Author: Baby Yit Lone

  • TNLA နှင့် MNDAA  ပဋိပက္ခ လက်ရှိ အခြေအနေ

    TNLA နှင့် MNDAA ပဋိပက္ခ လက်ရှိ အခြေအနေ

    ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်နေ၊ နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းသို့ MNDAA တပ်များ က ဆက်လက် ထိုးစစ်ဆင်နေ

    ကွတ်ခိုင်မြို့လယ်ခေါင်တွင် TNLA တပ်သားတချို့ ကျဆုံးခဲ့စဉ်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များက က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေကြောင်း MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များအားလုံးက ဆုတ်ခွာသွားကြောင်း၊ ယင်းနေရာများကို MNDAA က ဝင်ရောက်နေရာယူထားပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “ကွတ်ခိုင်တစ်ကြောကတော့ ရှင်းသွားပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ပုံစံမျိုးပဲရှိတယ်။ အခုက MNDAA တပ်တွေက နမ့်ဖတ်ကာကနေ နမ့်ခမ်းသွားတဲ့လမ်းမှာတော့ ထိတွေ့ဆက်ဖြစ်နေတယ်။ နမ့်ခမ်းဘက်ကိုတော့ ထိုးစစ်ဆင်နေတယ်။ နမ့်ခမ်းမြို့အထိ သွားမလား၊ မသွားဘူးလား အဲဒါကတော့ မသိရသေးဘူး”ဟု MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော TNLA နှင့် MNDAA ပဋိပက္ခတွင် MNDAA တစ်ဖွဲ့တည်းကသာ စစ်ဆင်ရေးလုပ်နေခြင်းဖြစ်ပြီး အခြားအဖွဲ့အစည်းများ ပါဝင်သည်ဟု မကြားမိသေးကြောင်း MNDAA သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

    နွေဦးတော်လှန်ရေးအင်အားစုများနှင့် CDM ကွန်ရက်များကမူ TNLA နှင့် MNDAA အကြား ပဋိပက္ခကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

    တအာင်း TNLA တပ်ကလည်း ပြဿနာကို ညှိနှိုင်းဆွေးနွေးမှုဖြင့် အဖြေရှာရန် တောင်းဆိုထားသော်လည်း MNDAA ၏ ထိုးစစ်မှာမူ ကွတ်ခိုင်မြို့တွင် မရပ်တန့်သေးဘဲ ရှေ့သို့ ဆက်လက်တိုး ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

    ဖေဖော်ဝါရီလအတွင်း MNDAA နှင့် TNLA အကြား နယ်မြေဆိုင်ရာပဋိပက္ခ များဖြစ်ပွားခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့မှစတင်ကာ MNDAA က TNLA ထိန်းချုပ်ထားသော ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

    ကွတ်ခိုင်မြို့ကို MNDAA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်လိုက်ကြောင်း သိရ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် (MNDAA) က ယမန်နေ့ မတ် ၁၅ ရက် မွန်းလွဲပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

    ယမန်နေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းတွင် တအာင်းတပ်မတော် (TNLA) များ မြို့အတွင်းမှ ဆုတ်ခွာ သွားသဖြင့် ညနေပိုင်းတွင် ကိုးကန့်တပ် (MNDAA) က ကွတ်ခိုင်မြို့တစ်မြို့လုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

    “ဒီနေ့မွန်းလွဲ ၁ နာရီလောက်မှာ ပစ်ခတ်သံတွေ စဲသွားတာ။ ဗျူဟာကုန်းထဲမှာရှိနေတဲ့ တအာင်း တပ်ဖွဲ့တွေက လက်နက်ချပြီး ထွက်ခွာပေးဖို့ နှစ်ဖက်အရာရှိတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်” ဟု ကွတ်ခိုင်မြို့ခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    MNDAA သည် TNLA ၏ တပ်စခန်းများဖြစ်သော မန်ပြိန်းနှင့် ကောင်းခါးရွာလမ်းခွဲရှိ စခန်းများကို မတ်လ ၁၄ ရက်နေ့မှစတင်၍ လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်းဗုံးများဖြင့်ပါ အရှိန်မြှင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကွတ်ခိုင်မြို့ရှိ ဗျူဟာတပ်ကုန်း၊ ရှုခင်းသာရှိ ကာကင်းကုန်းနှင့် လွိုင်ဆမ်ဆစ် တောင်ကုန်းစခန်းများကိုလည်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

    ထို့ပြင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ မုံးဟွမ်၊ ရှောက်ဟော်၊ လွယ်ကန်၊ မန်ဂျယ်နှင့် နမ့်ဖတ်ကာဒေသရှိ TNLA ၏ တပ်စခန်းများကိုပါ MNDAA က ဒရုန်းဗုံးများ အသုံးပြု၍ တစ်ပြိုင်နက်တည်း တိုက်ခိုက် ခဲ့ကြောင်း ဆိုသည်။

    ယင်းအပြင် မူဆယ် (၁၀၅) မိုင်နှင့် တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်တွင် တာဝန်ကျနေသည့် TNLA တပ်ဖွဲ့ဝင် ၄၇ ဦးနှင့် လက်နက် ၄၈ လက်ကိုလည်း ကိုးကန့်တပ် MNDAA က ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း တအာင်းတပ်ဘက်က ထုတ်ပြန်ထားသည်။

    လက်ရှိတွင် ကွတ်ခိုင်မြို့အတွင်း၌ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ နေရာယူထားပြီး စစ်ရေး တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

    မဟာမိတ် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို MNDAA သိမ်းပိုက်

    ကိုးကန့်တပ် MNDAA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ် TNLA သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့ကို ယမန်နေ့ ညတွင် သိမ်းပိုက်လိုက်ပြီး တရုတ်နယ် စပ်ကုန်သွယ်ရေး လမ်းကြောင်းကို စိုးမိုးရန်ပြင်ဆင်နေသည်။

    ကွတ်ခိုင်မြို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဆက်သွယ်ထားသော မန္တလေး- လားရှိုး- မူဆယ် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ကွတ်ခိုင်နှင့် ထိုလမ်းမကြီးသည် မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည်။

    TNLA မြို့စောင့်တပ်ဖွဲ့ဝင်များ နောက်ဆုံးထိန်းချုပ်ထားသည့် ကွတ်ခိုင်ဗျူဟာကုန်းအား MNDAA ဘက်မှ ဒရုန်းအစီး ၅၀ ကျော်ဖြင့် အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ညပိုင်း တွင် TNLA တပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

    “ကိုးကန့်က ဒရုန်းနဲ့ပဲ တောက်လျှောက်ပစ်တာ။ ပလောင်ဘက်က ပြန်ပစ်တာမျိုးတော့ မရှိဘူး။ ဗျုဟာကုန်းသိမ်းပြီးတော့ မနေ့ညနေပိုင်းပဲ ကိုးကန့်က တစ်မြို့လုံးသိမ်းလိုက်ပြီ။ TNLA တပ်ဖွဲ့တွေတော့ မရှိတော့ဘူး” ဟု ကွတ်ခိုင်မြို့ခံ တစ်ဦးကပြောသည်။

    ယနေ့မနက်ပိုင်းတွင် ကွတ်ခိုင်မြို့ဗျူဟာကုန်း အနောက်ဘက်ရှိ TNLA တပ်ဖွဲ့ ဝင်များ ဆုတ်ခွာခဲ့သည့် တောင်ကုန်းများနှင့် နမ့်ဖတ်ကာနှင့် နမ့်ခမ်းကြားရှိ TNLA တပ်စခန်းများအား MNDAA တပ်ဖွဲ့က ဆက်လက် တိုက်ခိုက်နေသည် ဟု ဒေသခံများထံမှ သိရသည်။

    ယနေ့မနက်အထိ ကွတ်ခိုင်မြို့ပြင်နှင့် နမ့်ခမ်း- နမ့်ဖတ်ကာ လမ်းတွင် တိုက်ပွဲများ ဆက်ရှိနေသည်ဟု TNLA ဘက်ကလည်း ဆိုသည်။

    “နမ့်ခမ်းနဲ့ နမ့်ဖတ်ကာကြားက ၁၂ မိုင်ဂိတ်မှာ ဒီမနက် တိုက်ပွဲတွေ ဖြစ်နေ တယ်။ MNDAA ဘက်က ဒရုန်းတွေနဲ့ ကြဲချတိုက်ခိုက်တာမျိုးတွေ ရှိပါတယ်” ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။

    အဆိုပါလမ်းကြောင်းရှိ ကျေးရွာများသည် ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ ပန်ဆေး ပြည်သူ့စစ်တပ်ဖွဲ့များ ထိန်းချုပ်သည့် နေရာများဖြစ်သည်။

    ၁၀၂၇ စစ်ဆင်ရေးတွင် ပန်ဆေးပြည်သူ့စစ်၊ ကွတ်ခိုင်မြို့မ ပြည်သူ့စစ်အပါအဝင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့အချို့ လက်နက်ချခဲ့ပြီး MNDAAနှင့် ပူးပေါင်းခဲ့သည်။

    ဦးတီခွန်မြတ် တာဝန်ယူခဲ့သည့် ကွတ်ခိုင်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ဦးကျင်စန်းအား MNDAA က ကွတ်ခိုင်ဒေသ ဒုခရိုင်မှူးတာဝန် ပြန်ပေးထားသည်ဟု မြို့ခံတို့က ဆိုသည်။

    “လက်နက်ချပြီး ကိုးကန့်နဲ့ ပေါင်းထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက အခွင့်အရေးရတုန်း သူတို့နေရာတွေကို ပြန်ရဖို့ ကိုးကန့်နဲ့ပေါင်းပြီးပြန်တိုက်နေတဲ့ သဘောလို့တောင် ပြောလို့ရတယ်” ဟု ရှမ်းမြောက်ဒေသ စစ်ရေးအခြေ အနေ လေ့လာသူတစ်ဦးက ပြောသည်။

    လက်ရှိ ကိုးကန့်တပ်ဖွဲ့၏ ထိုးစစ်သည် နမ့်ခမ်းမြို့သို့ ဦးတည်နေသည်ဟု ဒေသခံတို့က ဆိုသည်။

    “နမ့်ခမ်း ၁၂ မိုင်ဘက်မှာလည်း ဖြစ်နေတယ်။ အခု မူဆယ်အထွက် စယ်လန့်ရွာဘက်မှာလည်း ကိုးကန့်ဘက်က အင်အားဖြည့်နေတယ်” ဟု နမ့်ဖတ်ကာ ကျေးရွာဒေသခံ တစ်ဦးကပြောသည်။

    TNLA အနေဖြင့် ကွတ်ခိုင်၊ မုံးစီး၊ မိုင်းဟွမ်ဒေသများအား သံလွင်ခရိုင်အဖြစ် သတ်မှတ်ထားပြီး TNLA တပ်မဟာ ၅ အခြေစိုက်ထားသည်။

    “ ၁၀၂၇ စစ်ဆင်ရေး” အတွင်း ကွတ်ခိုင်မြို့အား TNLA က သိမ်းပိုက်ခဲ့ပြီး ကွတ်ခိုင် မြို့အရှေ့မြောက်အရပ် မိုင် ၅၀ အကွာ တာမိုးညဲမြို့ နှင့် အနောက်ဘက် မိုင် ၂၀ အကွာ သိန္နီမြို့တို့အား MNDAA က သိမ်းပိုက်ထားသည်။

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကသိမ်းပိုက်ထားပြီး မြို့ပေါ်ရပ်ကွက်တွင် KIA ဆက်ဆံရေးရုံးရှိသည်။

    မြို့သိမ်းတိုက်ပွဲအပြီး ကွတ်ခိုင်မြို့ပေါ်တွင် TNLAနှင့် MNDAA တပ်ဖွဲ့တို့ ပူးတွဲ အုပ်ချုပ်ခဲ့ကြသော်လည်း နှစ်ဖက်တပ်ဖွဲ့ကြား မကြာခဏပွတ်တိုက်မှုများရှိခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကွတ်ခိုင်မြို့၌ MNDAA တပ်ဖွဲ့က CCTV များ တပ်ဆင်ခဲ့မှုနှင့် ပတ်သက်၍ MNDAAနှင့် TNLA တပ်ဖွဲ့ကြား ပဋိပက္ခများ ဖြစ်ခဲ့သည်။

    ကွတ်ခိုင်မြို့ပေါ်ရှိ MNDAA ရုံးများအား TNLA က ပိတ်သိမ်းခဲ့ပြီးနောက် နှစ်ဖက်တပ်ဖွဲ့ကြား တင်းမာမှု ပိုမိုမြင့်မားလာခဲ့သည်။

    MNDAA တပ်ဖွဲ့အနေဖြင့် ကွတ်ခိုင်မြို့နှင့် ၁၀ မိုင်အကွာ မန်ပြိန်းရွာတွင် စစ်လက်နက်နှင့် လူအင်အား ဖြည့်တင်းခဲ့ပြီး တာမိုးညဲမြို့နှင့် ကွတ်ခိုင်ပတ်လည် ကျေးရွာများတွင် စစ်အင်အားများ ဖြည့်တင်းခဲ့သည်။

    TNLA ထိန်းချုပ်သည့် ကွတ်ခိုင်၊ နမ္မတူ မြို့များသို့ စားသောက်ကုန်၊ ဆေးဝါးနှင့် စက်သုံးဆီ တင်ပို့မှုများ ဖြတ်တောက်ခဲ့ပြီး ကွတ်ခိုင်မြို့ ပတ်လည်အား ပိတ်ဆို့ထားခဲ့ပြီးနောက် တစ်လပြည့်ချိန် မတ်လ ၁၄ ရက်တွင် ကွတ်ခိုင်မြို့အား နေရာအနှံ့မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

    MNDAA အနေဖြင့် ကွတ်ခိုင်မြို့ပတ်လည်ရှိ မုံးစီးကျေးရွာ၊ ရှောက်ဟော်၊ မုံးဟွမ်၊ လွယ်ကန်၊ မန်ဂျယ်၊ မန်ပြိန်းရွာနှင့် လွိုင်ဆမ်ဆစ်တောင်ခြေတပ်စခန်းများမှ စတင်ထိုးစစ်ဆင်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကွတ်ခိုင်မြို့ရပ်ကွက် ၅ နှင့် မြို့နေရာအများအပြား သိမ်းပိုက်ခဲ့သည်။

    ညနေပိုင်းတွင် ကွတ်ခိုင်ဗျူဟာကုန်းအား အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    ကွတ်ခိုင်ကဲ့သို့ပင် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ကျင်စန်းကျော့၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းများမှ TNLA တပ်ဖွဲ့ စခန်းများအား ဝင်ရောက် စီးနင်း၍ TNLA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့သည်။

    ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ကျင်စန်းကျော့ ကုန်သွယ်ရေးလမ်းပိုင်း၌ MNDAA ၏ ဝင်ရောက်စီးနင်းမှုအတွင်း TNLA တပ်ဖွဲ့ ၇၀ ကျော် ဖမ်းဆီးခံထားရသည်ဟု TNLA ဘက်က ဆိုသည်။

    ကွတ်ခိုင်–မူဆယ် လမ်းကြောင်းပေါ်ရှိ နမ့်ဖတ်ကာ ကျေးရွာတွင်လည်း ရွာသားများ ဖမ်းဆီးခံရသည်ဟု နမ့်ဖတ်ကာကျေးရွာခံတို့က ဆိုသည်။

    “ကျွန်မတို့ နမ့်ဖတ်ကာက KIA ထိန်းထားတဲ့ အပိုင်းဘက်မှာ ဘာမှ မဖြစ်ဘူး။ ရွာအနောက်ဘက် အခြမ်းက TNLA ထိန်းထားတဲ့ ရပ်ကွက်တွေမှာပဲ ဖြစ်တာ။ အိမ်ထဲတွေအထိ ကိုးကန့်တပ်က ဝင်ရှာတယ်။ ရပ်ကွက် ၄ ထဲက အမျိုးသား လေးယောက်ရယ်၊ လယ်ထွန်သွားတဲ့ အမျိုးသား တစ်ယောက် အဖမ်းခံရတယ်” ဟု နမ့်ဖတ်ကာ ကျေးရွာခံ တစ်ဦးက ပြောသည်။

    ကိုးကန့်တပ်၏ ထိုးစစ်အတွင်း ဒရုန်းဗုံးထိမှန်၍ ကွတ်ခိုင်မြို့တွင် အမျိုးသားတစ်ဦးနှင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး နမ့်ဖတ်ကာကျေးရွာတွင် အရပ်သား တစ်ဦးထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု ဒေသခံတို့က ဆိုသည်။

    TNLA ဘက်ကလည်း ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု ပြောသည်။

    ကွတ်ခိုင်အငြင်းပွားမှု ကိစ္စအတွက် TNLA ထံ ငါးကြိမ်တိုင် စာပို့ခဲ့သော်လည်း အကြောင်းမပြန်ခဲ့ဘဲ TNLA ဘက်မှ စတင်တိုက်ခိုက်၍ ပြန်လည်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု တိုက်ပွဲဖြစ်သည့်နေ့တွင် MNDAA က ထုတ်ပြန်ခဲ့သည်။

    TNLA ဘက်ကမူ မဟာမိတ်ချင်းဖြစ်သည့် ပဋိပက္ခအတွက် တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းမှ ဆက်လက် အဖြေရှာမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

    MNDAAနှင့် TNLAတို့ ပဋိပက္ခရပ်တန့်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးကြရန် တအာင်းအရပ်ဘက်အဖွဲ့၊ CDM ကျန်းမာရေးဝန်ထမ်းများအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အချို့က တောင်းဆိုထားသည့်။

    နိုင်ငံရေးအကဲခတ်များကမူ ယခုဖြစ်ရပ်သည် စစ်တပ်နှင့် တရုတ်၏ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေး လိုလားချက်တိုက်ပွဲ ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

    “အခုဖြစ်စဉ်က တရုတ် မီးစိမ်းမပြဘဲ မဖြစ်နိုင်ပါဘူး။ တရုတ်က ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်ချင်နေတာ။ ဆိုတော့ အဖွဲ့တွေ အများကြီး ဖြစ်နေတဲ့ အထဲက သူယုံကြည်စိတ်ချရတဲ့ ကိုးကန့်ကိုပဲ ဒီလမ်းကြောင်းပေါ်နဲ့ တရုတ်နယ်စပ်မှာ ထားချင်တဲ့ သဘောလို့ ပြောလို့ရတယ်” ဟု နိုင်ငံရေးအကဲခတ် တစ်ဦးက မှတ်ချက် ပြုသည်။

    MNDAA အနေဖြင့် TNLA ထိန်းချုပ်သည့် နမ့်ခမ်းနှင့် နမ္မတူမြို့များသို့ ထိုးစစ်ဆင်ရန် ဆက်လက် ပြင်ဆင်နေသည်ကို တွေ့ရသည်ဟု ဒေသခံတို့က ဆိုသည်။

    ကွတ်ခိုင်မြို့အား သိမ်းပိုက်ခဲ့သည့် MNDAA အနေဖြင့် ယနေ့မနက်ပိုင်းတွင် လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးနေသည်ဟု လားရှိုးမြို့ခံများထံမှသိရသည်။

    တိုက်ပွဲဖြစ်ခဲ့သည့် ကွတ်ခိုင်မြို့တွင် ယနေ့မနက်ပိုင်းမှ စတင်၍ အခြေအနေ ပုံမှန်တည်ငြိမ်လာပြီး ဈေးဆိုင်များ ပြန်ဖွင့်နေပြီဟု မြို့ခံတို့က ဆိုသည်။

    တိုက်ပွဲကြောင့် ပိတ်မိနေသည့် ခရီးသွားယာဉ်များအား MNDAA တပ်ဖွဲ့က ပြန်ဖွင့်ပေးခဲ့ပြီး ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး လမ်းတွင် ယာဉ်များ ပုံမှန်သွားလာခွင့် ပြုလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

    ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်တပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးနှင့် သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ တာမိုးညဲ၊ ကုန်းကြမ်း မြို့များအား MNDAA တပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်။

    တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုကြောင့် MNDAA တပ်က လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုအား စစ်တပ်ထံ ပြန်လွှဲခဲ့ပြီး ကျန်နေသည့် ကျေးရွာများအား သိန္နီခရိုင်အတွင်းသို့ ထည့်သွင်းထားသည်။

    MNDAA အနေဖြင့် မဟာမိတ် TNLA ထိန်းချုပ်သည့် ကွတ်ခိုင်အပါအဝင် ၎င်းတို့ သိမ်းထားသည့် မြို့များအား ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်၊ လောက်ကိုင် ခရိုင်၊ မုံးကိုးခရိုင် လေးခု သတ်မှတ်၍ အုပ်ချုပ်မည်ဟု ထုတ်ပြန်ထားသည်။

    TNLA တပ်ဖွဲ့က နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုးမိတ်နှင့် မိုးကုတ် မြို့တို့အား သိမ်းပိုက်ခဲ့သည်။

    တရုတ်အစိုးရ ကြားဝင်မှုကြောင့် မိုးကုတ်နှင့် မိုးမိတ်အား TNLA က စစ်ကော် မရှင်ထံ ပြန်လွှဲခဲ့ရပြီး စစ်တပ်ထိုးစစ်ကြောင့် တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့များအား လက်လွှတ်ခဲ့ရသည်။

    လက်ရှိတွင် မဟာမိတ် MNDAA ၏ ထိုးစစ်ကြောင့် တရုတ်နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းအတွက် အရေးပါသည့် TNLA တပ်မဟာ ၅ ရှိရာ ကွတ်ခိုင်ဒေသတစ်ခုလုံးနှင့် မူဆယ် မြို့နယ်အတွင်းရှိ တပ်စခန်းများပါ ဆုတ်ခွာပေးခဲ့ရသည်။

    ကွတ်ခိုင်ကို MNDAA ထိန်းချုပ်ပြီး​​နောက် နမ့်ခမ်းဘက်မှာတိုက်ပွဲဆက်ဖြစ်​နေ

    ကွတ်ခိုင်မြို့ကို MNDAA ထိန်းချုပ်သွားပြီး​နောက် ပစ်ခတ်သံတွေငြိမ်သက်နေ​ပေမယ့် နမ့်ခမ်းမြို့နယ်ဘက်မှာ​​တော့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    MNDAA နဲ့ TNLA တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ကွတ်ခိုင်မြို့မှာမတ်လ ၁၆ရက်မနက်အစောပိုင်းကစပြီး ပသ်ခတ်သံ​တွေမကြားရ​တော့ပဲ အခြေအနေတည်ငြိမ်နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

    “MNDAA က TNLA ရုပ်အလောင်းတချို့ကိုရှင်းပေးသွားတယ်။ TNLA တပ်စွဲထားတဲ့နေရာတချို့က အဆောက်အအုံတွေဘက်မှာတော့ အနံ့အသက်တွေထွက်နေတာရှိတယ်။ ပြည်သူတွေက ပုံမှန်အတိုင်း သွားလာနေပါတယ်။ ဈေးဆိုင်တချို့လည်း ဖွင့်ထားတယ်။ ခပ်ဝေးဝေးဘက်က လာတဲ့ လက်နက်ကြီးသံတော့ တခါတလေ ကြားရတယ်” လို့ ကွတ်ခိုင်မြို့ခံတဦးကပြောပါတယ်။

    မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှာပါဝင်တဲ့ TNLAနဲ့ MNDAAက ကွတ်ခိုင်မြို့မှာ မတ်လ၁၄ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ခဲ့တာပါ။ MNDAAတပ်‌တွေဟာဒရုန်းအစီး ရေရာချီအသုံးပြုပြီး အင်အားအများအပြားနဲ့ ကွတ်ခိုင်မြို့နယ်မှာ TNLA တပ်စွဲထားတဲ့​နေရာအများစုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

    ကွတ်ခိုင်မြို့နယ်အပြင် နမ့်ခမ်းမြို့နယ် နဲ့ နမ့်ဖက်ကာက TNLAစခန်းတွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ မတ် ၁၆ ရက်မနက်ပိုင်းမှာ​တော့ ပေါက်ကွဲသံတွေကို နမ့်ခမ်းမြို့နယ်ဘက်ကနေ ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    MNDAAတပ်ဖွဲ့ဝင်တွေနဲ့အတူ အာဏာသိမ်းစစ်တပ်လက်အောက်ခံဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်း TNLAကို တိုက်ခိုက်တဲ့တိုက်ပွဲမှာ ပါနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။

    “တိုက်ပွဲစတဲ့နေ့က မူဆယ် ၁၀၅ မိုင်ထဲကို MNDAA အဖွဲ့ဝင်တွေ ၆၀၀ လောက် ရုတ်တရက် ဝင်လာတာ။ ဌာနေပြည်သူ့စစ်တွေ MNDAAယူနီဖောင်းနဲ့ ဝင်လာတာ” လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

    ကွတ်ခိုင်မြို့ကို MNDAA ထိန်းချုပ်ပြီးနောက်ပိုင်း ဒီ‌နေ့မနက်မှာတော့မူဆယ်- ကွတ်ခိုင်-သိန္နီ- လားရှိုး လမ်းပွင့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။

    အဲ့ဒီလမ်းပိုင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ၁၃ရက်နေ့ကTNLAနဲ့MNDAAဆက်ဆံရေးတင်းမာပြီးတဲ့နောက်ပိုင်း MNDAA ဘက်က ပိတ်ထားခဲ့တာဖြစ်ပါတယ်။

    MNDAAနဲ့ TNLA တိုက်ပွဲဟာ ဒေသခံပြည်သူလူထုကို လုံခြုံရေးအရခြိမ်းခြောက်နေပြီးအပစ်ရပ်ကြဖို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းနေကြပါတယ်။

    လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်ကလည်းမတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တာမှာ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဟာ ဆယ်စုနှစ်ကျော်ကြာခိုင်မာခဲ့သော ညီနောင်မဟာမိတ်တပ်ဖွဲ့များဖြစ်ပြီး ၎င်းတို့ ဦးဆောင်တဲ့ ၁ဝ၂၇ စစ်ဆင်ရေးဟာ ညီနောင်သုံးဖွဲ့ရဲ့ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းမှု တွေကြောင့် အောင်မြင်မှုရခဲ့တဲ့ ညီညွတ်မှုပြယုတ်ဖြစ်ကြောင်း၊ လက်ရှိ စစ်ရေးပဋိပက္ခတွေ ကြောင့် ပြည်သူလူထုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင် စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ ငြိမ်းချမ်းရေးသို့ ဦးတည်သည့် လမ်းကြောင်းတွေကို ထိခိုက်‌စေတယ်လို့ ဖော်ပြထားပါတယ်။

    ဒ့ါအပြင်စစ်အာဏာရှင်အတွက် အခွင့်အလမ်းများဖြစ်ပေါ်စေနိုင်ပြီး နွေဦးတော်လှန်ရေးအတွက် များစွာစိန်ခေါ်မှု ဖြစ်စေနိုင်တာကြောင့်လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးကိစ္စရပ်ကို ချက်ခြင်းရပ်တန့်ပြီး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကြဖို့၊ စစ်ရေးပဋိပက္ခဒဏ်ကို ပြင်းထန်စွာ ဆက်တိုက်ခံစားခဲ့ရတဲ့ ပြည်သူလူထုကို မျက်နာမူပြီး ပြည်သူအသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ပေးဖို့၊စစ်ရေးပဋိပက္ခမှတစ်ဆင့် လူမျိုးရေးပဋိပက္ခသို့ ဦးတည်သည့်လုပ်ရပ်များကို ချက်ခြင်းရပ်တန့်ပေးကြဖို့၊အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို ဦးတည်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

    ကျန်းမာရေးအင်အားစု မန္တလေး၊ ကျန်းမာရေးအင်အားစုတအာင်းပြည်နဲ့ကျန်းမာရေးအင်အားစုအထူးဒေသ(၁)၊ ကလည်း TNLAနဲ့ MNDAAအပစ်ရပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။

    တိုက်ပွဲဖြစ်တာဟာ TNLA ဘက်က ဦးစွာ သေနတ်ဖောက်ပြီး ပုံမှန်ကင်းလှည့်နေတဲ့တပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်လို့ဆိုပြီး MNDAAက မတ်လ ၁၄ရက်မှာ ထုတ်ပြန်ထားပါတယ်။TNLA ကတော့ MNDAAဘက်ကနေ ထိုးစစ်စင်တိုက်ခိုက်လာတာဖြစ်ပြီးနှစ်ဘက်ဖြစ်ပွားနေတဲ့ပြဿနာတွေဟာ မိတ်ဖက်ပြဿနာလို့ သတ်မှတ်ဖြေရှင်းထားတဲ့အတွက် ပြန်လည်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်း၊ မိမိတို့မဟာမိတ်တိုင်းရင်းသားညီနောင်အကြားဖြစ်ပေါ်တဲ့ ပြဿနာတွေကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစားအဖြေရှာသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က TNLA နဲ့ MNDAA မဟာမိတ်တပ်​တွေကြား တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီးပန်ကြားချက်ထုတ်ပြန်ကာ တိုက်ပွဲများ ချက်ချင်းရပ်တန့်ဖို တောင်းဆိုထားပါတယ်။မိတ်ဖက်ပဋိပက္ခ အဖြစ် ရှုမြင်ကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြဖိုလည်း NUCC က TNLAနဲ့ MNDAA တပ်ဖွဲ့တွေကိုမေတ္တာရပ်ခံထားပါတယ်။

  • ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်

    ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်

    လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်သုံးယာဉ်များ (EV) အပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။

    အဆိုပါ ဥပဒေကို မတ်လ ၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်မည်ဖြစ်သည်။

    ဥပဒေအရ ဘက်ထရီလျှပ်စစ်သုံး လူစီးယာဉ်များအတွက် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး လောင်စာဆီသုံး ယာဉ်များအတွက်လည်း အင်ဂျင်စွမ်းအားအလိုက် အခွန်နှုန်းထားများ သတ်မှတ်ထားသည်။

    အင်ဂျင်စွမ်းအား ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိရှိသော ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများနှင့် ဝက်ဂွန်ကားများကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိရှိသော ယာဉ်များကို အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

    ထို့ပြင် အင်ဂျင်စွမ်းအား ၄၀၀၁ စီစီနှင့်အထက်ရှိသော ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများနှင့် ဝက်ဂွန်ကားများအတွက် အထူးကုန်စည်ခွန် ၅၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ဥပဒေတွင် ဖော်ပြထားသည်။

    အဆိုပါ အခွန်အကောက်ဥပဒေသည် လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးတွင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

  • “ဆင်လေး ဖားလိုင်းနား ရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်း”

    “ဆင်လေး ဖားလိုင်းနား ရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်း”

    ကရင်ပြည်နယ်ရဲ့ တောတောင်တွေကြားကနေ ကျောက်ဆည်မြို့လေးဆီ သူ ရောက်လာခဲ့တာ တစ်လပဲ ရှိပါသေးတယ်။

    အသက် ၃၅ နှစ်၊ အရပ် ၉ ပေ ၅ လက်မနဲ့ ခန့်ညားလှတဲ့ “ဖားလိူင်းနား”။

    သူ့ရဲ့ မျက်လုံးတစ်ဖက်က မကောင်းဘူးဆိုပေမဲ့၊ ရွှေဇမ္ဗူအောင် ဆင်အဖွဲ့ထဲမှာတော့ သူက အချောဆုံး၊ အလှဆုံးနဲ့ အလိမ္မာဆုံးပါပဲ။

    သိန်း ၁၇၀၀ ကျော် အကုန်အကျခံပြီး ပိုင်ဆိုင်ထားရတဲ့ ဒီရတနာလေးဟာ ဆင်ဦးစီးအတွက်တော့ ငွေကြေးထက်မကတဲ့ မိသားစုဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

    “ကျွန်တော်တို့အတွက်ကတော့ အဖေ၊ အမေပြီးရင် ဆင်ပဲ။ ချစ်သူရည်းစားဆိုတာတောင် သူ့လောက် မနီးစပ်နိုင်ဘူး” လို့ ဆင်ဦးစီးကပြောပြပါတယ်။

    ဖားလိူင်းနားက တခြားဆင်တွေနဲ့ မတူပါဘူး။ သူက သူ့ဦးစီးကိုပဲ အသက်ထက်မက ချစ်တာ။

    လွှတ်ပေးထားရင်တောင် အဝေးမသွားဘူး၊ ဦးစီးသွားတဲ့နောက်ကို အရိပ်လို လိုက်နေတတ်တယ်။

    မျက်လုံးတစ်ဖက် မကောင်းပေမဲ့ ဘယ်သူ့ကိုမှ ရန်မမူဘဲ အလွန်ကို ယဉ်ကျေးလိမ္မာတဲ့ ဆင်လေးတစ်ကောင်ဖြစ်ပါတယ်။

    ဒါပေမဲ့ ကံကြမ္မာက ရက်စက်လွန်းပါတယ်…

    ကျောက်ဆည်မြို့နယ်၊ လက်ဝဲစုကျေးရွာ အလှူပွဲတစ်ခုမှာ လျှပ်စစ်မိန်ကြိုးနဲ့ နှစ်ပေလောက်သာ ကွာဟတဲ့နေရာမှာ မမျှော်လင့်ဘဲ ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

    အဲ့ဒီအချိန်မှာ ဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး ဆင်ဦးစီးပါ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ဟိုတစ်စဒီတစ်စ ထွက်ပေါ်ခဲ့ပါတယ်။

    တကယ်တမ်းမှာတော့ ဆင်ဦးစီးတစ်ယောက် အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

    ဒါပေမဲ့…

    သူ အသက်ရှင်ကျန်ရစ်ခြင်းကပဲ သူ့အတွက် အကြီးမားဆုံးသော နှလုံးသားဒဏ်ရာ ဖြစ်ခဲ့ရပါတယ်။

    “ဆင်က ဖြစ်ဖြစ်ချင်း သူကုန်းရုန်းထသေးတယ်… ရှိတဲ့အားလေးနဲ့ မရပါဘူး။ လျှပ်စစ်ဗို့အားက အရမ်းများတော့ သူ… သူ ထွက်သွားခဲ့ရတယ်။

    အဲ့ဒီအချိန်မှာ ကျွန်တော်က သူ့ဘေးမှာတင်…။ လူတွေကတော့ ကျွန်တော် သေပြီလို့ ထင်ကြတယ်။ တကယ်တော့ ကျွန်တော် အသက်ရှင်နေပါသေးတယ်။ ဒါပေမဲ့ ဒီအသက်ရှင်ခြင်းကပဲ ကျွန်တော့်ကို ပိုပြီး ရူးမတတ် ဖြစ်စေတာပါ”

    ဆင်ဦးစီးရဲ့ စကားသံတွေက တုန်ရီနေပါတယ်။

    “ကိုယ်ပဲ ခံစားလိုက်ရပါစေ၊ ကိုယ်ပဲ ဒီနေရာမှာ သေလိုက်ပါတော့လားလို့ ဆုတောင်းမိတဲ့အထိပါပဲ။ သူက တိရစ္ဆာန်သက်သက် မဟုတ်ဘူး၊ အသိဉာဏ်ရှိတဲ့ ညီအစ်ကိုတစ်ယောက်လိုပါပဲ။ မျက်လုံးတစ်ဖက် မကောင်းပေမဲ့ ကျွန်တော့်စကားပဲ နားထောင်တယ်၊ ကျွန်တော့်ကိုပဲ ချစ်တယ်။ အခုတော့ သူ တစ်ယောက်တည်း ထွက်သွားပြီ၊ ကျွန်တော်ကတော့ ဒီလောကမှာ အသည်းနှလုံးတွေ ကြေမွလျက်နဲ့ ကျန်ရစ်ခဲ့ရတယ်”

    ဖားလိူင်းနားလေးကို ဆုံးရှုံးလိုက်ရတဲ့ ဝေဒနာကို ဆင်ဦးစီးက သင်ခန်းစာတစ်ခုအနေနဲ့ ယူလိုက်ပါတယ်။

    “ကျွန်တော်တို့ ချစ်တဲ့ရတနာလေးတွေနောက်ကို ဒီလိုမျိုး အဖြစ်ဆိုးတွေ ထပ်မရောက်ရလေအောင် အစစအရာရာ သတိထားကြဖို့ပါပဲ။ အသက် ၆၀ အထိ အတူရှိသွားဖို့ ရည်ရွယ်ချက်တွေက အခုတော့ အိပ်မက်ဆိုးတစ်ခုလို ပျောက်ကွယ်သွားခဲ့ရပြီ”

    ယနေ့မှာတော့ ဖားလိူင်းနား မရှိတော့ပေမဲ့၊ သူ့ကို ချစ်တဲ့ ဆင်ဦးစီးရဲ့ ရင်ထဲမှာတော့ အဲဒီ ၉ ပေ ၅ လက်မရှိတဲ့ အလှပဆုံး ဆင်လေးရဲ့အရိပ်အယောင်တွေက ထာဝရ ကိန်းအောင်းနေမှာ အမှန်ပါပဲ။

  • အလှူရှင်မိသားစုအတွက် အသက်ပေးကာကွယ်သွားခဲ့တဲ့ ဆင်ရတနာလေး

    အလှူရှင်မိသားစုအတွက် အသက်ပေးကာကွယ်သွားခဲ့တဲ့ ဆင်ရတနာလေး

    အလှူရှင်မိသားစုအတွက် အသက်ပေးကာကွယ်သွားခဲ့တဲ့ ဆင်ရတနာလေးရဲ့ ဖြစ်ရပ်ဆန်း 🕯️

    ကျောက်ဆည်မြို့၊ လက်ဝဲစုစံပြကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရှင်ပြုအလှူပွဲအတွင်း လူအများရင်နင့်ရတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။ ရွှေဇမ္ဗူအောင် အမည်ရတဲ့ ဆင်ရတနာလေးဟာ အလှူလှည့်လည်နေစဉ် ဆင်ပေါ်မှာပါတဲ့ ပလ္လင်ထိုင်ခုံနဲ့ လျှပ်စစ်ဝါယာကြိုးတို့ ငြိမိရာကနေ မတော်တဆ ဓါတ်လိုက်သေ–ဆုံးခဲ့ရတာပါ။

    အဆိုပါဖြစ်စဉ်မှာ ဆင်လေးဟာ မိမိကိုယ်တိုင် အန္တရာယ်ဖြစ်နေတဲ့ကြားက ကျောပေါ်မှာပါတဲ့ မောင်ရှင်လောင်းလေးကို နှာမောင်းနဲ့ ဘေးကင်းရာကို အရင်ဆုံး ပို့ဆောင်ပေးခဲ့ပြီးမှ မြောင်းထဲကို လဲကျကာ ဆုံးရှုံးသွားခဲ့ရရှာတာ ဖြစ်ပါတယ်။

    မျက်မြင်တွေ့ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ “ဆင်လေးက အလှူရှင်မိသားစုအတွက် အသက်ပေးသွားတာပါ။ ရှေ့ဆက်မသွားဘဲ ရပ်နေပေမဲ့ ဆင်ဦးစီးက လုပ်သက်နုတော့ ဆင်လေးရဲ့ အခြေအနေကို သတိမထားမိခဲ့ဘူး။

    အဲ့ဒီအချိန်မှာ ဆင်လေးက မောင်ရှင်လောင်းကို နှာမောင်းလေးနဲ့ အရင်ဆုံး ပို့ပေးခဲ့တာ။ ဆင်လေးလဲကျသွားတဲ့အချိန်မှာတော့ မျက်တောင်လေး ၃ ချက်ခတ်ပြီး မျက်လုံးမှိတ်သွားတာ တွေ့ရလို့ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်” လို့ သိရပါတယ်။

    အဆိုပါဖြစ်စဉ်မှာ ဆင်ဦးစီးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ဆေးရုံမှာ ကုသမှုခံယူနေရပြီး ဆင်လေးရဲ့ ခန္ဓာကိုယ်ကိုတော့ ပိုင်ရှင်တွေက တရားနာပေးဖို့အတွက် ညပိုင်းမှာ ကားနဲ့ လာရောက်သယ်ဆောင်သွားခဲ့ကြပါတယ်။

    လူသားတွေအပေါ်မှာ မေတ္တာတရားကြီးမားပြီး လိမ္မာလွန်းတဲ့ ဆင်ရတနာလေး ကောင်းရာဘုံဘဝ ရောက်ပါစေလို့ အားလုံးက ဆုတောင်းပေးနေကြပါတယ်။ အလှူပွဲတစ်ခုမှာ ဒီလိုမျိုး ဝမ်းနည်းစရာ ကြုံတွေ့ခဲ့ရတာကြောင့် လူမှုကွန်ရက်စာမျက်နှာထက်မှာလည်း အားလုံးက စိတ်မကောင်းဖြစ်နေကြရပါတယ်။

    မိမိတို့ရဲ့ အလှူအတန်းတွေမှာလည်း ဒီလိုမျိုး မတော်တဆမှုတွေ မဖြစ်အောင် အထူးဂရုစိုက်ကြဖို့ လိုအပ်သလို၊ လူသားတွေကို ကယ်တင်သွားခဲ့တဲ့ ဆင်လေးအတွက်လည်း ကောင်းမှုကုသိုလ်လေးတွေ ဝေမျှပေးလိုက်ကြရအောင်နော်။ 🙏

    ​မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်က လက်ဝဲစုကျေးရွာမှာ အလှူလှည့်နေတဲ့ ဆင်တော် ဓာတ်ကြိုးနဲ့ထိပြီး ဆင်သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

    မနေ့က မတ်လ ၁၄ ရက် မနက်ပိုင်းက ကျောက်ဆည်မြို့နယ်၊ လက်ဝဲစုကျေးရွာက အလှူတစ်ခုမှာ အလှူလှည့်နေတဲ့ ဆင်တွေထဲက ရွှေဇဗ္ဇူအောင်ဆင်တော်အဖွဲ့ရဲ့ ဆင်ဟာ ဓာတ်ကြိုးနဲ့ထိမိပြီး ဓာတ်လိုက်ကာ ရေထဲကျပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

    ဆင်ပေါ်ပါ ဆင်ဦးစီးနဲ့ အလှူ့အမ၊ အလှူ့အမသမီးတို့ သတိလစ်မေ့မျောသွားခဲ့ပြီး ဆင်ဦးစီးသတိရပြီဖြစ်ကြောင်း၊ အလှူ့အမသားအမိအခြေအနေကိုမူ မသိရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

    “ဆင်နာမည်က ဖားလယ်နချဲပါ။ ဝယ်ထားတာ တစ်လကျော် ၂ လပဲ ရှိသေးတယ်လို့ သိရတယ်။”လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ​လက်ရှိမှာ ကျောက်ဆည်ဒေသခံများနဲ့ လူမှုကွန်ရက်အသုံးပြုသူများအကြား ယခုဖြစ်စဉ်အပေါ် စိတ်မကောင်းဖြစ်လျက်ရှိပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အလှူတစ်ခုမှာ မြင်းကန်လို့ မောင်ရှင်လောင်းတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။

    မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် လက်ဝဲစုကျေးရွာတွင် ပြုလုပ်ခဲ့သည့် အလှူပွဲတစ်ခုအတွင်း စိတ်မကောင်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

    မတ်လ ၁၄ ရက် မနက်ပိုင်းက အလှူလှည့်ပွဲတွင် ပါဝင်လာသော ဆင်တော်များထဲမှ ရွှေဇဗ္ဇူအောင် ဆင်တော်အဖွဲ့၏ ဆင်တစ်ကောင်သည် မတော်တဆ လမ်းဘေးရှိ ဓာတ်ကြိုးနှင့် ထိမိကာ ဓာတ်လိုက်ခဲ့ပြီး ရေထဲသို့ လဲကျသွားကာ နောက်ဆုံးတွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

    အဆိုပါ ဆင်၏အမည်မှာ “ဖားလယ်နချဲ” ဖြစ်ပြီး မကြာသေးမီကမှ ဝယ်ယူထားသည့် ဆင်ဖြစ်ကာ တစ်လကျော် နှစ်လခန့်သာ ရှိသေးကြောင်း နီးစပ်သူများက ပြောကြသည်။

    ဖြစ်စဉ်အတွင်း ဆင်ပေါ်တွင် ပါလာသည့် ဆင်ဦးစီးနှင့် အလှူ့အမ၊ အလှူ့အမ၏ သမီးတို့လည်း ဓာတ်လိုက်မှုကြောင့် သတိလစ်မေ့မြောသွားခဲ့ပြီး ဆင်ဦးစီးမှာ သတိပြန်ရလာပြီဖြစ်သော်လည်း အလှူ့အမနှင့် သမီး၏ အခြေအနေကိုတော့ မသိရသေးကြောင်း သိရသည်။

    အလှူပွဲတစ်ခုအတွင်း လူများ ပျော်ရွှင်စွာ အလှူလှည့်နေချိန်မှာပင် ဆင်တစ်ကောင်၏ အသက်ဆုံးရှုံးသွားရသလို လူများလည်း ထိခိုက်ဒဏ်ရာရသွားခဲ့သဖြင့် ဒေသခံများအနေဖြင့် အလွန်စိတ်မကောင်းဖြစ်နေကြသည်။

    လူမှုကွန်ရက်အသုံးပြုသူများကြားတွင်လည်း “သနားစရာ ဆင်လေး” ဟု ပြောဆိုကာ ဝမ်းနည်းစွာ မျှဝေနေကြသည်။

    ထို့ပြင် မကြာသေးမီရက်ပိုင်းအတွင်းလည်း အလှူပွဲတစ်ခုတွင် မြင်းကန်ခြင်းကြောင့် မောင်ရှင်လောင်းတစ်ဦး ဒဏ်ရာရခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

    အလှူပွဲများတွင် လူများ၊ တိရစ္ဆာန်များ အန္တရာယ်မဖြစ်စေရန် လျှပ်စစ်ကြိုးများနှင့် လမ်းကြောင်းများကို ပိုမိုသတိထားစစ်ဆေးရန် လိုအပ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

  • ရန်ကုန်၊ မန္တလေး နေပြည်တော် အထူးသတိပေးပြီ

    ရန်ကုန်၊ မန္တလေး နေပြည်တော် အထူးသတိပေးပြီ

    နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်အပါအဝင် ဒေသများတွင် နေ့အပူချိန်များစတင်မြင့်တက်တော့မည်ဖြစ်ကာ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုရန်လို

    တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအားလျော့နည်းသွားပြီးနောက် မနက်ဖြန် မတ် ၁၆ ရက်မှစတင်ကာ မြန်မာနိုင်ငံတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာ‌တော့မည်ဖြစ်ကြောင်း သိရသည်။

    အထူးအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် လာမည့် မတ်လ ၂၀ ရက်နောက်ပိုင်း နေ့အပူချိန်များ ၃၉ ဒီဂရီစင်တီဂရိတ်နှင့်အထက်သို့ ရောက်လာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က ယနေ့ မတ်၁၅ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်မှတဆင့် ရေးသားထားသည်။

    ထိုသို့ နေ့အပူချိန်များမြင့်တက်လာပြီးနောက် ရေဓါတ်လျော့နည်းခြင်း၊ အပူလွန်ကဲခြင်း၊ အသက်ရှုလမ်းကြောင်းပြဿနာ၊ ခရမ်းလွန်ရောင်ခြည် မြင့်တက်ခြင်းတို့ကို သတိထားကြရမည်ဖြစ်သည်။

    မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင် မတ် ၂၂ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၌ မိုးရေချိန်အနည်းငယ်နှင့် ထစ်ချုန်းမည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နိုင်ပြီး ကျန်ပြည်နယ်တိုင်းဒေသကြီးများသည် မတ်၁၈ ရက်အထိ မိုးအနည်းငယ်ရွာသွန်းနိုင်မည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နိုင်ပါသည်။