Category: News

  • ကျောက်ဖြူတိုက်ပွဲက စကစတွေထွက်ပြေးနေ ၊ တပ်သားအချို့ AA ဖမ်းမိ

    ကျောက်ဖြူတိုက်ပွဲက စကစတွေထွက်ပြေးနေ ၊ တပ်သားအချို့ AA ဖမ်းမိ

    ကျောက်ဖြူတိုက်ပွဲကနေ စစ်ကော်မရှင်တပ်သားတချို့ ခြေဦးတည့်ရာထွက်ပြေးနေပြီး အာရက္ခတပ်တော် ဘက်က လက်ရဖမ်းဆီးရရှိမှုတွေ ရှိတယ် လို့ သတင်းရရှိပါတယ်။

    ကျောက်ဖြူ ရှေ့တန်းစခန်းတွေကနေ လက်နက် နဲ့ အတူထွက်ပြေးလာကြတဲ့ စကစ တပ်သားတွေဟာ AA ရဲ့ စစ်ကြောင်းနဲ့ တိုးပြီး လက်ရဖမ်းဆီးထားတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “သိုင်းချောင်း ဘက်က အခြမ်းက ခြေဦးတည့်ရာထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေကို နှစ်ရက်ဆက်တိုက်ဖမ်းမိထားပါတယ်၊ ဒီရက်ပိုင်းမှာ သုံးယောက်လေးယောက်စီ စုစုပြီး ထွက်ပြေးကြတာပါ။ စုစုပေါင်း ၆ ကောင်လောက် မိ လို့ရှိပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    သတင်းတရပ်မှာလည်း ၊ မတ်လ (၁) ရက်နေ့မှာ ကျောက်ဖြူ ၃၂ ရဲတပ်ရင်း က တပ်သား ၃၅ ဦး အလင်းဝင်လာတယ်လို့ ဖော်ပြထားပါတယ်။

    ကျောက်ဖြူ ၃၂ ရဲတပ်ရင်းဟာ ၊ နောက်တန်းခံစစ်တစ်ခုဖြစ်ပြီး ၊ သိုင်းချောင်းကာကင်းတွေ က တော့ ရှေ့တန်းအသေခံ ကာကင်းတွေ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြပါတယ်။

    “ဒီကောင်တွေ နောက်ကို ဒဏ်ရာ မရဘဲ ပြန်ခွင့်မရှိဘူး၊ ပတ်လည် ကွေ့ဝိုက်ပြီး စစ်ကြောင်းလှည့်ပေးနေရတာ” လို့ စစ်ရေး အခြေအနေ သိရှိသူက ရှင်းပြပါတယ်။

    အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေဟာ ကျောက်ဖြူ စစ်မျက်နှာမှာ အပြန်လှန် စစ်ကြောင်းထိုး တာတွေရှိနေပြီး ၊ စစ်ကော်မရှင်ဘက်က ပြည်သူ့စစ်အင်အား အမြောက်အများကို အသုံးပြုထားပါတယ်။

    စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်တွေဟာ ကျောက်ဖြူ စစ်မျက်နှာအပြင် အာရက္ခတပ်တော် AA နဲ့ ရင်ဆိုင်နေရတဲ့ စစ်တွေစစ်မျက်နှာ နဲ့ နတ်ရေကန်ဗျူဟာ စစ်မျက်နှာတို့မှာလည်း အခုလို ထွက်ပြေးမှုတွေရှိနေပါတယ်။

    အာရက္ခတပ်တော်ဘက်ကလည်း ရှေ့တန်းစစ်မျက်နှာတွေမှာရှိကြတဲ့ ၊ ပြည်သူ့စစ်တပ်သားတွေကို ဘက်ပြောင်းခိုလှုံဖို့ ဖိတ်ခေါ်ထားပါတယ်။

    ဓာတ်ပုံ- ရခိုင်ကမ်းရိုးတန်းတိုက်ပွဲ တစ်ခုမှာ စကစ အစုလိုက် အပြုံလိုက် ဖမ်းဆီးမိထားပုံ

  • စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၅ နှစ် သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟုဆို

    စစ်တပ်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ၅ နှစ် သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟုဆို

    အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တာဝန်ထမ်းဆောင်မည့် နောက်တိုး မျိုးဆက်သစ် စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟု သိရှိရကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    ၂၀၁၁ ခုနှစ်မှစတင်၍ စစ်အာဏာရှင် သန်းရွှေ၏ ရွေးချယ်မှုဖြင့် စစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ၁၅ နှစ်အထိ တာဝန်ထမ်းဆောင်လာခဲ့ပြီးဖြစ်ကြောင်း၊ မင်းအောင်လှိုင်အလွန် စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ထမ်းဆောင်မည့် မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်များအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၁ ကြိမ်သာ ထမ်းဆောင်ရန် သတ်မှတ်ထားရှိမည်ဟု သိရှိရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    “တပ်မတော်ထဲမှာ အခု သိရတာက အခုလက်ရှိ တပ်ချုပ် အလွန် ဖြစ်လာမယ့် တပ်ချုပ်အသစ်တွေက ၅ နှစ် သက်တမ်း ၁ ကြိမ်ပဲ တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး သိရတယ်။ အဲဒါကို ကကနညွှန်ကြားလွှာနဲ့ပဲ သတ်မှတ်မယ်လို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်အာဏာသိမ်းပြီး ထုတ်ပြန်ခဲသော ကာကွယ်ရေးဌာနကောင်စီ(ကကန) ညွှန်ကြားလွှာ ၁/၂၀၂၁ အရ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးတို့အတွက် တာဝန်ထမ်းဆောင်နိုင်သည့် အသက်ကန့်သတ်ချက် သတ်မှတ်ထားရှိခဲ့မှုကို ပယ်ဖျက်ခဲ့သော်လည်း လာမည့် အနာဂတ် တပ်ချုပ်အသစ်များအတွက်မူ အသက်နှင့် တာဝန်ထမ်းဆောင်နိုင်သည့် ရာထူး အကြိမ်ရေကိုပါ ကန့်သတ်ရန် ရှိနေကြောင်း သိရှိရသည်။

    လတ်တလော အကြမ်းဖက် မင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို စွန့်လွှတ်၍ သမ္မတလုပ်မည်ဆိုသော သတင်းများက စစ်တပ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

    ယခုရက်ပိုင်းအတွင်း မင်းအောင်လှိုင်က ၎င်း၏ လူယုံ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စစ်တပ်တွင် နံပါတ် ၂ ခေါင်းဆောင်ဟု ခေါ်ဆိုရမည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရာထူးကို ပေးအပ်ခဲ့ပြီး စစ်ဗိုလ်ချုပ်အများအပြားကိုလည်း ရာထူးအပြောင်းအလဲများ ပြုလုပ်ခဲ့သည်။

  • ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးရန် ရေတပ်ကို အမိန့်ထုတ်ပြန်

    ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးရန် ရေတပ်ကို အမိန့်ထုတ်ပြန်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးရန် အမေရိကန်ရေတပ်ကို အမိန့်ထုတ်ပြန်ခဲ့သည်ဟု USNI News သတင်းတွင် ဖော်ပြခဲ့သည်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကွန်ရက်အတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထရန့်က အဆိုပါသင်္ဘောများကို အမေရိကန်စစ်တပ်က စောင့်ရှောက်ပေးရန်နှင့် စစ်အာမခံကြေးများ ထောက်ပံ့ပေးရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

    ပင်လယ်ကွေ့အတွင်း ဖြတ်သန်းသွားလာနေသည့်၊ အထူးသဖြင့် စွမ်းအင်နှင့် ရေကြောင်းကုန်သွယ်မှုအားလုံးကို ဘဏ္ဍာရေးလုံခြုံစိတ်ချစေရေးအတွက် နိုင်ငံရေးဆိုင်ရာအန္တရာယ် အာမခံကြေးများနှင့် အာမခံချက်များကို သင့်လျော်သည့်နှုန်းထားဖြင့် ပံ့ပိုးပေးရန် အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေး ကော်ပိုရေးရှင်းကို အမိန့်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ထိုအမိန့်သည် ချက်ချင်းအာဏာသက်ရောက်ကြောင်း ထရန့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

    ထို့ပြင် လိုအပ်လာပါက အမေရိကန်ရေတပ်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမည့် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းသို့ စွမ်းအင်များ အတားအဆီးမရှိ စီးဆင်းနိုင်ရေးကို အမေရိကန်က အာမခံချက်ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်၏ စီးပွားရေးနှင့် စစ်ရေးအင်အားသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်ကြောင်း ထရန့်က ရေးသားခဲ့သည်။

    အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်ကြသော ဆော်ဒီအာရေဗျ၊ ကာတာ၊ ကူဝိတ်၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့သည် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များကို တင်ပို့ရန်အတွက် ဟော်မုဇ်ရေလက်ကြားကို အားထားနေရပြီး ထိုဒေသသည် တစ်ကမ္ဘာလုံးရှိ ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်မှု စုစုပေါင်း၏ လေးပုံတစ်ပုံကို ထုတ်လုပ်ပေးလျက်ရှိသည်။

    Ref: USNI News

  • အကြမ်းဖက် ဇော်မင်းထွန်းက စက်သုံးဆီ ပြတ်လပ်စရာမရှိဘဲ လုံလောက်သည်ဟု​ ပြောဆိုသော်လည်း ဆီဆိုင်များတွင် လိုသလောက်ဝယ်မရတော့ဘဲ ကြိတ်ကြိတ်တိုး တန်းစီနေရပြန်

    အကြမ်းဖက် ဇော်မင်းထွန်းက စက်သုံးဆီ ပြတ်လပ်စရာမရှိဘဲ လုံလောက်သည်ဟု​ ပြောဆိုသော်လည်း ဆီဆိုင်များတွင် လိုသလောက်ဝယ်မရတော့ဘဲ ကြိတ်ကြိတ်တိုး တန်းစီနေရပြန်

    အကြမ်းဖက် ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်ရန် မရှိဘဲ အလုံအလောက်ရှိသည်ဟု ယမန်နေ့ ပြောဆိုခဲ့သော်လည်း ပြည်သူများက ယုံကြည်ခြင်းမရှိဘဲ ယနေ့တွင်လည်း နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရရှိရေး တိုးကြိတ် ဝယ်ယူနေရကာ လိုသလောက် ဝယ်မရကြောင်း သိရှိရသည်။

    “ဒီမနက်လည်း ဆီဆိုင်တိုင်းလိုလိုမှာ မနက် ၅ နာရီခွဲလောက်ကစပြီး တန်းစီနေကြတာ။ ဒီဇယ်မရတဲ့ဆိုင်၊ 92 ဓာတ်ဆီပဲ ရတဲ့ဆိုင်နဲ့ ငွေ ၅​ သောင်းဖိုးပဲ ရောင်းတဲ့ဆိုင်တွေ ရှိတယ်။ ဆီက အကုန် တန်းစီတိုးနေကြတာ။ ဆီမပြတ်လပ်ဘူးဆိုရင် လိုသလောက် ရောင်းပေးရင် တန်းစီစရာမလိုပါဘူး။ အခုက ဆီဆိုင်တွေကို မနက်တစ်ပိုင်း လောက်ရောင်းပြီးရင် ဆီကုန်ပြီဆိုပြီး ပြန်လှည့်ခိုင်းနေတယ်” ဟု ရန်ကုန်မှ တက္ကစီအငှားယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

    645554284 1291187276442209 6601985161730289004 N

    ရန်ကုန်တိုင်း၊ သီရိမင်္ဂလာစျေးအနီးရှိ 360 ဆီဆိုင်တွင်မူ စက်သုံးဆီ မရှိ၍ ဆိုင်ပိတ်ထားရကြောင်း သိရှိရသည်။

    မန္တလေးနှင့် နေပြည်တော်မှ ပြည်သူများကလည်း ဆီဆိုင်များတွင် ဆီများပြတ်လပ်နေပြီး အကန့်အသတ်ဖြင့်သာ ယနေ့ နံနက်ပိုင်း ရောင်းချပေးနေကြောင်း ပြောဆိုသည်။

    “နေပြည်တော်မှာ ဒီဇယ်နဲ့ 92 မရတဲ့ ဆိုင်တွေ များတယ်။ ရတဲ့ဆိုင်မှာလည်း ၃ သောင်းဖိုးပဲ ရောင်းတယ်။ ကားတန်းတွေက ဆီတစ်ခါရဖို့ ၁ နာရီလောက် တန်းစီရတယ်” ဟု နေပြည်တော်မှ သတင်းထောက်တစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက်ဇော်မင်းထွန်းကမူ စက်သုံးဆီ ပြတ်လပ်ရန် မရှိသော်လည်း ကမ္ဘာ့အခြေအနေများကြောင့် စက်သုံးဆီစျေးနှုန်းများမှာမူ ကမ္ဘာ့စျေးနှုန်းနှင့်အညီ ပြောင်းလဲမှုများ ရှိလာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

    645991474 1291191526441784 943459886263357705 N

    စစ်တပ်က ပြည်သူများကို စက်သုံးဆီချွေတာရန် ထုတ်ပြန်ခြင်းမှာ ဆီမရှိ၍ မဟုတ်ဘဲ ရေရှည်အတွက် စဉ်း စား၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ စက်သုံးဆီ ပြတ်လပ်စရာ အကြောင်းမရှိဘဲ ရက်ပေါင်း ၄၀ စာအတွက် အရ န်ဆီ ဂါလန် သန်း ၁၃၀ နီးပါး အဆင်သင့်ရှိနေကြောင်း၊ မြန်မာနိုင်ငံ၌ တစ်ရက်လျှင် ဓာတ်ဆီ ၁ ဒသမ ၅ သန်းဂါလန်နှင့် ဒီဇယ်ဆီ ၁ ဒသမ ၇ သန်းဂါလန်၊ စုစုပေါင်း ၃ ဒသမ ၂ သန်းဂါလန်ခန့် သုံးစွဲလျက်ရှိကြောင်း၊ လက်ရှိတွင် ဓာတ်ဆီဂါလန် သန်း ၆၀ နှင့် ဒီဇယ်ဆီဂါလန် သန်း ၇၀ ခန့် စုပုံထားရှိပြီးဖြစ်သဖြင့် အရန်ဆီ ရက် ၄၀ စာ ရှိနေကြောင်း၊ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘော ၂ စီးနှင့် လမ်းခရီးတွင် ရောက်ရှိလာမည့် သင်္ဘော ၁၄ စီးရှိသဖြင့် အခက်အခဲ မရှိနိုင်ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က မတ်လ ၇ ရက်နေ့ စတင်မည့် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေး နံပါတ်ပြားအလိုက် စုံရက်၊ မရက် ခွဲခြား၍ လမ်းပေါ်ထွက်ရမည်ဖြစ်သော်လည်း အလုပ်အသွားအပြန်၊ ကျောင်းပို့/ကြိုနှင့် ကုန်စည်ဖြန့်ဖြူးရေးအတွက် ထောက်ခံစာဖြင့် သွားလာနိုင်ကြောင်း ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။

    646405845 1291191609775109 5536311890296630801 N

    အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများတွင် အဟန့်အတားများ ဖြစ်ပေါ်နေသဖြင့် စက်သုံးဆီ ခြိုးခြံချွေတာရေးအတွက် မော်တော်ယာဉ်များကို နံပါတ်ပြားအလိုက် စုံရက်၊ မရက် ခွဲခြားမောင်းနှင်ရမည်ဟု မတ်လ ၃ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းနောက် မတ်လ ၄ ရက်နေ့တွင် နောက်ဆက်တွဲ ဖြည့်စွက်ချက်အဖြစ် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် အလုပ်အသွားအပြန်၊ ကျောင်းကြို/ပို့နှင့် ကုန်စည်ဖြန့်ဖြူးရေးယာဉ်များကို ထောက်ခံစာဖြင့် နေ့စဉ် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ဆက်လက် ထုတ်ပြန်ခဲ့သည်။

    647141938 1291187206442216 2746130384539009234 N

    “သူတို့ပြောတဲ့ ထောက်ခံစာက ဌာနဆိုင်ရာ ရုံးထောက်ခံစာလား၊ ပုဂ္ဂလိက အလုပ်ထောက်ခံစာလား၊ အုပ်ကြီးတွေဆီကယူရမယ့် ထောက်ခံစာလား အဲဒါတွေလည်း သေသေချာချာ မပါဘူး။ အုပ်ကြီးတွေဆီက ထောက်ခံစာယူရမယ်ဆိုရင်တော့ အုပ်ကြီးတွေကို အလှူငွေ သို့မဟုတ် ရန်ပုံငွေဆိုပြီး တောင်းကြဦးမှာ။ အရေးယူမယ်ပြောနေတာကလည်း ဘာဥပဒေနဲ့ အရေးယူမှာလဲ။ ထောင်ချမှာလား၊ ဒဏ်ပဲရိုက်မှာလားတော့မသိဘူး။ ဒါပေမယ့် မော်တော်ပီကယ်တွေကတော့ လုပ်စားဂွင်ကြီးဖြစ်ဦးမယ့် အလားအလာပဲ” ဟု နေ့စဉ် အလုပ်သွားနေရသည့် အကောက်ခွန်အေးဂျင့်တစ်ဦးက ပြောဆိုသည်။

    646967235 1291188913108712 8769253849949209433 N

    စစ်တပ်က မတ်လ ၇ ရက်နေ့မှ စတင်ကာ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များသည် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မောင်းနှင်ကြရမည် ဖြစ်ကြောင်း၊ လစဉ် “စုံ” ရက်များတွင် ယာဉ်နံပါတ်အက္ခရာအရှေ့၌ စုံဂဏန်းပါသောယာဉ်များ (ဥပမာ- 2A, 4A) နှင့် “မ” ရက်များတွင် မဂဏန်းပါသောယာဉ်များ (ဥပမာ- 1A, 3A) သာ မောင်းနှင်ရမည် ဖြစ်ကြောင်း၊ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

  • ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး  တိုက်ပွဲများ  ပြင်းထန်

    ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်

    ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခုခံနေ

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို AA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေကြောင်း တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    မတ်လဆန်းပိုင်းမှ စတင်ပြီး ပန်းတောင်းမြို့နယ် အခြေစိုက် ကပစ ၁၆ တပ်ကို AA နှင့် တော်လှန်ရေးပူးပေါင်း တပ်များက စတင်တိုက်ခိုက်နေခြင်းဖြစ်ကာ ထိတွေ့ တိုက်ပွဲများသည် ယနေ့ မတ်လ ၅ ရက်နေ့ထိ ပြင်းထန်နေကြောင်း၊ ထို့ပြင် တိုက်ပွဲများအတွင်း လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိကြောင်း သိရသည်။

    AA က ပစ်ခတ်သော လက်နက်ကြီးများမှာ ကပစ ၁၆ တပ်ဝင်းအတွင်းရှိ အိမ်ထောင်သည်လိုင်းခန်း၊ တန်းစီကွင်းနှင့် အားကစားကွင်းဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

    မတ်လ ၄ ရက်နေ့ကလည်း ကပစ ၁၆ အနီး တိုက်ပွဲဖြစ်ပွားရာ နေရာများကို အကြမ်းဖက် စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် လူနာတင်ကားများ ရောက်ရှိလာပြီး ကပစ ၁၆ အတွင်းမှ ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို ပြည်မြို့ဘက်ကို ခေါ်ဆောင်သွားကြောင်း သိရသည်။

    “ပန်းတောင်း ကပစ ၁၆ ကတော့ တိုက်ပွဲတော်တော်ပြင်းထန်းနေတယ်။ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေရှိသလို စစ်ခွေးတွေကလည်း လေယာဉ်တွေနဲ့ဗုံးကျဲတာတွေရှိပါတယ်။ ကျနော်တို့ သိရသလောက်တော့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံးက ကပစ ၁၆ တပ်ဝင်းထဲက အိမ်ထောင်သည်လိုင်းခန်း၊ တန်းစီကွင်းနဲ့ အားကစားကွင်းဘက်ကို ကျရောက်ပေါက်ကွဲလို့ စစ်တပ်ဘက်ကလည်း ထိခိုက်မှုရှိတယ်လို့ သိရတယ်။ မနေ့ကလည်း လေယာဉ်တွေနဲ့ ဗုံးလာကျဲပြီး လူနာတင်ကားတွေနဲ့ ပြည်မြို့ဘက်ကို ဒဏ်ရာရ စစ်ခွေးတွေ သယ်ထုတ်ပြီး ဆင်းသွားတယ်လို့သိရတယ်” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ထိုသို့ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေခြင်းကြောင့် ကပစ ၁၆ အတွင်းကို ကပစ ၉ မှ စစ်သားများဖြင့် အင်အားဖြည့်တင်းပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

    ထို့ပြင် ပန်းတောင်းမြို့နယ် ကပစ ၆ တပ်အတွင်းမှ တပ်ပြောင်းပါသွားသည့် စစ်သားများသည် လမ်းတွင် ထွက်ပြေးသွားကြောင့် စစ်တပ်က မိသားစုများ၏ နေအိမ်များကို မတ်လ ၄ ရက်နေ့တွင် လိုက်လံ မွှေနှောက်ရှာဖွေနေပြီး ထွက်ပြေးသူ အရေအတွက်ကိုမူ မသိရှိရသေးဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။