Category: News

  • ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် APHR တောင်းဆို၊ “Proof of Life” ကမ်ပိန်းကို ထောက်ခံ

    ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် APHR တောင်းဆို၊ “Proof of Life” ကမ်ပိန်းကို ထောက်ခံ

    အာဆီယံထိပ်သီးအစည်းအဝေး(၄၈ ကြိမ်မြောက်)အတွက် အာဆီယံခေါင်းဆောင်များ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ စုဝေးကြစဉ် မြန်မာတွင် စစ်အုပ်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က တောင်းဆိုလိုက်သည်။

    အာဆီယံအဖွဲ့ကြီးအနေဖြင့်လည်း ကြီးထွားလာနေသော နိုင်ငံတကာ၏ တောင်းဆိုမှုများတွင် ပူးပေါင်းပါဝင်ရန် APHR က တိုက်တွန်းသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၊ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တပ်ခ်တို့နှင့်အတူ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံ အပါအဝင် အစိုးရအသီးသီးကလည်း တောင်းဆိုထားကြသည်။

    ထိပ်သီးအစည်းအဝေး မစတင်မီ လေးရက်အလို ဧပြီ ၃၀ ရက်နေ့တွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ သတ်မှတ်နေအိမ်တခုသို့ စစ်အုပ်စုက ပြောင်းရွှေ့လိုက်ခြင်းမှာ ထိုတောင်းဆိုချက်များကို ဖြည့်ဆည်းပေးရာ မရောက်ဟု APHR က ပြောသည်။

    ထိုလုပ်ဆောင်ချက်က နိုင်ငံတကာ၏ ပြင်းထန်သော စောင့်ကြည့်စစ်ဆေးမှုများအကြား ဖိအားများကို လွှဲဖည်ရန်နှင့် သံတမန်ရေးအရ အမှတ်ယူရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု APHR က ရှုမြင်သည်။

    ထို့ပြင် APHR အနေဖြင့် ‘Proof of Life’ (သက်ရှိထင်ရှားရှိကြောင်း သက်သေပြရေး) လှုပ်ရှားမှုကို ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အခြေအနေများကို အတည်ပြုရန် အရေးတကြီး လိုအပ်နေကြောင်း အလေးထား ပြောသည်။ ထိုလှုပ်ရှားမှုကို ဦးဆောင်နေသည့် သားဖြစ်သူ ကင်မ်အဲရစ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက မိခင်ဖြစ်သူနှင့် တိုက်ရိုက်ဆက်သွယ်ခွင့် မရရှိထားပေ။

    ထို့ပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုခဲ့မှုကို APHR က ကြိုဆိုလိုက်ပြီး ထိုတောင်းဆိုချက်ကို အာဆီယံတဖွဲ့လုံး၏ စုပေါင်းရပ်တည်ချက်အဖြစ် မြှင့်တင်ရန် တိုက်တွန်းသည်။

    ဘုံသဘောတူညီချက် ငါးချက်အရ မြန်မာစစ်အုပ်စုအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်သော်လည်း ထိုသဘောတူညီချက်ကို ချမှတ်ခဲ့သည်မှာ ငါးနှစ်ကြာ ရှိလာသော်ငြား မြန်မာနိုင်ငံ၏ နောက်ဆုံး လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီ၏ ခေါင်းဆောင်နှင့် တွေ့ဆုံရန် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို တကြိမ်တခါမျှ ခွင့်မပြုခဲ့ဟု APHR က ပြောသည်။

  • ဝန်ထမ်းအမျိုးသမီးကို ရိုက်နှက်သတ်ခဲ့သည့် ပီတာဘားပိုင်ရှင်ကို တုံတာတွင် ဖမ်းမိ

    ဝန်ထမ်းအမျိုးသမီးကို ရိုက်နှက်သတ်ခဲ့သည့် ပီတာဘားပိုင်ရှင်ကို တုံတာတွင် ဖမ်းမိ

    ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်ကို Tip (မုန့်ဖိုး) ရသည့်ကိစ္စ မပြောပြသဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ပီတာဘားပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို ကျိုင်းတုံခရိုင်၊ တုံတာမြို့ နယ်မြေရဲစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအနေဖြင့် နောင်တရသဖြင့် လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

    “ဒီနေ့ပဲ တောင်ကြီးကို ပို့မယ်ကြားတယ်။ အမှုက တောင်ကြီးမှာ ဖြစ်တာဆိုတော့ အဲဒီကိုပဲ ပြန်ပို့မှာပါ” ဟု တုံတာရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    အောင်မျိုးသူ (ခ) ပီတာသည် မေလ ၄ ရက် ညပိုင်းက တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ၎င်းဖွင့်လှစ်ထားသည့် “Peter” ဘားနှင့် စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေကို ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

    သေဆုံးသူ မဖူးပွင့်ဝေမှာ အင်းလေးဒေသ၊ မင်းချောင်းအလယ်ရွာမှ လာရောက်လုပ်ကိုင်နေသူ ဖြစ်သည်။

    ဧည့်သည်တစ်ဦးက မဖူးပွင့်ဝေကို ပေးခဲ့သည့် မုန့်ဖိုးငွေ ၅,၀၀၀ ကျပ်အား ဆိုင်ပိုင်ရှင်ကို အသိမပေးခြင်းကြောင့်ဟုဆိုကာ အောင်မျိုးသူက ဒေါသထွက်ပြီး လက်သီးဖြင့်ထိုးခြင်း၊ ဦးခေါင်းကို စားပွဲနှင့် ဆောင့်ရိုက်ခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းစသည့် ပြင်းထန်သော ရိုက်နှက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

    ရိုက်နှက်ဒဏ်ရာများကြောင့် ဦးနှောက်သွေးကြောပေါက်ကာ သေဆုံးခဲ့ကြောင်း ခွဲစိပ်ဆရာဝန်ကြီးက အတည်ပြုထားသည်။

    ပြစ်မှုကျူးလွန်သူသည် သေဆုံးသူ၏ အလောင်းအား သုဿာန်သို့ တိတ်တဆိတ် ပို့ဆောင်ရန် စီစဉ်နေစဉ်အတွင်း တိုင်ကြားမှုကြောင့်သာ ရဲတပ်ဖွဲ့က သိရှိခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

    ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ၏ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများစွာ တွေ့ရှိခဲ့ရသည်။

  • မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော်လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့် သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြဆဲဟု အပြစ်တင်

    မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော်လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့် သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြဆဲဟု အပြစ်တင်

    မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော်လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့် သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြဆဲဟု အပြစ်တင်

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူဦးဆောင်သော အစိုးရမှာ ပြည်သူက ရွေးချယ်ထားသော အစိုးရဖြစ်သော် လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု၊ ကန့်သတ်မှုနှင့် ဖိအားပေးမှုများ လုပ်ဆောင်နေကြကြောင်း အပြစ်တင်ပြောဆိုသည်။

    ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။

    မင်းအောင်လှိုင်က ၎င်းတို့ အစိုးရသည် ပြည်သူက ရွေးချယ်ထားသော အစိုးရဖြစ်ကြောင်း ၊ သို့ရာတွင် အချို့သောနိုင်ငံများက ပြည်သူများကရွေးချယ်ထားသည့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ တာဝန်ထမ်းဆောင်နေသည့်မိမိတို့အစိုးရအပေါ်၌ ကန့်သတ်မှုများ၊ စီးပွားရေး ပိတ်ဆို့မှုများကို ဖိအားပေး လုပ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုကြောင်း အပြစ်တင် ပြောဆိုသည်။

    မင်းအောင်လှိုင် သူ့အစိုးရမှာ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုမှ ၎င်းတို့၏စိတ်သဘောဆန္ဒများအလျောက် ဆန္ဒမဲပေးရွေးချယ်ပြီး ထွက်ပေါ်လာခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များမှ ရွေးကောက်တင်မြှောက်ထားသည့် ရွေးကောက်ခံအစိုးရအဖွဲ့ဖြစ်ကြောင်း ပြောဆိုသည်။

    မင်းအောင်လှိုင်က ထိုသို့ ပြောဆိုချိန်မှာ အာဆီယံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်ဝန်ကြီးများကို ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ခွင့်မပေးဘဲ ပိတ်ပင်ထားချိန်လည်းဖြစ်သည်။

    မေလ ၇ ရက်နေ့မှ မေလ ၉ ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မင်းအောင် လှိုင်နှင့် ဝန်ကြီးများကို အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက တက်ခွင့်မပေးဘဲ နိုင်ငံရေးကိုယ်စားမပြုသူကိုသာ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခွင့်ပေးသည်။

    အခြားတစ်ဖက်တွင်လည်း ၂၀၂၁ ခုနှစ်မှစတင်၍ စစ်အာဏာသိမ်းခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်နှင့်အဖွဲ့ကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ နိုင်ငံ့အကြီးအကဲ နေရာတွင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် အသိအမှတ်ပြုထားသည်။

    ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာက မင်းအောင်လှိုင်နှင့် စစ်တပ်ကို စစ်အာဏာသိမ်းခဲ့ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြသော ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ပြည်သူလူထုအပေါ် လေ ကြောင်းတိုက် ခိုက် ဗုံးကျဲသတ်ဖြတ်နေခြင်းတို့ကြောင့် စီးပွားရေးပိတ်ဆို့မှု၊ သံတမန်ရေး အဆင့်နှိမ့်ချမှု၊ ကန့်သတ်မှု နှင့်ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

  • အာကာသမှ သတိထား မြင်နိုင်လောက်သည်အထိ လျင်မြန်စွာ နိမ့်ဆင်းနေသည့် မက္ကဆီကိုစီးတီး

    အာကာသမှ သတိထား မြင်နိုင်လောက်သည်အထိ လျင်မြန်စွာ နိမ့်ဆင်းနေသည့် မက္ကဆီကိုစီးတီး

    မက္ကဆီကိုနိုင်ငံ၏ မြို့တော်မက္ကဆီကိုစီးတီးသည် အာကာသမှပင် မြင်တွေ့နိုင်လောက်သည်အထိ စိုးရိမ် ဖွယ်ရာနှုန်းထားဖြင့် လျင်မြန်စွာ နိမ့်ဆင်းနေသည်။

    အလွန်အစွမ်းထက်သော NASA ရေဒါစနစ်မှ ရရှိသည့် ပုံရိပ်များအရ တလလျှင် ၀ ဒသမ ၅ လက်မထက် မနည်း နိမ့်ဆင်းနေပြီး၊ မက္ကဆီကိုစီးတီးသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး နိမ့်ဆင်းနေသည့် မြို့တော် တခု ဖြစ်လာနေသည်။

    ကမ္ဘာ့အကြီးဆုံး မြို့ကြီးများထဲတွင် ပါဝင်ပြီး၊ လူဦးရေထူထပ်သော မဟာမြို့ကြီးသည် မြင့်မားသည့် ကုန်းမြင့်ပေါ်ရှိ အိုင်တခုကို ဖြတ်သန်းတည်ရှိနေပြီး ရှေးဟောင်းမြေအောက်ရေအောင်း လွှာတခုပေါ် တွင် တည်ရှိနေသည်။ ယင်းရေအောင်းလွှာသည် မြို့နေလူဦးရေ ၂၂ သန်းအတွက် သောက်သုံးရေ ၆၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးထားသည်။

    နှစ်ပေါင်းများစွာအတွင်း ယင်းမြေအောက်ရေအောင်းလွှာမှ ရေများကို အလွန်အကျွံထုတ်ယူသုံးစွဲခဲ့ခြင်း ကြောင့် မြေမျက် နှာပြင်မှာ နိမ့်ဆင်းလာခဲ့ရသည်။ ထိုသို့ အလွန်အကျွံ ထုတ်ယူသုံးစွဲသည့် မက္ကဆီကို စီးတီးမြို့တွင် ရေပိုက်များမှ ရေမထွက်တော့သည့် ရေရှည်ရေပြဿနာနှင့် ရင်ဆိုင်ရခြေရှိနေသည်။

    မြို့၏ လျင်မြန်စွာ နိမ့်ဆင်းမှုကို စဉ်ဆက်မပြတ်မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများက ပိုမိုဆိုးရွားစေခဲ့ပြီး အခြေခံအဆောက်အအုံအသစ်များသည် ရွှံ့စေးမြေလွှာအပေါ်တွင် အပိုအလေးချိန်များ ဖြစ်ပေါ်စေခဲ့ သည်။

    မက္ကဆီကိုစီးတီး၏ မြေနိမ့်ဆင်းမှုကို ၁၉၂၀ ပြည့်နှစ်များကတည်းက စတင်မှတ်တမ်းတင်ခဲ့ပြီး၊ ထိုအချိန် မှစ၍ မြို့နေလူထုမှာ လမ်းများအက်ကွဲခြင်း၊ အဆောက်အအုံများ စောင်းသွားခြင်းနှင့် ရထားလမ်းစနစ် များ ပျက်စီးခြင်းစသည့် ဆိုးကျိုးများကို ကြုံတွေ့ခဲ့ရသည်။

    NASA နှင့် အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO) တို့ ပူးပေါင်းဆောင်ရွက်သည့် NISAR ဂြိုဟ်တုမှ ရရှိသော ပုံရိပ်အသစ်များတွင် ယင်းပြဿနာ၏ အတိုင်းအတာကို အံ့အားသင့်ဖွယ် အသေးစိတ်အချက်အ လက်များဖြင့် ဖော်ပြနေသည်။

    NISAR ကို ကမ္ဘာမြေပေါ်ရှိ အရှုပ်ထွေးဆုံး ဖြစ်စဉ်အချို့ကို မြေပုံဖော်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး မြေနိမ့်ဆင်းမှုကဲ့သို့သော သိမ်မွေ့သည့် လှုပ်ရှားမှုများကိုပါ ခြေရာခံနိုင်စွမ်းရှိသည်။ NASA ၏ အဆိုအရ ယင်းသည် အာကာသထဲသို့ လွှတ်တင်ခဲ့သမျှတွင် အစွမ်းထက်ဆုံး ရေဒါစနစ်များထဲမှ တခုဖြစ်သည်။

    ၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မက္ကဆီကိုစီးတီး၏ နွေရာသီကာလ တွင် NISAR သည် မြို့အောက်ရှိ မြေမျက်နှာပြင် လှုပ်ရှားမှုကို မြေပုံဖော်ခဲ့သည်။ ရှာဖွေတွေ့ရှိချက်များ အရ မြို့တော်၏အချို့နေရာများသည် တလလျှင် ၀ ဒသမ ၈ လက်မနှုန်းဖြင့် နိမ့်ဆင်းနေပြီး၊ တနှစ်လျှင် ၉ ဒသမ ၅ လက်မထက်မနည်း နိမ့်ဆင်းနေသည်။ အဆိုးရွားဆုံး နေရာများထဲတွင် မြို့၏ အဓိက လေဆိပ်ဖြစ်သော Benito Juarez အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ပါဝင်သည်။

    မြို့၏ အထင်ကရနေရာတခုကလည်း မြေနိမ့်ဆင်းမှု၏ သက်ရောက်မှုကို ဖော်ပြနေသည်။ ၁၉၁၀ ပြည့် နှစ်တွင် မက္ကဆီကိုလွတ်လပ်ရေး နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည့် ပေ ၁၁၄ မြင့်သော လွတ်လပ်ရေး နတ်မိမယ်ကျောက်တိုင်အောက်ရှိ မြေပြင်နိမ့်ဆင်းသွားသောကြောင့် အောက်ခြေတွင် လှေကားထစ် ၁၄ ထစ် ထပ်မံဖြည့်ခဲ့ရသည်။

    “မြေနိမ့်ဆင်းမှုနဲ့ ပတ်သက်ရင် မက္ကဆီကိုစီးတီးဟာ ထင်ရှားတဲ့ နေရာတခုဖြစ်ပြီး အခုလို ပုံရိပ်မျိုးတွေ က NISAR အတွက် အစပဲ ရှိပါသေးတယ်” ဟု NISAR သိပ္ပံအဖွဲ့ဝင် ဒေးဗစ် ဘီကာ့တ်က ပြောကြားခဲ့ သည်။

    ယင်းဂြိုဟ်တုသည် ရေခဲမြစ်များ ရွေ့လျားမှု၊ သီးနှံများ ကြီးထွားမှုနှင့် မီးတောင်ပေါက်ကွဲခြင်းကဲ့သို့သော သဘာဝဘေး အန္တရာယ်များကိုလည်း ခြေရာခံနိုင်စွမ်း ရှိသည်။

    CNN မှ One of the planet’s biggest cities is sinking so rapidly it’s visible from space အား သောမတ်ဘာသာပြန်သည်။

  • စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော လက်လုပ်သေနတ် ကိုင်ဆောင်သည့် စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှပ်နေသော လက်လုပ်သေနတ် ကိုင်ဆောင်သည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ

    ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ပြောဆိုသည်။

    မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ဝိုင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကျော်ဦးသည် ပြည်တော်အေးရွာမှ အောင်ဇော်၏ နေအိမ်ကို ရောက်ရှိနေစဉ်

    သာယာဝတီခရိုင်၊ တပ်ရင်း၃၈၀၂၊ တပ်ခွဲ-၄ မှ ရဲဘော်များက ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း လက်လုပ်သေနတ်ဖြင့် ပြန်လည် ခုခံခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    သေဆုံးသွားသော စစ်တပ် ဒေါက်တိုင် ကျော်ဦးနှင့် အောင်ဇော်တို့သည် အကြမ်းဖက် စစ်တပ် စစ်ကြာင်းထိုးရန် လှုံ့ဆော်ခြင်း၊ လမ်းသွား ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ စစ်တပ် နှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းများ ပြုလုပ်ကာငွေကြေး ကောက်ခံခြင်းများပြုလုပ်နေသူများဖြစ်ကြောင်း သိရှိရသည်။

    “ပြည်သူတွေက အရေးယူပေးဖို့ တိုင်ကြားလာလို့ ဖမ်းဆီးစစ်ဆေးဖို့ အောင်ဇော်နေအိမ်ကို ရဲဘော်တွေက သွားရောက်တုန်း ၅.၅၆ လက်လုပ်သေနတ်နဲ့ ပြန်လည် ပစ်ခတ်တာကြောင့် အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီး ကျော်ဦးနဲ့ အောင်ဇော်တို့ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ပြောဆိုသည်။

    ထို့ပြင် အကြမ်းဖက် စစ်တပ် ဒေါက်တိုက်များထံမှ ခါးချိုးအတို သေနတ် ၁ လက်၊ လက်ပစ်သီး ၁ လုံးနှင့် ၅.၅၆ ကျည် ၆ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊

    ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်၍ ပြည်သူများ ၎င်းတို့အနီးသွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန်

    သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ-၄ က အသိပေးပြောဆိုထားသည်။