တစ်နိုင်ငံလုံးတွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီထုတ် ဒစ်ဂျစ်တယ် လျှပ်စစ်မီတာများ ပြောင်းလဲတပ်ဆင်ရန် စစ်ကောင်စီက ဝါဒဖြန့်နေ
ရန်ကုန်တွင် လျှပ်စစ်မီတာများကို စတင်သိမ်းဆည်းပြီး ဦးပိုင်မီတာ ပြောင်းလဲလျှောက်ထားရန် ဖိအားပေးလာ

မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီထုတ် ဒစ်ဂျစ်တယ် လျှပ်စစ်မီတာများ ပြောင်းလဲတပ်ဆင်ရန် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေသော ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် နေ့စဉ်ရက်ဆက် ဝါဒဖြန့်နှိုးဆော်လျက်ရှိသည်ကိုတွေ့ရသည်။
ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ပြီး ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်တပ်၏ ဝါဒဖြန့်သတင်းစာများတွင် “စမတ်ဂရစ် (Smart Grid) ရင်ခုန်သံနှင့် မြန်မာ့လျှပ်စစ်စွမ်းအင်က ဏ္ဍ၏ ခြေလှမ်းသစ်များ” ဟူသော ခေါင်းစဉ်ဖြင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သော ဒစ်ဂျစ်တယ် လျှပ်စစ်မီတာများ တပ်ဆင်ခြင်းဖြင့် သုံးစွဲသော မီတာယူနစ်ကို မိမိ၏ ဖုန်းဖြင့် ကြည့်ရှုနိုင်ခြင်း၊ အွန်လိုင်းမှတစ်ဆင့် မီတာဘေလ်ဆောင်နိုင်ခြင်း အစရှိသော စနစ်များပါဝင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်စွမ်းအင်ကဏ္ဍခြေလှမ်းသစ်ဖွင့်လှစ်ရန် ဦးပိုင်ကုမ္ပဏီထုတ် လျှပ်စစ်မီတာများကို ပြောင်းလဲတပ်ဆင်ရန် လှုံ့ဆော်လာခြင်းဖြစ်သည်။
စစ်တပ်၏ ဦးပိုင်ကုမ္ပဏီထုတ်မီတာများတွင် Advance Metering Infrastructure – AMI ပါဝင်ပြီး အဝေးမှ ကြည့်ရှုကွပ်ကဲနိုင်သည့် အလိုအလျောက် ထိန်းချုပ်မှုစနစ် SCADA (Supervisory Control and Data Acquisition)လည်းပါဝင်မည်ဖြစ်ကြောင်း ၊ မီတာများတွင် Automatic Billing System ၊ Automatic Reading System တွေလည်းပါဝင်ကာ မီတာခများကောက်ခံရာတွင် Control Center ကတစ်ဆင့် ထိန်းချုပ်ဆောင်ရွက်နိုင်ကြောင်း ဝါဒဖြန့် ရေးသားထားသည်။
တစ်နိုင်ငံလုံးရှိ လျှပ်စစ်မီတာများကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သော EVER Meter လျှပ် စစ်မီတာများဖြင့် အစားထိုးရန် မင်းအောင်လှိုင်က အမိန့်ထုတ်ခဲ့ပြီးနောက် ယင်းကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီထုတ် ဒစ်ဂျစ်တယ်လျှပ်စစ်မီတာများ ပြောင်းလဲတပ်ဆင်ရန် လှုံ့ဆော်ဝါဒဖြန့် လာနေခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ လျှပ်စစ်မီတာများကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သော EVER Meter လျှပ်စစ်မီတာများဖြင့် အစားထိုးရန် မင်းအောင်လှိုင်က အမိန့်ထုတ်ပြန်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုနှင့်ခိုးယူမှု ကာကွယ်ရန်ဟု အကြောင်းပြထားသည်။
ပဲခူးတိုင်း၊ အင်းတကော်စက်မှုဇုန်တွင် စစ်တပ်၏ ဦးပိုင်ကုမ္ပဏီက EVER Meter စက်ရုံ က Digital စနစ်သုံး Ever တံဆိပ် လျှပ်စစ်မီတာအလုံးရေ သန်းချီ ထုတ်လုပ်ထားကြောင်း၊ အဆိုပါ မီတာများကို ပြည်သူများ၏ နေအိမ်များနှင့်စက်ရုံအလုပ်ရုံများအားလုံးတွင် လဲလှယ် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ လဲလှယ်မည့် လျှပ်စစ်မီတာအလုံးရေမှာ သန်းပေါင်းများစွာရှိပြီး စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီအနေဖြင့် ငွေကျပ်ဘီလီယံပေါင်းများစွာတန်သော နိုင်ငံတော်စီမံကိန်း တင်ဒါကို ရရှိသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် မင်းအောင်လှိုင်က ဓာတ်အားပျောက်ဆုံးမှုနှင့် နည်းပညာကြောင့် မဟုတ်သည့် ဓာတ်အားပျောက်ဆုံးမှု(ဓာတ်အားခိုးယူသုံးစွဲမှု)များ လျော့နည်းပပျောက်သွားစေရေးအတွက်ဟု အကြောင်းပြကာ တစ်နိုင်ငံလုံးရှိ လျှပ်စစ်မီတာများကို ဦးပိုင်က ထုတ်လုပ်သော လျှပ်စစ်မီတာများဖြင့် အစားထိုး လဲလှယ်ရန် အစီအမံများချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ဦးပိုင်ကုမ္ပဏီထုတ် လျှပ်စစ်မီတာများကို လာမည့် ၅ နှစ်အတွင်း လဲ လှယ် တပ်ဆင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လတ်တလော ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ရှိ ရပ် ကွက်တချို့၊ တိုက်ခန်း၊ ကွန်ဒိုများတွင် မူလတပ်ဆင်အသုံးပြုနေသော လျှပ်စစ်မီတာများကို မြို့နယ်လျှပ်စစ်အဖွဲ့က လာရောက်ဖြုတ်သိမ်းပြီး စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ထုတ် လုပ်သော ဒစ်ဂျစ်တယ် လျှပ်စစ်မီတာများ တပ်ဆင်ရေး ပြန်လည်လျှောက်ထားရန် မြို့နယ်လျှပ်စစ်အဖွဲ့က ဖိအားပေးလာနေကြောင်း သိရှိရသည်။

“မီတာတွေဖြုတ်နေတယ်။ BCC မရှိတဲ့ တိုက်တွေလည်း ပါတယ်။ လျှပ်စစ်မီတာကိုပုဂ္ဂလိကကို ပေးတယ်တဲ့။ တိုက်သစ် တွေဆောက်တာကိုလည်း လိုက်နေတယ်။ အခုဆောက်တဲ့ အိမ်အသစ်တွေ လည်းပါတယ်။ ဦးပိုင်ကုမ္ပဏီရဲ့ လျှပ်စစ် မီတာကို အွန်လိုင်းက လျှောက်လို့ရတယ်။ ဦးပိုင်မီတာဈေးက မီတာတစ်လုံးကို ၂၅၀၀၀၀ နဲ့ချပေးမယ်ပေါ့။ မီးကြိုးဖိုးတွေအပါ ဆိုရင် ၅ သိန်းလောက် ကျမှာပေါ့။ BCC ရှိတဲ့တိုက်ဆိုရင်တော့ မီတာချက် ချင်း တပ်ပေးတယ်” ဟု ရန်ကုန်မြို့မှ လျှပ်စစ်မီတာ အသိမ်းခံရသည့် တိုက်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
NLD အစိုးရလက်ထက်တွင် စစ်တပ် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သော EVER လျှပ်စစ်မီတာများမှာ အရည်အသွေး မကောင်းမွန်ခြင်းနှင့် စျေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် တစ်နိုင်ငံလုံး Digital လျှပ်စစ်မီတာများ အစားထိုးရေး စီမံချက်တွင် အသုံးမပြုရန် NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်က ဆုံးဖြတ်ခဲ့ကာ ဦးပိုင်ကုမ္ပဏီ၏ အဆိုပြု တင်ဒါကို ပယ်ချခဲ့ဖူးသည်။

ယင်းကိစ္စကြောင့် NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို မင်းအောင်လှိုင်က အငြိုးထားကာ စစ်အာဏာသိမ်းချိန် ထောင်ဒဏ် နှစ်ရှည် ချမှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း မန္တလေး အိုးဘိုအကျဉ်း ထောင်အတွင်း လုံလောက်သော ကျန်းမာရေး စောင့် ရှောက်မှု မရရှိ၍ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်ခဲ့ရသည်။



Leave a Reply