Category: News

  • အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်

    အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်

    သံတမန်ရေး မအောင်မြင်ပါက အမေရိကန်က အီရန်ကို မြေပြင်မှ မကြာမီ ဝင်ရောက်တိုက်ခိုက်တော့မည်။

    Final Blow ဟု အမည်ပေးထားပြီး အဆမတန် ဗုံးကြဲမှုများနှင့်အတူ မရိမ်း တပ်သား ၁၂၀၀၀ ပါဝင်မည်။

    အီရန်မှ အမြဲတမ်း စစ်သည် ၂ သိန်းခွဲနှင့် အရန်တပ်သား ၂ သန်းကို အသင့်ပြင်ထား။

    အီရန်ပြည်မကြီးကို ဝင်တိုက်ဖို့ထက် Kharg ကျွန်းကို သိမ်းပိုက်ပြီး ဟော်မုခ်ရေလက်ကြားကို ပြန်ဖွင့်ဖို့ အမေရိကန်က ရည်ရွယ်ထားပါတယ်။

    လွှတ်တော်ကတော့ အမေရိကန်စစ်သားတွေ လွှတ်လိုက် တာဟာ သတ်ကွင်းထဲ ပစ်ထည့်လိုက်သလိုပဲဆိုပြီး ကန့် ကွက်နေကြပါတယ်။

    အီရန်ဟာ အမေရိကန်နဲ့ မြေပြင်တိုက်ပွဲအတွက် နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့တာပါ။

    “FINAL BLOW” တဲ့

    နောက်ဆုံး ကန်ချက် ပဲ

    အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် က ပြင်ဆင်ထားပြီ

    ကမ္ဘာ့သမိုင်းမှာ အကြီးဆုံး ဗုံးကြဲမှုကြီးတွေ “Massive bombing”လာလိမ့်မယ်

    အမေရိကန် မရိန်း တပ်သားတွေ ပါ အီရန် ရဲ့ ခါ့ဂ် ကျွန်းကို တက်သိမ်းဖို့ ပြင်ထားတယ်

    ဆီ တစက်မှ မကျန်အောင် ပြတ်နိုင်တယ်

    ကုန်စျေးနှုန်း တွေ တဟုန်ထိုး ထောင်တက်မယ်

    စားသောက်ကုန် ဆေးဝါး အကုန်ပြတ်မယ့် အရေး ဖြစ်လာနိုင်ပြီ

    ဒီရက်က စ လို့ Doomed Days ကံဆိုးမိုးမှောင်ကျမယ့် ရက် တွေ လာပြီ

  • စက်သုံးဆီမှောင်ခိုလောကထဲက⛽ တက္ကစီဆရာတဦးရဲ့🚕 ဖွင့်ဟဝန်ခံချက်

    စက်သုံးဆီမှောင်ခိုလောကထဲက⛽ တက္ကစီဆရာတဦးရဲ့🚕 ဖွင့်ဟဝန်ခံချက်

    ကျနော့်နာမည်က ဇော်ကြီး၊ အသက် ၃၅ နှစ်၊ ပညာအရည်အချင်းက ဆယ်တန်းပဲ၊

    အလုပ်အကိုင်က တက်စီဆွဲတာ၊ မိန်းမနဲ့ ကလေး နှစ်ယောက် ရှိတယ်။ ရန်ကုန် ဝန်းကျင်ပဲ ဆွဲတာပေါ့ဗျာ။

    ကားကတော့ ၁၃ နှစ်လောက်ကတည်းက မောင်းတတ်တာ၊ ဦးလေးတွေ လိုင်းကားထောင်လို့ တောက်တိုမယ်ရ ဝင်လုပ်ရင်းနဲ့ မောင်းတတ်သွားတာပေါ့။

    တက်စီတွေ ဆီတန်းစီပြီး မှောင်ခိုပြန်ရောင်းတဲ့ ကိစ္စလား၊ အဲဒါ ညီကိုတို့ မီဒီယာတွေ မဖွခင် အစောကတည်းက လုပ်နေကြတာ၊ အမှန်တော့ ဆီက ထင်သလောက် မပြတ်သေးဘူး။

    လိုင်းပေါ်က ဟိုသတင်း ဒီသတင်းတွေနဲ့ ဆရာကြီး အထာ ဖွနေတဲ့သူတွေကြောင့် မှောင်ခိုသမားတွေက လုပ်စားသွားတာ။

    အခုဆို တနေ့လုံး တက်စီဆွဲစရာ မလိုတော့ဘူးလေ။

    ဘော်ဒါချိတ်နဲ့ ဆီကားတစီးကို အုံနာကြေး တရက် နှစ်သောင်းပေးပြီး ယူလိုက်တယ်။

    မနက် ၅ နာရီလောက်ကတည်းက ချိတ်ထားတဲ့ ဆီဆိုင်မှာ တန်းစီတယ်။

    တက်စီဆိုတော့ စုံ/မ လည်း အုန်းစားစရာ မလိုဘူး၊ QR နဲ့လည်း အပူရှာစရာ မလိုဘူး။ ဆီဆိုင်မှာ ချိတ်ရှိဖို့ပဲ လိုတယ်။

    ဆိုင်မှာ ရောင်းဈေးက တလီတာကို ၄၀၀၀ ပဲထား၊ ၅၀၀၀၀ ဖိုးဆို ၁၂ လီတာဝန်းကျင်ရတယ်။ ပြန်ကောက်တဲ့သူက တလီတာကို ၁၂၀၀၀ နဲ့ ကောက်တယ်။

    အဲဒီတော့ ဆီတခါတန်းပြီးသွားရင် အရင်းဘာညာနှုတ် စားပြီးသောက်ပြီး ၇၀၀၀၀ ကျန်တယ်။

    တနေ့ ၃ ခေါက်ပဲ တန်းဦး ၂ သိန်းကျော် ကျန်တယ်။ ဘာလို့ အပင်ပန်းခံပြီး တက်စီဆွဲနေတော့မှာလဲ။

    ဆီက ဝယ်မယ့်သူ မရှိမှာ မပူနဲ့။ ကျုပ်တို့ မြန်မာလူမျိုးက ပိုက်ဆံရှိရင် မန္တလေးက သံပုရာသီးသုပ်ကို မြိတ်ကနေ လေယာဉ်နဲ့ မှာစားတဲ့အမျိုး၊ ဆီတန်းမစီချင်တဲ့ သူဌေးတွေ အများကြီးပဲ။

    သူတို့မှာ အပေါဆုံးက ပိုက်ဆံ၊ ကိုယ်တွေမှာ အရှားဆုံးက ပိုက်ဆံ၊ အဲဒီတော့ လိုအပ်တဲ့ အရာတွေကို လိုချင်တဲ့သူတွေ အချင်းချင်း သဘောတူညီစွာ လဲလှယ်တာကို ခင်ဗျားတို့က မှောင်ခိုဆိုပြီး နာမည်ဆိုး တပ်နေကြတာလေ။

    ဆီတန်းစီပြီးတာနဲ့ ပြန်ထုတ်ဖို့ကလည်း လွယ်သလား မမေးနဲ့၊ အညိုရောင်သမ်းသွားတဲ့ ဗိုလ်တထောင်ကမ်းနားမှာ ပြန်ကောက်တဲ့သူတွေ တောက်လျှောက် ရှိတယ်။

    အဲဒီအထိ မသွားချင်လည်း မပူနဲ့ ဆီဆိုင် အကျော်မှာတင် ပြန်ကောက်မယ့်သူတွေက အဆင်သင့်။

    အရင်ခေတ်ကလို ပုံးလေးထောင်ထားတဲ့ ဆိုင်တွေမှာ သွားရောင်းစရာ မလိုဘူး။ ခေတ်က အဆင့်မြင့်သွားတော့ ဆီကောက်တဲ့သူတွေက ဗိုင်ပါ ဂရုထောင်ထားတယ်။ အဲ့ဂရုထဲ ပေါက်ဈေးက ထွက်ပြီးသား။

    ကိုယ်က ရောင်းချင်ရင် အက်ဒမင်ကို တိုက်ရိုက် မက်ဆေ့ပို့ရုံပဲ ဆီယူမယ့်နေရာနဲ့ ဘယ်လိုငွေလွှဲမလဲ သူပြန်ပြောလိမ့်မယ်။

    ဂရုတခုထဲနဲ့တော့ ဘယ်ရမလဲဗျ။ နှစ်ခု သုံးခု ဝင်ထားရတာပေါ့။ ဈေးပိုများတဲ့သူဆီ ပြန်ရောင်းတာပေါ့။

    ဒီခေတ်မှာ အဓိကကျတာက ချိတ်ပဲ။ အားလုံးကို ချိတ်တွေနဲ့ ချိတ်ဆက်ထားတာ။

    အခုလို ချိတ်တွေရှိတော့ နေပူကြီးထဲမှာ ဘာလို့ တနေကုန် တက်စီဆွဲနေမှာလဲ။

    အိမ်ပြန်ရင် ဆီရောင်းလို့ ရတဲ့ထဲက တသိန်းခွဲလောက် မိန်းမကို ပေးလိုက်တာနဲ့ အိုကေ စိုပြေနေပြီလေ။

    အရင်ကဆို တနေ့ သုံး လေးသောင်း ရရင်တောင် ကံကောင်း၊ ခုတော့ မိန်းမကို ပေးပြီး ပိုတဲ့ ပိုက်ဆံနဲ့ ညနေစောင်းရင် အက်ဒမန်ဘူးရှည် ၂ ဘူးနဲ့ ဂရန်းမဲ စိတ်ပြားလေးရော၊ ကြက်ကင်လေးနဲ့ ဆက်ရက်မင်း စည်းစိမ်ခံစားနိုင်ပြီလေ။

    လောကမှာ အရေးကြီးဆုံးက ငွေပဲ ညီကို၊ ငွေရှိရင် ဘာမဆို လုပ်လို့ ရတယ်။

    ဆီဆိုင်တွေမှာ တန်းစီ ထုတ်မရတော့ရင်လည်း စိတ်မပူဘူး။

    ဆီတွေ စိတ်ကြိုက်ဝယ်လို့ ရတဲ့ အစိုးရဌာနတွေကနေ မှောင်ခိုလာရောင်းဦးမှာလေ၊ သူတို့ဆီကနေ ကောက်ပြီး တကယ်လိုအပ်ပေမယ့် ဝယ်လို့ မရတဲ့သူတွေဆီကို ပြန်ရောင်းမယ်။ အဓိက ချိတ်ရှိဖို့ပဲ လိုတယ်။

    ဒါကြောင့် ကမ္ဘာ့အရေး၊ မြန်မာ့အရေး ဖြစ်ချင်တာဖြစ်၊ ဖြတ်ကနဲ ပေါ်လာတဲ့ အခွင့်အရေးကို ဆတ်ကနဲ ထလုပ်လိုက်ဖို့ပဲ လိုတယ် ညီကိုရ။

    မပြောကောင်း ပြောကောင်း ဒီလို အခြေအနေ အချိန်ကြာကြာ ဖြစ်နေပါစေလို့တောင် ဆုတောင်းနေရတယ်၊ ပိုက်ဆံ ရလို့လေ။

    ကျနော်က ဘွဲ့တော့ မရဘူး။ ဒီခေတ်ကြီးထဲမှာ ဘွဲ့ရတော့လည်း ဘာဖြစ်မှာတုန်း၊ တက်စီဆွဲနေတဲ့ ဘွဲ့ရတွေ အများကြီး တွေ့ဖူးတယ်။

    ဘွဲ့ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံပဲ ရှိတယ်။

    သူတို့လည်း အုံနာကြေး ရအောင် သောကတွေနဲ့ တက်စီဆွဲနေတဲ့နေရာမှာတော့ ကျနော်နဲ့ အတူတူပဲလေ။

    ညီကိုလည်း ဘွဲ့ရတာပဲလေ၊ နေပူကြီးထဲ အင်တာဗျူး လိုက်လုပ်ပြီး ဝင်ငွေက ကျနော့်လောက်မှ မရတာ၊ အခန့်မသင့်ရင် ပေါ်တာ ပါသွားပြီး ပဲဟင်းသောက်နေရမယ့် အဖြစ်လေ။

    ပြောချင်တာက မှောင်ခိုဆိုတာ ဈေးကွက် လိုအပ်ချက်ကြောင့်ပေါ်လာတာ၊ ထုတ်တဲ့ အမိန့်တွေက ကြောင်တောင်တောင် ဖြစ်လေ၊ လူတွေက စိုးရိမ်တကြီး ဖြစ်လေ၊ မှောင်ခို ဈေးကွက် ကြီးလာလေပဲ။

    အဲ့ဒါကို ဖမ်းမယ် ဘာညာဆို ကိုယ့်ဌာနထဲက အရင် ဆီခိုးထုတ်တဲ့သူတွေကို အရင်ဖမ်းရမှာ၊ ကိုယ့်တာ ကိုယ်အရင်လုံအောင် လုပ်ပြီးမှ ကျန်တဲ့ ကိစ္စ စဉ်းစားကြပါလို့ ပြောချင်တယ်။

    လောလောဆယ် လုပ်ချင်တာကတော့ ပညာမတတ်ရင် ပင်ပင်ပန်းပန်း လုပ်စားရမယ်လို့ ပြောတဲ့ အမေ့ကို ပညာတတ်ကြီးတွေ ဆီတန်းစီနေတဲ့ ပုံတွေ ပြချင်လိုက်တာ ညီကိုရေ၊ ဒါပါပဲ၊ နေပူတယ် ညီကို၊ ကျနော် ဆက်ပြီး တန်းစီလိုက်ဦးမယ်။

    (ရန်ကုန် ဆီမှောင်ခိုလောကထဲက တက္ကစီဆရာတဦးရဲ့ ခံစားချက်ကို ရည်ညွှန်းဖော်ပြရေးသားထားပါသည်။)

  • တစ်ရက်ထဲ ရန်ကုန်မှာ ဟော်တယ် ၇ လွှာပေါ်က အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးပြီး မန္တလေးမှာ အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

    တစ်ရက်ထဲ ရန်ကုန်မှာ ဟော်တယ် ၇ လွှာပေါ်က အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးပြီး မန္တလေးမှာ အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

    ရန်ကုန်မြို့၊ တာမွေမြို့နယ် သမိန်ဗရမ်း လမ်းပေါ်က အကြည်တော် ဟိုတယ်ပေါ်ကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    မတ်လ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က ဖြစ်ခဲ့တာလို့သိရပြီး တစ်ဦးတည်း လာရောက်တည်းခိုတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးဟာ ၇ လွှာအမြင့်ကနေ ပြုတ်ကျ သေဆုံးခဲ့တာလို့ သိရပါတယ်။

    “ဇာတိက ရှမ်းပြည်ဘက်ကပါ၊ အသက် ၃၀ လောက်ပဲ ရှိသေးတယ်၊ သူ့ဘာသာ ခုန်ချတာလား ပြုတ်ကျတာလားတော့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

    သေဆုံးသူ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပြီး ရဲကတော့ နေရပ်လိပ်စာအရ မိသားစုနဲ့ ချိတ်ဆက်နိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

    အလားတူ မတ်လ ၂၆ ရက် ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲခန့်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၂၂ လမ်း၊ ၅၇×၅၈ လမ်းကြားမှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    “သူ့ယောက်ျားရဲ့သေနတ်နဲ့ သူ့ဘာသာ ပစ်သွားတာလို့ ပြောတယ်၊ သူ့ယောက်ျားကိုလည်း ရဲက သေနတ်ကိုင်မှုနဲ့ ဖမ်းလိုက်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

    သေဆုံးသူဟာ မရန်မန်ရှန် အသက် ၃၈ နှစ်ဖြစ်ပြီး ခင်ပွန်းဖြစ်သူကိုင်တဲ့ SIG SAUER ပစ္စတိုသေနတ်နဲ့ မိမိကိုယ်ကို ပစ်ခတ်ခဲ့ရာ ယာနားထင်အပေါ်က ဖောက်ဝင်ပြီး ဝဲဘက်ချိုစောင်းမှ ဖောက်ထွက်သွားကာ သေဆုံးခဲ့တာလို့ သိရပါတယ်။

    လတ်တလောမှာတော့ ခင်ပွန်းဖြစ်သူကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးထားတယ်လို့ သိရပြီး သေဆုံးသူကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားတယ်လို့ သိရပါတယ်။

  • ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း‌ အကြီးအကျယ် မီးလောင်

    ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း‌ အကြီးအကျယ် မီးလောင်

    ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် ရုရှား၏ ဘောလ်တစ် ရေနံဆိပ်ကမ်း‌ အကြီးအကျယ် မီးလောင်

    ယူကရိန်း၏ ကြီးမားသော ဒရုန်းတိုက်ခိုက်မှုများကြောင့် မီးခိုးများကို ဖင်လန်နိုင်ငံမှပင် လှမ်းမြင်ရအောင် ကြီးမားသော မီးလောင်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဘောလ်တစ်ပင်လယ်တွင် ရှိသော ရုရှား၏ ပရီမို့စ် နှင့် အပ်စ်လူဂါ ရေနံဆိပ်ကမ်း၂ ခုတွင် ရေနံတင်ဆောင်မှုများကို ယမန်နေ့က ဆိုင်းငံ့ထားကြောင်း သိရသည်။

    ယူကရိန်းကဘောလ်တစ် ဆိပ်ကမ်းများအား ဒရုန်းများဖြင့် တိုက်ခိုက်မှုသည် ၄ နှစ်ကြာမြင့်လာသော စစ်ပွဲတွင် ရုရှား၏ ရေနံတင်ပို့စခန်းများအပေါ် ယူကရိန်း၏ အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

    အပ်စ်လူဂါ ဆိပ်ကမ်းအား ထိမှန်ခဲ့သည့် အချိန်ခန့်မှာပင် လမ်းကြောင်းလွဲသွားသော ယူကရိန်းဒရုန်း၂ စင်း လတ်ဗီယားနှင့် အက်စတိုးနီးယားနိုင်ငံတို့တွင် ကျရောက်ခဲ့ပြီး အက်စတိုးနီးယား ဓာတ်အားခွဲရုံတစ်ခုကို ထိမှန်ခဲ့သော်လည်း အပျက်အစီး မရှိပေ။

    ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် အပ်စ်လူဂါဆိပ်ကမ်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရုရှားအရာရှိများက ပြောကြားကြသည်။

    ထို့ပြင် အပ်စ်လူဂါ၏ မြောက်ဘက် ဖင်လန်ပင်လယ်ကွေ့ တစ်ဖက်ရှိ ပရီမို့စ်ဆိပ်ကမ်းမှာလည်း မကြာမီရက်များက တိုက်ခိုက်ခံခဲ့ရသည်။

    အပ်စ်လူဂါဆိပ်ကမ်း၌ လူဝင်၊ လူထွက်ပိတ်ထားပြီး ရေနံသိုလှောင်ကန်များ မီးလောင်နေသည်ဟု အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦးက ပြောကြားပြီး လူထိခိုက်သေဆုံးမှု သတင်းမကြားရပေ။

    လွန်ခဲ့သော ၂ ရက် က စတင်လောင်ကျွမ်းနေသော ပရီမို့စ်ဆိပ်ကမ်းမီးကို အပြည့်အဝ မငြှိမ်းသတ်ရသေးကြောင်း ဖင်လန်ပင်လယ်ကွေ့ ကမ်းရိုးတန်းအစောင့်တပ် ခရိုင်ညွှန်ကြားရေးမှူး ဂျက်ကာပက်ကာလူမီလာတီ က ရိုက်တာသတင်းကို ပြောသည်။

    ယူကရိန်းတိုက်ခိုက်မှုများကြောင့် ရေနံယိုစိမ့်မှု မရှိဟု ၎င်းက ဆိုသည်။

    အင်္ဂါနေ့က ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးလေဆိပ်သို့ ဆင်းသက်စဉ် ပရိမို့စ်ဆိပ်ကမ်းဘက်မှ မဲမှောင်သော မီးခိုးလုံးများ တက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း ဖင်လင် ပါလီမန်အမတ်နှင့် ပါလီမန်ကာကွယ်ရေးကော်မတီဥက္ကဌ ဟိုက်ကီအပ်တိုက ပြောသည်။

    ပရီမို့စ်ဆိပ်ကမ်းသည် တစ်နေ့လျှင် ရေနံစည် တစ်သန်းခန့် တင်ပို့သော ဆိပ်ကမ်းဖြစ်ကာ အပ်စ်လူဂါဆိပ်ကမ်းကလည်း ပြီးခဲ့သည့်နှစ်က ရေနံထုတ်ကုန် တန်ပေါင်း ၃၂ ဒသမ ၉ သန်းတင်ပို့ခဲ့ကြောင်း သိရသည်။

  • နေပြည်တော်တွင် ငွေထုတ်ခဈေးနှုန်း မြင့်တက်

    နေပြည်တော်တွင် ငွေထုတ်ခဈေးနှုန်း မြင့်တက်

    စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်မှာ ပြင်ပ ငွေလွှဲငွေထုတ်ခ နှုန်းထားတွေ ရုတ်တရက် မြင့်တက်လာပြီး ငွေကျပ် တသိန်း ထုတ်ယူပါက ငွေကျပ် ၇,၀၀၀ အထိ ထုတ်ခပေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    ငွေလွှဲငွေထုတ်ဆိုင်တွေမှာ မတ်လ ပထမအပတ်က ငွေကျပ်တသိန်း ထုတ်ယူပါက ငွေကျပ် ၁,၅၀၀ သာ ထုတ်ယူခပေးရပြီး စက်သုံးဆီရှားပါးတဲ့ပြဿနာနဲ့ စစ်ကောင်စီရဲ့ စုံရက်နဲ့ မ ရက် မောင်းခွင့် ကန့်သတ်ချက် ဖြစ်လာပြီးနောက် မတ်လဒုတိယအပတ်ကနေ ဒီနေ့အထိ ငွေကျပ်တသိန်း ထုတ်ခ ကျပ် ၇,၀၀၀ အထိ ပေးနေရတာလို့ ဆိုပါတယ်။

    နေပြည်တော် ပျဉ်းမနားမြို့နယ်က အရပ်သားတယောက်က “ပြီးခဲ့တဲ့ရက်တွေကပဲ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ တသိန်းကို ၁,၅၀၀ နှုန်းပဲ ပေးထုတ်ရပါတယ်။ စက်သုံးဆီအခက်အခဲ ဖြစ်လာပြီး သိပ်မကြာဘူး ၇ ရာခိုင်နှုန်း ဖြစ်သွားတယ်။ တသိန်းထုတ်ခ ၇,၀၀၀ ပေးရတယ်။ ငွေလွှဲ ငွေထုတ် ဆိုင်တွေက ငွေသားသိပ်မရှိဘူးလို့ ပြောပါတယ်။ ဘဏ်သွားထုတ်ရင် ကုန်ကျစရိတ်က ပိုများတော့ ထုတ်နေရတာပဲ” လို့ ပြောပါတယ်။

    အခုလို ငွေလွှဲငွေထုတ်ဆိုင်တွေမှာ ငွေထုတ်ယူခနှုန်းထားတွေ ဈေးထိုးတက်လာတာဟာ ဘဏ်တွေမှာ ငွေသားထုတ်ယူရမှု ကန့်သတ်ချက် ရှိနေတာနဲ့ စက်သုံးဆီအခက်အခဲကြောင့်နဲ့ စစ်ကောင်စီရဲ့ စုံရက် စုံဂဏန်းပါတဲ့ ယာဉ်မောင်း၊ မ ရက် မ ဂဏန်းပါတဲ့ ယာဉ်မောင်း သတ်မှတ်ချက်ကြောင့် ဘဏ်တွေမှာ ငွေသွားထုတ်တဲ့အခါ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    နေပြည်တော်က ငွေလွှဲ ငွေထုတ် လုပ်ငန်းရှင်တယောက်က “နေပြည်တော်မှာ နေတဲ့သူတွေ အကုန်သိပါတယ်။ ဘဏ်ကို ငွေသွားထုတ်ဖို့ဆို အချိန်ပေးရတယ်။ အခုဆို စက်သုံးဆီ အခက်အခဲအပြင် ငွေထုတ်ရတဲ့ အခက်အခဲကလည်း တော်တော်ဖြစ်လာတယ်။ တကြိမ်တည်း လိုသလောက် ထုတ်ယူမရဘူး။ အခက်အခဲကတော့ တဆိုင်နဲ့တဆိုင် မတူကြဘူးပေါ့လေ” လို့ ပြောပါတယ်။

    ဘဏ်တွေက ငွေသားကို တကြိမ်တည်း အများအပြား ထုတ်မပေးတာကြောင့် သင်္ကြန်ကာလ နီးကပ်လာပြီဖြစ်လို့ ဘဏ်တွေပိတ်တော့မှာ ဖြစ်တဲ့အတွက် ငွေထုတ်တဲ့သူတွေ အရင်ကထက် ပိုများလာပြီး ပြင်ပ ငွေလွှဲ ငွေထုတ် ဆိုင်တွေလည်း အကန့်အသတ်နဲ့သာ ထုတ်ယူနေရတယ်လို့ သိရပါတယ်။

    ဒါ့အပြင် စုံရက်၊ မ ရက် ယာဉ်မောင်းကန့်သတ်ချက်ကြောင့် ဘဏ်တွေရှိတဲ့ မြို့ပေါ်ကို ငွေသွားထုတ်ယူတာ၊ ငွေလွှဲတာတွေ လုပ်တဲ့သူ နည်းလာပြီး ရပ်ကွက်တွေထဲက ပြင်ပငွေလွှဲ ငွေထုတ် လုပ်ပေးနေတဲ့ ဆိုင်တွေမှာ ငွေထုတ်ယူတဲ့သူတွေ များပြားနေကာ ငွေသားလိုအပ်ချက်တွေလည်း များနေတယ်လို့ ငွေလွှဲ ငွေထုတ် လုပ်ငန်းရှင်တွေက ဆိုပါတယ်။