Category: News

  • အာကာသမှ သတိထား မြင်နိုင်လောက်သည်အထိ လျင်မြန်စွာ နိမ့်ဆင်းနေသည့် မက္ကဆီကိုစီးတီး

    အာကာသမှ သတိထား မြင်နိုင်လောက်သည်အထိ လျင်မြန်စွာ နိမ့်ဆင်းနေသည့် မက္ကဆီကိုစီးတီး

    မက္ကဆီကိုနိုင်ငံ၏ မြို့တော်မက္ကဆီကိုစီးတီးသည် အာကာသမှပင် မြင်တွေ့နိုင်လောက်သည်အထိ စိုးရိမ် ဖွယ်ရာနှုန်းထားဖြင့် လျင်မြန်စွာ နိမ့်ဆင်းနေသည်။

    အလွန်အစွမ်းထက်သော NASA ရေဒါစနစ်မှ ရရှိသည့် ပုံရိပ်များအရ တလလျှင် ၀ ဒသမ ၅ လက်မထက် မနည်း နိမ့်ဆင်းနေပြီး၊ မက္ကဆီကိုစီးတီးသည် ကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး နိမ့်ဆင်းနေသည့် မြို့တော် တခု ဖြစ်လာနေသည်။

    ကမ္ဘာ့အကြီးဆုံး မြို့ကြီးများထဲတွင် ပါဝင်ပြီး၊ လူဦးရေထူထပ်သော မဟာမြို့ကြီးသည် မြင့်မားသည့် ကုန်းမြင့်ပေါ်ရှိ အိုင်တခုကို ဖြတ်သန်းတည်ရှိနေပြီး ရှေးဟောင်းမြေအောက်ရေအောင်း လွှာတခုပေါ် တွင် တည်ရှိနေသည်။ ယင်းရေအောင်းလွှာသည် မြို့နေလူဦးရေ ၂၂ သန်းအတွက် သောက်သုံးရေ ၆၀ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးထားသည်။

    နှစ်ပေါင်းများစွာအတွင်း ယင်းမြေအောက်ရေအောင်းလွှာမှ ရေများကို အလွန်အကျွံထုတ်ယူသုံးစွဲခဲ့ခြင်း ကြောင့် မြေမျက် နှာပြင်မှာ နိမ့်ဆင်းလာခဲ့ရသည်။ ထိုသို့ အလွန်အကျွံ ထုတ်ယူသုံးစွဲသည့် မက္ကဆီကို စီးတီးမြို့တွင် ရေပိုက်များမှ ရေမထွက်တော့သည့် ရေရှည်ရေပြဿနာနှင့် ရင်ဆိုင်ရခြေရှိနေသည်။

    မြို့၏ လျင်မြန်စွာ နိမ့်ဆင်းမှုကို စဉ်ဆက်မပြတ်မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများက ပိုမိုဆိုးရွားစေခဲ့ပြီး အခြေခံအဆောက်အအုံအသစ်များသည် ရွှံ့စေးမြေလွှာအပေါ်တွင် အပိုအလေးချိန်များ ဖြစ်ပေါ်စေခဲ့ သည်။

    မက္ကဆီကိုစီးတီး၏ မြေနိမ့်ဆင်းမှုကို ၁၉၂၀ ပြည့်နှစ်များကတည်းက စတင်မှတ်တမ်းတင်ခဲ့ပြီး၊ ထိုအချိန် မှစ၍ မြို့နေလူထုမှာ လမ်းများအက်ကွဲခြင်း၊ အဆောက်အအုံများ စောင်းသွားခြင်းနှင့် ရထားလမ်းစနစ် များ ပျက်စီးခြင်းစသည့် ဆိုးကျိုးများကို ကြုံတွေ့ခဲ့ရသည်။

    NASA နှင့် အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO) တို့ ပူးပေါင်းဆောင်ရွက်သည့် NISAR ဂြိုဟ်တုမှ ရရှိသော ပုံရိပ်အသစ်များတွင် ယင်းပြဿနာ၏ အတိုင်းအတာကို အံ့အားသင့်ဖွယ် အသေးစိတ်အချက်အ လက်များဖြင့် ဖော်ပြနေသည်။

    NISAR ကို ကမ္ဘာမြေပေါ်ရှိ အရှုပ်ထွေးဆုံး ဖြစ်စဉ်အချို့ကို မြေပုံဖော်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး မြေနိမ့်ဆင်းမှုကဲ့သို့သော သိမ်မွေ့သည့် လှုပ်ရှားမှုများကိုပါ ခြေရာခံနိုင်စွမ်းရှိသည်။ NASA ၏ အဆိုအရ ယင်းသည် အာကာသထဲသို့ လွှတ်တင်ခဲ့သမျှတွင် အစွမ်းထက်ဆုံး ရေဒါစနစ်များထဲမှ တခုဖြစ်သည်။

    ၂၀၂၅ ခုနှစ် အောက်တိုဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း မက္ကဆီကိုစီးတီး၏ နွေရာသီကာလ တွင် NISAR သည် မြို့အောက်ရှိ မြေမျက်နှာပြင် လှုပ်ရှားမှုကို မြေပုံဖော်ခဲ့သည်။ ရှာဖွေတွေ့ရှိချက်များ အရ မြို့တော်၏အချို့နေရာများသည် တလလျှင် ၀ ဒသမ ၈ လက်မနှုန်းဖြင့် နိမ့်ဆင်းနေပြီး၊ တနှစ်လျှင် ၉ ဒသမ ၅ လက်မထက်မနည်း နိမ့်ဆင်းနေသည်။ အဆိုးရွားဆုံး နေရာများထဲတွင် မြို့၏ အဓိက လေဆိပ်ဖြစ်သော Benito Juarez အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ပါဝင်သည်။

    မြို့၏ အထင်ကရနေရာတခုကလည်း မြေနိမ့်ဆင်းမှု၏ သက်ရောက်မှုကို ဖော်ပြနေသည်။ ၁၉၁၀ ပြည့် နှစ်တွင် မက္ကဆီကိုလွတ်လပ်ရေး နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့သည့် ပေ ၁၁၄ မြင့်သော လွတ်လပ်ရေး နတ်မိမယ်ကျောက်တိုင်အောက်ရှိ မြေပြင်နိမ့်ဆင်းသွားသောကြောင့် အောက်ခြေတွင် လှေကားထစ် ၁၄ ထစ် ထပ်မံဖြည့်ခဲ့ရသည်။

    “မြေနိမ့်ဆင်းမှုနဲ့ ပတ်သက်ရင် မက္ကဆီကိုစီးတီးဟာ ထင်ရှားတဲ့ နေရာတခုဖြစ်ပြီး အခုလို ပုံရိပ်မျိုးတွေ က NISAR အတွက် အစပဲ ရှိပါသေးတယ်” ဟု NISAR သိပ္ပံအဖွဲ့ဝင် ဒေးဗစ် ဘီကာ့တ်က ပြောကြားခဲ့ သည်။

    ယင်းဂြိုဟ်တုသည် ရေခဲမြစ်များ ရွေ့လျားမှု၊ သီးနှံများ ကြီးထွားမှုနှင့် မီးတောင်ပေါက်ကွဲခြင်းကဲ့သို့သော သဘာဝဘေး အန္တရာယ်များကိုလည်း ခြေရာခံနိုင်စွမ်း ရှိသည်။

    CNN မှ One of the planet’s biggest cities is sinking so rapidly it’s visible from space အား သောမတ်ဘာသာပြန်သည်။

  • စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော လက်လုပ်သေနတ် ကိုင်ဆောင်သည့် စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှပ်နေသော လက်လုပ်သေနတ် ကိုင်ဆောင်သည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ

    ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ပြောဆိုသည်။

    မေလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ဝိုင်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကျော်ဦးသည် ပြည်တော်အေးရွာမှ အောင်ဇော်၏ နေအိမ်ကို ရောက်ရှိနေစဉ်

    သာယာဝတီခရိုင်၊ တပ်ရင်း၃၈၀၂၊ တပ်ခွဲ-၄ မှ ရဲဘော်များက ဝင်ရောက်ဖမ်းဆီးခဲ့သော်လည်း လက်လုပ်သေနတ်ဖြင့် ပြန်လည် ခုခံခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် ၂ ဦးလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    သေဆုံးသွားသော စစ်တပ် ဒေါက်တိုင် ကျော်ဦးနှင့် အောင်ဇော်တို့သည် အကြမ်းဖက် စစ်တပ် စစ်ကြာင်းထိုးရန် လှုံ့ဆော်ခြင်း၊ လမ်းသွား ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်း၊ စစ်တပ် နှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းများ ပြုလုပ်ကာငွေကြေး ကောက်ခံခြင်းများပြုလုပ်နေသူများဖြစ်ကြောင်း သိရှိရသည်။

    “ပြည်သူတွေက အရေးယူပေးဖို့ တိုင်ကြားလာလို့ ဖမ်းဆီးစစ်ဆေးဖို့ အောင်ဇော်နေအိမ်ကို ရဲဘော်တွေက သွားရောက်တုန်း ၅.၅၆ လက်လုပ်သေနတ်နဲ့ ပြန်လည် ပစ်ခတ်တာကြောင့် အပြန်လှန်ပစ်ခတ်မှုဖြစ်ပြီး ကျော်ဦးနဲ့ အောင်ဇော်တို့ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တယ်” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မှ တာဝန်ရှိသူက ပြောဆိုသည်။

    ထို့ပြင် အကြမ်းဖက် စစ်တပ် ဒေါက်တိုက်များထံမှ ခါးချိုးအတို သေနတ် ၁ လက်၊ လက်ပစ်သီး ၁ လုံးနှင့် ၅.၅၆ ကျည် ၆ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊

    ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ ဒေါက်တိုင်များကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်၍ ပြည်သူများ ၎င်းတို့အနီးသွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြရန်

    သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ-၄ က အသိပေးပြောဆိုထားသည်။

  • သာကေတတွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်ရှင်ဖြစ်သူ သေဆုံး

    သာကေတတွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်ရှင်ဖြစ်သူ သေဆုံး

    စားဝတ်နေရေးကျပ်တည်းမှုကြောင့် စုဗူးတက်ယူစဉ် အသက်ပေးလိုက်ရခြင်းဖြစ်

    ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့ မေ ၆ ရက်နေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်အတွင်းရှိ စုဗူးကို ပြန်လည်ဝင်ရောက်ယူဆောင်သည့် အိမ်ရှင်အမျိုးသားတစ်ဦး မီးလောင် သေဆုံး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    သာကေတမြို့နယ်၊ ထူပါရုံ (၁) ရပ်ကွက်၊ ထူပါရုံ (၄) လမ်းရှိ နေအိမ်တစ်လုံးတွင် ယနေ့ နံနက် ၃ နာရီ ၁၃ မိနစ်ခန့်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၇ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

    “အိမ်ရှင်ဆုံးတာပါ။ စုဗူးကျန်ခဲ့လို့ တက်ယူတာလို့တော့ ကြားတယ်။ အိမ်ပေါ်တက်ရှာတော့ သွပ်ပြား အောက်မှာ ရုပ်အလောင်းကို ပြန်တွေ့တယ်” ဟု ရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

    မီးလောင်မှုကြောင့် နေအိမ် သုံးလုံး မီးလောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်းကာ ၁၅ မိနစ်နီးပါးကြာ ငြှိမ်းသတ်ခဲ့ရသည်။

    ပြည်သူများမှာ အာဏာသိမ်းစစ်အုပ်စု လက်ထက်တွင် လျှပ်စစ်မီးများ အချိန်အကန့်အသတ်မရှိ ပြတ်တောက် နေခြင်းနှင့်အတူ စားဝတ်နေရေး အလွန်အမင်းကျပ်တည်းလာမှုဒဏ်ကို ခံစားနေရသည်။

    “မီးကလည်း ပျက်လိုက်လာလိုက်နဲ့။ လူတွေမှာလည်း စားဝတ်နေရေး ကျပ်တည်းနေတာကို ဒီဖြစ်ရပ် ကနေ မြင်ရတယ်။ အသက်ကိုတောင်ရင်းပြီး စုဗူးတက်ယူရတယ်ဆိုတော့ စဉ်းစားသာကြည့် တော့” ဟု ဒေသခံပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

    လက်ရှိတွင် မီးလောင်ကျွမ်းမှုအကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး အရေးယူနိုင်ရေးဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

    စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု စံချိန်တင်ကြုံတွေ့နေရ သည့်အပြင် အာဏာသိမ်းစစ်အုပ်စု၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် ပြည်သူများမှာ လုံခြုံရေးအရ စိုးရိမ်ထိတ်လန့်နေရပြီး စားဝတ်နေရေး အခက်အခဲများစွာကြားမှ သဘာဝဘေးအန္တရာယ်များကိုပါ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

    ယမန်နေ့ မေလ ၅ ရက်နေ့တစ်ရက်တည်းတွင် ရန်ကုန်တိုင်းအတွင်း သာကေတမြို့နယ် (၁၀) တောင်ရပ်ကွက် အပါအဝင် မီးလောင်မှု ငါး ခုထက်မနည်း ဖြစ်ပွားခဲ့သည်။ ထို့အပြင် ယနေ့ မေလ ၆ ရက် နံနက်အစောပိုင်းတွင်လည်း ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အနောက်ဘက်ဘုရားကြီးလမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    စုဗူးလေးကြောင့် နောက်ဆုံးခရီး ဖြစ်ခဲ့ရရှာတယ် 🌚

    ထူပါရုံ (၁) ရပ်ကွက်မှာ မနက် ၃ နာရီဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်နေတဲ့ကြားက အိမ်ရှင်အမျိုးသားဟာ ခက်ခက်ခဲခဲ စုဆောင်းထားရတဲ့ သူ့ရဲ့ “စုဗူး” လေးကို နှမြောတွန့်တိုပြီး ပြန်အဝင်မှာ မီးခိုးမွန်းကာ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

    မီးငြိမ်းသွားလို့ အိမ်ပေါ်တက်ရှာဖွေချိန်မှာတော့ သွပ်ပြားတွေအောက်မှာ သူ့ရဲ့ ရုပ်အလောင်းကို ရင်နာစရာကောင်းလောက်အောင် ပြန်တွေ့ခဲ့ရပါတယ်။

    ကျပ်တည်းလွန်းတဲ့ ခေတ်ဆိုးကြီးရဲ့ နောက်ဆက်တွဲ 😔

    “အသက်ထက် စုဗူးက အရေးကြီးလို့လား” လို့ မေးခွန်းထုတ်စရာ ရှိပေမယ့် ဒေသခံတွေကတော့ ဒါဟာ လက်ရှိ စားဝတ်နေရေး အလွန်အမင်း ကျပ်တည်းနေမှုကို ပြသနေတာလို့ ဆိုပါတယ်။

    လျှပ်စစ်မီးတွေ အချိန်မမှန်တာ၊ ကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် လူတွေမှာ ရှိစုမဲ့စု စုဗူးလေးကိုတောင် အသက်နဲ့ရင်းပြီး ကာကွယ်ခဲ့ရတာဟာ တကယ့်ကို ရင်နာဖို့ကောင်းလှပါတယ်။

  • အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ခွင့်မပြု

    အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ခွင့်မပြု

    ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ခွင့်မပြုဘဲ နိုင်ငံ ရေးကိုယ်စားပြုမဟုတ်သည့် ကိုယ်စားလှယ်သာ တက်ခွင့်ပြုမည်ဟု အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က ယနေ့အတည်ပြု

    ဖိလစ်ပိုင်နိုင်ငံတွင် မေလ ၇ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ကျင်းပသည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ မင်းအောင်လှိုင်ကို တက်ခွင့်မပြုဘဲ နိုင်ငံရေးကိုယ်စားပြုမဟုတ်သည့် ကိုယ် စားလှယ်သာ တက်ခွင့်ပြုမည်ဟု အာဆီယံဥက္ကဋ္ဌက ယနေ့ မေလ ၆ ရက်နေ့တွင် တရားဝင် အတည်ပြုလိုက်သည်။

    ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ်၊ လာပူးလာပူးမြို့တွင် ကျင်းပမည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးသို့ အဖွဲ့ဝင် ၁၁ နိုင်ငံစလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သော်လည်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမူ တက်ရောက်ခွင့်ပြုမည်မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားပြုမှုမရှိသည့် ပုဂ္ဂိုလ်ကိုသာ စေလွှတ်ခွင့်ပြုမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာဆီယံရေးရာ ပြောရေးဆိုခွင့်ရှိသူ Dax Imperial က အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲ ၁၀ ဦး တက်ရောက်ရန် အတည်ပြုထားပြီးဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။

    သို့သော် မြန်မာနိုင်ငံအတွက်မူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဘဲ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ကိုသာ ကိုယ်စားလှယ်အဖြစ် တက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

    “ဒါဟာ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေ အနေတွေကြောင့် အဆင့်မြင့်အရာရှိကြီး (အမြဲတမ်းအတွင်းဝန်) လိုမျိုး နိုင်ငံရေးအရ ကိုယ်စားပြုမှုမရှိတဲ့သူကိုသာ တက်ရောက်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

    ယခုနှစ် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူကျင်းပခြင်းဖြစ်ပြီး လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်ကာ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်နေချိန်တွင် ကျင်းပခြင်းဖြစ်သည်။

    ထို့ကြောင့် ယခုအစည်းအဝေးတွင် ဒေသတွင်းစီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် မြန်မာ့အရေးကိုလည်း အာဆီယံခေါင်းဆောင်များက အဓိကထား ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

  • အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် ဘားပိုင်ရှင် ထွက်ပြေး

    အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် ဘားပိုင်ရှင် ထွက်ပြေး

    တောင်ကြီးတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် ဘားပိုင်ရှင် ထွက်ပြေး လွတ်မြောက်နေ

    ရှမ်းပြည်မြိုတော်၊ တောင်ကြီးမြိုတွင် လူသတ်မှု ကျူးလွန်ခဲ့သည့် ပီတာဘားပိုင်ရှင် ဖြစ်သူ ကိုပီတာ(ခေါ်) အောင်မျိုးသူမှာ ယနေ့ (ဧပြီ ၆) အထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်ဟု သေဆုံးသူနှင့် နီးစပ်သူများက ပြောသည်။

    တောင်ကြီးမြို၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ၎င်းပိုင်ဆိုင်သည့် ဘား၌ အမျိုးသမီး လိင်ဖျော်ဖြေရေး ဝန်ထမ်းတစ်ဦးအား တရားလွန်ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

    ပီတာဘားဆိုင်သို မကြာခဏ သွားရောက်လေ့ရှိသူ တစ်ဦးက “ဧည့်သည် မုန့်ဖိုးပေးခဲ့တာကို သူ့လာမအပ်လို့ဆိုပြီး ရိုက်တယ်လို့ ကြားတယ်။ ရိုက်ရင်း လက်လွန်သွားတာပေါ့။ ကလေးမလေးကလည်း အသက်မပြည့်သေးဘူး။ အဲ့ရက်ကမှ ရောက်လာတာ။ သူလည်း ထိပ်ဆုံးရက်ဆိုတော့ ပိုက်ဆံပြန်အပ်ရမှာ မသိဘူးလေ။ အလုပ်စဆင်းတဲ့ ရက်မှာပဲ ဆုံးသွားတာ” ဟု ပြောသည်။

    ဧပြီ ၄ ရက်နေ့ည ဖြစ်စဉ်အတွင်း ဆိုင်ပိုင်ရှင် ကိုပီတာ၏ ရိုက်နှက်မှုကြောင့် ဝန်ထမ်းဖြစ်သူမှာ သေဆုံးခဲ့ပြီး နောက်ရက် နံနက် ၅ နာရီဝန်းကျင်ခန့်၌ ၎င်းမှ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ဆိုသည်။

    လက်ရှိတွင် ကျူးလွန်သူ ကိုပီတာမှာ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာအကောင့် (Facebook Acc) အပြင် ၎င်းအားဆက်သွယ်နိုင်သည့် နည်းလမ်းမှန်သမျှ ဖြတ်တောက်ထားပြီး ၎င်း၏ ဒုတိယ ဇနီးမှတဆင့် စုံစမ်းနေဆဲ ဖြစ်သည်ဟု နီးစပ်သူ အချို့က ပြောသည်။

    သေဆုံးသူမှာ ညောင်ရွှေမြိုနယ်၊ မင်းချောင်းရှေ့ ကျေးရွာမှာ နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး မိသားစု စားဝတ်နေရေး မပြေလည်မှုကြောင့် လိင်ဖျော်ဖြေရေး လုပ်ငန်းအား လုပ်ကိုင်နေရသည်ဟု သိရသည်။

    ပြည်တော်သာရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက “အဲ့ရက်က နာရေးရှိတယ်။ ဆိုင်က ဝန်ထမ်းချော်လဲလို့ သေတယ်ဆိုပြီး ရပ်ကွက်ကို သတင်းလာပို့တာ။ အဲ့တာနဲ့ အုပ်ကြီးက မဖြစ်နိုင်ဘူးဆိုပြီး ရဲခေါ်တော့ သူတောင်းစားက ပြေးပြီ။ မနက်စောစော ဆိုင်ကယ်နဲ့ ပြေးတာတဲ့။ အရင်မိန်းမတုန်းကလည်း ကလေးတစ်ယောက်နဲ့ သူမတရားရိုက်လို ကွဲကြတာ” လို ပြောပါတယ်။

    ပီတာဘားဆိုင်တွင် အသက်မပြည့်သေးသည့် လိင်ဖျော်ဖြေရေး အမျိုးသမီးဝန်ထမ်းများ ခန့်အပ်ထားသည့်အပြင် မူးယစ်ဆေးလည်း စိတ်ကြိုက်သုံးစွဲခွင့်ရနေပြီး ပိုင်ရှင် ကိုပီတာမှ အမြောက်အမြားလာဘ်ပေးထားခြင်းကြောင့် စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲက မျက်ကွယ်ပြုထားခြင်း ဖြစ်သည်။

    ၎င်းဆိုင်တွင် လုပ်ကိုင်နေသည့် ဝန်ထမ်းအားလုံးကိုလည်း ဧည့်စာရင်းတိုင်ရမည်ဟုဆိုကာ မှတ်ပုံတင်များ သိမ်းဆည်း၍ ဆိုင်မှ မထွက်နိုင်အောင် ပြုလုပ်ထားခြင်း၊ အစမ်းခန့်ကာလအတွင်း ပျက်ကွက်ပါက လစာမရသည့်အပြင် ဒဏ်ကြေးဆောင်ရခြင်း၊ ဧည့်သည်မှ ပေးအပ်သည့် မုန့်ဖိုးများကို တစ်ပြားမကျန် အကုန်ပြန်အပ်ရခြင်း၊ မအပ်ပါက အညိုအမည်း စွဲသည်အထိ ရိုက်နှက်ခြင်း စသည့်လုပ်ရပ်များအား ကျူးလွန်ခဲ့ဖူးသည်ဟု ဝန်ထမ်းဟောင်းများက ပြောဆိုထားသည်။

    တောင်ကြီးမြို့သို့ ရဲချုပ် ဗိုလ်ချုပ်စိုးလှိုင် ရောက်ရှိစဉ် ဘားမှ ဝန်ထမ်းအမျိုးသမီး ၁ ဦး အသတ်ခံရမှု ရှမ်းပြည် နယ်ရဲတပ်ဖွဲ့က ဖုံးဖိ

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရဲချုပ် ဗိုလ်ချုပ်စိုးလှိုင် ရောက်ရှိနေသည့် အချိန်အတွင်း ရက်စက်ကြမ်းကြုတ်သော လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ပြည်သူများအကြား သတင်းမပြန့်နှံ့စေရန် ပြည်နယ်ရဲတပ်ဖွဲ့က ဖုံးဖိထားကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသခံများထံမှ သိရှိရသည်။

    မေလ ၄ ရက်နေ့ ညပိုင်းတွင် တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ “Perer” ဘားနှင့် စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် ဝန်ထမ်းအမျိုးသမီးငယ် မဖူးပွင့်ဝေကို ဆိုင်ပိုင်ရှင်ဖြစ်သူ အောင်မျိုးသူက ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

    ဖြစ်စဉ်မှာ ဧည့်သည်တစ်ဦးက မဖူးပွင့်ဝေကို ပေးခဲ့သည့် မုန့်ဖိုးငွေ ၅,၀၀၀ ကျပ်အား ဆိုင်ပိုင်ရှင်ကို အသိမပေးခြင်းကြောင့် ဆိုင်ပိုင်ရှင် အောင်မျိုးသူက ဒေါသထွက်ကာ လက်သီးဖြင့်ထိုးခြင်း၊ စားပွဲနှင့် ဦးခေါင်းကို ဆောင့်ရိုက်ခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းစသည့် ပြင်းထန်သော ရိုက်နှက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရိုက်နှက်ဒဏ်ရာများကြောင့် မဖူးပွင့်ဝေမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်။

    အဆိုပါအမှုဖြစ်ပွားချိန်မှာ ရဲချုပ်က တောင်ကြီးမြို့သို့ ရောက်ရှိနေချိန်တွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံရပြီး တရားခံမှာလည်း လွတ်မြောက်နေခြင်းကြောင့် အထက်လူကြီးများ၏ ပြစ်တင်ဝေဖန်မှုကို ကြောက်လန့်ကာ ရဲတပ်ဖွဲ့က သတင်းကို အတတ်နိုင်ဆုံး ဖုံးကွယ်ခဲ့ခြင်းဖြစ်သည်။

    “ရဲချုပ်ရောက်နေချိန်မှာ သတင်းမပြန့်အောင် အတတ်နိုင်ဆုံး ဖုံးဖိခဲ့ကြတယ်။ သတင်းဂျာနယ်တွေရဲ့ မေးမြန်းမှုတွေကိုလည်း ဖြေဆိုခြင်းမရှိဘဲ ငြင်းဆိုခဲ့တယ်”ဟု ရဲသတင်းရင်းမြစ်က ရှင်းပြသည်။

    သေဆုံးသူအား သုဿာန်သို့ တိတ်တဆိတ် ပို့ဆောင်ရန် စီစဉ်နေစဉ်အတွင်း တိုင်ကြားမှုကြောင့်သာ ရဲတပ်ဖွဲ့မှ သိရှိခဲ့ရခြင်းဖြစ် သည်။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ မဖူးပွင့်ဝေ၏ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများစွာ တွေ့ရှိခဲ့သည်။

    လူသတ်မှုကျူးလွန်သူ ဆိုင်ပိုင်ရှင် အောင်မျိုးသူသည် မေလ ၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဆိုင်မှ မော်တော် ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရမိရန် အပူတ ပြင်း ရှာဖွေနေသည်ဟု ဆိုသော်လည်း ရဲတပ်ဖွဲ့က သတင်းမထုတ်ပြန်ဘဲ ဖုံးဖိထားသည်။