Category: News

  • မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်ထိမြင့်တက်ပြီး အပူကြောင့်သေဆုံးသူရှိလာ

    မန္တလေးမြို့တွင် အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်ထိမြင့်တက်ပြီး အပူကြောင့်သေဆုံးသူရှိလာ

    ယခုရက်ပိုင်းအတွင်း နိုင်ငံတဝန်းနေ့အပူချိန်များမြင့်တက်နေရာတွင် မန္တလေးမြို့၌ အပူချိန် ၄၃ ဒီကရီဆဲလ်စီးယပ်အထိမြင့်တက်နေပြီး အပူဒဏ်ကြောင့်သေဆုံးသူများရှိနေကြောင်းသတင်းရရှိသည်။

    ၂၀၂၅ ခုနှစ် ဧပြီလ ယခုချိန်တွင် မန္တလေးမြို့အပူချိန်သည် ၄၂ ဒီကရီဆဲလ်စီးယပ်ရှိသဖြင့် တစ်နှစ်ကျော်ကာလအတွင်း အပူချိန် ၁ ဒီကရီဆဲလ်စီးယပ်ရှိလာကာ အပူချိန်မြင့်တက်ခြင်းဖြစ်သည်။

    မန္တလေးမြို့တွင်အပူချိန်မြင့်တက်မှုကြောင့် မူးလဲသတိလစ်သူအပူလျှပ်သူများပြားနေပြီး ဆရာဝန်တစ်ဦးသေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။

    ပြီးခဲ့သည့်ရက်ပိုင်းတွင် မန္တလေး နန်းရှေ့၊ ၁၉ လမ်းရှိ ဘောလုံးကွင်းရှေ့၌ အမျိုးသားတစ်ဦး ကားအတွင်းရုတ်တရက်သေဆုံးခြင်း၊ အမျိုးသမီးတစ်ဦး မူးလဲသတိလစ်သွားခြင်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

    “မန္တလေးအရမ်းပူတယ်။ အပြင်မထွက်နိုင်ဘူး။ နေ့လယ်ဘက် ကိစ္စရှိလို့ကားနဲ့ အပြင်ထွက်မယ်ဆိုရင်တောင် ကားထဲဦးထုပ်ဆောင်းထားရတယ်။ အပေါ်က အပူက ကားအမိုးရှိ တာတောင်မခံနိုင်ဘူး။ တအားပူတယ်။ အခုပိုပူလာပြီ မနေနိုင်ဘူး “ ဟု မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

    ထိုသို့အပူချိန်မြင့်တက်နေသည့်အပြင် လျှပ်စစ်မီးလုံလောက်စွာမရမှုကြောင့် အပူဒဏ်ခံစားရကာ ကလေးငယ်နှင့် လူကြီးများပိုမိုခံစားရကြောင်း မန္တလေးမြို့ခံ့များထံက သိရသည်။

    ပြီးခဲ့သည့်နှစ်ရက်တွင် လျှပ်စစ်မီးလာချိန် နှစ်နာရီတိုးပေးမည်‌ဆိုသော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပိုပြတ်နေကြောင်း မြို့ခံများကဆိုသည်။

    လက်ရှိနေ့အပူချိန်မြင့်တက်မှုကြောင့် ချောက်မြို့အပါအဝင် အချို့မြို့ကြီးများတွင် အပူရှောင်စခန်းများဖွင့်လှစ်ထားပြီး ပြည်သူ့ဆေးရုံများတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရန်ပြင်ဆင်ထားကြောင်း ရွေးတုအစိုးရလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

    စစ်အာဏာရှင်ဦးမင်းအောင်လှိုင်မွေးရပ်ဇာတိမြေဖြစ်သော မင်းဘူမြို့တွင် အပူရှောင်စခန်း ဖွင့်လှစ်နိုင်ရေးအတွက် ကျပ် သိန်း ၃၀၀ ကို ၎င်းက လှူဒါန်းကြောင်း ရွေးတုအစိုးရအာဘော် သတင်းစာများတွင်ဖော်ပြထားသည်။

    ထို့ပြင် အပူချိန်မြင့်တက်မှုကြောင့် မိတ်ထွက်ခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခမ်းခြင်း နှင့် သတိလစ်ခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    အပူကြောင့်သတိလစ်ခြင်း (Heat Stoke) သည် ခန္ဓာကိုယ်အပူချိန်လွန်ကဲ၍ဖြစ်ရခြင်း အသက်အရွယ်၊ ရောဂါအခံနှင့် အခြားအကြောင်းအရင်းတို့ကြောင့်ဖြစ်ရကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လမှစတင်ကာ မကွေးမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့နှင့် နတ်မောက်မြို့တို့တွင် အပူရှောင်စခန်းများဖွင့်လှစ်ပြီး ကျန်ရှိနေသည့်အပူချိန်မြင့်သောဒေသများ တွင် ထပ်မံဖွင့်လှစ်ကြောင်းသိရသည်။

    မန္တလေးက လူတွေ အထူး ဂရုပြုကြပါ။

    နေကအရမ်းပူ မီးက ပြတ်နဲ့ အပူရှပ်တာကြောင့် ဆရာဝန်ကိုယ်တိုင် စိတ်မကောင်းစရာ အဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

    ဒီဖြစ်ရပ်မှာ အပြစ်တင်ရမှာက မီးဖြတ်တဲ့ လျှပ်စစ်ဌာနပါပဲ။ နွေရာသီကတော့ ပူမှာပါပဲ။

    အပူသက်သာဖို့ လျှပ်စစ်ဓာတ်အားကို ပိုသုံးရတာက ထုံးစံပါပဲ။

    အဲဒီ လျှပ်စစ်ဓာတ်အားတွေကို လုံလောက်အောင် ဖြည့်ဆည်းပေးရမှာက ပြည်သူ့ဆီက အခွန်ကို ယူပြီး ကိုယ့်ကိုကိုယ် အစိုးရလို့ သတ်မှတ်ထားတဲ့ လူတစုပါပဲ။

    ဒီလောက် ပြောလည်း ရှက်ရကောင်းမှန်း မသိလို့ ပြောတဲ့သူတောင် ရှက်လာပါပြီ။

    ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို အဲကွန်းခန်းထဲ ၂၄ နာရီနေပြီး အပင်ပန်းခံ လုပ်ပေးနေရတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီး ဆိုသူတွေ မသိချင်ယောင်ဆောင်နေကြတာလား ဆိုတာကတော့…

  • ရန်ကုန်မြို့က ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်​နေ

    ရန်ကုန်မြို့က ရွှေလိပ်ပြာဟိုတယ်မှာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်​နေ

    ရန်ကုန်မြို့​နေရာ အနှံမှာ ကျားဖြန့်လုပ်ငန်း​တွေရှိ​နေဟု လုပ်ကိုင်ခဲ့သူအချို့​ပြော

    ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တရုတ်နိုင်ငံသားပိုင် ​ရွှေလိပ်ပြာဟိုတယ်မှာ အွန်လိုင်းက​နေငွေ​ကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်း​ကို ပေါ်​ပေါ်တင်တင်လုပ်ကိုင်​နေတယ်လို့ သိရှိတဲ့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်​တွေက​ ပြောပါတယ်။

    “အဲဒီဟိုတယ်ကို ​ပြောရရင်မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ်လယ်ကထိဖွင့်တာ​တွေ့တယ်။ ဒါ​ပေမယ့်တည်းတဲ့သူမရှိဘူး။ ဗိုလ်ချုပ်ကြီးယွက်ဆစ်က​တော့ ခဏခဏလာတယ်။ အခုက​တော့ ကျားဖြန့် လုပ်​နေတာ တစ်ကယ့်စစ်တပ်ကအကြီးပိုင်းက လူ​တွေ​တောင်လာတယ်။ ဟိုတယ်က လုံးဝအလုံပိတ်လုပ်လိုက်တယ်။ ဟိုတယ်ဆိုင်းဘုတ်​တွေ​တောင်ဖြုတ်လိုက်တယ်။ ကျားဖြန့်ကို ပေါ်​ပေါ်တင်တင်လုပ်​နေတာ”လို့ စစ်တပ်နဲ့နီးစပ်သူတစ်ဦးက​ပြောပါတယ်။

    ဗဟန်းမြို့နယ်မှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ်မှာကျားဖြန့်ဝန်ထမ်း ​အများအပြားရှိပြီး သူတို့သတ်မှတ်ထားတဲ့ ဝန်ထမ်း​နေရာမှာသာ ​​နေရပြီး ဖုန်းသုံးခွင့်ကိုလည်းပိတ်ထားတယ်လို့ လုပ်ကိုင်ခဲ့ဖူးသူတဦးက​လည်းပြောပါတယ်။

    “အလုပ်အကိုင်ရှာ​ဖွေ​ရေး​အေဂျင်စီမှာ​ အလုပ်​ခေါ်ထားတာ​တွေ့လို့ သွား​လျှောက်တာ။ အင်တာဗျူး​ခေါ်​တော့ လိပ်စာမ​ပေးဘူး။ သူတို့လာ​ခေါ်မယ်​ပြောတယ်။ သူတို့ချိန်းတဲ့ နေရာကိုသွားပြီးမှ သူတို့​ခေါ်တဲ့ ​​နေရာကို လိုက်ရတာ။ ကားအမည်းနဲ့ လာ​ခေါ်တာ။ တရုတ်လူမျိုးက​မေးတာ အင်တာဗျူးကို။ အင်္ဂလိပ်လိုတတ်လား​မေးတယ်။ တတ်ရင် လစာကတမျိုး​ပေါ့။ ကိုယ်ကဘာလုပ်ရမှာလဲ​မေး​တော့ Costumer Service ​ပေါ့။ ဖုန်းပဲ​ပြောရမှာဆိုပြီး​ပြောတယ်။ အဆင်​ပြေရင် ​​​နေစရာ​ပေးမယ်။ ဖုန်းမသုံးရဘူး။ တစ်ပတ် တခါ​အပြင်ပေးထွက်မယ်ဆိုပြီး​ပြောတယ်။ အလုပ်ကရှာမရတော့ ဝင်လုပ်တာ။ အထဲမှာ ဟိုတယ်ဆိုင်းဘုတ်​ထောင်ထားတာ​တွေ့​တော့ ဟိုတယ်ဝန်ထမ်းလုပ်ရမယ်ထင်တာ။ နောက်​တော့ လူ​တွေကိုလိမ်ရတဲ့အလုပ်​ဖြစ်​နေတာ” လို့ ၎င်းက ရှင်းပြပါတယ်။

    ၎င်းအ​နေနဲ့ ခဏတာသာလုပ်ကိုင်ခဲ့ပြီး အလုပ်မထွက်ခင်သတ်မှတ်ထားတဲသတ်မှတ်ချက်(Target) ပြည့်မီ​အောင်လုပ်​​ပေးရပြီး မပြည့်ပါက အလုပ်ထွက်ခွင့်မရှိဘူးလို့ဆိုပါတယ်။

    အဲဒီနေရာဟာ အလွန်​ကြောက်စရာ​ကောင်းပြီး နှိပ်စက်ခံရသူများလည်းရှိ​ကြောင်း၊ နိုင်ငံခြားသားအချို့ကိုလည်း ​အလုပ်လုပ်​​နေတာကိုတွေ့ခဲ့ရတယ်လို့သူကဆက်​ပြောပါတယ်။

    သတ်မှတ်ချက် ပြည့်​အောင်မရှာ​ပေးနိုင်တဲ့သူကို ထမင်းမ​ကျွေးသလို ကြာပွတ်နဲ့ရိုက်တာ​တွေလုပ်တယ်လို့ ၎င်းမြင်​တွေ့ခဲ့ရတာ​တွေကို ​ပြောပြပါတယ်။

    အလားတူ ကျားဖြန့်လုပ်ငန်း​တွေဟာ ရန်ကုန်ရဲ့​​ နေရာ​​တော်​တော်များများမှာရှိပြီး အထူးသဖြင့် အများမထင်ထားတဲ့မြို့လယ်​ခေါင်မှာ လုပ်ကိုင်​​နေကြတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

    ၎င်းတို့ဟာ စစ်တပ်ကို ဆတ်​ကြေး​ပေးပြီး လုပ်ကိုင်​နေတာဖြစ်တယ်လို့လည်း စုံစမ်းသိရပါတယ်။

    ရွှေလိပ်ပြာဟိုတယ်ကို ဗဟန်းမြို့နယ်နဲ့ပတ္တမြားမြေ မိုးကုတ်မြို့မှာလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

    ​ရွှေလိပ်ပြာဟိုတယ်ဟာဦးယောဆက်ပိုင်ဆိုင်တာဖြစ်တယ်လို့ သိရပါတယ်။ဦးယောဆက်ဟာ ကျောက်လုပ်ငန်းနဲ့ ကြီးပွားချမ်းသာလာပြီး အရင်က မိုးကုတ်မြို့ရဲ့ ချမ်းသာဆုံးစာရင်းဝင်တစ်ဦး ဖြစ်ပါတယ်။ဦးယောဆက်ဟာ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း(MEEA)ရဲ့ ဥက္ကဌ တာဝန်ယူခဲ့ဖူးပါတယ်။

    ၂၀၂၅ စက်တင်ဘာမှာ ဦးယောဆက်ရဲ့ သမီးဖြစ်သူ ဂျူလီယာဆက်က ဖခင်ဖြစ်သူရဲ့ ဆယ်စုနှစ်ကြာ အိမ်တွင်းအကြမ်းဖက်မှုကိုဖွင့်ချခဲ့ပါတယ်။ ဦးယောဆက်ဟာ ဇနီးဖြစ်သူနဲ့ သားသမီးတွေကိုအကြမ်းဖက်ရိုက်နှက်သူဖြစ်ကြောင်း လူမှုကွန်ရက်မှာ ဗီဒီယိုဖိုင်နဲ့တကွ ဖွင့်ချခဲ့ပါတယ်။

    (​ရွှေလိပ်ပြာ ဟိုတယ်ကို​တွေ့ရစဥ်။ ဓါတ်ပုံ-​ရွှေလိပ်ပြာဟိုတယ်​ဖေစ်ဘွခ်)

  • စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်

    ဘုတ်ပြင်းမြို့နယ်၊ KNU တပ်မဟာ ၄ နယ်မြေရှိ စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြ၀တီမြို့နယ်၊ ဝေါ်လေဗျူဟာကုန်းတိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေ

    တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ KNU တပ်မဟာ ၄ နယ်မြေရှိ စစ်တပ်၏ ဘိုဒါးစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း ရှိ ဝေါ်လေဗျူဟာကုန်းတိုက်ပွဲမှာလည်း အလွန်ပြင်းထန်နေကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်နှင့် KNU စစ်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။

    ဧပြီလ ၂၀ ရက်နေ့မှစတင်၍ KNU ကော်သူလေး အုပ်ချုပ်ရေးနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နှင့်ပြည်ကြီးမဏ္ဍိုင်မြို့ အကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးကျေးရွာအတွင်းတွင် စစ်တပ်က ၂ နှစ်ကျော်အကြာ တပ်စွဲထားသော ဘိုဒါးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန် အဆိုပါ စခန်းမှ အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားသဖြင့် စခန်းကို အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

    အလားတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ထားသော စစ်တပ်၏ ဝေါ်လေဗျူဟာကုန်းတွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ် ဇူလိုင်လကတည်းက အဆိုပါ ဝေါ်လေ ဗျူဟာကုန်း စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ က ယခုရက်ပိုင်းအတွင်း ထိုးစစ်တိုးမြှင့်၍ တိုက်ခိုက်ခဲ့ရာ စစ်တပ်ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

    “ဝေါ်လေမှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ကာကင်းစခန်းတွေတော့ တောက်လျှောက် ရတာရှိတယ်။ ဒီနေ့မှာ တိုက်ပွဲ အတော်ကို ပြင်းထန်တယ်။ သူတို့ဘက်က လေကြောင်းကင်းထောက်တာတွေရှိနေတော့ လေယာဉ်နဲ့ ဗုံးကျဲတာတွေ ဖြစ်လာနိုင်တယ်” ဟု KNU စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ကို ထိန်း ချုပ်နိုင်ရေးအတွက် ထိုးစစ်များ တိုးမြှင့်နေပြီး KNLA ဦးဆောင်သော တော်လှန်ရေးတပ်များကလည်း ခုခံစစ်အပြင် စခန်းသိမ်းတိုက်ပွဲများကို တိုးမြှင့်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

  • မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာအကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ပေးမယ်

    မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာအကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ပေးမယ်

    မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာအကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ အမေရိကန် ဆုငွေထုတ်

    မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာ လုပ်ကိုင်နေတဲ့ ငွေကြေး ခဝါချမှုအတွင်း ပါဝင်တဲ့ ဘဏ္ဍာငွေတွေကို သိမ်းဆည်းရေးနဲ့ပြန်လည် ရယူရေး သတင်းပေးနိုင်သူကို ဆုတော်ငွေ ဒေါ်လာ ၁၀ သန်း ပေးမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံတကာ မူးယစ်ဆေးနဲ့ ဥပဒေ စည်းကြပ်ရေး ဌာနက ဧပြီ ၂၃ ရက်မှာ ကြေညာပါတယ်။

    တရားရေးဌာနရဲ့ ထောက်ခံမှုနဲ့ အဲဒီ ဌာနက ဆုတော်ငွေ ဒေါ်လာ ၁၀ သန်း ထုတ်ပြန်တာ ဖြစ်ပါတယ်။

    အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ နယ်စပ် ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းတွေဟာ ကြီးမားတဲ့ အတိုင်းအတာနဲ့ ပြုလုပ်နေတဲ့ အွန်လိုင်း လိမ်လည်မှုတွေအတွင်း အမေရိကန် နိုင်ငံသားတွေကို ပိုပြီး ပစ်မှတ်ထားလာနေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

    အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ ကျားဖြန့်လုပ်ငန်းတွေဆီ ၂၀၂၅ ခုနှစ် အတွင်း အမေရိကန် နိုင်ငံသားတွေ ဆုံးရှုံးလိုက်ရတဲ့ ငွေပမာဏဟာ ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ ကျော်ရှိတယ်လို့ အမေရိကန် အစိုးရက ခန့်မှန်းထားပါတယ်။

    တိုင်ချန်း ကျားဖြန့်လုပ်ငန်းစုဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနယ်စပ် ကရင်ပြည်နယ်မှာ တည်ရှိပြီး ကျားဖြန့် လုပ်ငန်း အများအပြားကို လုပ်ကိုင်နေတာ ဖြစ်တယ်လို့ အမေရိကန်က ပြောပါတယ်။

    အက်ဖ်ဘီအိုင်က လိမ်လည်မှုတွေကို ခြေရာခံတာ ထိခိုက်နစ်နာသူတွေရဲ့ ငွေတွေ ပြန်ရအောင် ကြိုးပမ်းတာ အပါအဝင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ထားပါတယ်။

    အဲဒီ ကျားဖြန့်လုပ်ငန်းစုဟာ မင်းလက်ပံရွာမှာ တည်ရှိတာ ဖြစ်ပြီး စီမံခန့်ခွဲနေတဲ့ တရုတ်နိုင်ငံသား နှစ်ဦး ဖြစ်တဲ့ ဟွန် ရှင်းစန်းနဲ့ ကျန်း ဝန်ကျီတို့ကို အမေရိကန်မှာ စွဲချက်တင်ထားပြီ ဖြစ်ပါတယ်။

    ဝါရှင်တန်မှာ စွဲချက်တင်ခံထားရသူ နှစ်ဦးစလုံး ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ အစိုးရက ဖမ်းဆီးထားကြောင်း တရားရုံး စာရွက်စာတမ်းတွေမှာ ဖော်ပြတားပါတယ်။

    မြန်မာ စစ်တပ်က နှိမ်နှင်းပြီးနောက် သူတို့ဟာ ကမ္ဘောဒီးယားသို့ ပြန်လည် နေရာချထားခဲ့ပေမယ့် ထိုင်း အာဏာပိုင်တွေက အခုနှစ် နှစ်ဆန်းပိုင်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    သူတို့နှစ်ယောက်ကို အမေရိကန်မှာ တရားရင်ဆိုင်ခိုင်းဖို့ ဘယ်အချိန် လွှဲပြောင်းပေးမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    Ref:abc/US gov

  • ကျောက်ဖြူစစ်ဘေးရှောင် စခန်းတစ်ခုတွင်နောက်လင်ယူသွားသည့်အမျိုးသမီးအား ယခင်ယောက်ျားဟောင်းကဓါးဖြင့်ခုတ်သတ်

    ကျောက်ဖြူစစ်ဘေးရှောင် စခန်းတစ်ခုတွင်နောက်လင်ယူသွားသည့်အမျိုးသမီးအား ယခင်ယောက်ျားဟောင်းကဓါးဖြင့်ခုတ်သတ်

    ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊ ကျောက်ဆောက်ရွာ၊ မီးကျောင်းရေသောက် စစ်ဘေးရှောင်စခန်းတွင် နောက်လင်ယူသွားသည့် အမျိုးသမီးအား ယခင်ယောက်ျားဟောင်းကဓါးဖြင့်ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။

    ဓါးခုတ်ခံရမှုကြောင့်သေဆုံးသွားသူမှာမီးကျောင်းရေသောက်စစ်ရှောင်စခန်းတွင်နေထိုင်သူကျောက်ဖြူမြို့နယ်၊ပြားကျိန်ချောင်းဖျားရွာမှ ‌ဒေါ်ကြာလှမ(ခ) လှလှဝင်း (၃၉နှစ်)ဖြစ်သည်။

    အဆိုပါ လူသတ်မှုသည် ပြီးခဲ့သည့်ဧပြီလ (၁၈) ရက်နေ့၊ည (၉) နာရီခန့်တွင်ကျောက်ဖြူမြို့နယ်၊ကျောက်ဆောက်ရွာအနားရှိမီးကျောင်းရေသောက်စစ်ရှောင်စခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    စစ်ရှောင်နေသည့်ရသေ့တောင်မြို့နယ်၊သစ်ကတိုးရွာမှဦးခင်သိန်းမောင် (၅၆နှစ်) သည်အရက်အလွန်အကျွံသောက်ပြီးစိတ်ဖောက်ပြန်ရာမှ၎င်းနှင့်အိမ်ထောင်ကျဖူးခဲ့ပြီးနောက်ထပ် လင်ယူသွားသည့် ‌ဒေါ်ကြာလှမ(ခ) လှလှဝင်းဓါးဖြင့်ပိုင်းခုတ်သတ်ဖြတ်ခဲ့သည်ဟုအာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်‌ရေးအဖွဲ့ကယနေ့ဧပြီလ (၂၄) ရက်တွင်ထုတ်ပြန်ထားသည်။

    ယင်းသို့ဓါးဖြင့်ခုတ်ခံရမှုကြောင့်ဒေါ်ကြာလှမ၏ဘယ်ဖက်လက်လှုပ်တွင် (၇) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဘယ်ဖက်ဘေးစတွင် (၄) လက်မခွဲခန့်ဒဏ်ရာ (၁) ချက်၊နောက်ကျောတွင် (၃)လက်မမှသည် (၈) ခန့်ထိရှိသည့်ဓါးဒဏ်ရာ (၄)ချက်၊ညာဖက်လက်လှုပ်တွင် (၈) လက်မခွဲခန့်ဒဏ်ရာ (၁) ချက်၊ခါးဆစ်တွင် (၅) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဦးခေါင်းညာဖက်ခြမ်းတွင် (၃) လက်မခန့်ဒဏ်ရာ (၁) ချက်၊ဦး‌ခေါင်းဘယ်ဖက်ခြမ်းတွင် (၁၀) လက်မခန့်ဒဏ်ရာ (၁) ချက်၊လည်ပင်းတွင် (၆) လက်မခန့်ဒဏ်ရာ (၁) ချက်၊စုစုပေါင်းဓါးဒဏ်ရာ (၁၁) ချက်ဖြင့်အခင်းဖြစ်ပွားသည့်နေရာ၌ပင်သေဆုံးခဲ့သည်ဟုဖော်ပြထားသည်။

    အဆိုပါလူသတ်မှုကျူးလွန်သူကိုတရားဥပဒေစိုးမိုး‌ရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)ကဧပြီလ (၁၈) ရက်၊နေ့လယ် (၁) နာရီအချိန်တွင်၎င်းအားမိနစ် (၃၀) အတွင်းအမှုနှင့်ဖမ်းဆီးပြီးချုပ်ရီမန်ရယူခြင်း၊အမှုမှသက်သေခံပစ္စည်းဖြစ်သောဓါးကိုသိမ်းဆည်းခြင်း၊ကျန်ဒီလပ် လုပ်ငန်းများအားပြည့်စုံခိုင်မာစွာတည်ဆောက်ပြီးဟုအာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်‌ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    ထုတ်ပြန်ချက်အတွင်း “၂၀၂၆ခုနှစ်၊ဧပြီလ (၁၈) ရက်နေ့၊ညည့်ကဖြစ်ပွားခဲ့သည့်လူသတ်မှုဖြစ်စဉ်အတွင်းကျူးလွန်သူတရားခံကိုတရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)မှဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီဖမ်းဆီးအရေးယူထားပြီးဖြစ်သည်” ဟုဖော်ပြထားသည်။

    လူသတ်မှုကျူးလွန်သူကိုဒီလပ်ကရာဇသတ်ကြီးပုဒ်မ – ၃၀၂ဖြင့်အမှုဖွင့်ပြီးဥပဒေလုပ်ထုံး၊လုပ်နည်းများနှင့် အညီအရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။

    ဓါတ်ပုံ – အာရက္ခမှုခင်းနှင့်ဆက်စပ်သတင်းများထုတ်ပြန်‌ရေးအဖွဲ့