Tag: News

  • မြောက်ဒဂုံမြို့နယ် ဟိုတယ်တခုရဲ့ ၆ လွှာကနေ အမျိုးသားတယောက် ခုန်ချ သေဆုံးမှုဖြစ်ပွား

    မြောက်ဒဂုံမြို့နယ် ဟိုတယ်တခုရဲ့ ၆ လွှာကနေ အမျိုးသားတယောက် ခုန်ချ သေဆုံးမှုဖြစ်ပွား

    ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းပေါ်ရှိ ဘိုဘိုမင်း ဟိုတယ် ၆ လွှာမှာ အမျိုးသား တယောက် ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြေပြင် ကူညီရေးသွားရောက်ခဲ့ သူတွေဆီက သိရပါတယ်။

    ဖြစ်စဥ်မှာ ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက်အစော ၂ နာရီလောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း၊ ရုပ်အလောင်းကိုတော့ မြောက်ဥက္ကလာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

    “ခုန်ချတယ် အကြောင်းကြားလို့ အလောင်းသွားသယ်တယ် ။ လာတည်းခိုတဲ့ အမျိုးသား ခုန်ချတာပါ။ ဘာကြောင့် ခုန်ချတာလဲတော့ သေချာ မသိဘူး။” လို့ ဝန်းရံမှူး လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။

    သေဆုံးသူ အမျိုးသားက ခန့်မှန်း အသက် ၃၀ ဝန်းကျင်လောက်ရှိပြီး နေရပ်လိပ်စာက ရန်ကုန်ကဖြစ်ကြောင်း သိရှိရပြီး မိသားစုနဲ့ အဆက်အသွယ်ရရှိရေး နဲ့ သေဆုံးမှု အခြေအနေကိုတော့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဆက်လက် စုံစမ်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမပေါ်ရှိ တိုက်ခန်းရှစ်လွှာမှ အသက် ၄ နှစ်အရွယ် ကလေးငယ် ပြုတ်ကျခဲ့ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

    ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ၊ပန်းလှိုင်အိမ်ရာရှိ ခုနှစ်လွှာမှ အမျိုးသား တယောက်ပြုတ်ကျ ခဲ့ပြီး ထိခိုက်ဒဏ်ရာသာရရှိမှု ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

    ဧပြီ ၃၀ ရက်နေ့ကလည်း ရန်ကုန်၊စမ်းချောင်းမြို့နယ်၊မုန့်လက်ဆောင်းကုန်းရပ်ကွက်၊ ပြည်သူ့ကွက်သစ် ၁ လမ်းထိပ်ရှိ တိုက်ခန်းပေါ် တက်ပြီး ပစ္စည်းခိုးယူတဲ့ အမျိုးသမီးတယောက် တိုက်ပေါ်ကနေခုန်ချရာမှ ပြုတ်ကျသေဆုံးမှု ရှိခဲ့ပါတယ်။

    ဓာတ်ပုံ – ကိုထွန်းမြတ်

  • အမေရိကန်က TPS ရုပ်သိမ်းသည့်အပေါ်  မြန်မာပြည် တကယ်ပဲ လုံခြုံရဲ့လား HRW မေးခွန်းထုတ်

    အမေရိကန်က TPS ရုပ်သိမ်းသည့်အပေါ် မြန်မာပြည် တကယ်ပဲ လုံခြုံရဲ့လား HRW မေးခွန်းထုတ်

    အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီခိုလှုံဖို့ လက်ခံခွင့်ပြုပေးထားတဲ့ ယာယီအကာအကွယ်ပေးတဲ့ အခြေအနေ (TPS) ကို အမေရိကန်က ရုပ်သိမ်းမယ်လို့ ကြေညာလိုက်တဲ့အပေါ် နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)က မြန်မာဟာ တကယ်ပဲ လုံခြုံရဲ့လားလို့ မေးခွန်းထုတ် တုံ့ပြန်လိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အရေးပေါ်အခြေအနေကို ရုပ်သိမ်းပြီး စစ်ကောင်စီကနေ စစ်ကော်မရှင်ကို အာဏာလွှဲပြောင်းလိုက်တာ၊ လာမယ့်နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာနဲ့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား အပစ်ရပ် သဘောတူညီချက် ရတာတွေကြောင့် TPS ကို သက်တမ်းမတိုးတော့တာလို့ နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒီအစီအစဉ်နဲ့ နေထိုင်သူ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ရှိနေတာပါ။

    ဒါပေမဲ့ ဒီအဆိုဟာ တခြားသော အမေရိကန်အရာရှိတွေက ပွင့်ပွင့်လင်းလင်း ဝန်ခံထားတာတွေနဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် ဖြစ်နေသလို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက “နှစ်ပေါင်းများစွာ… မြန်မာနိုင်ငံက စစ်အုပ်စုဟာ သူ့ရဲ့ နိုင်ငံသားတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့ပြီး… ထိတ်လန့်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အလွဲသုံးစားပြုမှုတွေ အပါအဝင်” ဆိုတဲ့ စာသားတွေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးမှတ်တမ်းဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက်အသစ်ကို ထောက်ခံတဲ့ ကြေညာချက်တစောင်မှာ ရေးသားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

    အမေရိကန်က ထောက်ခံခဲ့တဲ့ ဒီဆုံးဖြတ်ချက်မှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဟာ “ဒုက္ခသည်တွေနဲ့ အတင်းအကျပ် ရွှေ့ပြောင်းခံရသူ အားလုံးရဲ့ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံတဲ့၊ ဂုဏ်သိက္ခာရှိတဲ့၊ ရေရှည်တည်တံ့တဲ့ နေရပ်ပြန်မှုအတွက် မသင့်တော်ဘူး” လို့ တိတိကျကျ ဖော်ပြထားပါတယ်။

    ကုလသမဂ္ဂရဲ့ မှတ်တမ်းတွေအရ ဒီနှစ်ထဲမှာပဲ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး လူပေါင်း ၃ သန်းခွဲကျော်ဟာလည်း ပြည်တွင်း နေရပ်စွန့်ခွာရသူတွေ (IDPs) အဖြစ် ရှင်သန်နေရသလို စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ လျော့ကျသွားခြင်း မရှိဘဲ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တခြားသော အစိုးရတွေရဲ့ အစီရင်ခံစာတွေမှာ အသေးစိတ် ဖော်ပြထားတယ်လို့လည်း HRW အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    ဒါကြောင့်မို့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအတွက် TPS ကို ရုပ်သိမ်းရာမှာ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန (DHS) ရဲ့ မှားယွင်းတဲ့ ဖော်ပြချက်တွေဟာ အလွန် ဆိုးရွားလွန်းတာကြောင့် ဘယ်သူက ယုံကြည်မလဲဆိုတာ မြင်ယောင်ကြည့်ဖို့ ခက်ခဲပြီးတော့ ဘယ်သူမှ မမျှော်လင့်ထားလောက်ဘူးလို့လည်း ပြောလိုက်တာပါ။

    လက်ရှိမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ဇန်နဝါရီ ၂၆ ရက်က စတင်အကျိုးသက်ရောက်မှာဖြစ်ပြီး TPS ရထားသူတွေဟာ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ HRW အဖွဲ့က ထုတ်ပြန်ထားပါတယ်။

    TPS ဆိုတာဟာ လက်နက်ကိုင်ပဋိပက္ခ ဒါမှမဟုတ် တခြားအကျပ်အတည်းတွေကြောင့် နေရပ်ပြန်ဖို့ မလုံခြုံတဲ့နိုင်ငံတွေက လာတဲ့ အမေရိကန်နိုင်ငံသား မဟုတ်သူတွေကို နေရပ် ပြန်ပို့ခြင်းကနေ အကာအကွယ်ပေးတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

    Source: HRW

    ဆက်စပ်သတင်း

    USA ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအရ နေထိုင်ခွင့်ကို ထရမ့်အစိုးရက ရပ်ဆိုင်း

  • ထိုင်းတွင် သေဆုံးသူ အဘွားအိုအား မီးသင်္ဂြိုဟ်ရန် ပြင်ဆင်စဉ် အသက်ပြန်ရှင်လာ

    ထိုင်းတွင် သေဆုံးသူ အဘွားအိုအား မီးသင်္ဂြိုဟ်ရန် ပြင်ဆင်စဉ် အသက်ပြန်ရှင်လာ

    ထိုင်းနိုင်ငံ ဘန်ကောက်အနီး နွန်ထပူရီခရိုင်ထဲမှာ သေဆုံးသွားတဲ့ အမျိုးသမီးကြီးတယောက်ရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ပြင်ဆင်စဉ် ပြန်ပြီးအသက်ရှင်လာတဲ့ ထူးခြားဖြစ်စဉ်တခု ဖြစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

    နိုဝင်ဘာ ၂၂ ရက်က သေဆုံးသွားတဲ့ အသက် ၆၅ နှစ်ရွယ် နန်းချွန်းထိရေ့ ဆိုသူ အဘွားတယောက်ရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ဖို့ ဆွေမျိုးသားချင်းတွေက နွန်ထပူရီခရိုင် ဘန်ယိုင်မြို့ ရတ်တခေါင်းထမ်း ကျောင်းတိုက်ကို ယူဆောင်လာခဲ့ပါတယ်။

    သုဘရာဇာက မီးသင်္ဂြိုဟ်စက်တွေ ပြင်ဆင်ပြီး ကားပေါ်က အသုဘခေါင်းကို ရွှေ့ရန်ပြင်နေစဉ် အခေါင်းထဲက ထုသံ ခေါက်သံတွေ ကြားရတယ်၊ အခေါင်းကို ဖွင့်ကြည့်ရာမှာတော့ အဘွားက မသေသေးဘဲ အခေါင်းနံရံခေါက်ပြီး အကူအညီတောင်းနေတာလို့ ဆိုပါတယ်။

    အဘွားဟာ နွမ်းနယ်ပြီး အားပျော့နေတယ်၊ စကားကို သဲ့သဲ့ပြောနိုင်ပြီး အခြေအနေ အကုန်သိနေတယ်၊ ဒါကြောင့် ဆွေမျိုးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို ဘန်ယိုင်ဆေးရုံကြီးကို ပို့ဆောင်လိုက်ပါတယ်။

    အဘွားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက် ညနေ ၅ နာရီလောက်က ဗိစနုလုတ်မြို့နယ်ရှိ ခြံထဲက အုန်းပင်ခြေရင်းမှာ လဲနေတယ်၊ တကိုယ်လုံး အေးစက်တောင့်တင်းနေပြီး အသက်လည်း မရှူတော့တာကြောင့် သေဆုံးသွားပြီလို့ ရပ်ကွက်လူကြီးကို အကြောင်းကြားလိုက်တယ်၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးကလည်း သေဆုံးကြောင်း ထောက်ခံစာ ထုတ်ပေးလိုက်တယ်လို့ အဘွားရဲ့ မောင်လေးတော်စပ်သူ နိုင်းမုံးခုန်းက သတင်းထောက်တွေကို ပြောပါတယ်။

    သေဆုံးသူမှာ သူ မသေခင်က ဘန်ကောက် ကျူလာလောင်ကွန်းဆေးရုံကြီးမှာ ခန္ဓာကိုယ် လှူဒါန်းထားတာကြောင့် ဆွေမျိုးတွေက သူ့ရဲ့အလောင်းကို ဆေးရုံကို အပ်နှံပေးဖို့ ဘန်ကောက်ကို သယ်ဆောင်လာပါတယ်။

    ဆေးရုံရောက်တော့ အထောက်အထား မပြည့်စုံတာကြောင့် အလောင်းကို လက်မခံဘူး။ ဗိစနုလုတ်မှာ အထောက်အထား ပြန်ယူဖို့ ပြောတယ်။ သူတို့လာခဲ့တဲ့လမ်းခရီးမှာ ကီလိုမီတာ ပေါင်း ၄၀၀ ကျော်တာကြောင့် ပြန်သွားပြီး ပြန်လာဖို့ မဖြစ်နိုင်လို့ ဘန်ကောက်မှာပဲ သင်္ဂြိုဟ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

    ယန်နာဝါရဲစခန်းမှာ ထောက်ခံစာ သွားတောင်းတယ်၊ အဲဒီနောက် သင်္ဂြိုဟ်ဖို့ နေရာလိုက်ရှာတာမှာ နွန်ထပူရီ ရတ်တခေါင်းထမ်း ကျောင်းတိုက်က ကုသိုလ်ဖြစ် အခမဲ့သင်္ဂြိုဟ်ပေးကြောင်းသိရလို့ အဲဒီကို ခေါ်ခဲ့တာလို့ ပြောပါတယ်။

    နောက်ထပ် ဆွေမျိုးတယောက်ကလည်း အဆိုပါအဘွားဟာ နေမကောင်းလို့ တရှောင်ရှောင် ဖြစ်နေတာ ၃ နှစ်လောက်ရှိပြီ၊ ဒီမတိုင်ခင်ရှေ့ကလည်း ထမင်းကောင်းကောင်းမစားနိုင်ဘူး၊ အဲဒီနေ့ကတော့ ခန္ဓာအေးစက်ပြီး ဘယ်လိုမှ လှုပ်နိုးလို့မရတာကြောင့် အားလုံးက သေဆုံးပြီလို့ ယူဆနေကြတာလို့ ပြောပါတယ်။

    ဆေးရုံကတော့ အဆိုပါအဘွားဟာ ဂလူးကို့စ်ဓာတ် လွန်စွာကျဆင်းသွားတာကြောင့် ကိုယ်ခန္ဓာ အေးစက်နေတာ ဖြစ်တယ်၊ အမှန်က လမ်းမှာ ခေါ်လာကတည်းက သတိရနေပြီး ကားသံတွေနဲ့မို့ အခေါင်းခေါက်သံကို ဘယ်သူမှ မကြားမိတာ ဖြစ်မယ်၊ အခုတော့ ဆေးရုံက ကောင်းစွာ ကုသပေးနေတယ်လို့ ပြောသွားပါတယ်။

    Source: Khaosod / Ejan News

  • နမ့်ဆန်၌ ၇ တန်းကျောင်းသူအား မုဒိန်းကျူးလွန်သူ TNLA ရဲဖမ်းဆီး

    နမ့်ဆန်၌ ၇ တန်းကျောင်းသူအား မုဒိန်းကျူးလွန်သူ TNLA ရဲဖမ်းဆီး

    ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၌ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတစ်ဦးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ၏ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

    ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက် နံနက် ၂ နာရီခွဲတွင် လုံတောက်ကျေးရွာအုပ်စုရှိ ရွာတစ်ရွာမှ မိုင်းကျော်ဌေး ဆိုသူသည် အသက် ၁၄ နှစ်သာ ရှိသေးသည့် မိန်းကလေးငယ်တစ်ဦး၏ နေအိမ်ပေါ်သို့ တက်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

    “ကလေးမလေးက ကျောင်းတက်နေတာ ၇ တန်းပဲရှိသေးတယ်။ အဲဒီညက သူ့အမေလည်း တောင်ယာမှာအိပ်တော့ အိမ်မှာ ကလေးမလေးတယောက်ပဲ ကျန်ခဲ့တာ အဲဒါကို အခွင့်ကောင်းယူပြီး ကလေးမလေးကို စော်ကားသွားတာ။ ကလေးမလေးကိုလည်း တခြားသူကို ပြန်ပြောပြရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

    ပြစ်မှုကျူးလွန်သူ မိုင်းကျော်ဌေးသည် ယင်းနေ့တွင် အရက်မူးကာ ကျူးလွန်ခံရသူ မိန်းကလေးငယ်၏ အိမ်နှင့်အိမ်နီးချင်းဖြစ်သည့် သူငယ်ချင်းနေအိမ်တွင် တည်းခိုခဲ့ကြောင်း ယင်းသို့ တည်းခိုစဉ် နံနက် ၂ နာရီခွဲခန့်တွင် အမျိုးသမီးငယ်၏ အိမ်ပေါ်သို့ တက်ရောက်ကာ မုဒိမ်းမှုကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း TNLA က နိုဝင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

    ထို့သို့ ကျူးလွန်သည်ကို မိန်းကလေးငယ်၏ မိသားစုဝင်များက သိရှိပြီးနောက် တအာင်းရဲတပ်ဖွဲ့ကို လာတိုင်ကြားရာမှ တရားခံကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး သက်ငယ်မုဒိန်းမှု ကျူးလွန်သူကို အရေးယူသွားမည်ဟု TNLA ကဆိုသည်။

    ယခုနှစ် ဧပြီ ၁၈ ရက်တွင်လည်း နမ့်ဆန်မြို့နယ်၊ အာရမ်းကျေးရွာတွင် သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးကို တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည်။

  • လားရှိူးမြို့ပေါ်မှာ စစ်တပ်က သေနတ်ဆက်တိုက်ပစ်ခတ် (ရုပ်သံ)

    MNDAA နဲ့ဆက်ဆံရေးတင်းမာနေချိန် လားရှိူးမြို့ပေါ်မှာ စစ်တပ်က သေနတ်ဆက်တိုက်ပစ်ခတ်

    MNDAA နဲ့ အာဏာသိမ်းစစ်တပ်ဆက်ဆံရေတင်းမာနေစဉ် ယမန်​နေ့ည ၁၁နာရီခန့်က လားရှိုးမြို့မှာ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြပါတယ်။

    သေနတ်သံတွေဟာ တစ်ဖက်တည်းကပစ်တဲ့အသံမျိုးဖြစ်ပြီးနိုဝင်ဘာလ၂၄ရက်ညမှာ၅မိနစ်​လောက်အထိ ကြာခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။

    “စစ်တပ်ကမသင်္ကာတာတွေ့လို့ပစ်တာဆိုပြီး ကြားတာပဲ။ ရပ်ကွက်(၁)ဘက်ကနေ ပစ်တာ။ ကြားတာတော့ အသံတော်‌တော်ကျယ်တယ်”လို့ ရပ်ကွက် (၇)မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

    ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က MNDAA စစ်ခေါင်းဆောင်အချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး မြို့အနီး တွေ့ရစဉ်

    လားရှိုးမြိို့ပြင်မှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ကိုယ်တိုင် နိုဝင်ဘာလ ၁၁ ရက် နေ့က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်ခဲ့ပါတယ်။

    အဲ့‌ဒီနောက်ပိုင်း စစ်ကောင်စီက ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAA ကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

    လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAAက တပ်စွဲထားတာပါ။

    ဆက်ဆံရေးတင်းမာပြီးတဲ့နောက်ပိုင်း လာရှိူး-သီပေါလမ်းပိုင်းက ဒုဋ္ဌဝတီတံတားကိုလည်း နှစ်ဘက်စလုံးက ပိတ်ထားပါတယ်။ ဒီနေ့အထိပြန်မဖွင့်သေးပါဘူး။

    MNDAA ထိန်းချုပ်ဒေသတွေကိုဖြတ်လာတဲ့ ကုန်တင်ကားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးနေပါတယ်။

    ဒီအခြေအနေမှာ လားရှိုးမြို့ထဲမှာ သေနတ်ပစ်ခတ်သံတွေထွက်ပေါ်လာတာမို့ ဒေသခံတွေကြားကအမျိုးမျိုးထင်​ကြေး​ပေးနေကြပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ MNDAA က ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကို တရုတ်အစိုးရရဲ့စွက်ဖက်မှု​ကြောင့် ၂၀၂၅ ဧပြီလမှာ ကျည်တစ်ချက်မ​ဖောက်ရဘဲ စစ်ကောင်စီကို ပြန်လွှဲ​ပေးခဲ့ရပါတယ်။

    ဒါ​ကြောင့်စစ်တပ် ပြန်ဝင်လာပြီး ရှစ်လခန့်အတွင်း မြို့​ပေါ်မှာ ပစ်ခတ်သံ ရှားရှားပါးပါး ပြန်ကြားရတာဖြစ်ပါတယ်။

    လားရှိူးမြို့ပေါ်ကိုသာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့ပြီး မြို့ပတ်ချာလည်ကို​တော့ MNDAA က တပ်စွဲထားတာဖြစ်ပါတယ်။

    (လားရှိူးမြို့​ပေါ် ပစ်ခတ်သံများကြားရစဥ်။ ရုပ်သံ-​ဒေသခံ)