မြန်မာနိုင်ငံ၏ နာမည်ကြီးသရုပ်ဆောင်များသည် စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ရုပ်ရှင် ရိုက်ကူးခဲ့မှုကြောင့် ဝေဖန်ခံနေရကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်သည် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဟု အမည်ပေးထားပြီး စစ်ကော်မရှင်လက်အောက်ခံ မီဒီယားများနှင့် စစ်တပ်လော်ဘီများ က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြခဲ့ပြီးနောက် ပါဝင်ခဲ့သည့် အနုပညာရှင်များကို ပြည်သူများက ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“နေ့စဉ်နဲ့အမျှ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြည်သူတွေ အလူးအလဲခံစားနေရတယ်။ စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိကအဆောက်အအုံတွေကိုလဲ ဗုံးကြဲ၊ ရွာတွေကိုလဲ မီးရှို့နေတယ်။ အဲ့ဒါကိုတော့ မပြောဘူး။ ရွေးကောက်ပွဲအတွက်တော့ ရုပ်ရှင်ရိုက်ပြကြတယ်။ အဲ့ဒီမှာ ထူးခြားတာက သရုပ်ဆောင်အများစုက အကယ်ဒမီရထားတဲ့လူတွေကြီးပဲ၊ ဦးမိုက်ပြောသလို ဘယ်သူမှ နားထင်တေ့ပြီး လုပ်ခိုင်းတာမဟုတ်ဘူး” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုသားထက်ဇော်က ပြောသည်။
အဆိုပါ ဝါဒဖြန့် ရုပ်ရှင်တွင် နေတိုး၊ မြင့်မြတ်၊ အေးချမ်းမောင်၊ နေဝင်း၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်စသည့် သရုပ်ဆောင်များအပြင် တက်သစ်စ အနုပညာရှင်များနှင့် ဟာသလူရွှင်တော်များစွာ ပါဝင်ထားသည်ကို တွေ့ရသည်။

“စစ်တပ်အာဏာသိမ်းတုန်းကတော့ လက်သီး လက်မောင်းတန်းပြီး ဆန္ဒပြခဲ့တာလဲ ဒီကောင်တွေပဲ၊ ဆန္ဒပြပွဲတွေပြီးလို့ လက်နက်ကိုင်တော်လှန်တော့ ဒီကောင်တွေပဲ စစ်တပ်ကို မတာ၊ ဖက်ခွက်စားလို့ ပြောရင်လဲ ဒီကောင်တွေက နာတယ်။ အမှန်ပြောရင်လက်မခံနိုင်တဲ့အထဲ စစ်တပ်ပြီးရင် ဒီကောင်တွေလဲပါတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ ဝါဒဖြန့်ရုပ်ရှင်တွင် စစ်တပ်အာဏာသိမ်းချိန်မှ စတင်ကာ လက်ရှိ အတုအယောင်ရွေးကောက်ပွဲ ကျင်းပမည့်ကာလအတွင်း CDM အကြောင်းအရာများ၊ လူငယ်များ ပြည်ပသို့ ထွက်ရောက်မှု ကိစ္စများနှင့် မီဒီယာများအကြောင်းတို့ကို ထည့်သွင်းထားပြီး ထည့်သွင်းထားသည့်အကြောင်းအရာများသည်လည်း ပုတ်ခတ်စော်ကားထားသည့် အကြောင်းအရာများသာဖြစ်သည်။

“နေတိုး၊ မြင့်မြတ်တို့လို နာမည်ကြီး သရုပ်ဆောင်တွေထည့်ရိုက်ကတည်းက ဒါက သာမန်လူထုတွေကို ဝါဒဖြန့်ဖို့ ဖြစ်တယ်။ နေတိုးဆို ရခိုင်တိုင်းရင်းသား၊ ရခိုင်ပြည်သူတွေ နေ့စဉ်ဗုံးကြဲခံနေရတာကို သိရှိပြီးသားလေ၊ သူဆို ပိုမပါဝင်သင့်ဘူး။ ဒါကြောင့် အခုရုပ်ရှင်မှာပါဝင်တဲ့ သူတွေကို လူမှုရေးပြစ်ဒဏ်သေချာလုပ်သင့်ပါတယ်” ဟု စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် အမည်မဖော်လိုသော တော်လှန်အနုပညာရှင်တစ်ဦးက ပြောသည်။
ဝါဒဖြန့် ရိုက်ကူးထားသည့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင် ဇာတ်လမ်းတိုသည် Tik Tokနှင့် တယ်လီဂရမ်ချန်နယ်များ၌ စစ်တပ်လော်ဘီများက ကျယ်ကျယ်ပြန့်ပြန်ဖြန့်ဝေလျက်ရှိပြီး ယင်းဇာတ်လမ်းကို ပြည်သူများအနေဖြင့် မကြည့်ရှု့ရန် တော်လှန်သူများက တိုက်တွန်းထားကြသည်။

ထို့ပြင် ဝါဒဖြန့် ဇာတ်ကား၌ ပါဝင်သည့် သရုပ်ဆောင်တစ်ဦးချင်းကို မှတ်သားထားပြီး လူမှုရေးပြစ်ဒဏ်များကို ထိထိရောက်ရောက်လုပ်ဆောင်သင့်သည်ဟု လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားမှုများလည်းရှိနေသည်။




Leave a Reply