အသက် ၃၇ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးတစ်ဦးသည် Prakhon Chai ခရိုင်တွင် ဩစတြီးယားနိုင်ငံသား အမျိုးသားနှစ်ဦးနှင့် တစ်ပြိုင်တည်း မင်္ဂလာဆောင်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းအတွင်း စိတ်ဝင်စားမှုများစွာ ရရှိခဲ့ကြောင်း သိရသည်။
ဩစတြီးယားနိုင်ငံ၏ ရဲတပ်ဖွဲ့မှ အငြိမ်းစား Romanနှင့် လက်ရှိတွင် ဩစတြီးယားရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော Macky တို့ကို Dujduan Ketsaro (ခေါ်) Gig ထိုင်းအမျိုးသမီးက တပြိုင်တည်း လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများ ဖြစ်ကြပြီး တစ်ဦးတည်းသော အမျိုးသမီးကို ချစ်မြတ်နိုးလာကြသဖြင့် သုံးယောက် အဖြစ် ဘဝတည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း ဒေသ မီဒီယာများက ဖော်ပြသည်။
Dujduan Ketsaro (ခေါ်) Gig သည် ယခင်က လွတ်လပ်သီချင်းရေး၊ သီဆိုသူတစ်ဦးဖြစ်ပြီးကြောင်း ထိုင်းနိုင်ငံ မီဒီယာများက ဖော်ပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော မင်္ဂလာပွဲကို ရိုးရာဒေသစတိုင်ဖြင့် ရိုးရှင်းစွာ စီစဉ်ခဲ့ပြီး ဆွေမျိုးသားချင်းများ၊ အိမ်နီးချင်းများနှင့် နီးစပ်မိတ်ဆွေများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မင်္ဂလာပွဲသည် အရွယ်အစားသေးငယ်သော်လည်း ပွဲတော်အတွင်း အပူအပင်မဲ့ပျော်ရွှင်မှုနှင့် နွေးထွေးမှုများ ပြည့်နှက်နေခဲ့ပြီး Bai Sri Su Kwan ကောင်းချီးပေးပွဲနှင့် လက်ကောက်ကြိုးချည်ပွဲတို့ ထည့်သွင်းခဲ့ကြောင်း သိရသည်။

Gig သည် ယခင်က ထိုင်းအမျိုးသားတစ်ဦးနှင့် လက်ထပ်ခဲ့ပြီး သားသမီး သုံးဦးရှိခဲ့သော်လည်း အိမ်ထောင်ရေးမှာ အဆင်မပြေခဲ့မှုကြောင့် ကွာရှင်းခဲ့ပြီနောက် ၎င်းမှာ ဂီတ ပညာရပ်ဖြင့် မိဘများ၊ သမီးသုံးဦးကို ထောက်ပံ့ရန် Pattaya တွင် အလုပ်လုပ်ခဲ့ရကြောင်း သိရသည်။
ဩစတြီးယား နိုင်ငံသား Roman သည် Pattaya သို့ အလည်ပတ်လာစဉ် Gig နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးသည် ခင်ပွန်းမယားအဖြစ် ငါးနှစ်ကြာ အတူနေထိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက်ပိုင်းတွင် Roman ၏သူငယ်ချင်းဖြစ်သူ Macky သည် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီး Dujduan Ketsaro (ခေါ်) Gig ချစ်ခင် လာပြီးနောက် သုံးဦးလုံး ပွင့်လင်းစွာ ဆွေးနွေးကာ အပြန်အလှန် နားလည်မှု ရရှိ၍ လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

Dujduan Ketsaro (ခေါ်) Gig ၏ သတို့သားတစ်ဦးစီက မင်္ဂလာကြေးအဖြစ် ဘတ်ငွေ ၁ သန်းစီ ပေးအပ်မည်ဖြစ်ကြောင်းလည်း ၎င်းတို့နှစ်ဦးက ထည့်သွင်းပြောကြားခဲ့သည်။
ပွဲကျင်းပနေအချိန် အတွင်း သတို့သမီး ဖြစ်သူက “တစ်ယောက်တည်း လက်ထပ်ရင် ကမ္ဘာကြီး မမှတ်မိဘူး၊ နှစ်ယောက်တစ်ပြိုင်နက် လက်ထပ်ရင်တော့ လူတိုင်း မှတ်မိကြလိမ့်မယ်” ဟု ဟာသဖြင့် ပြောဆိုခဲ့သည်။
Ref: Khaosod






