Author: Baby Yit Lone

  • ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို AA က တိုက်ခိုက်

    ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို AA က တိုက်ခိုက်

    ပန်းတောင်း ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို AA က တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများရရှိ

    စစ်လော်ဘီကျော်စိုးဦး လိုက်ပါသော စစ်ယာဉ်တန်းကို တီးတိန်တွင် တိုက်ခိုက်မှု ဗိုလ် ၂ ဦး အပါ အဝင် ၅ ဦးသေဆုံးပြီး ကျော်စိုးဦး ထွက်ပြေးလွတ်မြောက်

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ စက်ရုံအနီး ပွိုင့် ၅၀၀ ခံစစ်စခန်းနှင့်ကာကင်းစခန်းများကို အာရက္ခတပ်တော် AA က တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများရရှိကြောင်းရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းထုတ်ပြန်ထားသည်။

    မေလ ၄ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာ၊ ကပစ ၁၆ အနီး ပွိင့် ၅၀၀ ဗျူဟာကုန်း၏ ခံစစ်စခန်းများနှင့် ကာကင်းစခန်းများထဲမှ ကာကင်းစခန်း ၄ ခုကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ကာကင်းစခန်းများကို တိုက်ခိုက်မှုအတွင်း စစ်သားအလောင်း ၂၀ ကျော်၊ လက်နက်ခဲယမ်းများကို AA က သိမ်းဆည်းရရှိကြောင်း၊ ကာကင်းစခန်းများတွင် စကခ ၁၀ လက် အောက်ခံ ခမရ ၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ တပ် ရင်းများမှ ခုခံတိုက်ခိုက်လျက်ရှိသည်ကို သိမ်းဆည်းရရှိသည့် စစ်သားအလောင်းများထံမှ သိရှိရသည်။

    ယမန်နေ့ မေလ ၈ ရက်နေ့တွင် ကစဉ့်ကလျား ထွက်​ပြေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းလျက်ရှိပြီး တစ်ချိန်တည်းမှာပင် စစ်တပ်၏ ခံစစ်စခန်းနှင့် ကာကင်းစခန်းများကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

    “ကပစ ၁၆ ကို အဓိက အင်အားဖြည့်တင်းနေတာက စစ်မှုထမ်းတပ်သားတွေပါ။ အပတ်စဉ် ၂၀ နဲ့ အပတ်စဉ် ၂၁ စစ်မှုထမ်း သင်တန်းဆင်း ၅၀၀ ကနေ ၆၀၀ လောက် ကပစ ၁၆ နဲ့ ကင်းစခန်းတွေကို ပို့ထားတာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ကလေးမြို့မှ ဖလမ်းမြို့သို့ တက်လာသည့် စစ်ကောင်စီ၏ စစ်ရေးနှင့် အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် ရည်ရွယ်သည့် ယာဉ်တန်းကြီးတစ်ခုကို တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင် လမ်းပိုင်းရှိ ကော်ဖီခြံနှင့် ယန်ဇီရွာကြားတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိများ သေဆုံးပြီး မော်တော်ယာဉ်တစ်စီးကို သိမ်းဆည်းရမိခဲ့ကြောင်း CDF-CDM Siyin စစ်ဦးစီးချုပ် ထောင်းပူက ပြောဆိုသည်။

    မေလ ၆ ရက်နေ့ စစ်တပ်က ဖလမ်းမြို့ရှိ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရန်အတွက် Non-CDM ဝန်ထမ်းများ၊ စက်ယန္တရားဝန်ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သည့် ယာဉ်တန်းကြီးတစ်ခုဖြင့် တက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ်တန်းတွင် ရှေ့ဆုံးမှ ပွိုင့်ကား (Double Cab) နှစ်စီးဖြင့် စစ်ကောင်စီတပ်သား ၂၀ ခန့်က ဦးဆောင်လာပြီး ၎င်းတို့နောက်တွင် ဆိုင်ကယ်အစီး ၁၀၀ ခန့်၊ ၁၀ ဘီးကား၊ ၆ ဘီးကားနှင့် အိမ်စီးကား အများအပြား လိုက်ပါလာခဲ့သည်။

    ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် စစ်ရေးအရ ကြိုတင်သတင်းရရှိထားသဖြင့် ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြပြီး တိုက်ခိုက်မှုအတွင်း လက်နက်မပါသည့် Non-CDM ဝန်ထမ်းများကို ထိခိုက်မှုမရှိစေရန်အတွက် ရှေ့ဆုံးမှတက်လာသည့် ဝန်ထမ်းယာဉ်တန်းများကို ကျော်လွန်ခွင့်ပေးခဲ့ပြီး နောက်ဆုံးမှ လိုက်ပါလာသည့် လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပါသော ကားများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးမှ တက်လာသည့် ၁၂ ဘီးကားတစ်စီးနှင့် Fordland ကားအပါအဝင် ယာဉ် ၄ စီးကို စတင်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း Fordland ကားတစ်စီးကို သိမ်းဆည်းရမိခဲ့ပြီး ကျန်ရှိသည့် ကားလေးတစ်စီးမှာမူ ယာဉ်မောင်းဖြစ်သူ မသေဆုံးဘဲ ထွက်ပြေးမောင်းနှင်သွားနိုင်သဖြင့် လွတ်မြောက်သွားခဲ့သည်။

    သိမ်းဆည်းရမိသည့် ကားပေါ်တွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦးတို့ သေဆုံးနေသည်ကို တွေ့ရှိရသည်။ ထူးခြားချက်အနေဖြင့် အဆိုပါယာဉ်တန်း၏ အနောက်ပိုင်းတွင် စစ်တပ်လော်ဘီ (People Media) မှ ကျော်စိုးဦး လည်း လိုက်ပါလာခဲ့သည်။ ၎င်းသည် တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ကလေးမြို့ဘက်သို့ နေ့ချင်းပြန် ချက်ချင်းလှည့်ပြေးသွားခဲ့ကြောင်း CDF-CDM Siyin စစ်ဦးစီးချုပ် ထောင်းပူက ရှင်းပြသည်။

    “ကျနော်တို့ ပစ်လိုက်တဲ့ ကားပေါ်မှာ ဗိုလ်ကြီးတစ်ဦးပါတယ်၊ ပြီးတော့ ဗိုလ်တစ်ဦးပါတယ်။ သေဆုံးတဲ့ ဗိုလ်က ဗိုလ်ဇင်မျိုးမြတ်၊ သေဆုံးသွားတဲ့ ဗိုလ်ကြီးကတော့ နာမည်မသိရသေးဘူး။ ပြီးတော့ ကျော်စိုးဦးတပ်လော်ဘီ People Media က ကျော်စိုးဦးလည်းပါလာတယ်။ သူစီးတဲ့ကားဖြစ်မလား။ အဲနောက်မှာ ၁၂ ဘီးရဲ့နောက်မှာလိုက်လာတဲ့ ကားထဲမှာ သူထိုင်လာတော့ ၊အတိ အကျတော့ မပြော နိုင်ဘူး။ ကျနော်တို့ပစ်တာက နှစ်စီးပေါ့၊ အဲဒီနောက်မှာက နှစ်စီးကျန်သေးတယ်။ သူလည်းတော်တော်လန့်မှာပဲ။ သတင်းကြားတာတော့ သူက ချက် ချင်းနေ့ချင်းပြန်နဲ့ ကလေးဘက်ကို ပြန်လှည့်တယ်လို့တော့ သတင်းပြန်ကြားရတယ်။ အဲဒီကျော်စိုးဦး” ဟု CDF-CDM Siyin စစ်ဦးစီးချုပ် ထောင်းပူကရှင်းပြသည်။

    အဆိုပါ တိုက်ခိုက်မှုအတွင်း သေနတ် ၄ လက်နှင့်စစ်ကား ဖောကားတစ်စီးကို CDF-CDM Siyin တပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

  • မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေ

    မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေ

    ဖိလစ်ပိုင်တွင် ကျင်းပနေသော အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေ

    စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တီမောလက်စတေတို့က အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ကိုင်စွဲထားပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားတို့က မြန်မာကို အာဆီယံထဲသို့ ပြန်ခေါ်ရန် လိုလားနေ

    ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပနေသော အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့အတွင်း ရပ်တည်ချက် နှစ်မျိုးကွဲပြားနေကြောင်း စင်ကာပူ The Straits Times က သတင်းဖော်ပြသည်။

    မေလ ၆ ရက်နေ့မှ မေလ ၉ ရက်နေ့ အထိ ကျင်းပလျက်ရှိသည့် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် မြန်မာ့အရေးက အဓိက အကြောင်းအရာ အဖြစ် ပါဝင်နေပြီး မပြေလည်သေးသည့် အကျပ်အတည်းနှင့် ရှေ့မတိုးသာသည့် အခြေအနေ ရင်ဆိုင်နေရသည်ဟု သိရှိရသည်။

    ဖိလစ်ပိုင်နိုင်ငံ၊ စီဗူး (Cebu) မြို့တွင် ကျင်းပလျက်ရှိသော ၂၀၂၆ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများက အဓိကနေရာယူထားသော်လည်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားဖွယ်ရာ အဓိကကိစ္စရပ်မှာ မြန်မာ့အရေးပင် ဖြစ်နေဆဲ ဖြစ်သည်။

    အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို အဖွဲ့၏ အဆင့်မြင့်အစည်းအဝေးများသို့ ပြန်လည်ဖိတ်ခေါ်ရန် သင့်၊ မသင့်ဆိုသည့် မေးခွန်းမှာ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။

    လက်ရှိတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မြန်မာ့အရေးနှင့် ပတ်သက်၍ ရပ်တည်ချက်နှစ်မျိုး ကွဲပြားနေသည်ကို တွေ့ရသည်။ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တီမောလက်စတေနိုင်ငံများက မြန်မာနိုင်ငံတွင် စစ်မှန်သော တိုးတက်မှုများ မတွေ့ရသေးသရွေ့ “ဘုံသဘောတူညီချက် ၅ ချက်” အတိုင်း ပြတ်ပြတ်သားသား ဆက်လက်ရပ်တည်ရန် လိုလားကြသည်။

    ခြားတစ်ဖက်တွင်မူ ထိုင်းနိုင်ငံကဲ့သို့ နယ်စပ်ချင်း ထိစပ်နေသည့် နိုင်ငံများက လက်တွေ့ကျသော အကျိုးစီးပွားနှင့် နယ်စပ်လုံခြုံရေးအတွက် မြန်မာနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ပိုမိုတွန်းအားပေးလျက်ရှိသည်။ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့ကလည်း ယင်းပျော့ပြောင်းသည့် လမ်းကြောင်းကို ထောက်ခံသည့် လက္ခဏာများ ပြသနေကြသည်။

    မကြာသေးမီ မင်းအောင်လှိုင်က သမ္မတအဖြစ် တာဝန်ယူပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းတို့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ သဘောထားကို ပျော့ပျောင်းလာစေရန် စစ်တပ်က နည်းဗျူဟာမြောက် လုပ်ဆောင်လိုက်ခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

    မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ မခင်ဥမ္မာကမူ အာဆီယံအနေဖြင့် စစ်အစိုးရကို အသိအမှတ်ပြုခြင်းမပြုရန်နှင့် ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီများ တကယ်တမ်းရောက်ရှိရေးကိုသာ အလေးထားဆောင်ရွက်ရန် တိုက်တွန်းထားသည်။

    အာဆီယံအနေဖြင့် မြန်မာ့အရေးကို “ခေတ္တဖြေရှင်းချက် (Quick-fix)” ဖြင့် အဆုံးသတ်လိုက်မည်ဆိုပါက စစ်အစိုးရ၏ ထောင်ချောက်အတွင်း ကျရောက်သွားနိုင်ကြောင်း သူမက သတိပေးခဲ့သည်။

    အကယ်၍ ယခုနှစ် ဖိလစ်ပိုင် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူသည့်ကာလအတွင်း ထိရောက်သော ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ်နိုင်ပါက၊ မြန်မာ့အရေးသည် ၂၀၂၇ ခုနှစ်တွင် ဥက္ကဋ္ဌတာဝန်ယူမည့် စင်ကာပူနိုင်ငံထံသို့ ဆက်လက်ပါရှိသွားမည် ဖြစ်သည်။

    လက်ရှိတွင် အာဆီယံအနေဖြင့် မြန်မာကို အပြစ်ပေးအရေးယူရန်ထက် လက်ရှိအခြေအနေ ကိုသာ ထိန်းသိမ်းထားရန် ပိုမိုဖြစ်နိုင်ခြေရှိနေသည်ဟု သိရှိရသည်။

    သို့သော်လည်း မြန်မာ့အရေးကို အချိန်ဆွဲထားခြင်းသည် အာဆီယံ၏ စည်းလုံးမှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပြီး၊ ဒေသတွင်း၌ အွန်လိုင်းငွေလိမ်လုပ်ငန်းကဲ့သို့သော မှုခင်းပြဿနာများ ပိုမိုကြီးထွားလာမှုကိုလည်း အဖြေရှာရန် ခက်ခဲစေမည်ဖြစ်ကြောင်း သတင်းက သုံးသပ်ဖော်ပြထားသည်။

  • ၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်း ‘Dai Dai’ ကို ရှာကီရာ မိတ်ဆက်

    ၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်း ‘Dai Dai’ ကို ရှာကီရာ မိတ်ဆက်

    ကိုလံဘီယာအဆိုတော် ရှာကီရာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်တဲ့ “Dai Dai” ကို ကြာသပတေးနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    အသက် ၄၉ နှစ်အရွယ် ရှာကီရာဟာ နိုင်ဂျီးရီးယားအဆိုတော် Burna Boy နဲ့ တွဲဖက်ဆိုထားတဲ့ ဒီသီချင်းကို အမြည်းပြသတဲ့အနေနဲ့ ဘရာဇီးလ်နိုင်ငံ၊ မာရာကာနာကွင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတခုကို Instagram မှာ တင်ခဲ့ပါတယ်။ ဒီသီချင်းကိုတော့ မေလ ၁၄ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ။

    ကမ္ဘာ့ဖလားပြိုင်ဝင် နိုင်ငံအသီးသီးရဲ့ အရောင်တွေ ဝတ်ဆင်ထားတဲ့ အကသမားတွေနဲ့အတူ ရှာကီရာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။

    ဒါ့အပြင် ၂၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲမှာ အသုံးပြုခဲ့တဲ့ ဘောလုံးတွေကိုလည်း ထည့်သွင်းပြသထားတာ တွေ့ရပြီး ဒါဟာ ရှာကီရာကိုယ်တိုင် ဂီတပိုင်းအရ အဓိကပါဝင်ခဲ့တဲ့ အရင်ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

    လက်တင်ပေါ့ပ်ကြယ်ပွင့် ရှာကီရာဟာ ၂၀၁၀ တောင်အာဖရိကကမ္ဘာ့ဖလားတုန်းကလည်း official song “Waka Waka (This Time for Africa)” ကို သီဆိုခဲ့ဖူးသူပါ။

    သူမဟာ ၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားနဲ့ ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလား အခမ်းအနားတွေမှာလည်း သူမရဲ့ နာမည်ကြီးသီချင်းတွေဖြစ်တဲ့ “Hips Don’t Lie” နဲ့ “La La La (Brazil 2014)” တို့ကို ဖျော်ဖြေတင်ဆက်ခဲ့ဖူးပါတယ်။

    အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတိုမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကိုတော့ ဇွန် ၁၁ ရက်မှာ စတင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

    Shakira – Dai DAI (Official Music Video)

  • နှစ်ပေါင်း ၁၅၀ နီးပါးအတွင်း အပြင်းထန်ဆုံး ‘Monster’ ဖြစ်စဉ် ယခုနွေရာသီတွင် စတင်မည်

    နှစ်ပေါင်း ၁၅၀ နီးပါးအတွင်း အပြင်းထန်ဆုံး ‘Monster’ ဖြစ်စဉ် ယခုနွေရာသီတွင် စတင်မည်

    မိုးလေဝသပညာရှင်များက ယခုနွေရာသီတွင် ရှားပါးပြီး ကြောက်မက်ဖွယ်ကောင်းသော “Monster” အယ်လ်နီညိုဖြစ်စဉ်တခု စတင်တော့မည်ဖြစ်ကြောင်း သတိပေးလိုက်ပြီး ၎င်းသည် ၁၈၇၀ ပြည့်နှစ်များအလွန်တွင် စံချိန်တင် မှတ်တမ်းတင်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ဖြစ်စဉ်တခု ဖြစ်လာနိုင်ခြေရှိသည်။

    အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝရာသီဥတု ဖြစ်စဉ်တခုဖြစ်ပြီး နှစ် နှစ်မှ ခုနှစ် နှစ်အကြား တကြိမ် ပုံမှန်ဖြစ်ပေါ်လေ့ရှိသည်။

    အယ်လ်နီညိုသည် ပုံမှန်လေစီးကြောင်း ပုံစံများ ပျက်ယွင်းသွားခြင်းနှင့် တောင်အမေရိက ကမ်းရိုးတန်းများသို့ ရေနွေးများ စီးဆင်းသွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

    ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းမှ ရေနွေးများသည် တောင်အမေရိကဘက်သို့ ရွေ့လျားသွားသောအခါ အယ်လ်နီညို စတင်သည်။ ထိုသို့ ရွေ့လျားမှုကြောင့် ပီရူးနိုင်ငံအနီးရှိ အောက်ခြေမှ အာဟာရဓာတ်ကြွယ်ဝသော ရေအေးများ အပေါ်သို့ တက်လာကာ လေထုအပူချိန်ကို မြင့်တက်စေသည်။ ၎င်းက လေထုလည်ပတ်မှုကို ပြောင်းလဲစေပြီး နောက်ဆုံးတွင် တကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပုံစံများကိုပါ ပြောင်းလဲပစ်လိုက်သည်။

    လာမည့် နိုဝင်ဘာလတွင် စူပါအယ်လ်နီညို (အလွန်ပြင်းထန်သော အယ်လ်နီညို) ဖြစ်ပေါ်လာရန် ၁၀၀ ရာခိုင်နှုန်း သေချာနေပြီဟု ဥရောပ အလယ်အလတ်တန်းစား မိုးလေဝသ ခန့်မှန်းချက်ဗဟိုဌာန (ECMWF) က ပြောသည်။

    ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ခြမ်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် ၃ ဒီဂရီစဲလ်စီးယပ်စ် နီးပါးအထိ မြင့်တက်လာရန် ရှိနေသည်။

    ဤအပူချိန် အဆင့်သည် စံချိန်တင် မှတ်တမ်းများတွင် အမြင့်ဆုံးဖြစ်သည်။ ကမ္ဘာမြေကြီးသည် ၁၈၇၇-၇၈ ခုနှစ်နောက်ပိုင်း ယခုကဲ့သို့ အတိုင်းအတာကြီးမားသော အယ်လ်နီညိုဖြစ်စဉ်မျိုး တကြိမ်မျှ မကြုံတွေ့ခဲ့ဖူးသေးပေ။

    ရာသီဥတုအပေါ် ဘယ်လို သက်ရောက်လဲ

    ဤ စူပါအယ်လ်နီညိုသည် တကမ္ဘာလုံးတွင် ရာသီဥတု ကမောက်ကမဖြစ်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

    အမေရိကန်ပြည်ထောင်စု၊ နယူးအင်္ဂလန်ဒေသတွင် စံချိန်တင် နွေရာသီအပူရှိန်ကို ကြုံတွေ့ရနိုင်သလို အပူလှိုင်းများ ပိုမိုကျရောက်ခြင်း၊ စိုထိုင်းဆ မြင့်မားခြင်းနှင့် ကမ်းရိုးတန်းမုန်တိုင်းများကြောင့် ပုံမှန်ထက် မိုးပိုရွာခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

    ပုံမှန် အယ်လ်နီညိုကာလများတွင် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဟာရီကိန်းမုန်တိုင်း ဖြစ်ပေါ်မှု နည်းပါးလေ့ရှိသော်လည်း ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ခြမ်းတွင်မူ မုန်တိုင်းများ ပိုမိုများပြားလာတတ်သည်။

    ဆောင်းရာသီတွင် တောင်ဘက်ဒေသများ၌ ပုံမှန်ထက် ပိုမိုစိုစွတ်ပြီး နှင်း ပိုကျနိုင်ကာ၊ မြောက်ဘက်ဒေသများတွင်မူ ပိုမိုနွေးထွေးပြီး စိုထိုင်းဆ နည်းပါးသော ဆောင်းရာသီကို ကြုံတွေ့ရနိုင်သည်။

    တကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များ

    ထိုသို့ရာသီဥတု ကမောက်ကမဖြစ်မှုများသည် ထိခိုက်လွယ်သော အပူပိုင်းနိုင်ငံများတွင် အစားအစာ ပြတ်လပ်မှု၊ ရေရှားပါးမှုနှင့် ပြည်တွင်း ပဋိပက္ခများကိုပါ ဖြစ်ပွားစေနိုင်သည်။

    အပြင်းထန်ဆုံး ဖြစ်လာနိုင်သည့် အယ်လ်နီညို ရိုက်ခတ်တော့မည် ဖြစ်သောကြောင့် အပူလှိုင်း စံချိန်သစ်များ မြင်တွေ့ရဖွယ်ရှိ သည်။

  • MRTV 4 သရုပ်ဆောင်တစ်ဦး ညဘက်အပြင်ထွက်ရာမှ ပြန်ရောက်မလာပဲပျောက်ဆုံးနေ

    MRTV 4 သရုပ်ဆောင်တစ်ဦး ညဘက်အပြင်ထွက်ရာမှ ပြန်ရောက်မလာပဲပျောက်ဆုံးနေ

    “လှိုင်းလေကြားက ပန်းရွှေကြာ” ဇာတ်လမ်းတွဲမှ ဟန်ထွန်းအဖြစ် သရုပ်ဆောင်ထားသည့် MRTV 4 သရုပ်ဆောင် ကောင်းခန့်စိုး သည် ယမန်နေ့ (မေလ ၇ ရက်၊ ၂၀၂၆ ခုနှစ်) ညပိုင်းမှစ၍ လက်ရှိအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေပါသည်။

    ​📍 ပျောက်ဆုံးမှု အသေးစိတ်

    ​အချိန်: ၇.၅.၂၀၂၆ (ကြာသပတေးနေ့)၊ ည ၇:၄၅ နာရီခန့်။

    ​အခြေအနေ: မုန့်ဝယ်စားရန် လမ်းလျှောက်ထွက်သွားရာမှ အိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိတော့ပါ။

    ​ဖုန်းအဆက်အသွယ်:

    ပထမတွင် ဖုန်းဝင်သော်လည်း မကိုင်ဘဲ ည ၁၀ နာရီနောက်ပိုင်းတွင် ဖုန်းစက်ပိတ်သွားကာ လုံးဝဆက်သွယ်၍ မရတော့ပါ။

    ​မိခင်ဖြစ်သူမှလည်း အလွန်စိုးရိမ်ပူပန်နေပြီး အောက်ပါအတိုင်း အကူအညီတောင်းခံထားပါသည် –

    ​”ကျွန်မ၏ သားကြီး မောင်ကောင်းခန့်စိုးသည် ယခုအချိန်အထိ ဘာအဆက်အသွယ်မှ မရတော့ပါသဖြင့် စိုးရိမ်ပူပန်နေရပါသည်။

    တွေ့ရှိပါက အကြောင်းကြားပေးပါရန် အနူးအညွတ် အကူအညီတောင်းခံ မေတ္တာရပ်ခံပါသည်”

    ​🙏 ဝိုင်းဝန်းကူညီပေးကြပါ

    ​မိတ်ဆွေများအနေဖြင့် သရုပ်ဆောင် ကောင်းခန့်စိုးကို မြင်တွေ့ရခြင်း သို့မဟုတ် သတင်းအစအန ရရှိခြင်းများ ရှိပါက မိသားစုထံသို့ အမြန်ဆုံး အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

    ​မိခင်ဖြစ်သူနှင့် မိသားစုဝင်များ၏ ရင်ထဲမှ ပူပန်မှုများ ပြေပျောက်နိုင်စေရန် သားဖြစ်သူ ကောင်းခန့်စိုး တစ်ယောက် အမြန်ဆုံး ဘေးကင်းစွာ ပြန်လည်တွေ့ရှိပါစေကြောင်း ဆုတောင်းပေးလိုက်ရပါသည်။