Author: Baby Yit Lone

  • ဗုံးခိုကျင်းထဲက အာရှသူရဲကောင်း

    ဗုံးခိုကျင်းထဲက အာရှသူရဲကောင်း

    အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရောက်ဖို့ ၃ ရက်အလို ဖေဖော်ဝါရီ ၁၀ ရက်နေ့ပါ။

    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကြားကာလပညာသင်ကျောင်းလေးထဲမှာ ဆရာမတွေနဲ့ ကလေးတွေဟာစာသင်ခန်းတစ်ခန်းထဲမှာ စုဝေးနေကြတယ်။မကြာခင် ကျရောက်တော့မယ့် ဗိုလ်ချုပ်မွေးနေ့မှာဂုဏ်ပြုဖို့ “အောင်ဆန်းဇာနည်”ကဗျာနဲ့ “အာရှသူရဲကောင်း”သီချင်းကို ဆရာမတွေက ကလေးတွေအားလုံးကို သင်ပေးနေကြတာပါ။

    အဲဒီအချိန် အခန်းထောင့်က ခြင်းလေးထဲမှာထားထားတဲ့ စကားပြောစက် အိုင်ကွန်က တဂျစ်ဂျစ်မြည်လာတယ်။ “ပါရာမော်တာတစ်စီး တက်လာပါတယ်”တဲ့။ ပါရာမော်တာ(စက်တပ်လေထီး) တက်လာတယ်လို့ အိုင်ကွန်ထဲကနေ ကြားလိုက်ရတာနဲ့တပြိုင်နက် ကလေးတွေကို ဗုံးခိုကျင်းထဲ ဝင်ခိုင်းခဲ့ကြတယ်။ပါရာမော်တာဟာရွာရဲ့တောင်ဘက်ခပ်ဝေးဝေးရှိတောနေရာကိုဗုံးသီးလေးလုံးကျဲချသွားတယ်တဲ့။

    ပါရာမော်တာပြန်သွားပြီလို့ ကြေညာတာနဲ့ ကလေးတွေကို အတန်းထဲကို ပြန်ဝင်ခိုင်းခဲ့ကြတယ်။ ကလေးတွေကတော့ ကြောက်စိတ်တွေ စဝင်လာခဲ့ပြီ။ “ကျွန်မတို့လည်း တိုက်ပွဲမဖြစ်ဘဲ ထက်ပြီး ဖိုက်တာလာမယ် မထင်ထားလို့ ကလေးတွေကို အိမ်ပြန်မလွှတ်မိပါဘူး။”လို့ အဲဒီကျောင်းက ဆရာမဒေါ်ဖြူဖြူ(အမည်လွှဲ)က ပြောပါတယ်။

    ဆရာမတို့ရွာတွေက ရွာအခြေအနေအရ တောအိမ်တွေမှာနေရတဲ့အတွက် ကျောင်းနဲ့ကလေးတွေအိမ်နဲ့က နည်းနည်းဝေးပါတယ်။ တကယ်လို့ ပြန်လွှတ်မယ်ဆိုရင်လည်း အိမ်က ဆိုင်ကယ်အကြိုလာမှ ထည့်ပေးတာပါ။ ဒါ့ကြောင့် ကလေးတွေကို စာသင်ခန်းထဲပဲ ပြန်သွင်းလိုက်ကြတယ်။

    ကဗျာနဲ့သီချင်းကို ဆက်သင်နေတုန်း နာရီဝက်လောက်အကြာမှာ အခန်းထောင့်ခြင်းထဲက အိုင်ကွန်က ထမြည်ပြန်ပါတယ်။ “ဂျက်ဖိုက်တာတစ်စီး ခပ်နိမ့်နိမ့်ဖြတ်သန်းလာတယ်”တဲ့။

    ဆရာမတွေကော ကဗျာရွတ်နေတာရပ်လိုက်ကြရပြီ။ ဆရာမတစ်ယောက်က သံစည်ပိုင်းကို အဆက်မပြတ် ခေါက်ပြီး ကလေးတွေကို ပုန်းကျင်းထဲ အပြေးဆင်းခိုင်းတယ်။ ကလေးတွေ အကုန်လုံး ကျင်းထဲရောက်ပြီး ဆရာမတွေက ကွင်းဘေး သစ်ပင်အောက်မှာ ကြည့်နေစဉ် ကောင်းကင်တခွင်လုံး လေယာဉ်သံတွေ ကြားလိုက်ရပါတယ်။ ကလေးတွေ ကျင်းထဲ ရောက်ပြီးမှ လေယာဉ် ရောက်လာခဲ့တယ်။

    ဆရာမတွေလည်း ကလေးတွေကြားထဲ တစ်ယောက်တစ်နေရာစီ ခုန်ချခဲ့ပြီး ကလေးတွေကို စောင့်ရှောက်တယ်။ ကလေးတွေ မကြောက်ဖို့၊ အနေအထား မှန်နေဖို့ ပြောပေးခဲ့ရတယ်။

    ဗုံးကျင်းကလည်း လိုအပ်ချက်တွေ ရှိနေပြီး လုံးဝ ဘေးကင်းလုံခြုံတဲ့ အထဲမှာ မပါပါဘူး။ မြောင်းကျင်းလို ကျင်းပြီး “Z” ပုံ သဏ္ဌာန် ရှိပါတယ်။ ကျင်းက အရမ်းလည်းမနက်ပါဘူးလို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။ “ကျွန်မတို့ ခါး သာသာလောက်ပဲ ရှိပါတယ်။ အပေါ်မှာ အမိုး၊ အဖုံး လည်း မပါပါဘူး။ ကျဉ်းမြောင်းတဲ့အတွက် ဘေးမြေနံရံတွေနဲ့ ထိကပ်နေပါတယ်။ တကယ်တော့ မထိရဘူး ပြောပါတယ်။ ဗုံးကျင်းထဲမှာ လေယာဉ်လာရင် နေရမဲ့ အနေအထားတွေကိုလည်း သိသမျှ လေ့လာထားသမျှ ကလေးတွေကို ပြောပေးပါတယ်။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောတယ်။

    ပြီးတော့ အခြားကျောင်းတွေမှာဆို အစောပိုင်းကတည်းက လေယာဉ်လာရင် ဘယ်လို နေရထိုင်ရမယ်ဆိုပြီး အနေအထားတွေကို လက်တွေ့သင်ကြားပို့ချပေးကြပါတယ်။ ဆရာမတို့ကျောင်းမှာတော့ အဲဒီလိုတွေ မလုပ်ခဲ့ရဘူးတဲ့။

    “ကျွန်မတို့ ဗုံးကျင်းတူးပြီးတဲ့အချိန်မှာ အဲဒီလို သင်ကြားပေးစေချင်ခဲ့တာပါ။ ဒါပေမဲ့ ဘယ်သူပြောလို့ ဘယ်ကိုပြောပြီး သင်ပေးခိုင်းရမှန်း မသိလို့ ဒီတိုင်းပဲ နေခဲ့ရပါတယ်။ ပြီးတော့ ကျွန်မတို့လည်း လေ့လာပြီး တက်သိမယ့်လူများကိုမေးပြီးပဲ အနည်းအကျဉ်းသာ သိခဲ့သင်ခဲ့ရပါတယ်။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။

    “နားကို ပိတ်ထားရမယ်၊ ခေါင်းကို ငုံ့ထားရမယ်၊ တက်နိုင်သမျှ ကျုံ့နေရမယ်၊ ဝပ်နေရမယ်၊ ဒူးနှစ်လုံးကြား ခေါင်းထားရမယ် ဒီလောက်ပဲ သိပါတယ်။ အမှားလည်း ပါရင် ပါမှာပေါ့”လို့ဆရာမဒေါ်ဖြူဖြူက ဆိုပါတယ်။

    အဲဒီအချိန် ဆရာမတွေရောကလေးတွေရော အားလုံး ကြောက်နေကြပါပြီ။ ဂျက်ဖိုက်တာက ပထမတစ်ပတ် ပတ် ချပြီးတော့ ကလေးငယ်လေးတွေလည်း ကိုကုန်ကြပြီ။ ဗုံးခိုကျင်းထဲမှာ ဆူညံနေခဲ့ပြီ။ “ဆရာမရေ၊ အမေရေ၊ အဖေရေ”အော်နေရင်း ငိုနေကြပြီ။ ကလေးတွေရဲ့အသံဟာ လေယာဉ်သံလိုပဲ ကျယ်လောင်နေခဲ့တယ်။ ကလေးတွေနဲ့အတူ ဆရာမတွေပါ ငိုမိတယ်။

    ဆရာမတွေလည်း ထိတ်ထိတ်ပျာပျာနဲ့ပဲ “သားတို့သမီးတို့မငိုရဘူးနော်၊ မဆူရဘူး၊ ခေါင်းပဲငုံ့ထား၊ နားပိတ်ထား၊ လိမ္မာတယ် ငါ့ကလေးတွေ”စသဖြင့် ချော့မော့နေရတယ်။

    လေယာဉ်က ၄၊ ၅ ပတ်လောက် လာတယ်။ တစ်ခါလာရင်း ချရင်းပဲ။ လေယာဉ်အနားရောက်ရင် ဝပ်နေပြီး အဝေးရောက်ရင် ကလေးတွေက ဆရာမတွေကိုအားကိုးတကြီး ခေါ်ပြီး “ဆရာမ ကြောက်တယ်၊ အိမ်ပြန်ချင်တယ်”ဆိုပြီးပြောတယ်။ ဆရာမတွေလည်း “မကြောက်နဲ့နော်၊ ဆရာမတို့ ရှိတယ်၊ ဘာမှကြောက်စရာမလိုဘူး၊ ဘုရားကို အာရုံပြုထား” ဆိုပြီး ဘုရားစာ ရွတ်ခိုင်းနေခဲ့ပါတယ်။

    “အဲ့ဒီအချိန်မှာ သင်လက်စ မြန်မာစာအုပ်နဲ့ ဖုန်းပဲ လက်ထဲပါတော(တော့) ကြံရာမရ စာအုပ်လေးနဲ့ပဲ သူတို့လေးတွေအပေါ် လက်နှစ်ဖက်နဲ့အုပ်ပေးလိုက်တယ်။ ကလေးလေးတွေ ကျွန်မတို့ ဆရာမတွေကို အားကိုးတကြီး ဖြစ်နေတဲ့အချိန် ဘယ်လိုကာကွယ်ပေးရမလဲ ကြံရာမရ ဖြစ်နေခဲ့တာပေါ့။”ဆရာမဒေါ်ဝင်းဝင်း(အမည်လွှဲ)က ပြောပြတယ်။

    ကလေးတွေကိုသာပြောနေရတာ ဆရာမတွေလည်း ကြောက်ရွံ့စိတ်တွေ ကြီးစိုးလာခဲ့တယ်။ လေယာဉ် ခေါင်းပေါ်တည့်တည့်ဆို ပြောစရာတောင် မလိုတော့ပါဘူး။ ကလေးတွေဟာ ပြားပြားဝပ်ပြီး နားတွေကို ပိတ်ထားလိုက်ကြတာ ကျုံ့ထားလိုက်ကြတာ ဆက်တက်တုန်နေအောင်ထိပဲ။ “သူတို့လေးတွေ ကြောက်နေကြတာ ပြန်တွေးတိုင်း ရင်ထဲနင့်နေတာပဲ။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။

    ဆရာမဒေါ်ဝင်းဝင်းကတော့ သမ္ဗုဒ္ဓေဂါထာကို ရှေ့ကဆိုပြပြီး ကလေးတွေကိုလိုက်ဆိုခိုင်းခဲ့တယ်။

    “လေယာဉ်တစ်ခါ ပစ်ချလိုက်ရင် ကလေးတွေဆီက “အားကိုးတကြီးနဲ့ “ဆရာမ” လို့ ပြောလိုက်ရင်ပဲ ကျွန်မတို့မှာ ဘုရားစာရွတ်ခိုင်းပြီး လက်နှစ်ဖက်နဲ့ အုပ်မိုးပြီး အားပေးခဲ့ရတာပေါ့။ ကလေးတွေက “ဆရာမ ကြောက်တယ်” လို့ ပြောလိုက်တယ်ဆိုရင်ပဲ ကျွန်မတို့မှာ ပျာယာခတ်ပြီး ဘုရားစာရွတ်ပြီး အားတင်းခိုင်းရပါတယ်။”လို့ ဆရာမဒေါ်ဝင်းဝင်းက ပြောပြတယ်။

    ကလေးတွေကို အားပေးရင်း နောက်ထပ်ဆရာမတစ်ဦးဖြစ်တဲ့ ဆရာမဒေါ်မွန်(အမည်လွှဲ)ကတော့ ငါတို့ဆရာဆရာမတွေနဲ့ကလေးတွေ ကံဆိုးမိုးမှောင်ကျပြီလို့ခံစားလိုက်ရတယ်လို့ပြောပြတယ်။

    “လူ့ဘဝမှာ မနေရတော့ပါဘူး သေနေ့စေ့ပြီလို့ ချစ်ရတဲ့ အမေ၊ အဖေ၊ သူငယ်ချင်းတွေနဲ့လဲ ခွဲရတော့မယ်လို့တောင် တွေးခဲ့မိပါတယ်။”လို့ ဆရာမဒေါ်မွန်က ပြောပြတယ်။ ဆရာမဒေါ်မွန် လေယာဉ်ကြီး အမြန်ပြန်ပါတော့သာဆုတောင်းနေမိတယ်လို့ ဆိုတယ်။

    အဲဒီအချိန်မှာ မှီခိုရာလည်း မရှိတော့ ဆရာမတို့ ကြောက်ရွံစိုးရိမ်ခဲ့ကြတယ်။ကလေးတွေကို အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ အတွေးနဲ့ ကြောက်စိတ်ကိုဖယ်ရှားရတယ်။

    “ကျွန်မတို့တောင် အသံကြားရင် ကြောက်နေခဲ့တာ၊ကလေးတွေဆိုဘယ်လောက်တောင်ကြောက်နေကြမလဲ။ ကြောက်စိတ်နဲ့ ကျွန်မတို့ကိုပဲ အားကိုးတကြီး ကပ်တွယ်နေကြတာ။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။ ကလေးတွေဟာ ဆရာမတွေရဲ့ လက်ကလေးတွေကို အတင်းဆွဲပြီး “သား ကြောက်တယ်၊ သမီး ကြောက်တယ်” ဆိုပြီး ငိုနေခဲ့ကြတယ်။

    ဆရာမဒေါ်ဖြူဖြူက “ဘုရားကို အာရုံပြုထား၊ ကလေးတို့က မနက်တိုင်း ဘုရားဖူးတယ်လေ၊ ဘာမှမဖြစ်ဘူး၊ ကုသိုလ်တွေ အများကြီး လုပ်ထားတာ” ဆိုပြီး အားပေးရတယ်။ ပြီးတော့ “လေယာဉ်က ဒီတစ်ပတ်ပြီးရင် ပြန်ပြီနော် မကြောက်နဲ့နော်၊ ဆရာမတို့ ဆီမချဘူး၊ တခြားတစ်နေရာ ချတာပါ”ဆိုပြီး အားတင်းပြီး ကြိုမသိတဲ့ အရာကို မုသားနှောပြီး အားပေးနေရတယ်။

    မလုံနိုင်မှန်းသိပေမဲ့ ဆရာမတွေဟာ ကလေးတွေအပေါ် လက်ကလေးတွေ မိုးပေးရတယ်။ ဆတ်ဆတ်တုန်အောင် ကြောက်နေတဲ့ ကလေးတွေ လက်ကလေးတွေကို တင်းတင်းဆုပ်ပေးပြီး အားပေးရတယ်။

    “၁၅ မိနစ်လောက် ဆိုပေမဲ့ ကိုယ်တွေရော ကလေးတွေပါ စိတ်ဒဏ်ရာအပြည့်နဲ့ နောက် လေယာဉ်လာရင်ကို နားစွင့်ပြီး အိမ်တွေထဲတွေမှာ မနေရဲတော့ပါဘူး။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။

    ကလေးတွေတင်မကဘူးဆရာမအချင်းချင်းလည်း ဖေးမခဲ့ရတယ်။ ဆရာမတို့ အပေါ်ကို မော့မကြည့်ရဲခဲ့ဘူး။ “ကလေးတွေရော ကိုယ်ပါ တည့်တည့်ကြီးသာ ကိုယ့်အပေါ်ချသွားရင်ဆိုတဲ့ အတွေးနဲ့ မောမကြည့်ရဲခဲ့ပါဘူး။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။

    လေယာဉ်ပြန်သွားရင် ခေါင်းလေးတွေ ထောင်နိုင်ပြီး အသက်ဝအောင် ရှူခိုင်းရတယ်။ လေယာဉ်သံက အရမ်းကြောက်ဖို့ကောင်းပါတယ်။ ကိုယ့်အပေါ်မှာပဲ ဝဲနေတယ်လို့ ထင်ရတယ်။ ဒါကြောင့် ကလေးတွေမှာ နားထဲကို လက်နဲ့ အားကုန်ပိတ်ထားကြတယ်။ ကလေးမိဘတွေကလည်း ဖုန်းတွေအများကြီး ခေါ်ကြတယ်။ မိဘတွေလည်း ဘယ်လောက်စိတ်ပူနေကြမလဲ။ ဆရာမတို့လည်း ကြောက်ဇောနဲ့ ဖုန်းလာတာတွေလည်း မကိုင်နိုင်ပါဘူး။ ကလေးတွေကိုပဲ စိတ်ပူပြီး ဂရုစိုက်နေကြရတယ်။ “ငါတို့အပေါ် ငါတို့ကလေးတွေအပေါ်သာ ကျခဲ့ရင်ဆိုတဲ့ အတွေးတွေလည်း ဝင်လာပြီး အရမ်းကြောက်ခဲ့ရပါတယ်။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပြတယ်။

    ဒီဖြစ်စဉ်က ဆရာမတို့အတွက်တော့ ပထမဆုံးပါ။

    “ကျွန်မတောင် အားငယ်စိတ်တွေ ကြောက်နေခဲ့တာ။ သူတို့လေးတွေဆို ဘယ်လောက်များ ကြောက်လန့်နေမလဲဆိုတာ တွေးကြည့်လိုက်တိုင်း တဆက်ဆက် တုန်မိပါတယ်။”လို့ ဆရာမဒေါ်ဝင်းဝင်းက ပြောပြတယ်။

    “ကလေးတွေဟာ ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာအပြည့် ရနေကြတာ။ လေယာဉ်ချသံကြားတာနဲ့ ဆရာမတွေရော၊ ကလေးတွေပါ အာမေဋိတ်သံအမျိုးမျိုးထွက်ပြီး မျက်စိမှိတ် နားပိတ်နေရတယ်။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပါတယ်။

    ဆရာမဒေါ်ဖြူဖြူဟာ ငါမကြောက်ဘူးဆိုတဲ့ စိတ်မွေးထားပေမဲ့ ခေါင်းတွေလည်း ပူထူနေခဲ့တယ်။ နောက်ဆုံး ကံကောင်းထောက်မစွာ ဆရာမတို့ကျောင်းကလေး ဘေးကင်းခဲ့ပါတယ်။ “ကလေးတွေကိုလည်း အကောင်းဆုံး ကာကွယ်ပေးခဲ့ပါတယ်။”လို့ ဆရာမဒေါ်ဖြူဖြူက ပြောပါတယ်။

    လေယာဉ်ပြန်ပြီး တော်တော်ကြာသည်အထိ ကလေးတွေကို အားပေးရင်း စိတ်ချရပြီဆိုကာမှ ပြန်ထွက်ခိုင်းပြီး အိမ်ပြန်ခိုင်းခဲ့တယ်။

    အဲဒီနေ့က လေကြောင်းတိုက်ခိုက်မှုဟာ ပေါက်မြို့နယ်၊ ချက်ကန်ရွာက အိမ်ဆိုင်လေးတစ်ဆိုင်ကို တိုက်ခိုက်ခဲ့တာပါ။ ဈေးဝယ်လာသူတွေအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

    “အဲ့နေ့က အဖြစ်အပျက်ကြီးကို ပြန်စဉ်းစားတိုင်း အချိန်ထိ လန့်နေတုန်းပါပဲ။ ခြေတွေလက်တွေ တုန်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိအောင် ဖြစ်ခဲ့ရတယ်။”လို့ ဆရာမဒေါ်မွန်က ရင်ဖွင့်တယ်။ အသက်ရှင်သန်ခွင့်ရခဲ့လို့ ဝမ်းသာမိပေမဲ့ ထိခိုက်သူတွေအတွက် ဆရာမတို့ ဝမ်းနည်းခဲ့ကြတယ်။

    “ကျွန်မတို့ ဆရာမတွေနဲ့ ကလေးတွေ အခုလို အသက်ရှင်ခွင့်ရလို့လည်း ဝမ်းသာမိပါတယ်။ ကလေးတွေ ပညာရေးအတွက်တော့ စိတ်မကောင်းဖြစ်မိတာပေါ့။ရှေ့ဆက်ပြီးမြန်မာနိုင်ငံကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းနေမိပါတယ်။”လို့ ဆရာမဒေါ်မွန်က ပြောလိုက်ပါတယ်။

    People’s Spring

  • တရုတ်မှာ မီးရှူးမီးပန်းဆိုင် ပေါက်ကွဲမှုကြောင့် ၁၂ ဦးသေ

    တရုတ်မှာ မီးရှူးမီးပန်းဆိုင် ပေါက်ကွဲမှုကြောင့် ၁၂ ဦးသေ

    တရုတ်နိုင်ငံက မီးရှူးမီးပန်း အရောင်းဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ပါတယ်။

    တရုတ် နှစ်သစ်ကူးကာလ၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့တုန်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူပေပြည်နယ်၊ ကျန့်ကျီမြို့က မီးရှူးမီးပန်းနဲ့ ဗြောက်အိုးတွေ ရောင်းချတဲ့ဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ တရုတ် နှစ်သစ်ကူး ကာလမှာတော့ တစ်နိုင်ငံလုံးမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုကြတာက အစဉ်အလာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘေဂျင်းအပါအဝင် မြို့ကြီး တော်တော်များများမှာတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဲဒီလို မီးရှူးမီးပန်း ဖောက်မှုတွေကို ဥပဒေနဲ့ စတင် တားမြစ်လာခဲ့ပါတယ်။

    ဒါပေမဲ့ မြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေမှာတော့ နှစ်သစ်ကူးကာလမှာ မီးရှူးမီးပန်းနဲ့ ဗြောက်အိုးဖောက်တဲ့ အသံတွေ၊ ရှူးဒိုင်းပစ်လွှတ်သံတွေ ဆူညံနေကြဆဲပါ။ ကျန့်ကျီမြို့က မီးရှူးမီးပန်း ဆိုင်မှာတော့ ကနဦး မီးလောင်မှုတစ်ခု စဖြစ်ခဲ့ပြီး အဲဒီနောက် အပြင်းအထန် ပေါက်ကွဲခဲ့လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ မီးလောင်မှုနဲ့ ပေါက်ကွဲမှုကြောင့် စတုရန်းမီတာ ၅၀ စာလောက် အကျယ်အဝန်းက ပြာကျသွားပြီး အသေအပျောက်ကလည်း ၁၂ ဦးထိ အတည်ပြုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

    တရုတ် အစိုးရ သတင်းဌာနဖြစ်တဲ့ CCTVကတော့ မီးရှူးမီးပန်းဆိုင် ပေါက်ကွဲမှု အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲလို့ ဖော်ပြခဲ့ပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျန်းစုပြည်နယ်ထဲမှာ အလားတူပဲ မီးရှူးမီးပန်းဆိုင်တစ်ခု ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ၈ ဦးသေ၊ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကျန်းစုက ပေါက်ကွဲမှုအပြီး တရုတ် အစိုးရရဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဌာနက တစ်နိုင်ငံလုံးက မီးရှူးမီးပန်း အရောင်းဆိုင်တွေ၊ ဂိုဒေါင်တွေမှာ လုံခြုံရေးဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပေမယ့် ရက်ပိုင်းအကြာမှာပဲ ဒုတိယမြောက် ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ခဲ့တာပါ။

    အာဏာပိုင်တွေကတော့ အဲဒီလို ဆိုင်တွေနားမှာ အရပ်သားပြည်သူတွေက ဆေးလိပ်သောက်တာ၊ မီးမွှေးတာ၊ ဒါမှမဟုတ် ဗြောက်အိုးတွေကို စမ်းသပ်မီးရှို့ကြည့်တာတွေ မလုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

    တရုတ်က စက်မှုလုပ်ငန်းတွေမှာ လုံခြုံရေး စံနှုန်း အားနည်းချက်တွေကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ အခုလထဲမှာ ရှန်းရှီးပြည်နယ်မှာ ဇီဝနည်းပညာ စက်ရုံတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားပြီး ၈ ဦး သေဆုံးခဲ့ပါတယ်။ အလားတူ ဇန်နဝါရီလတုန်းကလည်း အတွင်းမွန်ဂိုလီးယားမှာ သံမဏိစက်ရုံ တစ်ခု ပေါက်ကွဲမှုဖြစ်ပြီး လူ ၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

    ကိုးကား: AFP

  • နိုင်ကျဉ်း သမ္မတ ဦးဝင်းမြင့်ကို သရော်သည့် ‘ဇင်းမယ်သံချပ်’ ဝေဖန်မှု မြင့်တက်

    နိုင်ကျဉ်း သမ္မတ ဦးဝင်းမြင့်ကို သရော်သည့် ‘ဇင်းမယ်သံချပ်’ ဝေဖန်မှု မြင့်တက်

    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် မြန်မာလူငယ်များ၏ ‘ဇင်းမယ်သံချပ်’ အဖွဲ့က သံချပ်ထိုးရာတွင် အကျဉ်းကျနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား စစ်အာဏာသိမ်းခေါင်းဆောင်နှင့် တန်းတူထားကာ လှောင်ပြောင်သရော်ခဲ့မှုအပေါ် လူထုနှင့် တော်လှန်ရေးအင်အားစုများအကြား ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများ ပေါ်ထွက်နေသည်။

    အဆိုပါသံချပ်ကို စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် DVB TV News က ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

    သံချပ်စာသားတွင် “မင်းအောင်လှိုင်နဲ့ နယ်ဓားပြ၊ ဒူဝါလရှီးလ၊ ဦးဝင်းမြင့်ပါ ပေါင်းထည့်ရင် လေးယောက်ဖြစ်ပြီရှင်။ သမ္မတကြီး လေးယောက်တွဲ တိုင်းပြည်ချောက်ထဲလဲ” ဟူ၍ ပါရှိခြင်းက ဝေဖန်မှုများ၏ အဓိက အချက်အချာ ဖြစ်လာခဲ့သည်။

    ယင်းလုပ်ရပ်နှင့် ပတ်သက်၍ ‘ထောင်ဝင်စာပို့ကြမယ်အဖွဲ့’ က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် သမ္မတ ဦးဝင်းမြင့်သည် ပြည်သူက ရွေးကောက်တင်မြှောက်ထားသူ ဖြစ်ပြီး လက်ရှိတွင် စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းကို ခံနေရသည့် နိုင်ကျဉ်းတစ်ဦး ဖြစ်သည်။

    ထိုသို့ အကျဉ်းထောင်အတွင်း ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်ကာ ဘာတစ်ခုမှ ဆောင်ရွက်ခွင့်မရှိသည့် ပုဂ္ဂိုလ်အား လှောင်ပြောင်ခြင်းသည် လူ့အခွင့်အရေးနှင့် နိုင်ငံရေးအရ လေးစားမှု ကင်းမဲ့ခြင်းဖြစ်သည်။ ယင်းသို့ ထုတ်လွှင့်ခဲ့သည့် DVB သတင်းဌာနတွင်လည်း တာဝန်ရှိသည်ဟု ထောက်ပြထားသည်။

    ထို့အပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ကျော်ကိုကိုကလည်း “ပြင်ပအခြေအနေကို ဘာမှမသိ၊ ဘာမှလုပ်နိုင်စွမ်းမရှိတဲ့ အကျဉ်းသားတစ်ဦးကို ကျည်လွတ်ဗုံးလွတ်နေရာကနေ လက်လွတ်စပယ် ပြောဆိုတာဟာ တာဝန်ယူရမယ့်ကိစ္စဖြစ်ပြီး လိုအပ်ပါက DVB ကိုပါ Social Punishment လုပ်ရမည်” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် သတိပေးပြောဆိုသည်။

    ထောက်ပို့ရဲမေတစ်ဦး ကမူ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တန်းတူတွဲ၍ ပြောဆိုခြင်းသည် နိုင်ငံရေးအသိနှင့် တော်လှန်ရေးအသိ နိမ့်ပါးလွန်းရာ ရောက်ကြောင်း ဝေဖန်သည်။

    လူမှုကွန်ရက်အသုံးပြုသူအချို့ကလည်း သံချပ်ဆိုသည်မှာ အမှားအယွင်းများကို ပညာသားပါပါ ထောက်ပြရသည့် အနုပညာဖြစ်သော်လည်း ယခုလုပ်ရပ်မှာ မတရားဖမ်းဆီးခံထားရသည့် ပုဂ္ဂိုလ်၏ ဂုဏ်သိက္ခာကို စော်ကားသည့် ရိုင်းပျသော လုပ်ရပ်ဖြစ်ကြောင်း သုံးသပ်ကြသည်။

    သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု စတင်ကတည်းက ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး သဘာဝဘေးစီမံဥပဒေ၊ ဆက်သွယ်ရေးဥပဒေ အပါအဝင် ပုဒ်မများစွာဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ဖြစ်သည်။ ယခုကဲ့သို့ ‘ဇင်းမယ်သံချပ်’ အဖွဲ့၏ လုပ်ရပ်နှင့် DVB ၏ ထုတ်လွှင့်မှုအပေါ် တာဝန်ယူမှု တာဝန်ခံမှုရှိရန် လူထုက ဆက်လက် စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။

  • ယင်းမာပင်ခရိုင်တွင် BNRA အဖွဲ့ဝင် ၂၀၀ နီးပါး PDF တပ်ထံ လာရောက်ပူးပေါင်းပြီး ကျန်ရှိသူများ လက်နက်ခဲယမ်းများ ထပ်မံ လာရောက်အပ်နှံရန် ခရိုင် ပကဖ က အသိပေး

    ယင်းမာပင်ခရိုင်တွင် BNRA အဖွဲ့ဝင် ၂၀၀ နီးပါး PDF တပ်ထံ လာရောက်ပူးပေါင်းပြီး ကျန်ရှိသူများ လက်နက်ခဲယမ်းများ ထပ်မံ လာရောက်အပ်နှံရန် ခရိုင် ပကဖ က အသိပေး

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တွင် BNRA အဖွဲ့ဝင် ၂၀၀ နီးပါး PDF တပ်ထံ လာရောက်ပူးပေါင်းပြီး ကျန်တပ်ဖွဲ့ဝင်များ လက်နက်ခဲယမ်းများ ထပ်မံ လာရောက်အပ်နှံရန် ယင်းမာပင်ခရိုင် ပကဖက ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။

    ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် BNRA အဖွဲ့ ခေါင်းဆောင် နဂါး (ခ) နိုင်လင်း၊ စစ်ရေးတာဝန်ခံ ကိုလတ် နှင့် နဂါး၏ ယောက်ဖဖြစ်သူ ကိုဖြိုး တို့သည် အကြမ်းဖက် စစ်တပ်ထံ သွား ရောက်ပူးပေါင်းပြီးနောက် နဂါးအဖွဲ့ဝင် တချို့ကို လက်နက်များနှင့် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ထို့ပြင် နဂါးအဖွဲ့ဝင် ၁၅၀ ခန့်သည်လည်း PDF နှင့် ပကဖ များထံ သို့ ချိတ်ဆက်၍ အဖမ်းခံခြင်း၊ လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လက်နက်အပ်နှံခြင်းများ ပြုလုပ်ခဲ့ကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

    “လာရောက်ပူးပေါင်းတဲ့ ရဲဘော်တွေက ၂၀၀ လောက်တော့ရှိမယ်။ နေရာတွေ ခွဲပြီး ပူးပေါင်းကြတာ ဆိုတော့ အတိအကျတော့ မသိရဘူး။ တခြားခရိုင်တွေမှာလည်း ၁၅ ယောက်တစ်ဖွဲ့၊ အယောက် ၂၀ တစ်ဖွဲ့တွေ ကျန်သေးတယ်။ မျက်လုံးအဖွဲ့ကလည်း လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ပူးပေါင်းတာပါ။ ယင်းမာပင်ခရိုင်ထဲမှာတော့ကျန်လည်း တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ ကျန်တော့မှာပါ။ အဲဒီလူတွေကို PDF ၊ ပကဖ ၊ ပအဖတွေ ပေါင်းပြီး ရှာဖွေနေကြပါတယ်” ဟု ယင်းမာပင်ခရိုင် ပကဖမှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

    ယင်းမာပင်ခရိုင်အတွင်း နေထိုင်သော BNRA အဖွဲ့ဝင်များအနေဖြင့် နဂါးက ထုတ်ပေးထားသည့် လက်နက်နှင့်အတူ ဆက်စပ်ပစ္စည်းများကို ခရိုင်/မြို့နယ် ပကဖ အဖွဲ့များထံသို့ ချိတ်ဆက်၍ လာရောက်အပ်နှံရန်နှင့် လက်နက်များ၊ ဆက်စပ်ပစ္စည်း များကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်စီးခြင်းများမပြုလုပ်ကြရန် စစ်ဆေးမှု ပေါ်ပေါက်၍ သိရှိရသည့်အခါ ပြင်းထန်စွာ အရေးယူခံရမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ပကဖ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    “အခု ထုတ်ပြန်လိုက်တာက ပြန့်ကျဲနေတဲ့ ရဲဘော်တွေ လက်နက်တွေကို စနစ်တကျ ပြန်လည်စုစည်း ဖို့ပါ။ ယင်းမာပင်ခရိုင်ထဲမှာတော့ သိပ်မကျန်တော့ဘူး။ ဒါပေမယ့်တခြားခရိုင်တွေမှာတော့ရှိအုန်းမယ်” ဟု ယင်းမာပင်ခရိုင် ပကဖမှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

    ထို့ပြင် သက်ဆိုင်ရာ ရပ်ကျေး၊တိုက်နယ် ပကဖ/ပအဖ များအနေဖြင့် နယ်မြေအတွင်း အခြေချနေထိုင်သော နဂါးအဖွဲ့ဝင်များရှိပါက ခရိုင်/မြို့နယ် ပကဖ တာဝန်ခံများနှင့် ချိတ်ဆက် သတင်းပေးရန် ဆက်လက် နှိုးဆော်ထားကြောင်း၊ BNRA လက်အောက်ခံ အဖွဲ့ဝင်များ၊ ကျေးရွာလုံခြုံရေး အဖွဲ့ဝင်များအနေဖြင့် လက်ဝယ်ကိုင်ဆောင်ထား သော လက်နက်၊ ခဲယမ်းများကို ပြည် သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင်စစ်ဌာနသို့ အမြန်ဆုံး ဆက်သွယ်လာရောက်အပ်နှံရန်နှင့် ကျူးလွန်ထားသောပြစ်မှုမရှိပါက သက်ညှာပြီး ခံဝန်ကတိထိုး၍ ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားသည်။

    ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ BNRA တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး တော်လှန်ရေး ဆက်လက်ဆင်နွှဲနိုင်ဖို့ စီစဉ်ပေးမယ်လို့ NUG ဖိတ်ခေါ်

    လက်နက်များအပ်နှံရန် ယင်းမာပင်ခရိုင် ပကဖ အမိန့်ထုတ်

    ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် (BNRA) အဖွဲ့ကို စစ်ရေးအရ ရှင်းလင်းခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက BNRA ရဲ့ ကျူးလွန်မှုတွေကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အသေးစိတ် သတင်းထုတ်ပြန်လာပါတယ်။

    BNRA ခေါင်းဆောင် ဗိုလ်နဂါး ဟာ ပြည်သူလူထုကို ဖိနှိပ်တာ၊ သက်ငယ်မုဒိန်းမှု နဲ့ လူသတ်အလောင်းဖျောက်မှု စတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သလို တရားမဝင်ဂိတ်တွေဖွင့်ပြီး ငွေကြေးကောက်ခံတာ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို နှောင့်ယှက်တာ၊ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ တယ်လို့ ဆိုပါတယ်။

    ထို့အပြင် စစ်ကော်မရှင် တပ်နဲ့ ဆက်သွယ်သတင်းပေးနေတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေတာကြောင့် တော်လှန်ရေးအတွက် မလွှဲမရှောင်သာဘဲ စစ်အင်အားသုံး ဖယ်ရှားခဲ့ရတာလို့ NUG က ရှင်းလင်းထားပါတယ်။

    ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ BNRA တပ်ဖွဲ့ဝင်တွေ အနေနဲ့ ဆန္ဒရှိပါက PDF နဲ့ ပကဖ အဖွဲ့တွေမှာ ပူးပေါင်းပြီး တော်လှန်ရေး ဆက်လက်ဆင်နွှဲနိုင်ဖို့ စီစဉ်ပေးမယ်လို့ အသိပေးထားပါတယ်။

    ထို့အပြင် ယင်းမာပင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကလည်း BNRA အဖွဲ့က ထုတ်ပေးတဲ့ လက်နက် ကိုင်ဆောင်ထားသူတွေ အနေဖြင့် မိမိတို့ရဲ့ ခရိုင်/မြို့နယ် ပ.က.ဖ အဖွဲ့တွေထံ လက်နက်နဲ့ ဆက်စပ်ပစ္စည်းများကို လာရောက်အပ်နှံကြဖို့ အမိန့်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

    ကိုင်ဆောင်ထားတဲ့ လက်နက်တွေကို ရောင်းချတာ၊ ဖျောက်ဖျက်တာ ဒါမှမဟုတ် ဖျက်ဆီးတာမျိုး လုံးဝမပြုလုပ် ကြဖို့နဲ့ စစ်ဆေးပေါ်ပေါက်ပါက ပြင်းထန်စွာ အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

    အလားတူ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဗိုလ်နဂါး စစ်ကော်မရှင်ထံ ကူးပြောင်းသွားတာကြောင့် ယင်းမာပင်ခရိုင် အတွင်းရှိ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူး သတိထားကြဖို့ တိုက်တွန်းထား ပါတယ်။

  • စစ်အုပ်စုက ဗိုလ်နဂါးကို ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်တဲ့ ရုပ်သံဖိုင်တစ်ခု ပြန့်လ

    စစ်အုပ်စုက ဗိုလ်နဂါးကို ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်တဲ့ ရုပ်သံဖိုင်တစ်ခု ပြန့်လ

    ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါးကို ဖေဖေါ်ဝါရီ ၁၈ ရက်မှာ အာဏာသိမ်း စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လာခေါ်ထုတ်သွားတဲ့ ရုပ်သံဖိုင်တစ်ခု လူမူကွန်ယက်မှာ ပြန့်နှံ့နေပါတယ်။

    ဗိုလ်နဂါးကို ခေါ်ထုတ်ပေးခဲ့ကြောင်း စစ်အုပ်စု လက်နက်ကိုင်တစ်ယောက်က ကိုးစက္ကန့်ကြာတဲ့ ရုပ်သံဖိုင်တစ်ခုကို ဒီကနေ့ ဖေဖေဓဝါရီ ၁၉ ရက်မှာ တစ်တော့မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အခြေပြုတဲ့ BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ မိသားစုဝင်တွေနဲ့အတူ လက်နက်ခြောက်လက်၊ ဆက်စပ်ပစ္စည်းတွေ ယူဆောင်ပြီး စစ်အုပ်စုထံ ပူးပေါင်းအလင်းဝင်လို့ ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့တယ်လို့ အာဏာသိမ်း စစ်အုပ်စုက ဖေဖေါ်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ သတင်းဖြန့်ထားပါတယ်။

    မနေ့က မွန်းလွဲပိုင်း ပုလဲမြို့နယ် သေတ္တာရာရွာကို စစ်အုပ်စုက MI-17 သယ်ပို့ရဟတ်ယာဉ်နဲ့ သုံးခေါက် ဆင်းကာ ဗိုလ်နဂါးကို ခေါ်ထုတ်သွားတာလို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

    လက်ရှိမှာ စစ်အုပ်စုက ဗိုလ်နဂါးကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲ ခေါ်သွင်းထားတယ်လို့ ယူဆရကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

    ဗိုလ်နဂါး လက်နက်ချပြီးနောက် ပုလဲကို စစ်အုပ်စု ရဟတ်ယာဉ်နဲ့ ၁၂ ကြိမ် အင်အားဖြည့်၊ စစ်ကြောင်းစထိုး

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်း ရဟတ်ယာဉ်နဲ့ ၁၂ ကြိမ် အင်အားဖြည့်ပြီးနောက် မွန်းလွဲပိုင်းမှာ စစ်ကြောင်းစထိုးနေပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဖေဖေါ်ဝါရီ ၁၉ရက် ဒီကနေ့ မနက် ၈နာရီကနေ ၁၂နာရီအတွင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ကနေ ပုလဲမြို့ပေါ်ကို စစ်အုပ်စုက MI-17 သယ်ပို့ရဟတ်ယာဉ် နှစ်စင်းနဲ့ ခြောက်ခေါက်၊ စုစုပေါင်း ၁၂ကြိမ် ပျံသန်းပြီးနောက် အင်အားဖြည့်ကာ မွန်းလွဲ ၁နာရီကစလို့ စစ်ကြောင်း စထိုးတာလို့ ဆိုပါတယ်။

    “အင်အား ၂၀၀ လောက် ရှိတယ်။ လက်ရှိ ကုက္ကိုကုန်း(ရွာ)ရောက်နေပြီ၊ နဂါး အလင်းဝင်တာနဲ့ သေချာပေါက် ပတ်သက်တယ်၊ ဘယ်နေရာတွေဝင်စီးမလဲတော့ စောင့်ကြည့်ရမယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ပုလဲမြို့ပေါ်ကို ရဟတ်ယာဉ်နဲ့ အင်အားဖြည့်ပြီးနောက် စစ်အုပ်စု အင်အား ၂၀၀ လောက်ဟာ ပုလဲမြို့နယ်ရဲ့ အနောက်ဘက် မြကုန်းနဲ့ မင်းတိုင်ပင်ရွာဘက် ဦးတည်ကာ အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

    လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်းထိုးလို့ မြကုန်း၊ ကုက္ကိုကုန်း၊ စေတီရုံ၊ စပါးစေ့၊ နွယ်ရှောက်စတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူ ၆,၀၀၀ နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်အုပ်စု အနေနဲ့ ပုလဲနယ်ထဲ စစ်ကြောင်းထိုးတိုင်း ကျေးရွာတွေကို စီးနင်းဝင်မွှေကာ တွေ့သမျှလူ ဖမ်းဆီး၊ သတ်ဖြတ်၊ ဓားစာခံလူသားဒိုင်းကာအဖြစ် အသုံးချ၊ နေအိမ်တွေ ဖောက်ထွင်းခိုးယူ၊ ရွာမီးရှို့တာတွေ ကျူးလွန်လေ့ရှိတာကြောင့် ပုလဲနယ်က ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့ခံရမှာ ကြောက်ရွံ့နေသလို လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးနဲ့ ထုမှာကိုလည်း ကြောက်ရွံ့နေပြီး စစ်ဘေးရှောင် ထွက်ပြေးနေကြတာလို့ ဆိုပါတယ်။

    ဖေဖေါ်ဝါရီ ၁၈ရက် မနေ့က ညနေပိုင်း ပုလဲနယ် အခြေပြု ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ လက်နက်ခဲယမ်းတချို့နဲ့အတူ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ ပူးပေါင်းသွားပြီးနောက် စစ်အုပ်စုက အခုလို ပုလဲနယ်ထဲ အင်အားဖြည့်ကာ စစ်ကြောင်းစထိုးတာ ဖြစ်ပါတယ်။

    ဗိုလ်နဂါးနဲ့ BNRA တပ်ဖွဲ့ဝင်တချို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေး ဖမ်းဆီးဖို့ဆိုပြီး ဖေဖေါ်ဝါရီ ၁၇ ရက် မနက်ပိုင်း အမျိုးသား ညီညွတ်ရေးအစိုးရ – NUG တပ်တွေက ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်စခန်းတွေကို အင်အားသုံး စီးနင်းတိုက်ခိုက်ခဲ့ရာ BNRA ရဲဘော်တချို့ ကျဆုံး၊ တချို့ အဖမ်းခံခဲ့ရပါတယ်။ အဲ့ဒီနောက် ဗိုလ်နဂါးက စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီး စစ်အုပ်စုက ဗိုလ်နဂါးကို ရဟတ်ယာဉ်နဲ့ လာခေါ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

    စစ်အုပ်စုဟာ NUG က BNRA ကို စီးနင်းတိုက်ခိုက်ချိန်မှာလည်း ပုလဲနယ်ထဲကို ဆက်တိုက် ဗုံးကြဲခဲ့ပြီး ဖေဖေါ်ဝါရီ ၁၇နဲ့ ၁၈ရက် နှစ်ရက်တာအတွင်း လေးကြိမ် ဗုံးကြဲခဲ့ပါတယ်။

    စစ်အုပ်စုဟာ ပုလဲနယ်ကို ဖေဖော်ဝါရီ ၁၇ရက် မွန်းလွဲ ၁နာရီခန့်မှာ ပါရာမော်တာ (Paramotor – စက်တပ်လေထီး) နှစ်စီးနဲ့ တစ်ကြိမ်၊ ည ၁၀နာရီခွဲကျော်အချိန် ဂျိုအိုကော်ပရာ (Gyrocopter)နဲ့ တစ်ကြိမ်၊ ဖေဖေါ်ဝါရီ ၁၈ ရက် ဒီကနေ့ ညနေ ၄နာရီခွဲမှာ ပါရာမော်တာ နှစ်စီးနဲ့ တစ်ကြိမ်၊ ည ၈ခွဲမှာ ပါရာမော်တာ တစ်စီးနဲ့ တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ် ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။