Category: News

  • မလေးရှားသို့ သွားရာလမ်းတွင် သေဆုံးသွားသူ ချင်းလူငယ်၏ရုပ်အလောင်း နေရပ်ပြန်သယ်နိုင်ရေးအတွက် မိသားစုဝင်များလိုက်သွား

    မလေးရှားသို့ သွားရာလမ်းတွင် သေဆုံးသွားသူ ချင်းလူငယ်၏ရုပ်အလောင်း နေရပ်ပြန်သယ်နိုင်ရေးအတွက် မိသားစုဝင်များလိုက်သွား

    မျှော်လင့်ချက်တွေနဲ့ ထွက်ခွာခဲ့ပေမယ့် အဆုံးသတ်မှာ ကြေကွဲခဲ့ရတဲ့ သူငယ်ချင်း (၄) ယောက်

    ​”မလေးရှားမှာ အလုပ်လုပ်ပြီး မိသားစုကို လုပ်ကျွေးမယ်” ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ့်ရပ်ကိုယ်ရွာကနေ အတူတူထွက်လာခဲ့ကြတဲ့ တီးတိန်မြို့နယ်က လူငယ်လေး (၄) ယောက်… ဒါပေမဲ့ လမ်းခုလတ်မှာတင် အောက်ဆီဂျင်ပြတ်လပ်ပြီး သူငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရပါတယ်။

    ​ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က မြန်မာပြည်ကနေ ထွက်ခွာလာပြီး လမ်းမှာ ပွဲစားကားက လူတွေကို အဆမတန် ပြည့်ကျပ်စွာ တင်ဆောင်လာတာကြောင့် လေဝင်လေထွက်မရဘဲ Tg. Pau Lam Kim တစ်ယောက် အသက်ရှူကျပ်ပြီး ကွယ်လွန်သွားခဲ့တာပါ။

    ​သူငယ်ချင်းတစ်ယောက် သေဆုံးသွားတာကို မြင်လိုက်ရတဲ့ Kap Lian Kim လည်း စိတ်ရှော့ခ်ဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကားသမားက တာဝန်မယူဘဲ သူတို့ကို လမ်းမှာ ပစ်ထားခဲ့တဲ့အတွက် အသက်ရှင်ကျန်ရစ်သူ သူငယ်ချင်း (၂) ဦးလည်း ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။

    ​ကွယ်လွန်သူ Tg. Pau Lam Kim ဟာ ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံး ဆုံးပါးသွားသူဖြစ်ပြီး အသက် (၁၇) နှစ်အရွယ် ညီမလေးတစ်ယောက်ပဲ ကျန်ရစ်ပါတော့တယ်။ လက်ရှိမှာ သူ့ရဲ့ ရုပ်အလောင်းကို ထိုင်းနိုင်ငံ၊ ဆောင်ခလာခရိုင်က Chana Hospital မှာ ထားရှိထားတယ်လို့ သိရပါတယ်။

    ​ဒီဖြစ်ရပ်ဟာ တရားမဝင်လမ်းကြောင်းကနေ သွားလာနေကြတဲ့ မြန်မာလုပ်သားတွေရဲ့ အသက်အန္တရာယ် ဘယ်လောက်ကြီးမားလဲဆိုတာ ပြသနေပါတယ်။ ပွဲစားတွေရဲ့ မသမာမှုနဲ့ တာဝန်မဲ့မှုကြောင့် လူငယ်လေးတစ်ယောက်ရဲ့ အနာဂတ်ဟာ လမ်းခုလတ်မှာတင် ပျောက်ဆုံးသွားခဲ့ရပါပြီ။

    ​ကျန်ရစ်သူ မိသားစုနဲ့ သူငယ်ချင်းများအတွက် ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။

    မလေးရှားသို့ သွားရာလမ်းတွင် သေဆုံးသွားသူ ချင်းလူငယ်၏ရုပ်အလောင်း နေရပ်ပြန်သယ်နိုင်ရေးအတွက် မိသားစုဝင်များလိုက်သွား

    အလောင်းနှင့်အတူကျစ်ရစ်ခဲ့သော သူငယ်ချင်းဖြစ်သူမှာ အချုပ်ထဲတွင်ထိန်းသိမ်းခံနေရဆဲ

    မလေးရှားနိုင်ငံသို့သွားရာ လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ဝမ်းနည်းဖွယ် ကွယ်လွန်သွား ခဲ့သည့် အသက် (၂၂) နှစ်အရွယ် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းအား နေရပ်ပြန်လည်သယ်ဆောင်နိုင်ရေး အတွက် မိသားစုဝင်တချို့ စီစဉ်ဆောင်ရွက်နေကြပြီဟုသိရသည်။

    လူအများ၏ စိတ်နှလုံးကို ထိခိုက်စေခဲ့သည့် ကြေကွဲဖွယ်ရာယခုဖြစ်စဉ်တွင် ကွယ်လွန်သူ၏ ရုပ်အလောင်းမှာ လက်ရှိ၌ ထိုင်းနိုင်ငံ ဆောင်ခလာ (Songkhla) ခရိုင်၊ ချားနားဆေးရုံ (Chana Hospital) တွင် ရှိနေဆဲဖြစ်ပြီး၊ ၎င်းရုပ်အလောင်းအား စွန့်ပစ်မထားဘဲ အတူရှိနေပေးသော သူငယ်ချင်းဖြစ်သူ အသက် (၂၀) အရွယ် Tg. Cin Pian Nang မှာလည်း အချုပ်ခန်း တွင် ထိန်းသိမ်းခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

    ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းသို့သွားရောက်မည့် ဆွေမျိုးနီးစပ်သူတစ်ဦးက “အခုထိ Kimpu(ကွယ်လွန်သူ) ရဲ့ သူငယ်ချင်းနဲ့ အဆက် အသွယ်မရသေးဘူး။ လောလောဆယ် သူ့သူငယ်ချင်းကတော့ ထောင်ထဲမှာ ထိန်းသိမ်းခံရတယ်။ ကျွန်တော်ရောက် မှပဲ ဘယ်လိုစီစဉ်ရမလဲဆိုတာ ဆုံးဖြတ်လို့ရမှာပါ။” ဟု ပြောသည်။

    လက်ရှိတွင် လေယာဉ်လက်မှတ်အခက်အခဲကြောင့် ချက်ချင်း လိုက်သွားရန်အဆင်မပြေသေးသော်လည်း လက်မှတ်ရရ ချင်း ဆွေမျိုးဖြစ်သူက ထိုင်းသို့သွားရောက်မည်ဟု သိရသည်။

    သေဆုံးသွားသူ Tg. Pau Lam Kimနှင့် သူငယ်ချင်းတို့မှာ မိသားစုစားဝတ်နေရေးခက်ခဲခြင်းအပြင် နေရပ်ဒေသတွင်း စစ်မှုထမ်းစုဆောင်းခံရခြင်းကြောင့် ပိုမိုကောင်းမွန်သော ဘဝကိုရှာရင်း ယခုကဲ့သို့ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်နှင့် ရင်ဆိုင် နေရခြင်းဟု သိရသည်။

    “ရွာထဲမှာ ရှိနေရင်လည်း ကျွန်တော်တို့ ရွာတွေဘက်မှာ လူငယ်တွေကို လိုက်စုဆောင်းတာတွေရှိတော့ ရွာမှာနေဖို့က သိပ်အဆင်မပြေတော့ဘူး။ နောက် စားဝတ်နေရေးအခက်ခဲကြောင့် ပိုကောင်းတဲ့ ဘဝကို ရှာချင်တာနဲ့ရယ် အဓိက ဒီ ၂ ချက်ကြောင့် ရွာကနေထွက်ပြီး မလေးရှားဘက် ထွက်ခွါသွားရတာပေါ့နော်။ အဲလိုနဲ့ လမ်းမှာအခုလို မော်တော်ယာဉ် စီးသွားရင်း အသက်ရှူမဝတော့ဘဲ ဆုံးသွားရှာတာ။ သူ့မှာ ညီမလေး တစ်ယောက်ပဲရှိတော့တာ။ သူ့မိဘတွေကလဲ သူတို့ငယ်ငယ်ကတည်းက ဆုံးသွားရှာပြီ။” ဟု အခြားဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

    ကွယ်လွန်သူ Tg. Pau Lam Kim သည် ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့သူဖြစ်ပြီး အသက် (၁၇) နှစ်အရွယ် ညီမဖြစ်သူတစ်ဦးနှင့်အတူ ဦးလေးဖြစ်သူထံတွင် ကြီးပြင်းခဲ့ရသူဖြစ်သည်။

    ၎င်းသည် ထိုင်းမှ မလေးရှားသို့ ကားဖြင့်ထွက်ခွါစဉ် ကားထဲတွင် လူများလွန်းသဖြင့် အသက်ရှူမဝဘဲ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာခရိုင်၊ တာပါစုန်ခလာ ရေသူမကမ်းခြေအနီးတွင် သူ၏ရုပ်အလောင်းကို ပွဲစားများက စွန့်ပစ်ရန် ကြိုးစား သော်လည်း သူငယ်ချင်းဖြစ်သူ Cin Pian Nang က အလောင်းကို မစွန့်လွှတ်ဘဲ ဖက်တွယ်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

    လက်ရှိတွင် ရုပ်အလောင်းကို ဆောင်ခလာခရိုင်ရှိ ချားနားဆေးရုံတွင် ခေတ္တထားရှိကြောင်း သိရပြီး ပွဲစားများဘက်က ရုပ်အလောင်းကို မြန်မာနိုင်ငံ၊ နေရပ်အိမ်အရောက် တာဝန်ယူပို့ဆောင်ပေးမည်ဟု ပြောဆိုထားကြောင်း ဆွေမျိုးနီးစပ်သူ တစ်ဦးပြောပြချက်အရ သိရသည်။

    ပုံစာ- “သေအတူ ရှင်မကွာ” မြင့်မြတ်တဲ့စိတ်ထားဖြင့် သူငယ်ချင်းဖြစ်သူ၏ ရုပ်အလောင်းကို ဖက်တွယ်ကျန်ရစ်ခဲ့သော Cin Pian Nang

  • သင်္ကြန်အတွင်း ကပစ ၁၆ ကာကင်းစခန်းများမှ တပ်သားများထွက်ပြေးမှုထိန်းမနိုင်သိမ်းမရဖြစ်နေ

    သင်္ကြန်အတွင်း ကပစ ၁၆ ကာကင်းစခန်းများမှ တပ်သားများထွက်ပြေးမှုထိန်းမနိုင်သိမ်းမရဖြစ်နေ

    အာရက္ခတပ်တော် (AA) ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေး ထိပ်တိုက်ရင်ဆိုင်နေရသည့်ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ကပစ ၁၆ အားလုံခြုံရေးယူထားသည့် မြန်မာစစ်တပ် ကာကင်းစခန်းများမှ သင်္ကြန်ကာလအတွင်းပြည်သူ့စစ်မှုထမ်း တပ်ဖွဲ့ဝင်များထွက်ပြေးမှုမှာထိန်းမနိုင်သိမ်းမရဖြစ်နေသည်ဟု သတင်းရရှိသည်။

    ယခုထွက်ပြေးမှုများသည်အာရက္ခတပ်တော်(AA)၏ သတင်းနှင့်ပြန်ကြားရေးမှ၂၀၂၆ ခုနှစ် ဧပြီ၁၁ရက်နေ့စွဲဖြင့်မြန်မာစစ်တပ်မှအနည်းဆုံးတပ်ဖွဲ့ဝင် ၁၅ဦး၏လက်နက်ချလာကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်းတွင်ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု တော်လှန်ရေးနှင့်နီစပ်သည့် သတင်းရင်းမြစ်က နိရဉ္စရာ​ သို့ပြောဆိုသည်။

    “ဒီဧပြီ ဒုတိယအပတ်မှာလည်း ထပ်မံထွက်ပြေးမူရှိနေတယ်။ထွက်ပြေးမှုက ထိန်းမနိုင် သိမ်းမရ ဖြစ်နေတယ်။ ထွက်ပြေးကြတာ။ တချို့က နီးစပ်ရာတော်လှန်ရေးတပ်တွေထံ အလင်းဝင်ရောက်မှုရှိနေတယ်။တချို့လည်းကိုယ်လွှတ်ရုန်း ထွက်ပြေးကြတယ်လို့ သိရပါတယ်” ဟု ပြောသည်။

    ယခုထွက်ပြေမှုများသည်ဧပြီလ ဒုတိယအပတ်မှစတင်ပြီး ပိုမိုများပြားလာသည်ဟု သိရသည်။

    ထွက်ပြေးကြသည့်စစ်သားများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ရောက်ရှိသွားပါကအသက်ချမ်းသာရာရသွားပြီး ထွက်ပြေးနေသူများကိုဝိုင်းပိတ်ဆို့ လိုက်ရှာနေသည့် စစ်တပ် စစ်ကြောင်းနှင့် တိုးလျှင် အသေပစ်သတ်ခံရသည်ဟု သိရသည်။

    “ပြည်သူ့စစ် တချို့တပ်ဖွဲ့ဝင်တွေက ဒေသခံမဟုတ်တဲ့ခါ လမ်းမသိဘူး။တချို့ဆိုလည်း သူတို့ကင်းပုန်းချထားတဲ့ စစ်ကြောင်းတွေနဲ့တိုးလို့ နှစ်ဖက်ပစ်ခတ်မူရှိတယ်။ ဖမ်းမိယင်တော့ အသေပစ်သတ်လိုက်တယ်လို့သိရတယ်”ဟုပြောသည်။

    ဧပြီပထမပတ်ကလည်းစစ်သား ၇ ယောက်တဖွဲ့၊ ၅ ယောက်တဖွဲ့၊၈ ယောက်တဖွဲ့ထွက်ပြေးနေကြပြီး ထိုအထဲက စစ်သား၁၀ ကျော်သည်လက်နက်ခဲယမ်းများအတူ အလင်းဝင်ရောက်မူရှိခဲ့သည်ဟုသိရသည်။

    “ စစ်တပ်က အတင်းအဓမ္မစုဆောင်းထားတဲ့ ပြည်သူ့စစ်တွေဟာ ကပစ ၁၆ ရဲ့အဓိက ကာကင်းတွေဖြစ်တဲ့ ရှေ့တန်းစခန်းတွေကို သင်တန်းဆင်းခါစပို့ဆောင်ခံထားရပြီး အဲဒီစခန်းတွေမှာ ခွဲခြားဆက်ဆံခံနေရတဲ့အတွက်ထွက်ပြေးကြတာ။ ပြီးရင် တပ်သားသစ်တွေကို နဖူးတို့၊ ပါးတို့မှာ တပ်ပြေးဆိုပြီး တက်တူးတွေ ထိုးတဲ့အပေါ်မှာလည်း တပ်သားသစ်တွေက တော်တော်မကျေနပ်ဖြစ်နေကြတယ်”ဟု ပြောဆိုသည်။

    ၎င်းပြင်ကပစ (၁၆)လုံခြုံရေး ယူပေးထားသည့် လေးမိုင်ဝန်းကျင်ရှိကာကင်းစခန်းများတွင် နေ့တိုင်း အလုပ်ကြမ်းများ စေခိုင်းစေမှု၊ အချိန် အကြာကြီး ကင်းစောင့်ရမှု၊ အစားအစာမလုံလောက်မှု၊ တော်လှန်ရေးဖက်က ဝိုင်းဝန်းပိတ်ဆိုထားပြီးစနိုက်ဘာ ပစ်ခတ်၍နေ့စဉ်သေဆုံးမှုများရှိနေကြသဖြင့်တပ်သားသစ်များ ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း သိရသည်။

    AA ပူးပေါင်းတော်လှန်ရေးတပ်နှင့် စစ်ကော်မရှင်တို့သည် ညောင်ကျိုးပတ်ဝန်းကျင်နှင့်ကပစ(၁၆) ပတ်ဝန်းကျင်တို့တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများနေ့စဉ်လိုလိုဆက်ဖြစ်လျှက်ရှိနေပြီးမြန်မာစစ်တပ်သည်သူတို့ မျှော်လင့်သလို ရခိုင်ရိုးမပေါ်မရောက်နိုင်သည့်အပြင် ညောင်ကျိုးကိုတောင် ပြန်သိမ်းပိုက်နိုင်ခြင်း မရှိသေးဟု သိရသည်။

  • လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား တိုက်ခိုက်သိမ်းပိုက်

    လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား တိုက်ခိုက်သိမ်းပိုက်

    လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား တိုက်ခိုက်သိမ်းပိုက်သည့်တိုက်ပွဲတွင် ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်းလည်း ပါဝင်

    ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား ဧပြီလ (၄) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ (၇) ရက်နေ့ နံနက် (၀၅:၀၀) နာရီ အချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ လက်ယက်စခန်းသိမ်းတိုက်ပွဲတွင် ရန်သူသေဆုံးအလောင်း (၈) လောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ (၃၀) ဦးတို့ရှိခဲ့သည်။

    စခန်းသိမ်းတိုက်ပွဲပြီးနောက် တပ်ကူပေးရန်ရောက်ရှိလာသော ရန်သူ့တပ်ကူစစ်ကြောင်းများနှင့် စခန်းစွန့်ခွါထွက်ပြေးသော ရန်သူများအား လိုက်လံချေမှုန်းခဲ့ရာ ရန်သူသေဆုံး (၁၄) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၉) ဦးရှိခဲ့ပြီး MA1 ၃ လက်၊ MA11 ၄ လက်၊ MA4 ၁ လက်၊ ၅.၅၆ (ကပစ) ကျည် ၇၉၆ တောင့်၊ စက်လက်ကျည် ၆၀၀ တောင့်၊ RPG ဗုံးသီး ၈ လုံး၊ RPG ပို့ယမ်း ၆ တောင့်၊ ၆၀ မမ ၁ လက်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊ အီနာဂါ ၁ လုံး၊ နင်းမိုင်း ၁၅ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ ကပ်သီး ၅ ခု၊ မီးကြိုးခွေ ၁ ခွေ၊ MA11 ကျည်ဘောက် ၇ ဘောက်၊ ကျည်ကာဦးထုပ် ၇ လုံး၊ ကျည်ကာ ၅ စုံ၊ လွယ်အိတ် ၁၀ လုံး၊ ဆေးအိတ် ၁ လုံး၊ Jammer အကြီး ၂ လုံး၊ မီးစက် ၂ လုံးနှင့် အင်ဗာတာ ၁ လုံး တို့သိမ်းဆည်းရမိခဲ့သည်။

    အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှု​အောက်ရှိ အမှတ် (၅၁၀၁) တပ်ရင်း၊ အမှတ် (၅၁၀၂) တပ်ရင်းနှင့် အမှတ် (၅၁၀၃) တပ်ရင်းတို့ပါဝင်ခဲ့ပြီး အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့နှင့် KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) တို့မှ ပူး​ပေါင်း၍တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    လက်ယက်စခန်းကုန်း(ပွိုင့် ၁၂၈ စခန်း)အား အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်လွှင့်တင်နိုင်ခဲ့သည့် ပုံရိပ်များကို အများပြည်သူသိစေရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

    ရန်ကုန် ပကဖ

  • မင်းအောင်လှိုင် တပ်ရင်းမှူးဘ၀ ဦးဆောင်ခဲ့တဲ့ စခန်းသိမ်းရဟု KNU ထုတ်ပြန်

    မင်းအောင်လှိုင် တပ်ရင်းမှူးဘ၀ ဦးဆောင်ခဲ့တဲ့ စခန်းသိမ်းရဟု KNU ထုတ်ပြန်

    လူထုအာဏာမတရားရယူထားတဲ့ စစ်ရာဇဝတ်သား မင်းအောင်လှိုင် တပ်ရင်းမှူးဘ၀ ဦးဆောင်ခဲ့တဲ့ စခန်းသိမ်းရဟု KNU ထုတ်ပြန်

    အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ယခုအခါအရပ်ဖက်အစိုးရအသွင်သစ်ဖြင့် ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့ စစ်ရာဇဝတ်သားမင်းအောင်လှိင် တပ်ရင်းမှူးအဆင့် ရာထူးရှိချိန်က ဦးဆောင်ခဲ့တဲ့ ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

    ဘီးလင်းမြို့နယ်က လေးကေတပ်စခန်းကို ဧပြီ ၁၂ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ရာ KNUက ဒီကနေ့မှာ စခန်းသိမ်းပိုက်နိုင်မှု သတင်းကို ဖော်ပြလာတာပါ။

    ဒီလို ဖော်ပြရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိင်က အခုအခါ လူထုအာဏာ မတရားရယူထားတဲ့ အခြေအနေကိုလည်း အထက်ပါအတိုင်း မီးမောင်းထိုး ဖော်ပြထားတာပါ။

    လေးကေတပ်စခန်းကို KNLA ပူးပေါင်းတပ် ဧပြီ ၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ ၆ရက်မြောက်နေ့မှာ စခန်းသိမ်းနိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် တပ်သားအချို အရှင်ဖမ်းမိခဲ့ပါတယ်။ လက်နက်အချိုလည်း သိမ်းရခဲ့ပါတယ်။

    အဲဒီ စခန်းမှာ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ ခမရ (၂) အခြေချနေတာဖြစ်ပါတယ်။

    လေးကေတပ်စခန်းဟာ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ သထုံခရိုင်(ဒူးသထူခရိုင်) ဘီးလင်းမြိုနယ်အတွင်း ၁၉၇၉ ခုနှစ်ကတည်းက စစ်အုပ်စုက အခြေချတာဖြစ်ပြီး နှစ်ပေါင်း ၄၇ နှစ် အကြာမှာ KNUကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

    စစ်ဆင်ရေးဆောင်ရွက်မှု အခြေအနေကို အသိပေးထားရာ ဧပြီ ၇ရက်နေ့ကနေ ၉ရက်နေ့အထိ ပြောက်ကျားတိုက်ခိုက်ခဲ့ပြီး ၁၀ရက်နေ့မှာ စခန်းသိမ်းထိုးစစ် အရှိန်မြှင့်ခဲ့တာလို ဆိုပါတယ်။

    စစ်ကောင်စီက တပ်စခန်းမကျရေး တိုက်လေယာဉ် Y12 လေယာဉ်တွေနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။

    စခန်းသိမ်းတိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုများရှိခဲ့ပြီးပြီး စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူလူထုအိုးအိမ်နဲ့ ပစ္စည်းဥစ္စာများလည်း ထိခိုက်မှုအများအပြားရှိခဲ့ဟု KNUက သတင်းထုတ်ပြန်ထားပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း လေးကေစခန်းသိမ်းတိုက်ပွဲသတင်းထုတ်ပြန်ထားရာ စခန်းသိမ်းစစ်ဆင်ရေးမှာ KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ၊ ရောင်နီဒရုန်းတပ်ဖွဲ၊ Cloud Wings ဒရုန်းတပ်ဖွဲ၊ FFDF ဒရုန်းတပ်ဖွဲ၊ Rangoon Warriors ဒရုန်းတပ်ဖွဲ ၊ KRF ဒရုန်းတပ်ဖွဲတို ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ဟု အသိပေးထားပါတယ်။

    လေးကေစခန်းက ဖင်ပြောင် တပ်ရင်းမှုး

    PDF တိုင်းကွပ်ကဲရေးမှူး ကိုအောင်စံရှား ပြောပြတာ။

    လေးကေစခန်းက ဖမ်းမိတဲ့ စစ်ကောင်စီ တပ်ရင်းမှူးရဲ့ အဖြစ်။

    “တပ်ရင်းမှူးက သနားစရာပါ…

    ကျွန်တော်တို့ဖမ်းမိတော့ အဝတ်ဗလာနဲ့… သူကမထနိုင်ဘူး… ဒရုန်းဗုံးသီးထိထားလို့ဒဏ်ရာတွေနဲ့။

    သူ့ကို သူ့တပည့်တွေကထားပြီး ထွက်ပြေးသွားတာသိပုံမရဘူး…

    ကျွန်တော်တို့ တက်လုံးတော့မှ သူသိတယ်…”

    “PDF တက်လုံးပြီဆိုတော့မှ အလံဖြူထောင်ဖို့ တုတ်လေးနဲ့ အဝတ်စလေးနဲ့ ကြိုးစားချည်နေသေးတယ်…

    ဒါပေမဲ့ မထောင်လိုက်ရဘူး…

    ဖင်ပြောင် လျက်သား ခွေခွေလေး …

    ကျွန်တော်တို့ ဘောင်းဘီတထည်ရှာပြီး ဝတ်ပေးလိုက်ရတယ်…

    ပြီးတော့ ငိုတယ်…”

    Nay Min Thar

  • မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး

    မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး

    မြန်မာနိုင်ငံတွင် ၁ လအတွင်း ဆန်၊ဆီ ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း မြင့်တက်လာဟု WFP သတိပေး၊ ပြည်တွင်း ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်မည်

    အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းတွင်လည်း ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တစ်လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။

    ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်ကာ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ၁ လအတွင်း ၁၉ ရာခိုင်နှုန်းခန့်အထိ ထိုးတက်သွားကြောင်း သိရှိရသည်။

    လက်ရှိ ရန်ကုန်ခေတ်သစ်၏ စျေးကွက်အတွင်း စုံစမ်းချက်အရ ဆန်ကြမ်း (ဆင်းသွယ်၊ ရက် ၉၀) တစ်ပြည်လျှင် ၃,၅၀၀ ကျပ်မှ ၄,၀၀၀ ကျပ်၊ ဆန်ချော ဖျာပုံပေါ်ဆန်း တစ်ပြည်လျှင် ၇,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်နှင့် ရွှေဘိုပေါ်ဆန်း ရှယ်တစ်ပြည်လျှင် ၁၀,၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနေသည်။

    သားငါးများအနေဖြင့်လည်း CP ကြက်သား တစ်ပိဿာလျှင် ငွေ ၃၅,၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈,၀၀၀ မှ ၄၀,၀၀၀ ကျပ်၊ ငါးကြင်း ၁ ပိဿာလျှင် ၃၀,၀၀၀ ကျပ် နှင့် ဆိတ်သားမှာ တစ်ပိဿာလျှင် ၁ သိန်းခွဲအထိ စံချိန်တင် မြင့်တက်နေသည်။

    ပြင်ပစျေးကွက်တွင် စားအုန်းဆီ တစ်ပိဿာ ၁၈,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်ကြားရှိနေပြီး ပဲဆီမှာ တစ်ပိဿာလျှင် ၃၂,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

    လက်ရှိ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ 92 တစ်လီတာ ၄,၇၃၅ ကျပ်၊ 95 တစ်လီတာ ၄,၉၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၆,၄၈၅ ကျပ်နှင့် ပရီမီယံဒီဇယ်မှာ ၇,၇၅၅ ကျပ်အထိ မြင့်တက်နေသည်။

    UMFCCI မှ စီးပွားရေးသမားတစ်ဦးက “စက်သုံးဆီအရေး မပြေလည်ရင် သင်္ကြန်ပြီးတာနဲ့ ဈေးတွေ ဆတိုးထပ်တက်မယ့် အခြေအနေ မြင်ရတယ်။ တစ်ကမ္ဘာလုံး ဖြစ်တာဆိုပေမယ့် ကိုယ့်နိုင်ငံက စီးပွားရေးအခြေခံ မကောင်းတော့ ပိုပြီးခံရမယ့် အခြေအနေ ဖြစ်နေတယ်” ဟု သုံးသပ်ထားသည်။

    WFP အနေဖြင့် ယခုကဲ့သို့ ကုန်ဈေးနှုန်းကြီးမြင့်မှုဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေပြီး ဝမ်းရေးအခက်အခဲဖြစ်နေသော မိသားစုများ စားနပ်ရိက္ခာ လုံလောက်စွာရရှိစေရန်အတွက် လက်ရှိပေးအပ်နေသော အကူအညီများကို အခြေအနေနှင့်အညီ ပုံစံပြောင်းလဲကာ ဆက်လက်ပံ့ပိုးပေးသွားရန် အသင့်ပြင်ဆင်ထားကြောင်း WFP က သတင်းထုတ်ပြန်ထားသည်။

    အီရန်စစ်ပွဲနောက်ဆက်တွဲ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှု ကြာရှည်ပါက ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ ‘ကပ်ဘေး’ ဆိုက်နိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က လည်း ယနေ့ သတိပေးသည်။

    စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သော သွင်းအားစုများ တင်ပို့မှု ပြတ်တောက်နေခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာပြီး စားနပ်ရိက္ခာ ငွေဖောင်းပွမှုဒဏ်ကို ခံရနိုင်ခြေ ရှိနေကြောင်း သိရှိရသည်။

    အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် အလွန်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ သွားလာ၍မရဘဲ ပိတ်ဆို့နေခြင်းကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းသည် “ကပ်ဘေး” အသွင်သို့ ကူးပြောင်းသွားနိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က အလေးအနက် ပြောဆိုသည်။

    လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများမှာ လက်ကျန်အဟောင်းများ ရှိနေသေးသဖြင့် သိသိသာသာ မြင့်တက်လာခြင်း မရှိသေးသော်လည်း ရေလက်ကြား ဖြတ်သန်းသွားလာမှုများ အမြန်ဆုံး ပြန်မစနိုင်ပါက လာမည့် ၂၀၂၇ ခုနှစ်အထိ စွမ်းအင်နှင့် မြေသြဇာဈေးကွက်များအပေါ် ရိုက်ခတ်ကာ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာလိမ့်မည်ဟု FAO ၏ စီးပွားရေးပညာရှင်များက ဆိုသည်။

    FAO ၏ အချက်အလက်များအရ ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသော သွင်းအားစု (Agrifood inputs) ၂၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းအထိသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း၍ တင်ပို့နေရခြင်း ဖြစ်သည်။

    FAO မှ ညွှန်ကြားရေးမှူး David Laborde က “ကျွန်တော်တို့ အခု သွင်းအားစု အကျပ် အတည်းနဲ့ ရင်ဆိုင်နေရပါပြီ၊ ဒါကို ကပ်ဘေးအဆင့်ထိ မရောက်သွားစေချင်ဘူး။ ဒါဟာ ကျွန် တော်တို့ ဘယ်လိုအရေးယူ ဆောင်ရွက်မလဲဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်” ဟု ပြောကြားခဲ့သည်။

    ကမ္ဘာပေါ်တွင် အသုံးအများဆုံး မြေသြဇာဖြစ်သည့် ယူရီးယား (Urea) ရောင်းဝယ်မှု၏ ထက်ဝက်နီးပါးကို ပင်လယ်ကွေ့နိုင်ငံများမှ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တင်ပို့နေခြင်း ဖြစ်သည်။

    ယခုအခါ သဘာဝဓာတ်ငွေ့ ပြတ်တောက်မှုနှင့် သင်္ဘောများ သွားလာမရမှုကြောင့် ပင်လယ်ကွေ့ဒေသရှိ မြေသြဇာစက်ရုံများမှာ ပိတ်သိမ်းရခြင်း သို့မဟုတ် ထုတ်လုပ်မှု လျှော့ချရခြင်းများ ကြုံတွေ့နေရသည်။

    အကယ်၍ ရေလက်ကြား ဆက်လက်ပိတ်နေပါက တောင်သူလယ်သမားများသည် မြေသြဇာ အနည်းငယ်ဖြင့်သာ စိုက်ပျိုးကြရတော့မည်ဖြစ်ပြီး ယင်းက ထွက်နှုန်းကို လျော့ကျစေကာ ကုန်ဈေးနှုန်းများကို မြင့်တက်စေမည် ဖြစ်သည်။ အထူးသဖြင့် ဆင်းရဲသောနိုင်ငံများသည် စိုက်ပျိုးရာသီ နောက်ကျခြင်းနှင့် သွင်းအားစု ရှားပါးခြင်းဒဏ်ကို အဆိုးရွားဆုံး ခံစားရနိုင်သည်ဟု သိရသည်။

    ဓာတ်ပုံ- AFP။