လော်အဖွင့်မတော်ရင် ထောင်ကျနိုင်တယ်..ရန်ကုန်တွင် အသံချဲ့စက်ဖွင့်လိုပါက ၃ ရက်ကြိုတင် ခွင့်ပြုချက်ယူရမည်

မြို့ပြရဲ့ ဆူညံသံတွေကြားမှာ ငြိမ်သက်အေးချမ်းစွာ အနားယူချင်ကြတဲ့ ပြည်သူတွေအတွက်ရော၊ ပွဲလမ်းသဘင်နဲ့ သာသနာရေး အခမ်းအနားတွေ ပြုလုပ်ချင်ကြသူတွေအတွက်ပါ မဖြစ်မနေ သိထားရမယ့် အရေးကြီး စည်းကမ်းချက်တစ်ခု ထွက်ပေါ်လို့ လာခဲ့ပါတယ်။
မိမိတို့ ရပ်ကွက်တွင်းနဲ့ လမ်းမများပေါ်မှာ သာရေး၊ နာရေးနဲ့ အခမ်းအနားအမျိုးမျိုးအတွက် အသံချဲ့စက် (လော်စပီကာ) ဖွင့်လှစ်တော့မယ်ဆိုရင် မသိဘဲ စည်းကမ်းမဲ့ ဖွင့်မိရာကနေ ထောင်ဒဏ်အထိ ကျခံရနိုင်တဲ့ ဥပဒေရေးရာ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနေရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် အသံချဲ့စက် သုံးစွဲလိုပါက အနည်းဆုံး ၃ ရက် ကြိုတင်၍ သက်ဆိုင်ရာသို့ ခွင့်ပြုချက် အမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က တရားဝင် ပြောကြားခဲ့တာပါ။
ဒီထုတ်ပြန်ချက်ကို တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ဝန်ကြီးက ထည့်သွင်းရှင်းလင်းခဲ့ခြင်း ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်း အသံချဲ့စက်များကို စည်းကမ်းမဲ့ ဆူညံစွာ ဖွင့်လှစ်ခြင်းကြောင့် အများပြည်သူ စိတ်ငြိုငြင်မှု မရှိစေရန်အတွက် ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက် ရှိပါတယ်။
အသံချဲ့စက် သုံးစွဲလိုသည့် ကာယကံရှင် သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် သုံးစွဲမည့် အကြောင်းအရာ၊ ရက်စွဲနှင့် အချိန်တို့ကို တိကျစွာ ဖော်ပြပြီး အနည်းဆုံး ၃ ရက်ကြိုတင် လျှောက်ထားရမည်ဖြစ်ကာ အတည်ပြုချက်ရရှိမှသာ နံနက် ၆ နာရီမှ ည ၉ နာရီအတွင်းသာ အသုံးပြုခွင့် ရရှိမည် ဖြစ်ပါတယ်။
အကယ်၍ ခွင့်ပြုချက်မရှိဘဲ စည်းကမ်းမဲ့စွာ ဖွင့်လှစ်ခြင်း၊ အများပြည်သူ စိတ်ငြိုငြင်အောင် ဆူညံညစ်ညမ်းစွာ ပြုလုပ်ခြင်းများ ရှိလာပါက ရာဇသတ်ကြီးပုဒ်မ ၂၉၄ အရ ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ထိရောက်စွာ ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း ပါရှိပါတယ်။
ဒါကြောင့် ပြည်သူများအနေဖြင့် အသံချဲ့စက် ဖွင့်လှစ်ရာတွင် ဥပဒေနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်က ကြပ်မတ်လျက်ရှိကြောင်း သိရှိရပါတယ်။


Leave a Reply