သျှမ်းပြည် မြောက်ပိုင်းမှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေက တရုတ်အကျိုးစီးပွားတွေကို ထိခိုက်အောင်လုပ်မယ်ဆိုရင် အကျိုးဆက်ကို ခံစားရမယ်လို့ ဒေသခံတွေကို MNDAA က ခြိမ်းခြောက်ပြောဆိုထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ MNDAA က သျှမ်းပြည် မြောက်ပိုင်းက သိန္နီ၊ ကွတ်ခိုင်၊ နမ္မတူ၊ မူဆယ် နဲ့ နမ့်ခမ်းအပါအဝင် မြို့နယ်တော်တော်များများကို ထိန်းချုပ်ထားပြီး တရုတ်လုပ်ငန်းရှင်တွေကို သျှမ်းမြောက်မှာ ဝင်ရောက်နေထိုင် လုပ်ကိုင်ခွင့် ပြုထားတာကို တွေ့ရပါတယ်။
ဒါ့ကြောင့် တရုတ်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်အောင် လုပ်ဆောင်တာ၊ ဆန့်ကျင်တာတွေကို လုပ်တဲ့သူတွေက အကျိုးဆက်ကို ခံစားရမှာဖြစ်တယ်ဆိုပြီး MNDAA က ခြိမ်းခြောက်ထားတာ ဖြစ်တယ်လို့ သျှမ်းမြောက်ဒေသခံ ပြောပါတယ်။
အဲဒီနောက် အဲဒီမြို့နယ်တွေမှာရှိတဲ့ မြို့အဝင်ဆိုင်းဘုတ်တွေ၊ ဈေးဆိုင်ဆိုင်ဘုတ်တွေနဲ့ ငွေကြေးတွေကိုလည်း တရုတ်စာ၊ တရုတ်ငွေကြေးတွေ အသုံးပြုလာနေတဲ့အပြင် မြန်မာနိုင်ငံက တရားဝင်ထုတ်ပေးထားတဲ့ နိုင်ငံသား မှတ်ပုံတင်ကတ်ဟာဆိုရင်လည်း အသုံးမဝင်တော့ဘဲ ဒေသခံတွေဟာ နိုင်ငံခြားသားနီးပါးကို ဖြစ်နေတယ်လို့ သိရပါတယ်။
ဒေသခံ သျှမ်း၊ ပလောင်တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ မြေတွေကိုလည်း မတရားသဖြင့် ဈေးနှိမ်ဝယ်ယူတာ၊ အတင်းအဓမ္မ ခြိမ်းခြောက်ပြီး ရောင်းခိုင်းတာတွေကိုလည်း လုပ်ဆောင်လာနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
သိန္ဒီမြို့ ကားလမ်းမကြီးဘေးမှာရှိတဲ့ မြေတဧကကို သိန်း ၃ ထောင် နဲ့ အရောင်းအဝယ်ဖြစ်နေပြီး ဒေသခံတွေဟာ မရောင်းလို့လည်း မရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
ခေတ်အဆက်ဆက် တရုတ်နိုင်ငံသားတွေက မြန်မာပြည်ထဲ ဝင်ရောက်ပြီး မြေဝယ်ယူတာတွေကို မြန်မာအစိုးရအဆက်ဆက်က အရေးယူဆောင်ရွက်တာ၊ တိကျတဲ့ ဥပဒေပြဌာန်းထားတာမျိုးတွေ မရှိတဲ့အတွက် ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ တရုတ်ရဲ့ ဖိနှိပ်တာတွေကို ခံနေရပြီး နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးလျက် ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း တရုတ်နိုင်ငံက သျှမ်းမြောက်ဒေသဘက်မှာ နယ်စပ်ခြံစည်းရိုးကို မြေကျော်ပြီး ခတ်ထားတာဟာ ပြည်ပကျူးကျော်မှုဖြစ်ပေမယ့် မြန်မာအစိုးရ၊ မြန်မာစစ်တပ်အနေနဲ့ တုံ့ပြန်မှု တစ်စုံတစ်ရာတောင် မရှိတာကို တွေ့ရပါတယ်။














