Category: News

  • ရန်ကုန်တွင် ဘေးတွဲမောင်းသူများကို စစ်ယူနီဖောင်းအရောင် အင်္ကျီဝတ်ခိုင်း

    ရန်ကုန်တွင် ဘေးတွဲမောင်းသူများကို စစ်ယူနီဖောင်းအရောင် အင်္ကျီဝတ်ခိုင်း

    ရန်ကုန်မြို့အတွင်း ဆင်ခြေဖုံးမြို့နယ်တွေက ဘေးတွဲမောင်းနှင်သူတွေကို စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ဇွန်လဆန်းကစပြီး စစ်စိမ်းရောင်ယူနီဖောင်းတွေ ပြောင်းလဲဝတ်ဆင်ခိုင်းတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မြောက်ဥက္ကလာ၊ ရွှေပေါက္ကံမြို့သစ်၊ မြောက်ဒဂုံ၊ မင်္ဂလာဒုံ စတဲ့မြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဟာ ဘေးတွဲမောင်းသူတယောက်ကို တထည် ၂၀,၀၀၀ ကျပ်နှုန်းနဲ့ ရောင်ပြန်မပါတဲ့ စစ်စိမ်းရောင်အင်္ကျီတွေကို မဝယ်မနေရ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

    ဘေးတွဲမောင်းသူတယောက်က “အရင်အင်္ကျီက အပြာရင့်ရောင်။ အခုအင်္ကျီက စစ်အင်္ကျီအရောင်ကြီးတွေ။ မဝယ်လို့မရဘူး။ အရင်ယူနီဖောင်း သုံးမရတော့ဘူး။ ဒီအစိမ်းရောင် မဝတ်လို့ ဖမ်းမိရင် ကိုယ်မိ ကိုယ်ခံ၊ ရုံးဘက်က လိုက်မထုတ်ပေးဘူး ပြောတယ်။ ဒီလိုအရောင် ဘယ်သူက ဝတ်ချင်မှာပဲ။ ညပိုင်းလည်း တပတ် ၂ ကြိမ် ကင်းကျတဲ့ရက်က ရှိသေးတယ်။ ဒီအင်္ကျီကို ဒီလိုအရောင်ကိုမှ ထုတ်ပေးပြီး ဝတ်ခိုင်းတာက တမင်သက်သက် အင်အားပြချင်လို့ရော သူတို့တွေ စိုးမိုးထားတယ်လို့ ပြချင်တာရော ပါနိုင်တယ်” လို့ ပြောပါတယ်။

    စစ်စိမ်းရောင်ဘေးတွဲအင်္ကျီတွေ ဝတ်ခိုင်းပေမဲ့လည်း မြို့နယ်ကျော်မောင်းနှင်ခွင့် မရသလို ဆိုင်ကယ်ဦးထုပ် မဆောင်းတာ၊ ဘက်မှန်၊ မောင်းခွင့်နံပါတ်နဲ့ ကတ်ပြားမပါတာ၊ ထီးတပ်ဆင်ထားချိန် ဖမ်းဆီးခံခဲ့ရပါက ယာဉ်ထိန်းရဲအဖွဲ့တွေကို ငွေဒဏ် ၃၀,၀၀၀ ကနေ ၆၀,၀၀၀ ကျပ်လောက်အထိ ပေးနေကြရပါတယ်။

    စစ်မှုထမ်းဟောင်းတွေ များပြားတဲ့ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံမြို့သစ်က ဘေးတွဲမောင်းသူတွေကတော့ ပြီးခဲ့တဲ့ မေလထဲမှာကတည်းက မြန်မာနိုင်ငံအလံတံဆိပ်ပါ စစ်စိမ်းရောင် ယူနီဖောင်းတွေကို ဝတ်ဆင် ပြေးဆွဲနေကြပါတယ်။

    ဘေးတွဲမောင်းသူတွေကို စစ်စိမ်းရောင်ယူနီဖောင်း ပြောင်းဝတ်ခိုင်းတာဟာ မြို့ပြပြောက်ကျားအဖွဲ့‌တွေရဲ့ အမြင်ကို အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်တာ ဖြစ်နိုင်သလို မြို့သိမ်းတိုက်ပွဲတွေမှာ အမြင်မှားအောင်လုပ်နေတာ ဖြစ်တယ်လို့ Operation Flame OF အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။

    “မြို့ပြ UGs တွေက ဆိုက်ကယ်တွေ ဘေးတွဲတွေ သုံးတတ်တာမျိုးတွေ ရှိနေတော့။ သုံးဖို့ အစီအစဉ်ရှိမယ့် မြို့ပြ UGs ‌တွေအတွက် အနှောင့်အယှက်ဖြစ်အောင်၊ သုံးဖို့မလွယ်အောင်၊ အလုပ်ရှုပ်အောင် စီစဉ်လိုက်တာလို့ မြင်ပါတယ်။ နောက် ဖြစ်နိုင်ချေ အခြေအနေတရပ်က UG တွေကို အမြင်လှည့်စားတာ။ ဆိုက်ကိုထည့်တာမျိုး ထင်ရပါတယ်။ မရှိတဲ့အင်အားကို အယောင်ပြသလို ဘေးတွဲတွေ သူတို့လူတွေ ဆိုတာမျိုးနဲ့ စိတ်မလုံခြုံအောင် လုပ်တာလို့ ကျနော်တို့တော့ ထင်ပါတယ်။ အရင်က ရန်ကုန်က ဘေးတွဲတွေကို လိုင်စင်အတင်းလုပ်ခိုင်းပြီး နို့နှစ်ရောင်အင်္ကျီတွေ ရောင်းပြီး ဝတ်ခိုင်းပြီး၊ အခုတခါ စစ်စိမ်းရောင်ပြောင်းပြီး ရောင်းတဲ့ပုံပဲ။ နောက်ထပ်ဖြစ်နိုင်ချေကတော့ မြို့သိမ်းတိုက်ပွဲမှာ အမြင်မှားအောင် လုပ်နေတာလားလို့တော့ တွေးမိပါတယ်။”

    ဒီလို ပြောင်းလဲဝတ်ဆင်ခိုင်းနေတဲ့အပြင် ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်အတွင်းက ကြံခင်းစုရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ရပ်ကွက်လုံခြုံရေးခေါင်းဆောင် ဘေးတွဲသမားတချို့ကိုတော့ လုံခြုံရေးသင်တန်း ဆိုပြီး စစ်ကောင်စီ ခလရ ၆၊ ခလရ ၈၂ တပ်တွေထဲမှာ တပတ်ကြာ လက်နက်ငယ်သင်တန်းတွေ တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။

    Photo: Ethan Htun

  • သံဃာဆိုပြီး ထင်တိုင်းကြဲလို့ ရသတဲ့လား

    သံဃာဆိုပြီး ထင်တိုင်းကြဲလို့ ရသတဲ့လား

    ဒီသတင်းကို မနေ့ကတည်းက အူယားနေတာ gp ကနေရှဲမရလို အသာနေလိုက်တာ

    (more…)

  • ထိုင်းအမျိုးသမီးတစ်ဦး နှုတ်ခမ်း Filler ထိုးရာမှ ဓာတ်မတည့်သဖြင့် ဖူးယောင်

    ထိုင်းအမျိုးသမီးတစ်ဦး နှုတ်ခမ်း Filler ထိုးရာမှ ဓာတ်မတည့်သဖြင့် ဖူးယောင်

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အမျိုးသမီးတစ်ဦးသည် နှုတ်ခမ်းတဝိုက် Filler ထိုးခဲ့ရာ ယောင်ယမ်းနာကျင်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ၎င်း၏အတွေ့အကြုံကို လူမှုကွန်ရက်စာမျက်နှာတွင် အခြားသူများအတွက် သတိပြုစရာအဖြစ် ဖော်ပြခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

    ကစ်တီရာ မီနာရူဂျီ (Kittiya Menaruji) ဆိုသူ အမျိုးသမီးသည် ပထမအကြိမ် မေးစေ့ထဲသို့ Filler 1cc ကို ထိုးသွင်းခဲ့ရာ အနည်းငယ်ဖောင်းလာခဲ့ပြီး သာမန်ဖြစ်ရပ်ဟု ထင်ခဲ့ကြောင်း၊ ဒုတိယအကြိမ် မေးစေ့ကို 1cc ၊ နှုတ်ခမ်းနှင့် နှာခေါင်းကြား ကို 2cc ၊ နှုတ်ခမ်းကို 1 cc ထပ်မံထိုးသွင်းခဲ့ရာ ချက်ချင်းပင် ပြင်းထန်သည့် ဓာတ်မတည့်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

    အဆိုပါဓာတ်မတည့်မှုကြောင့် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်လာခဲ့ပြီး မျက်နှာဖောင်းချိန် တပတ်ကြာမြင့်ခဲ့ကာ မျက်နှာပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် တပတ်ခွဲကျော်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

    ၎င်းက “အရင်မျက်နှာ ပြန်မရနိုင်တော့ဘူးထင်တယ် “ ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

    ထို့နောက် အလှအပအတွက် ဆေးကုသမှုများပြုလုပ်မည်ဆိုပါက ဓာတ်မတည့်သည့် ဆေးဝါးများရှိမရှိကို သိထားရန် အရေးကြီးကြောင်းလည်း သတိပေးခဲ့သည်။

    ၎င်းသည် အလှအပကုသမှုများနှင့် Filler ထိုးခြင်းများကို တိုက်ခိုက်လိုခြင်းမဟုတ်ဘဲ ၎င်း၏ အတွေ့အကြုံကို သတိပြုရန် သင်ခန်းစာတခုအနေဖြင့် မျှဝေခြင်းသာဖြစ်ကြောင်း ဆိုထားသည်။

    Photo – Bangkok Post