Category: News

  • ကျောက်ဖြူစစ်ဘေးရှောင် စခန်းတစ်ခုတွင်နောက်လင်ယူသွားသည့်အမျိုးသမီးအား ယခင်ယောက်ျားဟောင်းကဓါးဖြင့်ခုတ်သတ်

    ကျောက်ဖြူစစ်ဘေးရှောင် စခန်းတစ်ခုတွင်နောက်လင်ယူသွားသည့်အမျိုးသမီးအား ယခင်ယောက်ျားဟောင်းကဓါးဖြင့်ခုတ်သတ်

    ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ ကျောက်ဆောက်ရွာ၊ မီးကျောင်းရေသောက် စစ်ဘေးရှောင်စခန်းတွင် နောက်လင်ယူသွားသည့် အမျိုးသမီးအား ယခင်ယောက်ျားဟောင်းကဓါးဖြင့်ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။

    ဓါးခုတ်ခံရမှုကြောင့်သေဆုံးသွားသူမှာမီးကျောင်းရေသောက်စစ်ရှောင်စခန်းတွင်နေထိုင်သူကျောက်ဖြူမြို့နယ်၊ပြားကျိန်ချောင်းဖျားရွာမှ ‌ဒေါ်ကြာလှမ(ခ) လှလှဝင်း (၃၉နှစ်)ဖြစ်သည်။

    အဆိုပါ လူသတ်မှုသည် ပြီးခဲ့သည့်ဧပြီလ (၁၈) ရက်နေ့၊ည (၉) နာရီခန့်တွင်ကျောက်ဖြူမြို့နယ်၊ကျောက်ဆောက်ရွာအနားရှိမီးကျောင်းရေသောက်စစ်ရှောင်စခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    စစ်ရှောင်နေသည့်ရသေ့တောင်မြို့နယ်၊သစ်ကတိုးရွာမှဦးခင်သိန်းမောင် (၅၆နှစ်) သည်အရက်အလွန်အကျွံသောက်ပြီးစိတ်ဖောက်ပြန်ရာမှ၎င်းနှင့်အိမ်ထောင်ကျဖူးခဲ့ပြီးနောက်ထပ် လင်ယူသွားသည့် ‌ဒေါ်ကြာလှမ(ခ) လှလှဝင်းဓါးဖြင့်ပိုင်းခုတ်သတ်ဖြတ်ခဲ့သည်ဟုအာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်‌ရေးအဖွဲ့ကယနေ့ဧပြီလ (၂၄) ရက်တွင်ထုတ်ပြန်ထားသည်။

    ယင်းသို့ဓါးဖြင့်ခုတ်ခံရမှုကြောင့်ဒေါ်ကြာလှမ၏ဘယ်ဖက်လက်လှုပ်တွင် (၇) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဘယ်ဖက်ဘေးစတွင် (၄) လက်မခွဲခန့်ဒဏ်ရာ (၁) ချက်၊နောက်ကျောတွင် (၃)လက်မမှသည် (၈) ခန့်ထိရှိသည့်ဓါးဒဏ်ရာ (၄)ချက်၊ညာဖက်လက်လှုပ်တွင် (၈) လက်မခွဲခန့်ဒဏ်ရာ (၁) ချက်၊ခါးဆစ်တွင် (၅) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဦးခေါင်းညာဖက်ခြမ်းတွင် (၃) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဦး‌ခေါင်းဘယ်ဖက်ခြမ်းတွင် (၁၀) လက်မခန့်ဒဏ်ရာ (၁) ချက်၊လည်ပင်းတွင် (၆) လက်မခန့်ဒဏ်ရာ (၁) ချက်၊စုစုပေါင်းဓါးဒဏ်ရာ (၁၁) ချက်ဖြင့်အခင်းဖြစ်ပွားသည့်နေရာ၌ပင်သေဆုံးခဲ့သည်ဟုဖော်ပြထားသည်။

    အဆိုပါလူသတ်မှုကျူးလွန်သူကိုတရားဥပဒေစိုးမိုး‌ရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)ကဧပြီလ (၁၈) ရက်၊နေ့လယ် (၁) နာရီအချိန်တွင်၎င်းအားမိနစ် (၃၀) အတွင်းအမှုနှင့်ဖမ်းဆီးပြီးချုပ်ရီမန်ရယူခြင်း၊အမှုမှသက်သေခံပစ္စည်းဖြစ်သောဓါးကိုသိမ်းဆည်းခြင်း၊ကျန်ဒီလပ် လုပ်ငန်းများအားပြည့်စုံခိုင်မာစွာတည်ဆောက်ပြီးဟုအာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်‌ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ထုတ်ပြန်ချက်အတွင်း “၂၀၂၆ခုနှစ်၊ဧပြီလ (၁၈) ရက်နေ့၊ညည့်ကဖြစ်ပွားခဲ့သည့်လူသတ်မှုဖြစ်စဉ်အတွင်းကျူးလွန်သူတရားခံကိုတရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)မှဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီဖမ်းဆီးအရေးယူထားပြီးဖြစ်သည်” ဟုဖော်ပြထားသည်။

    လူသတ်မှုကျူးလွန်သူကိုဒီလပ်ကရာဇသတ်ကြီးပုဒ်မ – ၃၀၂ဖြင့်အမှုဖွင့်ပြီးဥပဒေလုပ်ထုံး၊လုပ်နည်းများနှင့် အညီအရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    ဓါတ်ပုံ – အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်‌ရေးအဖွဲ့

  • ကိုရင်ငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ပဋိပတ္တိတောရကျောင်း၏ ကျောင်းထိုင်ဘုန်း ကြီး

    ကိုရင်ငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ပဋိပတ္တိတောရကျောင်း၏ ကျောင်းထိုင်ဘုန်း ကြီး

    မြိတ်မြို့နယ်တွင် ကိုရင်ငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ပဋိပတ္တိတောရကျောင်း၏ ကျောင်းထိုင်ဘုန်း ကြီး ဦးတေဇကို လူဝတ်လဲပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်နိုင်သောပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး၊ အရေးယူသည့် ပုဒ်မများ ထပ်တိုးလာနိုင်

    တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ကိုရင်ငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ပဋိပတ္တိတောရကျောင်း၏ ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို လူဝတ်လဲပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်နိုင်သောပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း အဆိုပါအမှုကို လိုက်ပါကူညီဆောင်ရွက်နေသော ဆရာတော် ဦးသုနန္ဒက ပြည်သူများသို့ အသိပေးသည်။

    ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်း ကိုရင်ငယ်ကို ဦးတေဇက ရက်ရက်စက်စက် လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ဗီဒီယိုသည် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့လာခဲ့သဖြင့် ပြည်သူများအကြား ဝေဖန်မှုများ အလွန်မြင့်တက်ခဲ့ကြောင်း၊ ယင်းနောက် သာသနာရေးဦးစီးဌာန၊ ထွေ/အုပ်နှင့်ရဲများက ကိုရင်ငယ်ကို ရိုက်နှက်ခဲ့သော ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို ခေါ်ယူ မေးမြန်း စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ညပိုင်းတွင် ဦးတေဇကို လူဝတ်လဲ၍ သာသနာတော်ကို စိတ်နာစေရန် ပြုလုပ်သော ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း၊ လတ်တလော အရေးယူအမှုဖွင့်ရာတွင် ပုဒ်မတစ်ခုတည်းဖြစ်သော်လည်း စစ်ဆေးမှုအပေါ် မူတည်၍ ပုဒ်မများ ထပ်တိုးလာနိုင်ကြောင်း သိရှိရသည်။

    “လူဝတ်လဲပြီး ရာဇသတ်ကြီးပုဒ်မ ၂၉၅-(က)နဲ့အရေးယူဆောင်ရွက်ထားပါကြောင်း အများပြည်သူ သိစေအပ်ပါသည်” ဟု ဆရာတော်ဦးသုနန္ဒက သတင်းထုတ်ပြန်ထားသည်။

    ရိုက်နှက်မှု ကျူးလွန်သူ ဘုန်းကြီး ဦးတေဇကို အမှုဖွင့်ထားသော ပုဒ်မ၂၉၅(က)မှာ လူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ ဘာသာရေးယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထို လူတစ်စား ၏ ကိုးကွယ်ရာ ဘာသာရေးစိတ်ဓါတ်ကို နာကျဉ်းစေရန်ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုဖြစ်ပြီး ယင်းအမှုကို ကျူးလွန်ပါက အာမခံမပေးနိုင် ကျေအေးခွင့်မရှိဘဲ ထောင်ဒဏ် ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေ၊ ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရှိရသည်။

    မြိတ်မြို့နယ်မှ ပြည်သူတစ်ဦးကမူ အဆိုပါ အမှုအတွက် ဘုန်းကြီး ဦးတေဇကို အရေးယူသော ပုဒ်မမှာ ပေါ့လျှော့လွန်းလှပြီး ကလေးသူငယ်ကို ညှဉ်းပန်းနှိပ်စက်သည့်အတွက် ပုဒ်မကြီးစွာဖြင့် အရေးယူသင့်သည်ဟု ထောက်ပြသည်။

    “သာသနာအကြောင်းပြပြီး ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေမှာ သာမဏေငယ်၊ ကိုရင်ငယ်နဲ့ သီလရှင်ငယ်တွေကို ညှဉ်းပန်းနှိပ်စက် ရိုက်နှက်တာတွေက ဓလေ့ကြီးလိုဖြစ်နေတော့ အဲဒါမျိုးကို ပပျောက်အောင် ပုဒ်မကြီးကြီးနဲ့ အရေးယူသင့်တယ်လို့ မြင်တယ်။ မဆုံးမနဲ့ မပြောဘူး။ မရိုက်နဲ့ မပြောဘူး။ ခြေသလုံးနဲ့ တင်ပါးကို ရိုက်လို့ရပါတယ်။ ကလေးကို တော်ရုံ တန်ရုံလောက် ရိုက်နှက်ရင် ဒီလိုကြီး မဖြစ်လာဘူး။ အခုက သေအောင် ရိုက်သလား မှတ်ရတယ်” ဟု မြိတ်မြို့နယ်မှ ပြည်သူက ရှင်းပြသည်။

    ကျောင်းထိုင်ဘုန်းကြီး ဦးတေဇ၏ ရိုက်နှက်မှု ခံခဲ့ရသော ကိုရင်ငယ်ကိုမူ ဆေးစစ်မှုများ လုပ်ဆောင်နေပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

  • ထိုင်းဆုန်ခရန် ၅ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၉၁ ဦး သေဆုံးခဲ့

    ထိုင်းဆုန်ခရန် ၅ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၉၁ ဦး သေဆုံးခဲ့

    ထိုင်းဆုန်ခရန် ၅ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၉၁ ဦး သေဆုံးခဲ့ပြီး ဘန်ကောက်တွင် သေဆုံးသူ အများဆုံးဖြစ်

    ချင်းမိုင်ခရိုင်သည် မူးယစ်မောင်းနှင်ခြင်း ချိုးဖောက်မှုအများဆုံးဒေသ ဖြစ်

    ထိုင်းဆုန်ခရန် ပွဲတော်ကာလ ၅ ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၁၉၁ ဦး သေဆုံးခဲ့ပြီး၊ ဘန်ကောက်မြို့သည် သေဆုံးသူ အများဆုံးဒေသ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

    ထိုင်းအစိုးရသည် ဧပြီ ၁၀ ရက်မှ ၁၄ ရက်အထိ ဆုန်ခရန်အားလပ်ရက်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အထူးစီမံချက်များဖြင့် ဆောင်ရွက်နေသော်လည်း၊ ၅ ရက်တာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၉၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၉၁ ဦး သေဆုံးကာ ၉၁၁ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

    ဘန်ကောက်မြို့သည် ၅ ရက်တာအတွင်း လူပေါင်း ၁၆ ဦးအထိ သေဆုံးခဲ့ရပြီး နိုင်ငံတစ်ဝန်း သေဆုံးမှုအများဆုံးဒေသ ဖြစ်ခဲ့သလို၊ ထိုင်းမြောက်ပိုင်း ဖရေး (Phrae) ခရိုင်မှာတော့ မတော်တဆမှုပေါင်း ၄၅ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၄၇ ဦးဖြင့် အကြိမ်ရေအများဆုံး ဖြစ်ပွားသည့်ဒေသ ဖြစ်ခဲ့သည်။

    ပွဲတော်၏ ပဉ္စမမြောက်နေ့ဖြစ်သည့် ဧပြီ ၁၄ ရက် (အင်္ဂါနေ့) တစ်ရက်တည်းမှာပင် မတော်တဆမှုပေါင်း ၁၉၂ ကြိမ် ဖြစ်ပွားခဲ့ရာ ၃၀ ဦး သေဆုံးပြီး ၂၀၂ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    မတော်တဆမှုဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမှာ အရှိန်ပြင်းစွာမောင်းနှင်မှု ကြောင့် အများဆုံးဖြစ်ပြီး၊ မူးယစ်မောင်းနှင်မှုက ဒုတိယအများဆုံးဖြစ်သည်။ မတော်တဆမှုအားလုံး၏ ၇၂.၈၈ ရာခိုင်နှုန်းမှာ မော်တော်ဆိုင်ကယ်များဖြစ်ပြီး ထိခိုက်သူအများစုမှာ အသက် ၂၀ မှ ၂၉ နှစ်အတွင်းရှိ လူငယ်များ ဖြစ်ကြသည်။

    ထို့ပြင် ၅ ရက်တာအတွင်း မူးယစ်မောင်းနှင်မှုပေါင်း ၃,၇၂၆ မှု ရှိခဲ့ပြီး ၎င်းမှာ ယာဉ်စည်းကမ်းချိုးဖောက်မှု အားလုံး၏ ၉၄ ရာခိုင်နှုန်းကျော် ရှိနေသည်။ အထူးသဖြင့် ချင်းမိုင်ခရိုင် သည် မူးယစ်မောင်းနှင်မှု ၆၅၁ မှုဖြင့် နိုင်ငံတစ်ဝန်း ချိုးဖောက်မှုအများဆုံးဒေသ ဖြစ်ခဲ့ကြောင်း သိရသည်။

    ယခုနှစ် ဆုန်ခရန်ပွဲတော်သည် ကမ္ဘာ့အစည်ကားဆုံး ပွဲတော်တစ်ခု ဖြစ်ခဲ့ကြောင်း ထိုင်းအစိုးရက ဆိုသည်။ ခရီးသွားလုပ်ငန်းမှ ဘတ်ငွေ ၃၀ ဘီလီယံကျော်အထိ ဝင်ငွေရရှိရန် ခန့်မှန်းထားပြီး၊ ယနေ့ (ဗုဒ္ဓဟူးနေ့) တွင် ခရီးသွားပြည်သူအများစု နေရပ်ပြန်ကြမည်ဖြစ်သဖြင့် အရှိန်ပြင်းမောင်းနှင်ခြင်းနှင့် အိပ်ငိုက်ခြင်းများကို တားဆီးနိုင်ရန် စစ်ဆေးရေးဂိတ်များ တိုးမြှင့်ချထားမည်ဖြစ်ကြောင်း သိရသည်။

    ၅ ရက်တာကျင်းပခဲ့သည့် ထိုင်းဆုန်ခရမ်ပွဲတော်သည် ကမ္ဘာအစည်ကားဆုံးပွဲတော်ဖြစ်ခဲ့ကြောင်း ထိုင်းအစိုးရကပြောဆိုခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဘတ်ငွေ ၃၀ ဘီလီယျံကျော်အထိရရှိရန် ခန့်မှန်းထားပြီး ယခင်နှစ်ထက် ပိုမိုများသည့်ရာခိုင်နှုန်းရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။

  • ဝင်ကြေး၂၀၀၀၀ နဲ့ ဝန်ကြီးများရုံးထဲကဂျင်းသင်္ကြန်

    ဝင်ကြေး၂၀၀၀၀ နဲ့ ဝန်ကြီးများရုံးထဲကဂျင်းသင်္ကြန်

    မာမား ခေါက်ဆွဲဘူးကို ရေနွေးနဲ့ ပြုတ်ပေးတာ ၈၀၀၀ တဲ့

    ဝင်ကြေး (၂) သောင်းတောင် ပေးရတာဆိုတော့ လူရှုပ်သက်သာပြီး သီးသန့်ဆန်ဆန် အဆင့်မြင့်မယ်ထင်ပြီး ဝန်ကြီးများရုံး (Secretariat) သင်္ကြန်ကို သွားမိကာမှ တကယ့်ကို အဆိုးဆုံး အတွေ့အကြုံနဲ့ ကြုံခဲ့ရပါတယ်ရှင်။

    (မှတ်ချက် – Facebook ၏ ခွဲခြားဆက်ဆံမှု ကင်းရှင်းရေး Community Standards နှင့် မငြိစွန်းစေရန် မူရင်းစာသားမှ အသုံးအနှုန်းအချို့ကို အနည်းငယ် ပြင်ဆင်ရေးသားထားပါသည်။)

    💦 သင်္ကြန်မှာ ရေမစိုတဲ့ အဖြစ်

    သင်္ကြန်ပွဲတော်ဆိုပေမယ့် ပက်စရာရေမရှိလို့ ရေမစိုခဲ့ရတာကတော့ အတော်လေးကို အံ့ဩစရာပါပဲ။

    လျှောက်လမ်းတစ်ခုမှာပဲ ရေနည်းနည်းဖျန်းပေးထားပြီး ကျန်တဲ့နေရာတွေ အားလုံးက ခြောက်သွေ့နေတာပါပဲရှင်။

    🎤 အဆိုတော်တွေရဲ့ အလွဲများ

    နာမည်ကြီး အဆိုတော်တွေ လာမယ်ဆိုပြီး ကြော်ငြာထားပေမယ့် တကယ်တမ်း ညနေ (၅) နာရီကျော်မှ ရောက်လာပြီး တစ်ယောက်ကို သီချင်း (၃) ပုဒ်စီလောက်ပဲ ဆိုပြီး ပြန်သွားကြပါတယ်။

    အဆိုးဆုံးက အကျနေ့ မနက်ပိုင်းကဆို ဘယ်သူမှန်းမသိတဲ့ အဆိုတော်တစ်ယောက်က သူ့ရဲ့ မထွက်သေးတဲ့ သီချင်းကို ပရိသတ်ကို လိုက်ဆိုခိုင်းနေတာ ဘာတွေမှန်းကို နားမလည်နိုင်အောင်ပါပဲ။

    🍜 အဆိုးဆုံးကတော့ အစားအသောက်ဈေးနှုန်းများပါပဲ

    စီးပွားရေးဆန်ဆန် အမြတ်ကြီးစားလွန်းတဲ့ ဈေးနှုန်းတွေကတော့ တကယ့်ကို လွန်လွန်းလှပါတယ်-

    မာမားခေါက်ဆွဲဘူး (ရေနွေးပူပူလေးထည့်ပေးရုံ) – ၈,၀၀၀ ကျပ်

    ဝက်သားတုတ်ထိုး (တစ်ချောင်း) – ၁,၅၀၀ ကျပ်

    လက်ဖက်သုပ် (ဖော့ပန်းကန်သေးသေးလေး) – ၅,၀၀၀ ကျပ်

    ကွေ့တီယို (အသားမပါ၊ အရသာမရှိ) – ၆,၀၀၀ ကျပ်

    ရေသန့် (တစ်ဘူး) – ၃,၀၀၀ ကျပ်

    သင်္ကြန်နာမည်တပ်ပြီး ဈေးရောင်းပွဲလုပ်ကာ ဂျင်းထည့်နေသလို ခံစားရပါတယ်။

    အမြတ်ကြီးစားသူတွေရဲ့ မာယာလှည့်ကွက်တွေကတော့ ဒီနှစ်လုပ်ပျော်သင်္ကြန်မှာ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ပါပဲ။

    ကျွန်မတို့ကတော့ ဂျင်းမိသွားလို့ ဒီလိုနေရာမျိုး နောက်တစ်ခေါက် လုံးဝ (လုံးဝ) သွားတော့မှာ မဟုတ်ပါဘူး။

    ကိုယ့်ရပ်ကွက်ထဲမှာ ကစားတာကမှ ရေလည်းစို၊ စိတ်လည်း ချမ်းသာရပါသေးတယ်ရှင်။

  • သမ္မတရာထူး ယူထားသည့် မင်းအောင်လှိုင်နှင့် ၎င်းဦးဆောင်သည့်အဖွဲ့ကို ကြိုဆိုကြောင်း  TNLA သဝဏ်လွှာပို့

    သမ္မတရာထူး ယူထားသည့် မင်းအောင်လှိုင်နှင့် ၎င်းဦးဆောင်သည့်အဖွဲ့ကို ကြိုဆိုကြောင်း TNLA သဝဏ်လွှာပို့

    အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီး၊ နိုင်ငံတကာ၏ ထောက်ခံမှုကို အပြည့်အဝမရခဲ့သည့် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ခေါ်ကာ သမ္မတရာထူးကိုယူထားသည့် ၂၀၂၆ သမ္မတ မင်းအောင်လှိုင်နှင့် ၎င်းဦးဆောင်သည့် အရပ်သားသားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း တအာင်းတပ် TNLA က ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်သည်။

    “ဦးမင်းအာင်လှိုင်အား နိုင်ငံတော်သမ္မတတာဝန်ရွေးချယ်ခန့်အပ်ပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်” ဟု တအာင်းတပ်၏ ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်။

    ထို့ပြင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ‘ငြိမ်းချမ်းစွာ’ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ထားကြောင်းလည်း PSLF ၏ သဝဏ်လွှာတွင် ဖော်ပြသည်။

    “မြန်မာ့တပ်မတော်နဲ့အတူ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မြန်မာအစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းပြီး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာရန် အထူးမျှော်လင့်ထားပါကြောင်း” ဟု PSLF က ရေးသားထားသည်။

    PSLF /TNLA သည် ပြီးခဲ့သည့် ၂၀၂၃ နှင့်၂၀၂၄ ခုနှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေးကို ညီနောင်မဟာမိတ်များနှင့်အတူ ဦးဆောင်ဆင်နွှဲခဲ့ပြီး ရှမ်းမြောက်နှင့် မန္တလေးတိုင်းရှိ နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စသည့် မြို့ပေါင်းများစွာကို စစ်အုပ်စုတပ်လက်ထဲမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

    သို့သော်လည်း တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက်မှတဆင့် ကိုးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် စစ်အုပ်စုနှင့် အပစ်ရပ်လက်မှတ်ရေးထိုးခဲ့သည်။

    ထိုသို့ အပစ်ရပ်စဲပြီးနောက် TNLA သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းသိမ်းပိုက်ထားသည့် မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို အာဏာသိမ်းစစ်အုပ်စုတပ်ဆီ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ မြို့အချို့ကိုတော့ ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

    လက်ရှိတွင် TNLA သည် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့သည့် အဖွဲ့များထဲမှ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ထံ ပထမဆုံး ဂုဏ်ပြုသဝဏ်လွှာပေးပို့သည့် အဖွဲ့ဖြစ်လာပြီး၊ ၎င်းနည်းတူ အာဏာသိမ်းစစ်အုပ်စုနှင့် ကာလရှည်ကြာ အပစ်ရပ်ထားသည့် ‘ဝ’တပ်ဖွဲ့ (UWSA)နှင့် မိုင်းလားတပ်ဖွဲ့ (NDAA) တို့ကလည်း ၂၀၂၆ သမ္မတ မင်းအောင်လှိုင်ထံ ဂုဏ်ပြုသဝဏ်လွှာများ အသီးသီး ပေးပို့ထားကြသည်။