Author: Baby Yit Lone

  • တောင်ပိုင်းတကြော မြေငလျင် ဆက်တိုက်လှုပ်ခတ်လာမူဖြစ်စဉ်

    တောင်ပိုင်းတကြော မြေငလျင် ဆက်တိုက်လှုပ်ခတ်လာမူဖြစ်စဉ်

    🌏 တောင်ပိုင်းတကြော မြေငလျင် ဆက်တိုက်လှုပ်ခတ်လာမူဖြစ်စဉ် သုံးသပ်ချက်

    (ဧပြီ ၂၄ ရက် မှ မေ ၅ ရက်အထိ)

    🧩 (၁) စတင်ဖြစ်ပွားမှု — ဧပြီ ၂၄

    📍 မုတ္တမပင်လယ် / စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်း

    • M3.1

    • ၆ မိနစ်အတွင်း M4.5 ထပ်တက်

    👉 ဒီအဆင့်မှာ မြေပြင်အောက်က ဖိအားတချို့ယလှုပ်ထွက်လာတဲ့ အစဖြစ်နိုင်။

    🧩 (၂) ပြန်လှုပ်ခြင်း — ဧပြီ ၂၈

    • M 3.7

    👉 ယခင်လှုပ်ခတ်မူများရဲ့ကစခဲ့တဲ့ဖိအားဟာ မငြိမ်သေးဘဲ ဖိအားအချို့ ကျန်နေသေးတယ်ဆိုတဲ့ သဘော။

    🧩 (၃) အနောက်/အနောက်တောင်ဘက်သို့ ဖြာထွက်မှု (ဧပြီ ၂၈ မှ မေ ၂)

    📍 ဧရာဝတီဒေသ / ရန်ကုန်အနောက်တောင်ဘက်

    • M2.9 → M3.8 → M4.0 → M3.7

    👉 မြေပြင်အောက်က ပြတ်ရွေ့သေးသေးလေးတွေမှာ တနေရာတည်းမဟုတ်ဘဲ နေရာမျိုးစုံမှာ လှုပ်ရှားလာတာတွေ့ရ။

    👉 ဖိအားကို တနေရာတည်းမဟုတ်ပဲ အပိုင်းလိုက် ဖြုတ်လွှတ်နေတဲ့ ပုံစံ။

    🧩 (၄) ရန်ကုန်အောက်ပိုင်း လှုပ်ရှားမှု

    (မေ ၃ – မေ ၄)

    • M2.5

    • M2.9

    👉 မြေပြင်အနီးက ပြတ်ရွေ့သေးသေးလေးတွေမှာ နည်းနည်းစီ ဆက်လှုပ်နေသေးတဲ့အခြေအနေ။

    🧩 (၅) ဧရာဝတီမြစ်၀ကျွန်းပေါ်တကြောတွင် ထပ်မံလှုပ်ခြင်း — မေ ၅

    • M3.8 (ပုသိမ် TMD/မအူပင် DMH)

    👉 တည်နေရာ အနည်းငယ် ကွဲလွဲနိုင်ပေမယ့် ဧရာဝတီဒေသတစ်လျှောက် လှုပ်ရှားမှု ဆက်ရှိနေသေး။

    🧠 ဖြစ်စဥ်အားလုံးကို ခြုံငုံ သုံးသပ်ချက်

    👉 ဧပြီ ၂၄ မှ စတင်တဲ့ လှုပ်ရှားမှုဟာ တနေရာတည်းမှာပဲ စုမနေပဲ
    ➡️ စစ်ကိုင်းပြတ်ရွေ့တောင်ပိုင်းကနေ

    ➡️ ဧရာဝတီမြစ်၀ကျွန်းပေါ်

    ➡️ ရန်ကုန်အောက်ပိုင်းအထိ

    မြေပြင်အောက်က ဖိအားတွေကို နေရာအနှံ့ အနည်းနည်းစီ ဖြုတ်လွှတ်နေတဲ့ ပုံစံဖြစ်နိုင်။

    📊 လက်ရှိအနေအထားဟာ

    • လှုပ်ရှားမှု ရပ်တန့်သွားတာ မဟုတ်သေးသလို၊

    • ဒါပေမယ့် ကြီးမားအားတက်လာမယ်လို့လည်းပြောလို့မရသေးပဲ 👉 “ဖိအား ပြန်ညှိနေဆဲ အခြေအနေ” လို့ သတ်မှတ်နိုင်ပါတယ်။

    ⚠️ အရေးကြီး သတိပေးချက်

    ❗ ဒီလို လှုပ်ရှားမှုတွေက ငလျင်ကြီးတခုဖြစ်မယ်ဆိုတာမျိုး တထစ်ချတွက်လို့မရပေမယ့်

    ❗လုံးဝ ပေါ့ပေါ့တန်တန်လည်း မနေသင့်ပါ

    (သတိလေးထားဆက်လက်စောင့်ကြည့်ရမယ့်အခြေနေ)

    📌 ပြည်သူများအတွက် ငလျင်အရေးပေါ်တုံ့ပြန်မူအနေနဲ့ အသိရှိထားရမှာတွေက

    ✔️ လှုပ်ချိန် — လွတ်ရာကျွတ်ရာ မရောက်နိုင်ပါက ခိုင်ခံ့တဲ့အကာအကွယ်အောက် ဝင်ပါ ခိုပါ

    ဦးခေါင်းကိုမထိခိုက်အောင် ကာကွယ်ပါ ။

    ✔️ အိမ်အခန်း၊၀န်းကျင်မှာ ဘေးကင်းတဲ့နေရာ သိထား၊ သတ်မှတ်ထားပါ။

    ✔️ အားသွင်းမီး၊ ဆေးဝါး၊ အရေးပေါ်ပစ္စည်းလေးတွေကို အဆင်သင့်ပြင်ဆင်တတ်တဲ့ အလေ့အကျင့်ကို ထားရှိပါ။

    🔥 ဒီတောင်ပိုင်းဖြစ်စဥ်ကို လိုတိုရှင်းအနှစ်ချုပ်ရရင်တော့ ~

    “ တောင်ပိုင်းတကြောရဲ့မြေပြင်အောက်မှာ ဖိအားတွေကို တနေရာတည်းမဟုတ်ဘဲ နေရာအနှံ့ ဖြန့်ထုတ်လွှတ်ပေးနေတဲ့ လှုပ်ရှားမှု ဆက်ရှိနေပါတယ်။ ငလျင်တွေ ဆက်လာနိုင်နေသေးပါတယ် ။”

    ဒါကြောင့် ~

    စိတ်အထင်မဟုတ်ပဲ သိသာတဲ့ ​မြေအရွေ့လှုပ်ခါမှုလေးတွေရှိရင် အချိန်လေးပါ မှတ်ထားပြီး ချက်ချင်းအသိပေးလို့ရ.. ပေးပေးပါ။

    ကျနော်တို့ တိုက်ဆိုင် စစ်ဆေးပေးပါမယ်။

    မေတ္တာဖြင့်

    🌿 AI Info Team 🌿

    📆 May 5, 2026 | 🇲🇲 DMH | 🇹🇭 TMD

  • မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေ

    မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေ

    မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေလို့ ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ဆို

    ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်တွေမှာ အုပ်စုဖွဲ့ လုယက်မှုတွေကြောင့် မြို့ခံတွေ စိုးရိမ်ထိန့်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။

    လက်နက်ကိုင်ကာ ဆိုင်ကယ်၊ သုံးဘီးယာဉ်တွေနဲ့ အုပ်စုဖွဲ့ကာ ပေါ်တင်လုယက်မှုတွေ ဖြစ်ပွားနေပြီး သက်ကြီးရွယ်အိုတွေကိုပါမကျန် ရိုက်နှက်လုယက်တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

    စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ မြစ်ကြီးနာမြို့မှာ လုယက်မှု၊ ဓားပြတိုက်လူသတ်မှုတွေ နေစဉ်ဖြစ်ပွားနေပေမယ့် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးပိုင်းက ဖမ်းဆီးအရေးယူခြင်း မရှိတာကြောင့် လုယက်မှုတွေ ပိုများလာတယ်လို့ သိရပါတယ်။

    “အိမ်အပြင်ထွက်ရင် ဆိုင်ကယ်နဲ့ကို မသွားရဲသလောက်ပဲ၊ ကားနဲ့သွားရင် လုံခြုံသလို ခံစားရပေမယ့် လုယက်တာတွေက ပိုဆိုးလာတော့ ကားနဲ့ပါ မသွားရဲ ဖြစ်နေကြရတယ်၊ ခုနောက်ပိုင်း အိမ်ထဲတွေထိပါ ဝင်လုတာတွေလည်း ရှိလာတယ်၊ ရဲတိုင်လည်း ဖမ်းဆီးပေးတာ မရှိဘူး၊ ရဲမိန်းမတောင် အလုခံရတာရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    လုယက်မှုအများဆုံးဖြစ်နေတဲ့ ရပ်ကွက်တွေဟာ တပ်ကုန်း၊ ရမ်ပူနဲ့ လယ်ကုန်တို့ဖြစ်ပြီး စစ်ကော်မရှင် ရဲနဲ့ တပ်ဘက်က ဖမ်းဆီးပေးတာ မရှိဘူးလို့ သိရပါတယ်။

    မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေ မကြာခဏ တွေ့နေပေမယ့် စစ်ကော်မရှင်ဘက်က ဟန်ပြသာလုပ်ဆောင်ပေးပြီး တရားခံဖော်ထုတ်ပေးတာနဲ့ ဖမ်းဆီးပေးတာ မရှိတာကြောင့် လုယက်သတ်ဖြတ်မှုတွေ ပိုဆိုးဝါးလာနေတယ်လို့ သိရပါတယ်။

  • အီရန်ဒုံးကျည်နှင့်ဒရုန်းများကို အမေရိကန်ပစ်ချ၊ သင်္ဘော ၆ စီးကို ဖျက်ဆီး

    အီရန်ဒုံးကျည်နှင့်ဒရုန်းများကို အမေရိကန်ပစ်ချ၊ သင်္ဘော ၆ စီးကို ဖျက်ဆီး

    အမေရိကန်ရေတပ်နှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့သည့် အီရန်တို့၏ ဒုံးကျည်နှင့်ဒရုန်း များကို အမေရိကန်ကပစ်ချခဲ့ကြောင်းနှင့် တီဟီရန်၏ရေယာဉ်ငယ် ခြောက်စင်းကိုလည်းဖျက်ဆီးခဲ့သည်ဟု ထိပ်တန်းရေကြောင်းဗိုလ်ချုပ်ကြီးက တနင်္လာနေ့ကပြောသည်။

    ကူးသန်းရောင်းဝယ်ရေးသင်္ဘောများ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားလာနိင်ရေးကူညီဆောင်ရွက် ပေးမည့် သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ကကြေညာထားသော ‘Project Freedom’ ဟုခေါ်ဆိုသည့် အမေရိကန်၏ကြိုးပမ်းမှုကိုပြုလုပ်စဉ် ထိုတိုက်ခိုက်မှုများပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

    “ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုခြိမ်းခြောက်လာသည့် အီရန်ရေယာဉ်ငယ် ခြောက်စင်းကို” အမေရိကန် အပါချီ (Apache) နှင့် ဆီးဟော့ (Seahawk) ရဟတ်ယာဉ်များကပစ်ခတ်ခဲ့သည်ဟု အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) ၏အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူးပါး (Brad Cooper) က သတင်း ထောက်များကိုပြောခဲ့သည်။

    အမေရိကန်တပ်ဖွဲ့များသည် “ကျွန်ုပ်တို့သင်္ဘောများနှင့်ကူးသန်းရောင်းဝယ်ရေးသင်္ဘောများကိုချိန်ရွယ်ပစ်ခတ် ခဲ့သည့် ဒုံးကျည်နှင့်ဒရုန်းအားလုံး” ကို “ထိရောက်စွာတိုက်ခိုက်” ခဲ့သည်ဟု ကူးပါး ကပြောသည်။

    ခရုစ်ဒုံးကျည်အချို့မှာ အမေရိကန်ရေတပ်သင်္ဘောများကိုချိန်ရွယ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အများစုခရုစ်ဒုံးကျည် များနှင့် ဒရုန်းအများအပြားမှာ ကူးသန်းရောင်းယ်ရေးသင်္ဘောများကိုပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု သူကဆက် ပြောသည်။

    “ကျွန်တော်တို့ကိုပစ်ခတ်တာတွေကိုကာကွယ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ တသမတ်တည်းရှိတဲ့ သန္နိဋ္ဌာန်နဲ့ ကူးသန်းရောင်းဝယ်ရေးသင်္ဘောတွေကိုလည်းကာကွယ်ပေးခဲ့ပါတယ်” ဟု ကူးပါးကပြောခဲ့သည်။

    ထရမ့်ကလည်း သူ့ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်သည့် Truth တွင် ထိမှန်ခဲ့သောအီရန်ရေယာဉ်ငယ်အရေ အတွက်မှာ ခြောက်စင်းဟုပြောထားပြီး တောင်ကိုရီးယားသင်္ဘောတစင်းထိမှန်ခဲ့သည်မှလွဲ၍ “ခုအချိန်မှာတော့ ရေလက်ကြားကိုဖြတ်ကျော်စဉ် ဘာပျက်စီးမှုမှမရှိပါဘူး” ဟု ပြောခဲ့ပြီး နောက်ထပ်အသေးစိတ်ကိုထပ်မံပြော ဆိုခြင်းမရှိခဲ့ပါ။

    ထိုအတောအတွင်း အီရန်နိုင်ငံပိုင်ရုပ်သံကမူအကြီးတန်းစစ်ဘက်အရာရှိတဦးကို ကိုးကားပြီး “အမေရိကန်က ပြောဆိုသည့် အီရန်စစ်ရေယာဉ်များနစ်မြုပ်သွားခဲ့သည်ဆိုသည့်သတင်းမှာ သတင်းမှားသာဖြစ်သည်” ဟု ထုတ်လွှင့်သွားခဲ့သည်။

    ကာကွယ်ရေး ‘ထီးရိပ်’

    အမေရိကန်နှင့်အစ္စရေးတို့က အီရန်နိုင်ငံကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စလမ်မစ်သမ္မတနိုင်ငံကလည်း ရေနံနှင့်ဓာတ်ငွေ့ဖြတ်သန်းရာအဓိကလမ်းကြောင်း တခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကိုပိတ်ထားခဲ့သည်။ ထို့နောက်အမေရိကန်တပ်ဖွဲ့များကလည်း အီရန်ဆိပ်ကမ်းများကို ပြန်လည်ပိတ်ဆို့ထားခဲ့သည်။

    အီရန်ရေတပ်က ခရုစ်ဒုံးကျည်များ၊ ဒုံးများ၊ တိုက်ခိုက်ရေးဒရုန်းများ ကို ရေလက်ကြားအတွင်းဖြတ်သန်းနေ သည့် အမေရိကန်ဖျက်သင်္ဘောများအနီးပစ်ခတ်ခဲ့ပြီး ထိုပစ်ခတ်မှုများမှာ “သတိပေးပစ်ခတ်မှုများဖြစ်သည်” ဟု အီရန်ရုပ်သံက တနင်္လာနေ့အစောပိုင်းကပြောကြားခဲ့သည်။

    အမေရိကန် ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘော နှစ်စင်းသည် ရေလက်ကြားကိုဖြတ်သန်းသွားခဲ့ပြီးဖြစ်ကာ ‘Project Freedom’ စစ်ဆင်ရေး၏အစိတ်အပိုင်းတရပ်အဖြစ် ပင်လယ်ကွေ့အတွင်းရောက်ရှိသွားခဲ့ပြီဟု CENTCOM ကပြောခဲ့သည်။ ထိုအတောအတွင်း အမေရိကန်အလံတင် ကုန်သွယ်ရေကြောင်းသင်္ဘော နှစ်စင်း ကလည်း ဆန့်ကျင်ဘက်လမ်းကြောင်းအတိုင်း “လုံခြုံစွာသူတို့လမ်းကြောင်းအတိုင်းခရီးဆက်ခဲ့သည်” ဟု ပြောထားသည်။

    အမေရိကန်ရေတပ်သည် သင်္ဘောများကို ရေလက်ကြားတွင်း တိုက်ရိုက်စောင့်ရှောက်ခေါ်ဆောင်နေခြင်း မဟုတ်ဟု ကူးပါး ကပြောသည်။ သို့သော် “သင်္ဘောများ၊ ရဟတ်ယာဉ်များ၊ လေယာဉ်များ၊ ဝေဟင်ကြိုတင် သတိပေးလေယာဉ်များ၊ အီလက်ထရွန်းနစ်စစ်ဆင်ရေးလေယာဉ်များ ဖြင့် အလွှာလိုက်ဖွဲ့စည်းကာ” “ပုံမှန် စောင့်ရှောက်ခေါ်ဆောင်သည်ထက်သာလွန်သည့်ပိုမိုကျယ်ပြန့်သောအကာအကွယ်ကိုပေးအပ်ခဲ့ခြင်းဖြစ် သည်” ဟု သူကပြောသည်။

    ဤကြိုးပမ်းမှုတွင် အမေရိကန်တပ်ဖွဲ့များသည် ရေကြောင်းလမ်းကိုရှင်းလင်းရန် “အလွန်သိမ်မွေ့လှပသည့် နည်းပညာ” ကို “လွန်ခဲ့သောသီတင်းပတ်များကတည်းက” အသုံးပြုခဲ့ပြီးနောက် “သင်္ဘောများအပေါ် အကာ အကွယ်ထီးရိပ်ကိုမိုးပေးထားခဲ့သည်” ဟု သူကပြောသွားသည်။

    ဒါဟာ “အဆုံးစွန်အားဖြင့် နှစ်လမ်းသွားလမ်းကြောင်းပါ” ဒါပေမယ့် “အရေးအကြီးဆုံးအချက်က ရေတိုမှာ သင်္ဘောတွေအပြင်ရောက်ဖို့ပဲ” ဟု ကူးပါးကဆက်လက်ပြောကြားခဲ့သည်။

    ရေကြောင်းထောက်လှမ်းရေးလုပ်ငန်း AXSMarine ၏ ဒေတာအချက်အလက်များအရ ဧပြီလ ၂၉ ရက်တွင် ပင်လယ်အော်အတွင်းရှိနေဆဲဖြစ်သော ကူးသန်းရောင်းဝယ်ရေးသင်္ဘောများမှာအစီးရေ ၉၀၀ ကျော်ရှိသည် ဟု ဆိုသည်။

  • Miss Grand တာချီလိတ် အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်

    Miss Grand တာချီလိတ် အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်

    Miss Grand တာချီလိတ် အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ် .. လိုက်ကြောင်း ကြေညာ

    Miss Grand တာချီလိတ် အလှမယ်ရဲ့ မယ်သီလရှင်ဝတ်စုံ သရုပ်ဖော်မှု ဂယက်နဲ့အတူ၊ လူမှုကွန်ရက်ပေါ်မှာ အရင်က ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပြင်းပြင်းထန်ထန် အရေးယူခံခဲ့ရတဲ့ သာဓကတွေကို ပြန်လည်ထောက်ပြကာ ဥပဒေဟာ အားလုံးအတွက် တန်းတူညီမျှ ရှိသင့်ကြောင်း တောင်းဆိုမှုတွေ ပိုမိုမြင့်တက်လာပါတယ်။

    ​ပရိသတ်တွေက ယခင်က ထိရောက်စွာ အရေးယူခံခဲ့ရတဲ့ အောက်ပါ ဖြစ်ရပ် (၃) ခုကို အဓိကထားပြီး ထောက်ပြနေကြတာပါ –

    ​အောင်ကိုမိုး (အောင်ဇမ္ဗူ) – မသန်စွမ်းသူတွေကို ထိခိုက်စေတဲ့ ပြက်လုံးထုတ်ခဲ့မိလို့ နောင်လူတွေ ဆင်ခြင်နိုင်အောင် သာဓကပြ အရေးယူခံခဲ့ရသူ။

    ​DJ Violet – ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဓမ္မတေး (ဘုရားစာ) ကို DJ ပွတ်ပြီး ဖွင့်ခဲ့မိလို့ တောင်းပန်ခဲ့ပေမယ့်လည်း ဘာသာရေးစော်ကားမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရသူ။

    ​အကယ်ဒမီပွဲတက် ဖက်ရှင် – အကယ်ဒမီပေးပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ဟာ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ပုံစံမျိုး ဖြစ်နေတဲ့အတွက် ထောင်ကျခဲ့ရသူ။

    ​ဒီလိုမျိုး အရင်က သာဓကတွေ အခိုင်အမာ ရှိခဲ့တဲ့အတွက် အခုကိစ္စမှာလည်း တောင်းပန်ရုံနဲ့ ပြီးသွားမယ်ဆိုရင် တရားဥပဒေရဲ့ မျှတမှုအပေါ် အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။

    ​ဒါကြောင့် ပြည်သူတွေက “ဥပဒေဆိုတာ ကျောသား ရင်သား မခွဲခြားဘဲ အားလုံးအပေါ် တစ်သားတည်း ဖြစ်ပါကြောင်း” ဆိုတဲ့ စကားနဲ့အတူ တရားဥပဒေ စိုးမိုးရေးနဲ့ အရေးယူဆောင်ရွက်မှုတွေကို စောင့်ကြည့်လျက်ရှိကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်ဗျာ။

    Miss Grand တာချီလိတ် အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်

    အကြောင်းအရာ။ ။ MGM-05 Miss Grand Tachileik 2026 အလှမယ်အား ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း

    ထုတ်ပြန်သည့်နေ့စွဲ – မေလ ၅ ရက်၊ ၂၀၂၆ ခုနှစ်။

    ၁။ ကျွန်ုပ်တို့သည် Miss Grand Myanmar ပွဲစဉ်ကြီးကို ကျင်းပရာတွင် မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးပေါင်းများစွာနှင့် ကိုးကွယ်ရာ ဘာသာတရားများ အားလုံးကို လေးစားသော စိတ်ဖြင့်သာ ပြုလုပ်ကြောင်း ဦးစွာ ပြောကြားလိုပါသည်။

    ၂။ Arrival Day သင်္ကြန် Theme ကတည်းက သက်ဆိုင်ရာ City Director များနှင့် အလှမယ်များအား မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော၊ ကိုးကွယ်ရာ ဘာသာတရားအား အကြည်အညိုမဲ့စေသော ပြင်ဆင်မှုများ မပြုလုပ်လာရန် အသေးစိတ် မှာကြားခဲ့ပါသည်။

    ၃။ ယမန်နေ့က ကျင်းပခဲ့သော အမျိုးသားဝတ်စုံပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ရာတွင် မေလ ၃ ရက်နေ့တွင် တစ်ကြိမ်၊ မေလ ၄ ရက်နေ့ ညနေ ၃ နာရီတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိတိ Full Rehearsal ပြုလုပ်ရာ ထိုသို့သော Performance လုံးဝ မပါဝင်ကြောင်း ပြိုင်ပွဲဝင်အလှမယ်များ၊ Staff များ၊ Production Crew များ အားလုံး မျက်မြင်ဖြစ်ပါသည်။

    ၄။ ယခုဖြစ်ပေါ်နေသော တာချီလိတ်အလှမယ်ကိစ္စနှင့် ပတ်သက်၍

    – Full Rehearsal နှစ်ကြိမ်လုံးတွင် ယခုကဲ့သို့ Performance ကြိုတင် ပြသထားခြင်း မရှိခြင်း

    – မည်သည့် Supervisor, Admin တာဝန်ရှိသူများကိုမှ ထိုအစီအစဉ်အား အရိပ်အမြွက်ပင်ဖြစ်စေ ကြိုတင် အကြောင်းကြားထားမှု မရှိခြင်း

    – စာချုပ်ပါစည်းကမ်းအရ “နိုင်ငံတော်ကို အကြည်အညိုပျက်စေသော၊ Organization ကို ဂုဏ်သရေ ညှိုးနွမ်းစေသော အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များ ဆောင်ရွက်မိပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည်” ဆိုသော အချက်အား လျစ်လျူရှုခြင်း

    – မြန်မာပြည်၏ လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင် ပြုရာ ရောက်ခြင်း စသည့် အချက်များကြောင့် ပြိုင်ပွဲစည်းကမ်းအရ ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်သည်။

    ၅။ မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ ဖြစ်ပေါ်သွားခြင်းအတွက် MGM Organization မှ ထပ်မံ အနူးအညွတ် တောင်းပန်ပါကြောင်းနှင့် နောက်နောင် ဤကဲ့သို့ ဖြစ်ရပ်မျိုး လုံးဝ မဖြစ်စေရတော့ကြောင်း အာမခံပါသည်။

    ညှိုးငယ်စွာဖြင့်

    Miss Grand Myanmar Organization

  • မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရ

    မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရ

    မြန်မာအမျိုးသမီးတစ်ဦး ဆင်နင်းသတ်ခံရလို့ အူတွေထွက် ခေါင်းတွေကြေကာ ဆုံးသွား

    မြို့နေရာက ကျန်ထပူလီမြို့မှာ ယမန်နေ့ (မေ ၅ ရက်) ည ၇ နာရီလောက်က ဖြစ်သွားခဲ့တာပါ။

    အသက် ၄၀ အရွယ်ရှိ မနုဆိုတဲ့ အမကြီးဟာ ခြံအလုပ်သမားတစ်ဦး ဖြစ်ပြီး ခြံထဲမှာပဲ နေထိုင်ပါတယ်။

    ဒူးရင်း၊ လန်းရိုင်ပင်တွေ ခြံမှာစိုက်ထားပြီး မနုက ဝက်တွေကို ကြည့်ရတဲ့ အလုပ်လုပ်ရတယ်။

    မနုနေတဲ့ တောင်ယာအိမ်ခြံဟာ တောနဲ့နီးပြီး နှစ်စဉ်နှစ်တိုင်း တောဆင်တွေက တောင်ပေါ်ကနေ ဆင်းလာကာ အသီးတွေ လာရှာစားလေ့ ရှိပါတယ်။

    ည ၇ နာရီလောက်မှာ မနုဟာ တောဆင်ရဲ့ နင်းသတ်သွားတာကို ခံရပြီး သူမနေထိုင်ရာ တဲထဲမှာပဲ ဆုံးပါးသွားရပါတယ်။

    တာဝန်ရှိသူတွေ စစ်ဆေး ပြောပြချက်အရ မနု ဆင်းနင်းသတ်ခံရတာနဲ့ ပတ်သက်ပြီး ညဘက်အပြင် မထွက်ရ အမိန့်ထုတ်ထားလိုက်ပါပြီ။

    တကယ်လို့ ဆင်တွေကို တွေ့ခဲ့ရင်လဲ ဆူညံသံတွေ မလုပ်ကြဖို့၊ တာဝန်ရှိသူတွေကို ချက်ခြင်း အကြောင်းကြားဖို့ မှာထားကြတယ်။

    လက်ရှိ မနုဆုံးပြီး နောက်ပိုင်း ၂၄ နာရီ လုံခြုံရေး အစောင့်တွေ ထားလိုက်ပြီလို့ သိရပါတယ်။

    သူများနိုင်ငံမှာ ပိုက်ဆံရှာရတာ မလွယ်ပါဘူးနော်။

    အေးချမ်းတဲ့ တောင်ယာမှာ အလုပ်ရတော့လဲ ဆင်းနင်းလို့ သေရတယ်။

    အမ မနု ကောင်းမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်။

    Source: ข่าวสด TV