်ရဲ့ ပြိုင်ဘက်

    ဒေါ်မိမိအောင် သို့မဟုတ် Starlink ဂြိုလ်တုအင်တာနက်ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် Amazon ရဲ့ Project Kuiper ကို ဦးဆောင်နေသူ…

    ဒေါ်မိမိအောင်ဆိုတဲ့ နာမည်ကို မြန်မာလူမျိုးတိုင်း ကြားဖူးကြမှာပါ။ မြန်မာလူမျိုးတင်မဟုတ်ဘဲ Time မဂ္ဂဇင်းရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဩဇာအာဏာအရှိဆုံး အယောက် ၁၀၀ မှာဖော်ပြခံခဲ့ရတဲ့ မြန်မာပြည်အတွက် ဂုဏ်ယူခဲ့ရတဲ့ ပညာရှင်အမျိုးသမီးပါ။

    ၂၀၂၁ ခုနှစ်မှာ တစ်ကမ္ဘာလုံးက အံ့ဩတုန်လှုပ်သွားရတဲ့ သတင်းကတော့ အင်္ဂါဂြိုဟ်ရဲ့ ပါးလွှာလှတဲ့ လေထုထဲမှာ ကမ္ဘာဦး ပထမဆုံး စက်တပ်ရဟတ်ယာဉ်ကို ပျံသန်းနိုင်ခဲ့ခြင်းပါပဲ။ ဒီစီမံကိန်းကို Project Manager အနေနဲ့ အစအဆုံး ဦးဆောင်ခဲ့သူက ဒေါ်မိမိအောင်ပါ။

    အင်္ဂါဂြိုဟ်ရဲ့ လေထုဟာ ကမ္ဘာထက် ၁၀၀ ဆ ပိုပါးလွှာပါတယ်။ အဲဒီမှာ ပျံသန်းဖို့ဆိုတာ ကမ္ဘာပေါ်မှာဆိုရင် အမြင့်ပေ ၁ သိန်း (လေယာဉ်ပျံတွေထက် ၃ ဆ ပိုမြင့်တဲ့နေရာ) မှာ ပျံသန်းရသလို ခက်ခဲတာပါ။

    ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က Wright Brothers တွေ ကမ္ဘာပေါ်မှာ ပထမဆုံး လေယာဉ်ပျံသန်းခဲ့သလိုမျိုး၊ အခြားဂြိုဟ်တစ်ခုပေါ်မှာ ပထမဆုံး ပျံသန်းနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်ကြီး ဖြစ်ပါတယ်။ ပြီးတော့ ဒါကို ဖန်တီးခဲ့တဲ့ သူက မြန်မာလူမျိုးဖြစ်နေတာပါပဲ။

    NASA ရဲ့ အင်္ဂါဂြိုဟ်ရဟတ်ယာဉ် (Ingenuity) စီမံကိန်းကို ဦးဆောင်ခဲ့သူ ဒေါ်မိမိအောင်ဟာ အခုဆိုရင် နောက်ထပ် ကမ္ဘာကျော် စီမံကိန်းကြီးတစ်ခုမှာ အရေးပါတဲ့ နေရာကနေ ထပ်မံခြေလှမ်းပြင်နေပါတယ်။

    ဒေါ်မိမိအောင်ဟာ NASA ကနေ ၂၀၂၁ ခုနှစ်မှာ ဂုဏ်သိက္ခာရှိစွာ အနားယူခဲ့ပြီး လက်ရှိမှာတော့ Jeff Bezos ရဲ့ Amazon မှာ Director of Device Hardware အဖြစ် တာဝန်ယူနေပါတယ်။ သူ အခု လုပ်ဆောင်နေတဲ့ Project Kuiper ဆိုတာကတော့-

    ကမ္ဘာအနှံ့ အင်တာနက် အလှမ်းဝေးတဲ့ နေရာတွေအထိ မြန်နှုန်းမြင့် အင်တာနက် ရရှိအောင် ဂြိုဟ်တုပေါင်း ၃,၀၀၀ ကျော်ကို လွှတ်တင်မယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။

    Elon Musk ရဲ့ Starlink နဲ့ အဓိက ပြိုင်ဘက်ဖြစ်ပြီး၊ ကမ္ဘာကြီးရဲ့ လူနေမှုစနစ်ကို ပြောင်းလဲပေးမယ့် နည်းပညာဖြစ်ပါတယ်။

    ဒေါ်မိမိအောင်ရဲ့ NASA က အတွေ့အကြုံတွေဟာ ဒီလို ဂြိုဟ်တု ထောင်ပေါင်းများစွာကို စနစ်တကျ ထိန်းချုပ်မယ့်နေရာမှာ အလွန်ပဲ အရေးပါနေပါတယ်။

    Amazon အနေဖြင့် ၂၀၂၆ ခုနှစ်၊ နွေရာသီတွင် ဂြိုဟ်တုပေါင်း ၁,၆၀၀ ကျော် ကို ပတ်လမ်းထဲသို့ ရောက်ရှိရန် ရည်မှန်းထားပြီး၊ စုစုပေါင်း ဂြိုဟ်တု ၃,၂၃၆ လုံး အထိ လွှတ်တင်သွားရန် စီစဉ်ထားပါတယ်။ ၂၀၂၆ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် အင်တာနက် ဝန်ဆောင်မှုများကို စတင်ပေးနိုင်ရန် ကြိုးပမ်းနေပါတယ်။

    ကျနော်တို့ မြန်မာတွေ သိထားတဲ့ ဒေါ်မိမိအောင်ဟာ အင်္ဂါဂြိုဟ်ပေါ်မှာပဲ ရပ်တန့်မသွားပါဘူး။ အခုဆိုရင် ကမ္ဘာကြီးရဲ့ အင်တာနက် နည်းပညာကို ပြောင်းလဲဖို့ Amazon မှာ ဆက်လက် ကြိုးပမ်းနေပါတယ်။ မြန်မာနွယ်ဖွား ပညာရှင်တစ်ဦးရဲ့ ဒီလို ကြီးမြတ်တဲ့ ခြေလှမ်းတွေကို ဂုဏ်ယူစွာနဲ့ ဝေမျှပေးလိုက်ပါတယ်။

    ✍️ Ko Aung Min Htoo

  • ပုသိမ်ညဘက် ရေပေါ်ဈေးတွင် အလှူခံသူများအား စစ်ဆေးအရေးယူ

    ပုသိမ်ညဘက် ရေပေါ်ဈေးတွင် အလှူခံသူများအား စစ်ဆေးအရေးယူ

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ညဘက် ရေပေါ်ဈေးတွင် အလှူခံနေသည့် ပုဂ္ဂိုလ်များအား သာသနာသန့်ရှင်းရေး အစီအစဉ်အဖြစ် သက်ဆိုင်ရာအဖွဲ့များက စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။

    သတင်းရင်းမြစ်များအရ အဆိုပါ အလှူခံသူများအနက် တချို့မှာ နေ့ဘက်တွင် ရဟန်းအဖြစ် အလှူခံစားသောက်နေပြီး ညဘက်တွင် လူဝတ်လဲ၍ အရက်သေစာသောက်စားနေကြောင်း တွေ့ရှိရသည်။

    ထိုကြောင့် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့နှင့် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ရဟန်းသံဃာများ ပူးပေါင်းကာ စစ်ဆေးဖမ်းဆီးခဲ့ပြီး သက်ဆိုင်သူများကို လူဝတ်လဲစေကာ အရေးယူဆောင်ရွက်နိုင်ရန် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့သည်။

    တာဝန်ရှိသူများက သာသနာ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည့် အပြုအမူများအား ဆက်လက်တားဆီးအရေးယူသွားမည်ဟု ပြောကြားထားသည်။

  • “ပညာတတ်အောက်တန်းစား”

    “ပညာတတ်အောက်တန်းစား”

    ဆရာကြီး ဦးတင်ညွန့်ရေးတဲ့ “ပညာတတ် အောက်တန်းစား” ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

    မှန်လွန်းလို့ တချို့လူတွေ စပ်ကုန်ကြပါပြီ။

    “ပညာတတ်အောက်တန်းစား”

    ရာသီဥတုက အလွန်ပူလာသည်။ ကျွန်တော်က ကွန်ပျူတာနှင့် စာရေးနေသည်။ လက်တွေမှာ ချွေးတွေ စီးကျ လာသည်အထိ ပူပြင်းလှသည်။ ရေထသောက်ပြီးနောက် ပက်လက်ကုလားထိုင်တွင် ခေတ္တနားရန် ထိုင်လိုက် သည်။ မောင်ကျော်စွာက

    “ဆရာ မန်ကျည်းဖျော်ရည်လေးသောက်မလား”

    “အေးကောင်းသားပဲ … သွားထည့်ကွာ။ မင်းလည်းသောက်လေ”

    မောင်ကျော်စွာက မန်ကျည်းဖျော်ရည်နှစ်ခွက်ထည့်လာပြီး ကျွန်တော့်ကို တစ်ခွက်ပေးသည်။

    “အား … ကောင်းလိုက်တာကွာ”

    “ဆရာ ညကတည်းက စိမ်ထားတာလား”

    “အေးကွ … ဒီရာသီနဲ့ အလွန်လိုက်ဖက်တဲ့ဖျော်ရည်ပဲကွ။ ဒါနဲ့ မင်းဘာတွေ ဖတ်နေတာလဲ”

    “ကျွန်တော်က လူတစ်ယောက်ကိုကြည့်ပြီး စိတ်မကောင်းလို့ပါဆရာ”

    “ဘယ်သူများလဲကွ”

    မောင်ကျော်စွာက သူဖုန်းထဲတွင် ကြည့်နေသည့် ပုံတစ်ပုံကို ပြသည်။ ကျွန်တော်က ကြည့်လိုက်ပြီး

    “ဒါမျိုးတွေက မဆန်းပါဘူးကွာ။ ရှိနိုင်ပါတယ်”

    “ဟုတ်ပါတယ်ဆရာ … ရှိတော့ရှိနိုင်တာပေါ့။ ဒါပေမဲ့ နှမြောလို့ပါဆရာ”

    “နှမြောဖို့မလိုဘူး မောင်ကျော်စွာ။ နှမြောဖို့ မကောင်းတဲ့သူတွေကို မင်းကလိုက်ပြီး နှမြောနေတာကိုက မင်းလည်း နှမြောစရာကောင်းတဲ့ကောင် ဖြစ်သွားလိမ့်မယ်။ အဲဒီလိုလူမျိုးတွေကို လျစ်လျူရှုထားလိုက်ကွ။ ကိုယ့်စာရင်းထဲက ထုတ်ပစ်လိုက်။ မင်းကို သရုပ်ဆောင် မင်းသားကြီး မော်ဂန် ဖရီးဖန်းပြောတဲ့ စကားလေး တစ်ခွန်းပြောပြချင်တယ်။ နားထောင်”

    “ဟုတ်ကဲ့ပါဆရာ”

    “Stupid is knowing the truth, seeing the truth, but still believing the lies. တဲ့ကွ နားလည်လား”

    “အမှန်တရားကို သိလျက်၊ မြင်လျက်နှင့် မုသားကိုဆက်လက်ယုံကြည်နေသူကို Stupid လို့ပြောတာ မဟုတ်လားဆရာ”

    “Stupid ကိုပါဘာသာပြန်လေကွာ”

    “Stupid ကိုကျွန်တော် သိတာက ငထုံ၊ ငထိုင်း၊ ငပေါ၊ လူမိုက်လို့ပဲ သိတာဆရာ။ ဖရီးမန်းဆိုလိုတဲ့ Stupid ဆိုတာက အဲဒီလိုသဘောဖြစ်မယ်မထင်ဘူး။ ဒီ့ထက်ပိုပြီး လေးနက်မယ်ထင်တယ်ဆရာ”

    “မှန်တယ်မောင်ကျော်စွာ … ဖရီးမန်းပြောတဲ့ Stupid ဆိုတာ IQ နိမ့်တဲ့သဘော၊ စာမတတ်တဲ့ သဘောကို ပြောလိုတာ မဟုတ်ဘူးကွ။ စာတတ်၊ ပညာတတ်ပြီး အောက်တန်းကျကျ အသိဉာဏ်ကင်းမဲ့သူလို့ပြောတာ”

    “ဒါဆိုရင် ကျွန်တော် ဒီလိုပြောကြည့်မယ်ဆရာ … အမှန်တရားကို သိလျက်၊ မြင်လျက်နှင့် မုသားကိုဆက်လက်ယုံကြည်နေသူသည် အောက်တန်းကျသည့် အသိဉာဏ်ကင်းမဲ့သူဖြစ်သည်ဆိုရင် ရမလား ဆရာ”

    “အေးပါ မင်းသဘောပေါက်ထားဖို့လိုပါတယ်။ အောက်တန်းကျတဲ့ အသိဉာဏ်ကင်းမဲ့သူဆိုတဲ့ စကားလုံးကို ငါတော့ ပိုကြိုက်တယ်။ သူ့အနေနဲ့ အမှန်တရားကို သိသိကြီးနဲ့ အလိမ်အညာတွေကို ရွေးချယ်ယုံကြည် လိုက်တာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းသူလို့လည်း ဖော်ပြလိုက်တာပဲ”

    “လူတွေဟာ လိမ်နေမှန်းသိသိနဲ့ ဘာဖြစ်လို့ အဲဒီအလိမ်အညာတွေကို သာယာနေတတ်ကြတာလဲဆရာ”

    “အမှန်တရားကို သိသားနဲ့ လိမ်ညာတာကို ဆက်ယုံနေတဲ့သူဆိုတာ အကြောင်းတရားအမျိုးမျိုးကြောင့် ဖြစ်နိုင်တာပဲကွ။ အဖြစ်နိုင်ဆုံးတွေကို ပြောရရင် အဲဒီလူဟာ အလိမ်အညာကို သာယာသွားတာကြောင့်လည်း ဖြစ်နိုင်တာပဲ”

    “ကျွန်တော် သဘောမပေါက်ဘူးဆရာ”

    “အမှန်တရားဆိုတာ ခါးသီးတတ်ပြီး၊ အလိမ်အညာမုသားတွေက ပိုပြီးချိုတတ်တယ်ဆိုတာ မင်းလက်ခံ သလား”

    “အမှန်တရားဟာ ခါးတယ်ဆိုတာကျွန်တော် လက်ခံပါတယ်ဆရာ”

    “ကောင်းပြီ … ငါတို့တိုင်းပြည်ဟာ ကမ္ဘာပေါ်မှာ သယံဇာတတွေပေါကြွယ်ဝပြီး အလွန်သာယာကာ၊ ပျော်စရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံပဲလို့ ပြောနေတဲ့အပြောတွေဟာ မှန်သလား မှားသလားမောင်ကျော်စွာ”

    “ခုချိန်မှာ မမှန်နိုင်တော့ဘူးဆရာ”

    “အေး … အဲဒီလိုမုသားစကားတွေထဲမှာ သာယာနေတဲ့သူတွေ ရှိနေတာ အံ့စရာပဲကွ။ အမှန်အတိုင်းပြောရရင် အောက်ခြေမှာ ဆင်းရဲတွင်းနက်နေပြီဆိုတာကို လက်မခံနိုင်တဲ့သူတွေ ရှိနေတာဟာ အလိမ်အညာမှာ သာယာခြင်းလို့ခေါ်တယ်။ နောက်တစ်ချက်ရှိသေးတယ်”

    “ဘာများလဲဆရာ”

    “ကြောက်လို့ လက်ခံလိုက်တာမျိုးပေါ့”

    “အမှန်တရားကို ကြောက်လို့လက်ခံတာလား … မမှန်တာကို ကြောက်လို့ လက်ခံတာလားဆရာ”

    “ငါတို့ခုပြောနေတာ မမှန်တာကို ကြောက်လို့လက်ခံတာလေကွယ်။ အမှန်တရားကို လက်ခံလိုက်ရင် နောက်မှာ တစ်ခုခုလုပ်ဖို့ တာဝန်ရှိလာတယ်။ ဒီတော့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိချင်သူတွေက လိမ်ညာမှုကိုပဲ ဟုတ်ပါ့ဘုရား … မှန်ပါ့ဘုရား လုပ်နေကြတာမျိုးတွေ ဖြစ်လာနိုင်တယ်။ တစ်နည်းပြောရရင်ကွယ် အလိမ် အညာတွေရဲ့ နောက်ကွယ်မှာ ပုန်းနေရတာကိုပဲ ဘေးကင်းတယ်လို့ ယူဆလာကြတာမျိုးပေါ့”

    “ဟုတ်တယ်ဆရာ … ဒီအချက်ကိုတော့ ကျွန်တော်ကြိုက်တယ်။ အမှန်အတိုင်းလုပ်ရင် ပိုတာဝန်ကြီးနိုင် တာကြောင့် မမှန်တာတွေနဲ့ပဲ ရေလိုက်ငါးလိုက်နေလိုက်တော့မယ်ဆိုတာ ကျွန်တော်တို့လက်တွေ့ ရင်ဆိုင် နေရတာပဲဆရာ”

    “နောက်တစ်ချက်က အုပ်စုလိုက်စိတ်ဓာတ်ကြောင့် အမှားကို အမှန်လို့လက်ခံလိုက်ရတာမျိုးတွေလည်း ဖြစ်နိုင်တယ်။ ဆိုလိုတာကကွာ သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေအားလုံးက အမှားကို အမှန်လို့ ပြောနေရင် သူ့အမြင်က အမှန်ဖြစ်နေတာတောင်မှ တစ်ယောက်တည်းဖြစ်နေမှာ စိုးရိမ်လို့ အုပ်စုကြီးနဲ့ရောပြီး လိမ်ညာတာ တွေကို ယုံချင်ယောင် ဆောင်လိုက်ရတာမျိုးပေါ့”

    “ဟာ ဒါကတော့ အတော်လေးဆိုးတယ်ဆရာ”

    “နောက်ရှိသေးတယ်။ လူတချို့ဟာ မိုက်မဲလွန်းလို့ အလိမ်အညာတွေကို ယုံနေကြတာမဟုတ်ဘူး ဆိုတာပဲကွ”

    “ဘယ်လိုကြီးလဲဆရာ”

    “အဲဒီလူမျိုးတွေကတော့ ရှင်သန်ရေးဗျူဟာကြောင့် ယုံကြည်ချင်ယောင် ဆောင်ကြရတဲ့ လူမျိုးတွေ”

    “ကျွန်တော် နားမလည်ဘူးဆရာ”

    “အမှန်တရားကို ပြောလိုက်ရင် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားမျိုးတွေမှာ အလိမ်အညာကိုပဲ ယုံကြည်ပြနေရတဲ့ လူမျိုးတွေလည်း ရှိနိုင်တယ်လို့ပြောတာ။ အဲဒီလိုလူမျိုးတွေကိုတော့ လူမိုက်တွေလို့ ပြောရမလား၊ ဘေးရှောင်တတ်တဲ့သူတွေလားလို့ ပြောရမှာခက်တယ်။ ဒါပေမဲ့ အဲဒီလို ယောင်ဝါးဝါး လူမျိုး တွေဟာ ကြာလာရင်တော့ ကိုယ့်ယုံကြည်မှုအမှန်တရားကို ပြန်ပြီးတော့ ဖျက်ဆီးသူတွေ ဖြစ်လာတတ်တယ်”

    “ဆရာပြောတဲ့ ရှင်သန်ရေးဗျူဟာဆိုတာ ဘာလဲဆရာ”

    “Survival Mechanis ကိုပြောတာကွ။ လူတိုင်းဟာ ရှင်သန်နိုင်ရေးအတွက် အမှန်တရားကိုဖုံးကွယ်ပြီး လိမ်ညာမှုကို ဟန်ဆောင်လက်ခံလာကြရင် အမှန်တရားဆိုတာ ကိုယ့်အတွင်းမှာ ရှိတာထက် အပြင်က ဧည့်သည်ဘဝရောက်သွားတတ်တယ်။ အမှန်တရားကို ဘယ်တော့မှ မပြောရဲတဲ့အခါ နောက်မျိုးဆက်သစ် တွေအတွက် အမှန်တရားဆိုတာဘာလဲဆိုတဲ့ စစ်မှန်တဲ့သရုပ်ကို မှတ်မိဖို့ ခက်ခဲသွားနိုင်တယ်။ အလိမ်အညာ တွေကို ထောက်ခံလွန်းအားကြီးရင် အမှားကြာ အမှန်ဖြစ်သွားနိုင်လို့ အန္တရာယ်ကြီးတယ်။ ဒါကြောင့် အမှန်တရားကို ဖော်ထုတ်ပေးနိုင်တဲ့သူတွေ ရှိဖို့လိုတယ်”

    “ပညာတတ်တွေ ဖောက်ပြန်ရင်ကြောက်စရာကောင်းတယ်ဆရာ။ သိသိကြီးနဲ့ အလိမ်အညာတွေမှာ သာယာ နေကြတာကို ဆရာဘာပြောမလဲ”

    “ဒါကတော့ နှစ်ပိုင်းရှိတယ်ကွ။ အချို့သူတွေဟာ အခွင့်အရေးကိုစောင့်ဖို့၊ မိသားစုကို ကာကွယ်ဖို့ဆိုပြီး ခဏတဖြုတ်ထောက်ခံပြသူတွေလည်း ရှိနိုင်တယ်။ ဒါကို (Tactical Submission) လို့ခေါ်တယ်။ ပြောရရင်ကွာ ဗျူဟာမြောက် ဒူးထောက်သူတွေပေါ့။ သူတို့စိတ်ထဲမှာ အမှန်တရားကို လက်ခံပေမယ့် ရှင်သန်နိုင်ရေးအတွက် ဒူးထောက်သွားတာ။ ဒါကိုလည်း အကောင်းမြင်ပေးလို့ မရဘူးမောင်ကျော်စွာ”

    “ဘာဖြစ်လို့လဲဆရာ”

    “ဒူးထောက်ပါများရင် မတ်တတ်ရပ်ရမယ့်နည်းလမ်းကို မေ့သွားနိုင်လို့ပေါ့”

    “နောက်တစ်ပိုင်းကရောဆရာ”

    “နောက်တစ်ပိုင်းကတော့ အဲဒီလိုဒူးထောက်သူတွေကိုယ်တိုင်က ကိုယ်ကျင့်တရားပိုင်းမှာ ယိုယွင်းနေလို့ပဲ။ အဲဒါကို (Moral Erosion) လို့ခေါ်တယ်။ ကိုယ်တိုင်ရှင်သန်ဖို့ထက် ကောင်းစားဖို့ကိုတွက်ပြီး လိမ်ညာမှုကို ဖက်တွယ်လိုက်ကြတဲ့ သူမျိုးတွေပေါ့။ အဲဒီလို လူမျိုးတွေဟာ အမှန်တရားကို သိသိကြီးနဲ့ သတ်ပစ်လိုက်တဲ့ သူတွေလို့ ပြောရမယ်။ သူတို့ကို ပူးပေါင်းကြံစည်တဲ့ ကြံရာပါတွေလို့တောင် ပြောနိုင်တယ်။ သူတို့ကို လူလိမ်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့ သူတွေလို့ပြောရမယ်”

    “အမှန်တရားကတော့ ဘယ်လိုပဲ လိမ်ညာဖုံးကွယ်ပါစေ မပျောက်နိုင်ပါဘူးဆရာ”

    “မှန်တယ် ဒါကြောင့်လည်း အမှန်တရားကို ဖက်တွယ်ထားတဲ့သူတွေ ပျောက်ကွယ်ကောင်း ပျောက်ကွယ်နိုင် တယ်၊ ဒါပေမဲ့ အမှန်တရားကတော့ ဘယ်တော့မှ မပျောက်ကွယ်နိုင်ဘူး။ အမှန်တရားတွေ မပျောက်ကွယ် ရအောင် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းသွားသူတွေရှိဖို့လိုတယ်။ မင်းတို့လိုလူငယ်တွေရှိနေသရွေ့ အမှန်တရားဟာ ဆက်ပြီး ရှင်သန်နေမယ်လို့ ငါတော့ယုံတယ်”

    “စိတ်ချပါဆရာ”

    တင်ညွန့် (၁၆.၄.၂၀၂၆)