Category: News

  • ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့ ကျွန်စိတ်မွှန်နေမှု (ရုပ်သံ)

    ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့ ကျွန်စိတ်မွှန်နေမှု (ရုပ်သံ)

    “လျှာပေါ်မြက်ပေါက်နေပါစေ အာဏာရှင်နှင့်ပူးပေါင်းပြီး လူထုကို သစ္စာမဖောက်”ဟု ဆရာ သရဝဏ်(ပြည်)ဆို

    ရဟန်းတစ်ပါး ဖြစ်သည့် ဦးဝိမလာဘိဝံသနှင့် ခရိုနီ ဦးမိုးကျော်တို့၏ စာရေးဆရာများ တိုင်းပြည်ဖျက်နေသည်ဟု အပုတ်ချခြင်းအပေါ် သရဝဏ်(ပြည်) က စာရေးဆရာများသည် လျှာပေါ်မြက်ပေါက် နေစေကာမူ အာဏာရှင်နှင့် ပူးပေါင်းပြီး တိုင်းပြည်အပေါ် သစ္စာမဖောက်ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။

    နာမည်ကျော် စာရေးဆရာ သရဝဏ်(ပြည်) ၎င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် ယင်းသို့ တုံ့ပြန်ထားခြင်း ဖြစ်သည်။

    “ဘောမစာရေးဆရာ စုန်းပြူးတစ်ယောက်တစ်လေကလွဲလို့ သမိုင်းအဆက်ဆက် စာရေးဆရာများဟာ လျှာပေါ်မြက်ပေါက်ပါစေ အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူ လူထုကိုသစ္စာမဖောက်ခဲ့ဖူးပါ။ အာဏာရှင်နဲ့ပေါင်းပြီး ပြည်သူလူထုဂုတ်ကိုခွစီးသူတွေဟာ ဦးမိုးကျော်တို့လိုခရိုနီတွေနဲ့ ဟိတဓရဆရာတော်တို့လို ဘောမ ဘုန်းကြီး အချို့သာဖြစ်ပါတယ်။” ဟု သရဝဏ်(ပြည်) က တုံ့ပြန်ရေးသားထားသည်ကို တွေ့ရသည်။

    ထို့ပြင် “တကယ်တော့ စစ်တပ်က စာရေးဆရာတွေကို ကြောက်ရွံ့မုန်းတီးတာ သူတို့ရဲ့ တိုင်းပြည်အပေါ် ဂုတ်သွေးစုတ် မတရား အခွင့်ထူးခံ နေတာ ကို ပြည်သူလူထုသိအောင် ဖြန့်ဝေနေလို့ပါ။ စစ်တပ်နဲ့ပေါင်းစားနေတဲ့ ခရိုနီဆိုတဲ့ ဝိသမလောဘသားအကြီးစား တွေကလည်း စာရေးဆရာကိုမလိုလားတာ သူတို့ မတရား ခေါင်းပုံဖြတ် သူများမျက်ရည်ပေါက်ကြီးငယ်ကျမှထမင်းစားရ၊ ငွေရှာရတဲ့ အကြောင်းတွေကို ညသန်းခေါင်မှာ မီးမောင်းထိုးပြသလို စာပေနဲ့ အလင်းပြနေလို့ပါ။” ဟုလည်း သရဝဏ်(ပြည်) က တုံ့ပြန်ရေးသားထားသည်။

    ထို့ပြင် ပြည်သူ တစ်ဦးကလည်း ကျွန်စိတ်မွှန်နေသူများ ဖြစ်၍ အဓမ္မမှုများကို မမြင်နိုင်ကြခြင်း ဖြစ်ကြောင်း သရဝဏ်(ပြည်) ၏ တုံ့ပြန်မှုအား ထောက်ခံရေးသားထားသည်ကို တွေ့ရသည်။

    “စာပေပညာရှင်တွေဆိုတာ တိုင်းပြည်ရဲ့ ဦးနှောက် မျက်လုံး နှလုံးသားတွေဖြစ်တယ်။ အာဏာရှိသူကိုဖားယားပြီး ကိုယ်ကျိုးရှာစားနေတဲ့ ကလေကဝ တွေကတော့ သူတို့သခင်ကိုထိလို့ ဟောင်ကြတယ်လို့ပဲသတ်မှတ်လိုက်ပါ။ သူတို့သခင်ရဲ့ အဓမ္မအမှုတွေကိုမမြင်နိုင်မကြားနိုင်လောက်အောင် ကျွန်စိတ်မွှန်နေသူများပါပဲ ဆရာရေ။” ဟု အဆိုပါ ပြည်သူက ဆိုသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့လာသည့် ဗီဒီယိုဖိုင်တစ်ခု၌ ဦးမိုးကျော်နှင့် ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသတို့နှစ်ဦး စာရေးဆရာများအပေါ် အပြန်အလှန် ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ဗီဒီယိုဖိုင်တွင် ဟိတဓရဆရာတော်က စာပေဟောပြောပွဲကို ဖျက်ဆီးနေသူမှာ စာရေးဆရာ၊ စာပေကို ဖျက်ဆီးနေသူမှာ စာရေးဆရာဖြစ်ပြီး တော်တော်ကို အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    အာဏာသိမ်း စစ်တပ်သည် ၎င်းတို့ အာဏာသိမ်းပြီးနောက် သရဝဏ်(ပြည်) အပါအဝင် ဆရာ မောင်သာချို၊ ဆရာမ သန်းမြင့်အောင် တို့အပါအဝင် စာရေးဆရာများကို ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။

    နောက်ဆုံးရ ဖြစ်စဉ်အဖြစ် ပြီးခဲ့သည့်လက ဆရာကြီး ဦးတင်ညွှန့်အား ယခင်အစိုးရများ လက်ထက်က ထုတ်ဝေခဲ့သည့် စစ်ဗိုလ်ချုပ်များ အကြောင်း ဖော်ထုတ်ရေးသားစာအုပ်များကို အကြောင်းပြုကာ ဖမ်းဆီးခြင်းကို ပြုလုပ်ခဲ့သည်။

  • တီးတိန်မှာ စစ်တပ်က ဗုံးကြဲလို့ PDF ZOLAND ရဲဘော် ၇ ဦး ကျဆုံး

    တီးတိန်မှာ စစ်တပ်က ဗုံးကြဲလို့ PDF ZOLAND ရဲဘော် ၇ ဦး ကျဆုံး

    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်တပ်က ဗုံးကြဲလို့ PDF Zoland ရဲဘော် ၇ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

    မေလ ၆ ရက်၊ ညနေ ၄ နာရီခန့်မှာ တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာမှာရှိတဲ့ AG ဘုရားကျောင်း အနီးကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အဲဒီဘုရားကျောင်းအနားမှာရှိနေတဲ့ PDF Zoland မှ အမျိုးသမီးရဲဘော် ၅ ဦးနဲ့ အမျိုးသားရဲဘော် ၂ ဦးတို့ ကျဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    “ရှေ့တန်းအတွက် ထမင်းဟင်းချက်ပို့ဖို့ ပြင်ဆင်နေကြတာပါ။ အလစ်အငိုက်လည်း ဖြစ်သွားတယ်။ ဒရုန်းနဲ့ ဗုံး ၃ လုံးကြဲတာ။ တလုံးကွဲတယ်။ နောက် နှစ်လုံးက မကွဲဘူး။ နေရာသိသွားလို့ ဒရုန်းနဲ့ ဗုံးလာကြဲတယ်လို့ ယူဆရပါတယ်” လို့ PDF Zoland မှ ရဲဘော်တစ်ဦးက ပြောပါတယ်။

    ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထမင်းဟင်းချက်တဲ့နေရာမှာ ရှိနေတဲ့ ဖူနွမ်းကျေးရွာမှာ ရှိနေတဲ့ ပြည်သူ ၃ ဦးလည်း သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သူက‌ ဆက်ပြောပါတယ်။

    “ညနေ ၅ နာရီလောက်မှာ ဒရုန်းနဲ့ နောက်တကြိမ် လာချပါတယ်။ ဒီတခါမှာတော့ ဘုရားကျောင်းတခုလုံး ဗုံးကြောင့် မီးလောင်ပျက်စီးခဲ့တယ်” လို့ PDF Zoland မှ ရဲဘော်တစ်ဦးက ပြောပါတယ်။

    အဲဒီဗုံးကြဲခံရမှုမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်များအတွက် ချင်းပြည်မြောက်ပိုင်း၊ တွန်းဇံမြို့မှာ စစ်ရေးလှုပ်ရှားနေတဲ့ CDF Tonzang နဲ့ CDF Tonzang Supporter များက ဝမ်းနည်းကြေကွဲကြောင်း ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

    တီးတိန်မြို့ကို ချင်းပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာ မေလ ၂ ရက်နေ့ကစပြီး ကလေးမြို့ကနေ တီးတိန်မြို့ကို စစ်တပ်က စစ်‌အင်အားဖြည့်တင်းဖို့ စစ်ကြောင်းတက်လာနေပြီး ချင်းပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေလျက် ရှိပါတယ်။

    မေလ ၅ ရက်နေ့ကလည်း ဒေသတွင်း စစ်ရေးစိုးမိုးမှုနဲ့ ဆက်သွယ်ရေးတွေအတွက် အချက်အချာကြတဲ့ အသံလွှင့်တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးစခန်းတွေ အခြေစိုက်တဲ့ နေရာဖြစ်တဲ့ တီးတိန်မြို့နယ်ထဲကနေ ဒီတောင်ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ထားပါတယ်။

  • ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့ စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ

    ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့ စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ

    ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့ စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၇ ဦး သေဆုံး

    ချင်းပြည်နယ်၊ ဖလမ်းမြို့အကြောင်း ဝါဒဖြန့်ဖို့အတွက် စစ်တပ်လော်ဘီ ကျော်စိုးဦး လိုက်ပါလာတဲ့ စစ်ယာဉ်တန်းဟာ ကလေး – သိုင်းငင်း လမ်းပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

    မေလ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ဖလမ်းမြို့ကို ထွက်ခွာလာတဲ့ ‌ကားအစီး ၂၀၊ မော်တော်ဆိုင်ကယ် ၁၅၀ ကျော်နဲ့ ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းဟာ ကလေး – သိုင်းငင်း လမ်းပိုင်းတနေရာမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖလမ်းမြို့နယ်က စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

    “ဖလမ်းမြို့မှာ စစ်အုပ်ချုပ်ရေးယန္တရား တည်ဆောက်ဖို့အတွက် Non CDM ဝန်ထမ်းတွေ ပို့တာပါ။ သူတို့ကို လုံခြုံရေးယူပေးဖို့ စစ်သားတွေလည်း ပါလာတယ်။ အဲဒီယာဉ်တန်းမှာ စစ်တပ်လော်ဘီ ကျော်စိုးဦးလည်း ပါတယ်။ ကလေးမြို့မှာ သူရောက်နေတာ ရက်ပိုင်းရှိပြီ။

    ဖလမ်းနဲ့ ပတ်သက်ပြီး စစ်တပ်အတွက် ဝါဒဖြန့်ပေးဖို့ လိုက်လာတာ။ သူစီးလာတဲ့ကားကို ရဲဘော်တွေ လိုက်ပစ်ပေမယ့် လွတ်သွားတယ်” လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

    အဲဒီကြားဖြတ်တိုက်ခိုက်မှုမှာ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပြီး လက်နက် ၄ လက်နဲ့ ကား ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

    “တပ်မ(၇၇)က ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သား ၄ ဦးရဲ့အလောင်းကို သိမ်းဆည်းရမိထားပါတယ်။ သေဆုံးတာက ၇ ဦးပါ။ Non တွေ ပါလာတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဝန်ထမ်းတွေပဲလေ။ သူတို့ကို ထိခိုက်မှာလည်း စိုးတော့ ယာဉ်တန်းရဲ့ နောက်ဆုံးကားတွေကိုပဲ တိုက်ခိုက်ခဲ့တာပါ” လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

    ဖလမ်းမြို့ကို ပို့ဆောင်လာတဲ့ Non CDM ဝန်ထမ်းအများစုဟာ ပညာရေး၊ ကျန်းမာရေး၊ ထွေအုပ် ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အဓိက ပါဝင်တယ်လို့ သိရပါတယ်။

    ဖလမ်းမြို့ကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ချင်းညီနောင်က သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့မှာ စစ်တပ်က ပြန်လည်သိမ်းပိုက်သွားတာ ဖြစ်ပါတယ်။

    ဆက်စပ်သတင်း

    တော်လှန်ရေးရဲဘော်များ၏ အုတ်ဂူပေါ် ခြေထောက်တင်ပြီး အောက်တန်းကျသည့် လုပ်ရပ်ကို ကျော်စိုးဦး လုပ်ဆောင်

  • ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ်

    ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ်

    ကရင်ပြည်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ်

    အကျဉ်းထောင်အတွင်း ကျန်းမာရေးချို့ယွင်းခဲ့ရတဲ့ ကရင်ပြည် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဘားအံမြို့ရှိ

    တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

    စစ်အုပ်စုနဲ့ နီးစပ်တဲ့ Telegram ချန်နယ်တွေရဲ့ ဖော်ပြချက်အရ “ယခင် NLD လက်ထက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အချုပ်ခန်းထဲမှတစ်ဆင့် ရောဂါကုသရင်း

    ဘားအံ တပ်မတော်ဆေးရုံကြီးတွင် (RIP) သွားကြောင်း သတင်းရရှိသည်” လို့ ရေးသားမျှဝေထားပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ စစ်အုပ်စုဘက်က တစ်စုံတစ်ရာ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးသလို ကွယ်လွန်သတင်းနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူဖို့ ကြိုးစား​နေဆဲ ဖြစ်ပါတယ်။

    အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ အာရုံကြောရောဂါ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့်

    ဧပြီလကုန်ပိုင်းက ဘားအံဆေးရုံကြီးမှာ ၅ ရက်ခန့် တက်ရောက်ကုသခဲ့ရပြီးနောက် အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး

    ထောင်အတွင်းမှာ ဆရာဝန်တွေရဲ့ အနီးကပ်ကုသမှုကို ဆက်လက်ခံယူနေရသူ ဖြစ်ပါတယ်။

    ဒေါ်နန်းခင်ထွေးမြင့်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး အမှုပေါင်း ၇ မှုအတွက် ထောင်ဒဏ် နှစ် ၈၀ ချမှတ်ခံခဲ့ရသူဖြစ်ပြီး

    ၂၀၂၂ ခုနှစ်မှာ ထောင်ဒဏ်ထက်ဝက် လျှော့ပေါ့ပေးခဲ့တာကြောင့် လက်ရှိမှာ ထောင်ဒဏ် နှစ် ၄၀ ကို ဘားအံအကျဉ်းထောင်မှာ ကျခံခဲ့ရသူ ဖြစ်ပါတယ်။

    သူဟာ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သလို ၁၉၉၀၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ၃ ကြိမ်စလုံးမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

  • ရန်ကုန်တွင် နေ့လည်ပိုင်း သေနတ်ကိုင်၍ လုံခြုံရေးဝန်ထမ်းအယောင်ဆောင် ဓါးပြတိုက်သူများ

    ရန်ကုန်တွင် နေ့လည်ပိုင်း သေနတ်ကိုင်၍ လုံခြုံရေးဝန်ထမ်းအယောင်ဆောင် ဓါးပြတိုက်သူများ

    ရန်ကုန်တွင် နေ့လည်ပိုင်း သေနတ်ကိုင်၍ လုံခြုံရေးဝန်ထမ်းအယောင်ဆောင် ဓါးပြတိုက်သူများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်ပြည်သူများ ပူးပေါင်းဖမ်းဆီး

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ သုဇိတာ (၇)လမ်းတွင် ယနေ့ (မေလ ၇) ရက် မွန်းလွဲ ၁ နာရီခွဲက ဓါးပြတိုက်သူများကို ဖမ်းဆီးရမိကြောင်း သိရပါတယ်။

    “ဗေဒင်ဆရာ ဦးထိုက်အောင်လင်းနေအိမ်ကို သေနတ်(၂)လက်နှင့် ဓါးပြ(၃)ဦး ဓါးပြလာတိုက်တာပါ။

    အခင်းဖြစ်မိသားစုက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းထွန်းကို ဖုန်းဆက်တော့ အုပ်ချုပ်ရေးအဖွဲ့နှင့် အဆိုပါနေအိမ်သိုရောက်လာတယ်။

    ဓါးပြတိုက်သူများက ရပ်ကွက်အုပ်ကြီးအား သူတို့က(စရဖ)ကဖြစ်ကြောင်း အိမ်ရှိလူများနှင့် အုပ်ကြီးပါသူတို့ ရုံးသို့လိုက်ခဲ့ရန် အုပ်ကြီးအား သေနတ်ဖြင့်ချိန်၍ ပြောဆိုတယ်။

    အုပ်ကြီးမှ (စရဖ)ဆိုလျှင် အကူ(၁)လား/(၂)လား မေးမြန်းတော့ ဓါးပြတိုက်သူများက ကောင်းစွာဖြေဆိုနိုင်ခြင်း မရှိတော့ဘဲ အခြေအနေမဟန်မှန်းသိပြီး ဓါးပြတိုက်သူများမှ အခင်းဖြစ်နေအိမ်ပေါ်မှ ဆင်းပြေးသွားကြတယ်”ဟု ရပ်ကွက်နေ ဒေသခံများက ပြောပါတယ်။

    “ထွက်ပြေးသွားသည့် ဓါးပြတိုက်သူများအား ဓါးပြ ဓါးပြ ဝိုင်းဖမ်းကြပါဟု အုပ်ကြီးမှ အော်ဟစ်သဖြင့် အုပ်ချုပ်ရေးအဖွဲ့များ ရပ်ကွက်ပြည်သူများလိုက်လံ ဝိုင်းဖမ်းကြတယ်။

    သစ္စာလမ်းထိပ်အရောက်တွင် ဓါးပြတိုက်သူများက သေနတ်(၂)ချက်ပစ်ဖေါက်ပြီး ဝိုင်းဖမ်းသည့်လူအုပ်စုအား ဟန့်တားသော်လည်း အုပ်ကြီးနှင့်အဖွဲ့ဝင်များရပ်ကွက်ပြည်သူများက နောက်မတွန့် နောက်မရွံ့ဘဲ လိုက်လံဝိုင်းဝန်းဖမ်းဆီးကြ၍ ဓါးပြတိုက်သူ (၃)ဦးလုံးကို ဖမ်းဆီးနိုင်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ အပ်နှံလိုက်တယ်”ဟု ထပ်မံပြောဆိုကြပါတယ်။

    အဆိုပါဖြစ်စဥ်ကဲ့သို့ ဓါးပြတိုက်မှု ယခင်လ (ဧပြီလ)က လှိုင်သာယာတွင် ဖြစ်ပွားပြီး ရွှေနှင့်ငွေသား တန်းဖိုးငွေ ကျပ်သိန်း ၁၀၀၀ ခန့် ပါသွားကြောင်း သိရပါတယ်။

    မင်းသန့်(ဓူဝံကြယ်)

    ဓါတ်ပုံ-စိုးမင်းဦး(မြောက်ဥက္ကလာ)