တရုတ်တွင် COVID လူနာသစ် ၅ သိန်းကျော်တွေ့ရှိ၊ ၁ ဦးသေဆုံး၊ ကူးစက်မှုမြင့်တက်နေ
တရုတ်တွင် ဇူလိုင်လအတွင်း COVID -19 အတည်ပြုလူနာသစ် ၅၂၂,၀၀၀ တွေ့ရှိခဲ့ပြီး၊ ယင်းတို့အနက် ၄၈၇ ဦးမှာ ပြင်းထန်လူနာများ ဖြစ်ကြကာ တဦး သေဆုံးခဲ့ကြောင်းနှင့် ကူးစက်မှုမြင့်တက်လာနေ ကြောင်း တရုတ်အမျိုးသား ရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့က ပြောကြားလိုက်သည်။
လက်ရှိ ကူးစက်ခံရမှု မြင့်တက်လာခြင်းသည် ပုံမှန်ဖြစ်ပေါ်နေကျ အချိန်ကာလအလိုက်လှိုင်းတခုမျှသာ ဖြစ်သော်လည်း၊ ပြင်းထန်မှုမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း တွေ့ရှိခဲ့ရသည့် ရောဂါကူးစက်မှု မြင့်တက် မှုများနှင့် နှိုင်းယှဉ်နိုင်ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ရောဂါကူးစက်မှု မြင့်တက်နှုန်းမှာ သိသိသာသာနှေးကွေးသွားပြီဖြစ်ပြီး လက်ရှိတွင် ရောဂါကူးစက်မှု အမြင့်ဆုံးကာလ၏ တည်ငြိမ်သည့်အဆင့် ရောက်ရှိနေပြီဖြစ်သည်။
စစ်ဆေးခဲ့သော ရောဂါပိုး နမူနာများ အားလုံးမှာ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ပိုး ဖြစ်ကြောင်း အတည် ပြုနိုင်ခဲ့ပြီး၊ လက်ရှိပျံ့နှံ့နေသော ကူးစက်မှုများတွင် NB.1.8.1 မျိုးကွဲနှင့် ယင်း၏ မျိုးခွဲများက အများစု ဖြစ်ကြောင်း CDC က ဆိုသည်။
လူထုအတွင်း ကာကွယ်စွမ်းအား လျော့နည်းလာခြင်း၊ ပဋိပစ္စည်းကာကွယ်နိုင်စွမ်းကို အားနည်းစေသည့် ဗိုင်းရပ်စ်မျိုးဗီဇ ဆက်လက် ပြောင်းလဲနေခြင်းနှင့် နွေရာသီ ခရီးသွားလာမှုမြင့်တက်လာခြင်းတို့သည် လတ်တလောကူးစက်မှု အနည်းငယ် မြင့်တက်လာခြင်း၏ အကြောင်းရင်းများ ဖြစ်သည်ဟု ပေကျင်း အခြေစိုက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအထူးကု ဆရာဝန်တဦးက ပြောကြားခဲ့သည်။
သို့သော် ဗိုင်းရပ်စ်၏ ပိုမိုလျှင်မြန်စွာ ကူးစက်လာနေသည်ဟူသော အထောက်အထား မရှိသေးပါ။ တနိုင်ငံလုံး ကူးစက်မှုများသည် အမြင့်ဆုံးအဆင့်နီးပါးသို့ ရောက်ရှိနေပြီး ဩဂုတ်လနှောင်းပိုင်းတွင် ကူးစက်မှု စတင်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသည်။
စောင့်ကြည့်ဆေးရုံများ၏ အချက်အလက်များအရ ဇွန် ၂၉–ဇူလိုင် ၅ မှ ဇူလိုင် ၂၇–ဩဂုတ် ၂ အထိ တရုတ်ရှိ COVID -19 နှင့် တုပ်ကွေး စောင့်ကြည့်ဆေးရုံ ၁,၀၄၁ ခု တွင် ပြင်ပလူနာနှင့် အရေးပေါ်လူနာ များအနက် တုပ်ကွေးကဲ့သို့ လက္ခဏာရှိသူများ၏ အချိုးမှာ အနည်းငယ်အတက်အကျရှိခဲ့ပြီး ၄ ဒသမ ၃ ရာခိုင်နှုန်း၊ ၄ ဒသမ ၄ ရာခိုင်နှုန်း၊ ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ၄ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ အသီးသီး ရှိခဲ့သည်။
အလားတူကာလအတွင်း ပြင်ပလူနာနှင့် အရေးပေါ်ဌာနများရှိ တုပ်ကွေးကဲ့သို့ လက္ခဏာရှိသူများထဲမှ COVID -19 စစ်ဆေးတွေ့ရှိနှုန်းမှာလည်း ဆက်တိုက်မြင့်တက်ခဲ့သည်။
ဇူလိုင်လအတွင်း COVID -19 ကူးစက်မှုမြင့်တက်လာရခြင်းမှာ အကြောင်းရင်းများစွာ ရှိသည်။ လူအများစု အတွက် နောက်ဆုံးကြီးကြီးမားမား ကူးစက်ဖြစ်ပွားခဲ့သည့် လှိုင်းမှ ခြောက်လကျော် ကြာမြင့်ခဲ့ပြီဖြစ်၍ လူထုအတွင်း ကာကွယ်စွမ်းအားများ လျော့နည်းသွားခြင်း၊ တချိန်တည်းမှာပင် ဆက်လက် ဖြစ်ပေါ်နေ သည့် SARS-CoV-2 မျိုးဗီဇ ပြောင်းလဲမှုများက လက်ရှိ ပဋိပစ္စည်းများ၏ ကာကွယ်ပေးနိုင်စွမ်းကို လျှော့ချလိုက်ခြင်းတို့ ဖြစ်သည်ဟု ပေကျင်း မြို့တော် ဆေးသိပ္ပံတက္ကသိုလ်၊ ယူအန် ဆေးရုံမှ အသက်ရှူ လမ်းကြောင်းဆိုင်ရာ အထူးကု ဆရာဝန် လီထုံကျန်းက သောကြာနေ့တွင် ပြောကြားခဲ့သည်။
ထိုအကြောင်းရင်းများသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း ခရီးသွားလာမှုနှင့် လူထု ရွှေ့ပြောင်းသွား လာမှုများလာခြင်းတို့နှင့် ပေါင်းစပ်သွားရာ မကြာသေးမီက အသေးစားကူးစက်မှုလှိုင်းကို ဖြစ်ပေါ်စေခဲ့ သည်။
လွန်ခဲ့သော နှစ်များအတွင်း လေ့လာတွေ့ရှိခဲ့ရသည့် စံနမူနာများအပေါ် အခြေခံ၍ လူထု၏ ကာကွယ် စွမ်းအားကျဆင်းလာသည်နှင့်အမျှ COVID -19 ကူးစက်မှုများသည် ခြောက်လမှ ရှစ်လလျှင် တကြိမ် မြင့်တက် လာလေ့ရှိကြောင်း လီ က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ပိုးသည် ဆက်လက် မျိုးဗီဇပြောင်းလဲနေသော်လည်း ရောဂါပိုမိုပြင်းထန်စေသည့် စွမ်းရည် မြင့်တက်လာသည့် သက်သေအထောက်အထား မရှိဟု ယင်းအထူးကုဆရာဝန်က ထောက်ပြခဲ့သည်။ ဆေးဘက်ဆိုင်ရာ အချက်အလက်များအရ လူနာအများစုမှာ သာမန်ဖျားနာမှုသာဖြစ်ကြပြီး၊ အဆုတ် ရောင်ရောဂါအဖြစ် သို့ ပြောင်းလဲသွားခြင်းနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်ခြင်းတို့မှာ အလွန်နည်းပါးကြောင်း တွေ့ရသည်။
လိုအပ်သည့်အခါ နှာခေါင်းစည်းတပ်ခြင်း၊ တကိုယ်ရေသန့်ရှင်းရေးကောင်းမွန်စွာ ထိန်းသိမ်းခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံ ကျင့်သုံးခြင်းနှင့် အကြံပြုထားသည့်အတိုင်း ကာကွယ် ဆေးထိုးခြင်း စသည့် သင့်လျော်သော ကာကွယ်ရေးနည်းလမ်းများကို လိုက်နာရန်လည်း အကြံပြုထားသည်။
Global Times မှ China reports 522,000 new COVID-19 cases, one death in July amid fluctuating upward trend အား သောမတ်ဘာသာပြန်သည်။


Leave a Reply