Author: Baby Yit Lone

  • ၄၈ နာရီအတွင်း..မိုးတွေအသားကုန်ဝုန်းမယ့် ဒေသတွေ

    ၄၈ နာရီအတွင်း..မိုးတွေအသားကုန်ဝုန်းမယ့် ဒေသတွေ

    မိမိတို့ဒေသက ဆွေမျိုးမိတ်ဆွေများ သိရှိနိုင်အောင် Share ပေးပြီး အသိပေးလိုက်ကြရအောင်ဗျာ။ 📢

    ဒေါက်တာစိုင်းခွန်အာကာ ၏ မိုးလေဝသခန့်မှန်းချက်များအရ လာမည့် ၄၈ နာရီအတွင်း (မေလ ၉ ရက်နေ့အထိ) အောက်ပါဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရာသီဥတုအပြောင်းအလဲ ပြင်းထန်နိုင်ပါတယ်။

    📌 ကချင်ပြည်နယ်အတွင်း နေထိုင်သူများအတွက်

    မြစ်ကြီးနား၊ ပူတာအို၊ ချီဖွေ၊ တနိုင်းနှင့် မိုးညှင်းခရိုင်များတွင် တစ်ပြည်နယ်လုံးအနှံ့ မိုးဆက်လက်ရွာသွန်းပါမယ်။

    အထူးသဖြင့် ပူတာအိုနှင့် မြစ်ကြီးနား မှာ မိုးရေချိန် (၃) လက်မမှ (၄) လက်မအထိ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

    မြစ်ချောင်းဘေးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ မြစ်ရေမြင့်တက်မှုကို ဂရုစိုက်ကြပါရန်။

    📌 မကွေးတိုင်းအတွင်း နေထိုင်သူများအတွက်

    ဆော၊ ချောက်၊ စေတုတ္တရာ၊ ရေနံချောင်း၊ ငဖဲနှင့် မင်းဘူးမြို့များတွင် နေရာကွက်၍ မိုးများနိုင်ပါတယ်။

    တစ်တိုင်းလုံးတွင် မိုးရွာသွန်းမည့်အပြင် လေပြင်း တိုက်ခတ်နိုင်ခြေရှိပါတယ်။

    နေအိမ်အမိုးအကာများကို အချိန်မီ ခိုင်ခံ့အောင် ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းပါရစေ။

    အပြောင်းအလဲမြန်တဲ့ ရာသီဥတုကြောင့် အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။ 🙏

  • ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံး

    ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံး

    ပြင်ဦးလွင်၊ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းအချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံး

    အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက် မျိုးဆက်သစ်များ မွေးထုတ်ရာ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများ အချင်းချင်း ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးသွားကြောင်း ဗိုလ်လောင်း သိန်းဟန်၏ မိတ်ဆွေများက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။

    သိန်းဟန်သည် ဧရာ၀တီတိုင်း၊ ဖျာပုံမြို့မှ ဖြစ်ပြီး စစ်တက္ကသိုလ်တွင် တက်ရောက်နေသူဖြစ်ကြောင်း

    ဧပြီလနှောင်းပိုင်းတွင် ဗိုလ်လောင်းများ၏ ထိုးကြိတ်မှုကြောင့် ဗိုလ်လောင်း သိန်းဟန် သေဆုံးခဲ့ကြောင်း

    သေဆုံးသူ ဗိုလ်လောင်း သိန်းဟန် အစာအိမ်ကြောင့် ဝမ်းဗိုက်ခွဲစိတ်ထားသူဖြစ်ကြောင်း သိရှိရသည်။

    “DSA မှာ တက်နေတာ။ စီနီယာတွေက အုပ်ချုပ်တယ်ဆိုပြီး ကြီးနိုင်ငယ်ညှင်း ဝိုင်းထိုးကြိတ်လိုက်တာမှာ သေဆုံးသွားပုံရတယ်” ဟု သိန်းဟန်၏ မိတ်ဆွေတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ်တွင် စီနီယာဗိုလ်လောင်းများက ဂျူနီယာ ဗိုလ်လောင်းများကို ထိုးကြိတ် အုပ်ချုပ်လေ့ရှိပြီး ယင်းစနစ်ကြောင့် မကြာခဏဆိုသလို သေဆုံးခဲ့သော ဗိုလ်လောင်းများရှိနေကြောင်း သိရှိရသည်။

    “ဒီလိုကြီးနိုင်ငယ်ညှဉ်း နိုင်ထက်စီးနင်းအယုတ်တမာစိတ်တွေကို သင်တန်းစတက်ကတည်းက လက်ဆင့်ကမ်းသွင်းပေးပြီးအဆင့် ဆင့် အနိုင်ကျင့်ကြတာ

    သူငယ်ချင်းတူလေးတစ်ယောက်လည်း ပထမနှစ်တက်တာ ၅ လလောက်ပဲရှိသေးတယ်/ ဝိုင်းပြီးထိုး ကြိတ်နှိပ်စက်ရိုက်သတ်လိုက်ကြတာ

    မိဘတွေတော့ရူးမတတ်ပဲ တူသောအကျိုးတော့သူတို့အလှည့်တနေ့ရောက်မှာပါ” ဟု လင်းလင်းထက်အကောင့်ပိုင်ရှင်က ရေးသားထားသည်။

    ပြင်ဦးလွင် စစ်တက္ကသိုလ်ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်အသိုင်းအ၀ိုင်းသို့မေးမြန်းရာ ယင်းကဲ့သို့ စီနီယာများ၏ အုပ်ချုပ်မှု လွန်ကဲမှုကြောင့် သေဆုံးသွားရသော ဗိုလ်လောင်းတချို့ရှိကြောင်း၊

    ယင်းကဲသို့သော ဖြစ်စဉ်ဖြစ်ပွားပါက ထိုးကြိတ်သူ စီနီယာဗိုလ်လောင်းများကို စုံခုံဖွဲ့၍ စစ်ဆေးပြီး ကျိုးကြောင်း ဆီလျှော်လျှင် အရေးယူမှုမရှိကြောင်း၊

    ထိုသို့မဟုတ်ဘဲ အနိုင်ကျင့်ညှဉ်းပန်းခြင်းဖြစ်စဉ်ပေါ်ပေါက်လျှင် ထိုးကြိတ်သော စီနီယာများကိုပါ အရေးယူလေ့ရှိကြောင်း ဖြေကြားကြသည်။

  • ရေစကြိုမြို့နယ် တောင်အိုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှု

    ရေစကြိုမြို့နယ် တောင်အိုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှု

    ရေစကြိုမြို့နယ် တောင်အိုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးနှင့် အရပ်သားတစ်ဦး သေဆုံး

    မတော်တဆထိခိုက်မှုအတွက် ကာကွယ်ရေးတပ်ဖွဲ့များက အနူးအညွတ်တောင်းပန်

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီ၏ တောင်အိုစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Southern YSO PDF က ယနေ့ မေလ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

    ထိုနှစ်ဖက် ပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သားပြည်သူတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ရပြီး အဆိုပါဖြစ်ရပ်အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က မိသားစုဝင်များထံ အနူးအညွတ် တောင်းပန်ထားသည်။

    ကဆုန်လပြည့်နေ့ ဧပြီ ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် တောင်အိုစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ထိုတိုက်ခိုက်မှုကြောင့် တောင်အိုဂိတ်တာဝန်ခံ အပါအဝင် အမှတ် (၂၅၈) တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁ ဦးနှင့် ရဲ/ပျူစောထီး အဖွဲ့ဝင် ၆ ဦး၊ စုစုပေါင်းစစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ဂျီသရီး (G3) သေနတ် ၂ လက်၊အမ်အေ-သရီး (MA-3) ၁ လက်၊ အမ်အေ-ဝမ်းသရီး (MA-13) ၁ လက်နှင့် ခြောက်လုံးပြူး၁ လက် အပါအဝင် G3 ကျည်အိမ် ၄ ခု၊ MA-13 ကျည်အိမ် ၂ ခု၊ လက်ကိုင်ဖုန်း ၄ လုံး၊ ဓား
    ၁ ချောင်းနှင့် ခါးပတ် ၂ ချောင်းတို့ကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘုန်းကြီးကျောင်းမှ ပြန်လာချိန်ဖြစ်ပြီး ၎င်းတို့၏နောက်တွင် စက်ဘီးစီးနင်းလာသည့် အရပ်သားပြည်သူတစ်ဦး ပါလာခဲ့ကြောင်း သိရသည်။

    နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ စတင်ဖြစ်ပေါ်ချိန်တွင် အခြေအနေကို ထိန်းချုပ်ရန် ခက်ခဲသွားပြီး အဆိုပါ အပြစ်မဲ့ပြည်သူမှာလည်း ကျည်ထိမှန်ကာ အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

    ထိုကဲ့သို့ မတော်တဆမှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရမှုအပေါ်တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် မှတ်တမ်းတင်ကြောင်းနှင့် ကိုအောင်မောင်း အပါအဝင် Southernတပ်ပေါင်းစုတစ်ရပ်လုံးမှမိသားစုဝင်များအား အနူးအညွတ် တောင်းပန်အပ်ပါကြောင်း ထုတ်ပြန်ချက်တွင် အထူးအလေးပေး ဖော်ပြထားသည်။

    အဆိုပါ တိုက်ခိုက်မှုကို Southern Yesagyo တပ်ပေါင်းစုတွင် ပါဝင်သော Southern YSOPDF၊ ဒေါင်းညီနောင် (PKU PDF)၊ Yesagyo Revolution Group (YRG)၊ ဒေါင်းစစ်သည်၊ KingCobra၊ ပြည်သူ့အားမာန် PDF နှင့် Golden Eagle PDF တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

  • တစ်မိသားစုလုံး အဆက်သွယ်မရလို့ အိမ်တံခါးဖျက်ပြီးဝင်ကြည့်မှ

    တစ်မိသားစုလုံး အဆက်သွယ်မရလို့ အိမ်တံခါးဖျက်ပြီးဝင်ကြည့်မှ

    သားဖြစ်သူတို့ တစ်မိသားစုလုံး အဆက်သွယ်မရလို့ အိမ်တံခါးဖျက်ပြီးဝင်ကြည့်မှ သူတို့ရဲ့ခွေးလေးအပါအဝင် တစ်မိသားစုလုံး အဖြစ်ဆိုးကြုံခဲ့မှန်းသိခဲ့ရ 😰💔

    မိခင်ကတော့ ယခုဖြစ်ရပ်ကြောင့် သူမအနေနဲ့ ၂၀၂၅ မေလ ၁ရက်နေ့ကို ဘယ်တော့မှ မမေ့ကြောင်း အဲဒီနေ့မှာ သူမရင်ကွဲနာကျခဲ့ရတာဖြစ်ကြောင်း စိတ်မကောင်းစွာ ယခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

    “သင်္ကြန်အပြီး သမီးတို့ ညီအစ်မ လုပ်ငန်းထဲပြန်သွားကြတော့ သားကြီးနဲ့ မြေးလေးပဲ အိမ်မှာကျန်တယ်။

    သားကြီးကို ဆက်သွယ်တော့ မရတဲ့အခါ သူတို့သားအဖ ဖုန်းနားမရှိကြဘူးလို့ ထင်ခဲ့ပေမယ့် ၃/၄ ရက် ကြာတဲ့အထိ ဆက်သွယ်မရခဲ့ဘူး။

    သမီးဆီ ဖုန်းဆက်တော့လည်း ပြန်မဆက်တာက အလုပ်ချိန်ဖုန်းမကိုင်တာလို့ ထင်မိခဲ့တာ…

    အိမ်မှာကျန်တဲ့ သားအဖနှစ်ယောက်များ နေမကောင်းလို့လားဆိုပြီး မေ ၁ရက်မှာ သူတို့အိမ်ကိုလိုက်သွားခဲ့ပါတယ်

    တံခါးခေါက်ပြီး ခေါ်မရလို့ အိမ်ရှင်ခွင့်ပြုချက်နဲ့ တံခါးဖျက်ပြီး ပြတင်းပေါက်အရင်ဖွင့်ကြည့်မိချိန်မှာ တမိသားစုလုံးရဲ့ သွေးပျက်စရာမြင်ကွင်းကို မြင်တွေ့ပြီး အသိစိတ်လွတ်မတတ် ဖြစ်သွားခဲ့ရတာပါ။

    ကျမရဲ့ သားကြီးတို့ တစ်မိသားစုလုံးကို ဆုံးရှုံးလိုက်ရပြီ ဆိုတဲ့ ခံစားမှုက ရူးမတတ်ပါ” လို့ တစ်နှစ်ပြည့်မှာ ပြောခဲ့တာဖြစ်ပါတယ်။

    သူမရဲ့ သားကြီး မောင်ကောင်းနဲ့ သမီးချွေးမ မမိုးစန္ဒာ မြေးလေး မောင်ကောင်းဆက်ပိုင် သမီးလေး မဝင်းစန္ဒာ တို့ မိသားစုဝင် ၄ ဦးလုံး ဆုံးပါးခဲ့ရသလို သူမရဲ့မြေးလေးကချစ်လွန်းရတဲ့ အာဝုမလေး Lucky လည်း သူချစ်တဲ့ သခင်တွေနဲ့အတူ ဆုံ-:ပါးသွားခဲ့ပါတယ်။

    တမိသားစုလုံး ဆုံးနေတာကို မေလ ၁ ရက်နေ့မှာမှ သိရပေမယ့် သူတို့ဆုံးခဲ့တာ ၂၀၂၅ ဧပြီ ၂၇ ရက်ည သို့မဟုတ် သန်းခေါင်ကျော် ဧပြီ ၂၈ ရက်မှာလို့ မှတ်ယူရကြောင်းလည်း ဆိုထားပါတယ်။

    အဆိုပါ မိသားစုလေးက မီပျက်နေချိန် မီးစက်အသုံးပြု အဲကွန်းဖွင့်ပြီး တညလုံးနေခဲ့မိလို့ အခုလို ကြုံတွေ့ခဲ့ကြောင်း မနှစ်က သတင်းတွေမှာ ဖော်ပြခဲ့ကြတဲ့ မိသားစုလေးပဲ ဖြစ်ပါတယ်။

    မီအပျက်များပြီး ပူပြင်းတဲ့ ယခုလို ကာလမှာ အထူးဂရုပြုကြပါနော်…🙏🙏🙏

  • ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျ

    ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျ

    ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ မေလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝါးခယ်မမြို့ တံတားအဆင်းရှိ ကောင်းထက် ဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထို မီးလောင်မှုဖြစ်ပွားသည့် အကြောင်းအရင်းကို မသိရှိရသေးဘဲ မီးလောင်မှု အတွင်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

    “ဘယ်ကနေ စလောင်တာလဲဆိုတာတော့ မသိရသေးဘူး။ လူထိခိုက်မှုတော့မရှိဘူးလို့ သိရတယ်။ ဆီဆိုင် တစ်ဆိုင်လုံးကတော့ မီးလောင်ပြာကျသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

    အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆီတင်မော်တော်များက ကုန်ကားများပေါ်သို့ ဆီရိုက်တင်နေစဉ် အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ထိုမီးလောင်မှုကြောင့် မော်တော် ၂၂ စီးနှင့် ကုန်ကား ၂ စီး မီးကူးဆက်လောင်ကျွမ်းခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။