နေပြည်တော်အထိ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီသုံးသပ်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ်ခြောက်ခြားနေလောက်ပြီလို့ဆို
နေပြည်တော် နယ်မြေအထိ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ကွက်ဖော်ဆောင်လာမှုအပေါ် စည်းပေါက်တာလို့ စစ်လော်ဘီတစ်ဦးက သုံးသပ်ပြောဆိုလိုက်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ရုံးချုပ် ခြောက်ခြားနေလောက်ပြီလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
နေပြည်တော် ဥတ္တရသီရိမြို့နယ်က စစ်အုပ်စု၏စစ်တပ်လုံခြုံရေးကင်းစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က နိုဝင်ဘာ ၁၂ ရက်ကဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သလိုနိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း ထပ်မံပြီး အဲဒီစခန်းကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီ စခန်းဟာ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာမြေအခြေပြုလုံခြုံရေး ကင်းစခန်းတစ်ခုဖြစ်ပြီးစခန်းကို ရှင်းလင်းရေးလုပ်စဉ်မှာ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ PLA က သတင်းထုတ်ပြန်ပါတယ်။
အလားတူ နေပြည်တော်၊တပ်ကုန်းမြို့နယ်က “လေးက” တံတားစခန်းဂိတ်ကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေကဒီလ ၁၁ ရက်ညအချိန်က ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စု တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အရာရှိတစ်ဦးဒဏ်ရာရရှိကာဆေးရုံတင်ထားရတယ်လို့ နေပြည်တော်တပ်ကုန်းPDFတပ်ရင်းအမှတ် (၈၀၃) သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီစခန်းဟာ တပ်ကုန်းမြို့ ရန်ကုန်-မန္တလေးအမြန်လမ်း၊မိုင်တိုင်အမှတ်(၂၃၉)မှာရှိတဲ့တံတား စခန်းဂိတ် ဖြစ်ပြီး နိုဝင်ဘာ၁၁ရက်ည၉နာရီ၄၅မိနစ်မှာတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒီလို နေပြည်တော် နယ်မြေထိ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ကွက်ဖော်လာတဲ့ အပေါ် စစ်လော်ဘီ တစ်ဦးက တပ်ကုန်းလို နေရာတွေအထိ PDF တွေ စိမ့်ဝင်နေတာဟာ သေချာကြည့်ရင် နေပြည်တော် ဒေသအထိ စည်းပေါက်တာပါဘဲလို့ ထုတ်ဖော်ရေးသားလာပါတယ်။
“ နေပြည်တော်ဖြစ်စဉ်က အမြန်လမ်း လခရ စခန်းငယ်လေးကို PDF က ရုတ်တရက် ဝင်စီးခဲ့တာ ဖြစ်ပေမယ့် သေချာကြည့်ရင် နေပြည်တော်ဒေသအထိ စည်းပေါက်တာပါဘဲ။ လယ်ဝေး၊ တပ်ကုန်းလို နေရာတွေအထိ PDF က စိမ့်ဝင်နေတယ်။ ပေ့ါဆတဲ့ တာဝန်ရှိသူများ ကိုယ့်အိမ်ရှေ့ထိ PDF ရောက်လာမှ အသိတရာ ရမှာလား။ အခုဝင်တိုက်တဲ့အဖွဲ့က ဗကပ PLA အဖွဲ့လို့သိရ။ ဒီကောင်တွေက ရိုးရိုး PDF ထက် ပိုကြမ်းတယ် ဗကပတွေ ”လို့ ရေးသားထားပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်ကတော့ “ နေပြည်တော်ကောင်စီနယ်မြေအထိ တော်လှန်ရေးတပ်တွေရဲ့ တိုက်ကွက်ဖော်ဆောင်နိုင်မှုကြောင့် စစ်ရုံးချုပ်ဟာ ခြောက်ခြားနေကြလောက်ပြီလို့ ယူဆရပါတယ်” ရေးသားလာပါတယ်။
“ ပြီးခဲ့တဲ့လ ၁၂ ရက်နေ့က ဥတ္တရသီရိမြို့ နယ်အတွင်းမှာရှိတဲ့ အမြန်လမ်း လုံခြုံရေးကင်းစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေဟာ စစ်ကြောင်းကြီး ၃ ကြောင်း ခွဲပြီး စီးနင်းတိုက်ခိုက်နိုင်ခဲ့တာကို တွေ့ရပါတယ်။နေရာတွေ အတိအကျ အသေးစိတ် မဖော်ပြတာကတော့ အမြန်လမ်းတလျှောက် ခရီးသွားဖူးသူတွေ အနေနဲ့ လမ်းဘေးတလျှောက်မှာ စစ်စခန်းတွေ တည်ရှိနေတာကို မြင်ဖူးကြပြီး ဖြစ်ပါလိမ့်မယ်” လို့ ရေးသားဖော်ပြထားပါတယ်။
လက်ရှိ စစ်ကော်မရှင်ဟာ မြို့တွေကို တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နိုင်တယ်လို့ အကြီးအကျယ် ဝါဒဖြန့်နေပေမယ့် လက်တွေ့မှာ တိုက်ပွဲတိုင်းလိုလိုမှာ အောင်မြင်မှုမရဖြစ်နေတယ်လို့ စစ်ရေးလေ့လာ အကဲခတ်သူတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကလာ်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်ပြီး ကုန်သွယ်ရေးအရအရေးပါတဲ့ မောတောင်မြို့ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဦးဆောင်မှုနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ခဲ့ပြီးလက်နက်ခဲယမ်းအများအပြားနဲ့အတူစစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
နိုဝင်ဘာ ၁၂ရက်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဗျူဟာမှူးအပါအဝင် ၅၀ခန့်သေဆုံးပြီး သုံ့ပန်း၁၅ဦးဖမ်ဆီးမိကာ လက်နက် ၂၀ ကျော်သိမ်းဆည်းရမိခဲ့တယ်လို့စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကသတင်းထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နှင့် နိုဝင်ဘာ ၅ရက်နေ့တွေကလည်းမကွေးတိုင်း၊ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ၁၇ ဦးသေဆုံးပြီး အောက်တိုဘာ ၂၅ ရက်နေ့ကပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်သား ၂၀ဦးသေဆုံးခဲ့ရပါတယ်။


Leave a Reply