Author: Baby Yit Lone
-

ရေကြည်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ၏ ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပျက်စီးကာ ဒေသခံများ ဘုန်းကြီးကျောင်းတွင် ပိတ်မိနေ
ရေကြည်မြို့နယ်၊ ပန်းပုကွင်း(ရွာသစ်)ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် AA ၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ယနေ့ မတ် ၂၆ ရက်နေ့ နေ့လယ် ၁ နာရီ ဝန်းကျင်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“MI 35 ရဟတ်ယာဉ်ရော တိုက်လေယာဉ်တွေပါလဲဝဲနေတယ်။ ခုထိ လက်နက်ကြီးသံလည်း အဆက် မပြတ်ကြားနေရတယ်။ ဗုံးကြဲလို့ ကျေးရွာအချို့တွေက ရွာခြံစည်းရိုးမီးတွေလောင်နေတယ်၊ လူထိခိုက် မှုတော့မရှိသေးဘူး” ဟု သရက်ပင်ကြီးစုကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဂွေးပင်ဒေါင့်ကျေးရွာ၊ ပန်းပုကွင်း သရက်ပင်ကြီးစုကျေးရွာများမှာ စုစုပေါင်း အိမ်ခြေ ၄၀၀ကျော်ရှိပြီး သတ်တိကုန်းကျေးရွာရှိ ဒေသခံအများစုမှာလည်း ဘုန်းတော်ကြီးကျောင်းအတွင်း ပိတ်မိနေ ကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်းမ်သတင်းဌာန၏ သတင်းရင်းမြစ်ကို နောက်ဆုံး ဆက်သွယ်မေးမြန်းချက်အရ ယနေ့ ည ၇ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။
ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်များတွင် ယခုမတ်လမှ စတင်၍ စစ်မျက်နှာပြင်ကျယ်ပြန့်လာသလို AA နှင့် ပူးပေါင်း PDFတို့၏ ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် စစ်ကောင်စီတပ်အနေဖြင့် ခံစစ်ပြင်ကာ ခုခံကာကွယ် နေရကြောင်း သိရသည်။
-

နေပြည်တော်တွင် စစ်ရေးပြ စစ်ကြောင်းမှ အရာရှိနှင့်တပ်သားများအချင်းချင်း ခိုက်ရန်ဖြစ်ပွား
နေပြည်တော်တွင် စစ်ရေးပြ စစ်ကြောင်းမှ အရာရှိနှင့်တပ်သားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၈ ဦး ဒဏ်ရာရ၊ ရန်ပွဲကို အကြမ်းဖက်နှိမ်နင်းရေးတပ်က အင်အားသုံး ဖျန်ဖြေခဲ့ရ
နေပြည်တော်တွင် ယမန်နေ့ညပိုင်း စစ်ရေးပြ စစ်ကြောင်းမှ အရာရှိနှင့်တပ်သားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၈ ဦး ဒဏ်ရာရရှိကြောင်း နေပြည်တော်၊တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။
ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ည ၁၀ ဝန်းကျင်အချိန် နေပြည်တော်ရှိ တည်းခိုရေး ၃တွင် တည်းခိုနေကြသည့် စစ်ရေးပြ အခမ်းအနား ချီတက်ကြမည့် တပ်ဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ တည်းခိုဆောင် အ ဆောင် ၃နှင့် အဆောင် ၄ ရှိ ကျန်စစ်သားစစ်ကြောင်း၏ အိပ်ဆောင်အလိုက် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း စစ်ခေါင်းဆောင်က ညစာစားပွဲ ကျင်းပခဲ့ပြီး စစ် ရေးပြ ချီတက်ကြမည့် စစ်သားများကိုလည်း စားသောက်၀ိုင်းများဖြင့် ကျွေး မွေးခဲ့ကြောင်း၊ စစ်ရေးပြချီတက်ကြမည့် စစ်သားတချို့က အရက်သေစာသောက်စားရာမှ စကားများရန်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
နေပြည်တော် အိပ်ဆောင် ၁ ခုလျှင် စစ်သည်အင်အား ရာချီ ထားရှိပြီး ခိုက်ရန်ဖြစ်ပွားမှုတွင် အိပ်ဆောင် ၂ ခုမှ စစ်သား ရာဂဏန်းပါဝင်ခဲ့ကြောင်း၊ ရန်ဖြစ်သော နှစ်ဖက်အဖွဲ့က အုတ်ခဲနှင့် တုတ်များအသုံးပြု၍ ပစ်ခတ်ရိုက်နှက်ကြရာမှ စစ်သား ၁၅ ဦးခန့် ခေါင်းကွဲဒဏ်ရာနှင့် သွေးထွက်သံယိုဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ပြီး စစ်သား ၃ ဦး အသက်အန္တရာယ်စိုးရိမ်ရ ဒဏ်ရာ အပါအဝင် စုစုပေါင်း အရာရှိနှင့် စစ်သား ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအနက် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စစ်ကြောင်းတပ်ရင်းမှူး ၁ ဦး ပါ အရိုက်ခံရပြီး ဖူးယောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ယင်း ရန်ပွဲကို တကက ၂ မှ အင်အားအလုံးအရင်းဖြင့် ဖျန်ဖြေခဲ့သော်လည်း မနိုင်သဖြင့် အကြမ်းဖက်နှိမ်နင်းရေးတပ်မှ လုံခြုံရေးများခေါ်ယူ၍ ကျင်စက်များအသုံးပြုကာ လူစုခွဲခဲ့ရကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ရေးပြမှူး ဗိုလ် ချုပ် က လာရောက်စစ်ဆေး ဆဲဆိုဆူပူသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နှစ် စစ်ရေးပြ အခမ်းအနားမြင်ကွင်း။


