လတ်တလော ရန်ကုန်မြို့နယ်တွေမှာ EPC ရဲ့ ဓာတ်တိုင်တွေပေါ် တရားမဝင် သွယ်တန်းထားတဲ့ ဝိုင်ဖိုင်ကြိုးတွေကို ဖြ၊တ်ချနေပါတယ်။
ရန်ကုန်မှာရှိတဲ့ လျှပ်စစ်မီးဓာတ်တိုင်တွေကို အသုံးပြုပြီး သွယ်တန်းထားတဲ့ ပုဂ္ဂလိက ဝိုင်ဖိုင်အင်တာနက်ကြိုးလိုင်းတွေကို စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက ဓားတွေနဲ့ ခုတ်ဖြတ်ပြီး ဖျက်ဆီးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်ပေါ်မှာ တရားမဝင်သွယ်တန်း ထားတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖိုင်ဘာကေဘယ်ကြိုးတွေ (ဝိုင်ဖိုင်ကြိုး) တွေကို မိမိတို့အစီအစဉ်နဲ့ ဖယ်ရှားဖို့ အသိပေးကြေညာခဲ့ပေမယ့် ဖယ်ရှားတာမျိုးမရှိတာကြောင့် အခုလို ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
“လျှပ်စစ်က လာပြီးတော့ ဓာတ်တိုင်မှာရှိသမျှ ကြိုးတွေအကုန် ဓားနဲ့ခုတ်ဖြတ်သွားတာ။ ရပ်ကွက်ထဲက ဝိုင်ဖိုင်တပ်ထားတဲ့သူတွေ တော်တော်များများ လိုင်းတွေပြတ်ကုန်တယ်။ ရုံးတွေကို ဆက်တော့ ၂၄ နာရီအတွင်း ပြင်ပေးပါ့မယ်ပဲ ပြောကြတာ။ မလွယ်လောက်ဘူး။ နောက်တခါထပ်တပ်ရင် နောက်တခါ ထပ်အဖျက်ဆီးခံရမှာပဲ” လို့ အင်းစိန်မြို့နယ်နေ ငွေလဲ/ငွေထုတ်လုပ်ကိုင်နေထိုင်သူတဦးက ပြောပါတယ်။
အဲ့ဒီဝိုင်ဖိုင်ကြိုးတွေကို လျှပ်စစ်ဌာနက လာရောက်ဖျက်ဆီးချိန်မှာ လုံခြုံရေးအနေနဲ့ စစ်ကောင်စီတပ်က DC ကားတွေနဲ့ လုံခြုံရေးယူပေးတယ်လို့ ဆိုပါတယ်။
အဲဒီလို ဓာတ်တိုင်တွေပေါ် ဝိုင်ဖိုင်ကြိုး သွယ်တန်းတဲ့ ကိစ္စကို EPC နဲ့ ဝိုင်ဖိုင် ကုမ္ပဏီတွေ အချိန်အတော်ကြာ ညှိနှိုင်းဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အကြိမ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးမှ ခက်ခက်ခဲခဲ ရလိုက်တဲ့ အဖြေကတော့ ဓာတ်တိုင်တွေပေါ်က ဝိုင်ဖိုင်ကြိုးတွေကို ဖြ၊တ်ချလိုက်မယ်ဆိုတဲ့ ဓာတ်ကြမ်းတိုက် နည်းလမ်း ဖြစ်တယ်လို့ အံ့အားသင့်ဖွယ် သိရပါတော့တယ်။

ဒါပေမယ့် ရွှေပြည်ကြီးရဲ့ ထုံးစံအတိုင်း ဝိုင်ဖိုင်ကုမ္ပဏီတွေဟာ ကြိုးတွေ ဖြတ်ချခံရကာနီး ဖြစ်နေတာတောင် ဝန်ဆောင်မှု သုံးစွဲသူတွေကို သတိတချက် မပေးခဲ့ပါဘူး။
EPC က တာဝန်ကျေ လုပ်သားကြီးတွေကလည်း တင်းမာတဲ့ မျက်နှာထားတွေနဲ့ လာရောက် ဖြ၊တ်သွားတဲ့အခါ ကာစတန်မာတွေက ဝိုင်ဖိုင်ကုမ္ပဏီကို ဖုန်းလှမ်းဆက်တော့မှ အံ့ဩတကြီးနဲ့ “ဪ ဟုတ်လား” ဆိုပြီး ပြန်မေးကြတဲ့ အဖြစ်။
ဝိုင်ဖိုင် မသုံးခင်ကတော့ လိုင်းပြတ်ခဲ့ရင် ၄၈ နာရီအတွင်း ပြန်လာလုပ်ပေးမယ်လို့ ရွှန်းရွှန်းဝေအောင် ပြောခဲ့တဲ့ မားကတ်တင်းအဖွဲ့တွေကလည်း မတုန်မလှုပ် ကျောက်ရုပ်၊
Call Center လို့ ကြီးကျယ်စွာ နာမည်ပေးထားတဲ့ ဖုန်းလက်ခံတဲ့ဌာနကလည်း ကွန်ပလိန်း တင်ထားပေးမယ်ဆိုတာက အပြင် မပြောတတ်။

လစဉ်ကြေးတွေ နှစ်နဲ့ချီပြီး ပေးထားတဲ့ ကာစတန်မာ ပြည်သူတွေမှာ ကလေး စာသင်နေတုန်း ရုတ်တရက် အင်တာနက် ပြတ်သွားတော့ တတိယကမ္ဘာစစ်ပဲ ထဖြစ်တာလား၊ ဂြိုလ်သားတွေပဲ ကျူ၊းကျော်လာပြီလား၊ ဘာလား ညာလားနဲ့ ရင်တထိတ်ထိတ်။
လူတွေကို စုံ/မ နဲ့ ပုံချလို့ မပြီးသေးခင် QR နဲ့ အပူပါ ပေးနေတုန်း ဖြ၊တ်ချထားတဲ့ ဝိုင်ဖိုင်ကြိုးတွေ အပုံလိုက်၊ အခွေလိုက်နဲ့ တနေ့တမျိုး မရိုးရအောင် လုပ်ပေးထားတဲ့ ရွှေပြည်ကြီး လူဖြစ်ရတာ အရမ်းကို ကံကောင်းနေတော့တာပါပဲ။
အင်တာနက် မရှိရင် နေလို့ မရတဲ့ ဒီခေတ်ကြီးမှာ ဝိုင်ဖိုင်တွေလည်း မရတော့ ၃၅၀ မီဂါဘိုက်ကို ငွေ ၁၀၀၀ နဲ့ မစားရက် မသောက်ရက် ဝယ်သုံးရတဲ့ ဒုက္ခကိုလည်း ဝိုင်ဖိုင်ကုမ္ပဏီတွေ စာနာနိုင်မယ် မထင်ပါဘူး။

ဒီနေရာမှာ လူဖြစ်လာရတော့ သည်းခံရမယ် ဆိုပေမယ့်လည်း သိချင်တာက ဝိုင်ဖိုင်ကုမ္ပဏီတွေအနေနဲ့ ဒီလို အချိန်ကြာ ဝန်ဆောင်မှု ပြတ်တောက်မှာကို ကြိုပြီး မပြောနိုင်ကြဘူးလား၊
ဖုန်းတချက်လောက် ဆက်လိုက်ရုံနဲ့ ကာစတန်မာဖက်က ပြင်ဆင်ထားလို့ ရရဲ့သားနဲ့ ဖုန်းလေး ဆက်ဖို့ကိုတောင် စေတနာ မရှိကြဘူးလား၊
ငါ့ကုမ္ပဏီရဲ့ ဝန်ဆောင်မှုမှ မသုံးရင် ဒီကောင်တွေ သုံးစရာ မရှိဘူးဆိုပြီး မောက်မာကြတာလား၊ ဒီမေးခွန်းလေးတွေကို ဖြေပေးပါ။
ဆက်ပြောရင်လည်း ဒေါ၊သံတွေ ပါလာဦးမယ်။ ရွှေပြည်ကြီးက မာယာများတဲ့ ဝိုင်ဖိုင်ကုမ္ပဏီတွေအနေနဲ့ ဒီလို ကမ္ဘာ့အံ့ဖွယ် သောက်ကျိုးနည်း ဝန်ဆောင်မှုတွေ ဆက်လုပ်နေရင်တော့ မှောက်ထိုးလဲပြီး မကြာခင် ဇောက်ထိုးဆွဲရမယ့် အနေအထားကို မလွဲမသွေ ရောက်ရှိသွားမှာပဲ ဖြစ်ပါတော့တယ်။


Leave a Reply