Category: News

  • ကရင်နီပြည်နယ်၌ KTV ဆိုင်များ အားလုံးပိတ်သိမ်းရန် အသိပေး

    ကရင်နီပြည်နယ်၌ KTV ဆိုင်များ အားလုံးပိတ်သိမ်းရန် အသိပေး

    စစ်ရေးအရှိန်မြင့်နေတဲ့ ကရင်နီ (ကယား) ပြည်နယ်ထဲက KTV ကာရာအိုကေဆိုင်တွေအားလုံး အပြီးပိတ်သိမ်းဖို့နဲ့ မလိုက်နာရင်အရေးယူမယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကရင်နီတပ်ပေါင်းစုံအဖွဲ့တွေက ထုတ်ပြန် အသိပေးထားပါတယ်။

    ဒီးမော့ဆိုအနောက်ခြမ်း မြို့နယ်တွေဖြစ်တဲ့ နန်းမယ်ခုံ၊ လွိုင်နန်းဖနဲ့ ဒီးဘောင်ခူမြို့နယ်အတွင်းမှာ ရှိနေတဲ့ ဒေသခံပြည်သူတွေ ဘေးကင်းစွာ နေထိုင်သွားလာဖို့နဲ့ တရားဥပဒေလုပ်ငန်းစဉ်တွေ ပိုလုပ်ဆောင်နိုင်ဖို့ မတ် ၁၆ ရက်ကစပြီး ကရင်နီပြည်နယ်ထဲက KTV ဆိုင်တွေအားလုံး အပြီးပိတ်သိမ်းဖို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီမြို့နယ်တွေဟာ စစ်ရှောင်အများစု နေနေကြတဲ့ မြို့နယ်တွေဖြစ်ပြီး အခုလို အပြီးပိတ်သိမ်းဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ကရင်နီပြည်ရဲတပ်ဖွဲ့နဲ့ ကရင်နီပြည်တပ်ပေါင်းစုံအဖွဲ့တွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်ဆောင်လိုက်တာပါ။ လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်းတာဝန်ခံက “ပထမ စထောင်တုန်းကတော့ တရုံနှစ်ရုံပဲ ရှိသေးတာ။ အဲဒါကို ပိတ်ဖို့အတွက် ကျနော်တို့ တိုင်ပင်ကြည့်တော့ ထောင်တဲ့ KTV ပိုင်ရှင်တွေက သူတို့ပြောတာကတော့ ကုန်ကျစရိတ် အရမ်းများတယ်ပေါ့နော်။ အကြွေးလည်း အရမ်းများနေပြီ၊ အရင်းလည်း ပြန်မရဘူးပေါ့။ အဲလိုပုံစံနဲ့ သူတို့ပြောထားတော့ ကျနော်တို့ မပိတ်လိုက်ရဘူး၊ မပိတ်ဖြစ်ဘူးပေါ့နော်။ အဲ့တော့ နောက်ပိုင်းတော့ တရုံပြီးတရုံ အခုတော့ ၁၀ ရုံ ဖြစ်သွားတာပေါ့။ အဲ့တော့ ပြီးခဲ့တဲ့မတ်လမှာ မတ်လ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး တပ်ပေါင်းစုကော IEC အုပ်ချုပ်ရေးကနေကော ကျနော်တို့ အပြီးပိတ်လိုက်တာပါ” လို့ ပြောပါတယ်။

    စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်ကနေ လက်ရှိအချိန်ထိ စစ်ရှောင်အများစုနေတဲ့ ဒီးမော့ဆိုအနောက်ခြမ်းမှာ KTV ဆိုင် ၁၀ ဆိုင်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ဆက်ပြောပါတယ်။

    စစ်ရေးအခြေအနေတွေနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ကရင်နီပြည်နယ်ရဲ့ တချို့နေရာတွေမှာ ညဘက်သွားလာတဲ့အချိန် ကန့်သတ်ထားပေမဲ့ KTV ဆိုင်တွေကနေ ညဘက် အသံဆူညံတာတွေ၊ မူးပြီး ညအချိန်မတော် ကားမဆင်မခြင်မောင်းတာတွေ၊ မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်း ပြဿနာတွေရဲ့ နောက်ဆက်တွဲအကျိုးတွေဟာ စစ်ရှောင်မိသားစုတွေထဲမှာ ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။

    ဒါပေမဲ့ KTV လုပ်ငန်းတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကျိုးစီးပွား ပါဝင်ပတ်သက်မှုတွေ ရှိနေတဲ့အတွက် ဒီကိစ္စ ကိုင်တွယ်ဖြေရှင်းတဲ့အပေါ်မှာ ဒေသခံတွေက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

    ဒီးမော့ဆိုဒေသခံတယောက်က “ပြည်သူလူထုကတော့ အယုံအကြည် အဲ့လောက်မရှိသေးဘူး။ ပိတ်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ တချို့ကျတော့ အာဏာပိုရှိတဲ့သူကျတော့ မပြောတတ်သေးဘူး။ ပြည်သူလူထုက အဲဒါတော့ စောင့်ကြည့်နေဦးမှာပဲ။ ပြောတဲ့ ပိတ်ပြီဆိုတဲ့ လေးငါးရက်လား ဆယ်ရက်လား ဒါမှမဟုတ် အဲ့ထဲမှာ ပြန်ဆိုမလား၊ တချို့ဆို ငါဘာကောင်လဲ၊ ဘယ်သူကပြောရဲလဲ ဆိုတဲ့ဟာတွေ ရှိလာခဲ့ရင်လည်း လူထုကတော့ စောင့်ကြည့်နေဦးမှာပဲလေ” လို့ ပြောပါတယ်။

    KTV ဆိုင်တွေက မူးယစ်ဆေးနဲ့ လောင်းကစားပြဿနာတွေကြောင့် အိမ်တွင်းအကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေ၊ လိင်အမြတ်ထုတ်ခံရတာတွေနဲ့ လိင်အရောင်းအဝယ်ကိစ္စတွေ စတဲ့ ပြဿနာ တိုင်တန်းချက်တွေကို စစ်ရှောင်မိသားစုတွေဆီကနေ ရရှိခဲ့တယ်လို့ ကရင်နီပြည်နယ်မှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတခုက မှတ်ချက်ပြုပါတယ်။

    ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကရင်နီပြည်နယ်မှာရှိနေတဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀ ကျော်က ဒီပြဿနာတွေကို မူဝါဒနဲ့အညီ ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

    အရပ်ဘက်အဖွဲ့အစည်းတခုမှ ကိုယ်စားလှယ်တယောက်က “KTV တွေမှာ အဓိက လိင်အရောင်းအဝယ်လုပ်တဲ့ ကိစ္စရပ်တွေကို လုံးဝတားမြစ်ထားတဲ့ဟာမျိုးတွေ ဖြစ်ဖို့၊ ဒါ့အပြင် ဘယ်လိုမျိုးတွေ ရှောင်တခင် ဝင်စစ်ဆေးတဲ့ဟာမျိုးတွေ ဘယ်လိုလုပ်ဖို့ ဆိုတဲ့ဟာတွေကို အစိုးရတွေရဲ့ လုပ်ရမဲ့ လုပ်ငန်းတွေထဲမှာ ဒီဟာတွေကို ထည့်သွင်းပြီးတော့ အစီအမံတွေနဲ့ ဘယ်လိုမျိုးလုပ်မလဲ ဆိုတဲ့ဟာက ကျမတို့ သက်ဆိုင်ရာ Local Authority တွေကို စည်းရုံးလုပ်ဆောင်ဖို့ပဲ ပြန်ပြီးတော့ သွားပြီးတော့ လိုမယ်ပေါ့နော်” လို့ ပြောပါတယ်။

    ဖေဖော်ဝါရီ ၂၈ ရက်က ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ KTV ဆိုင်တခုမှာ ဝန်ဆောင်မှုပေးတဲ့ အမျိုးသမီးကို လုရာက ရဲဘော်အချင်းချင်း စကားများပြီး ဆိုင်နဲ့ အနီးနားကို ၄၀ မမနဲ့ ပစ်ခတ်မှုတခု ဖြစ်ခဲ့ပါတယ်။

    တော်လှန်ရေးနယ်မြေမှာ တရားဥပဒေစိုးမိုးရေးဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ စည်းကမ်းလိုက်နာမှု အပေါ်မှာ အများကြီး မူတည်နေပြီး အခု KTV ပိတ်သိမ်းတဲ့ အမိန့်ကို ကရင်နီ အုပ်ချုပ်ရေးယန္တရားက ဘယ်လောက်အထိ ထိထိရောက်ရောက် အကောင်အထည်ဖော်မလဲ ဆိုတာကတော့ မသိရသေးပါဘူး။

  • အထည်ချုပ်စက်ရုံဝန်ထမ်း ၂ ဦအား တရုတ်သို့ရောင်းစားသည့် အမျိုးသမီးကို ထောင်ဒဏ် ၁၅ နှစ် အမိန့်ချ

    အထည်ချုပ်စက်ရုံဝန်ထမ်း ၂ ဦအား တရုတ်သို့ရောင်းစားသည့် အမျိုးသမီးကို ထောင်ဒဏ် ၁၅ နှစ် အမိန့်ချ

    ရန်ကုန်တိုင်း မင်္ဂလာဒုံမြိုနယ် ဇေကမ္ဘာစက်မှုဇုန်ထဲက အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီးငယ် ၂ ယောက်အား တရုတ်နိုင်ငံကို ရောင်းစားတဲ့ အမျိုးသမီးတယောက်အား မတ် ၁၈ ရက်မှာ သင်္ဃန်းကျွန်းခရိုင်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    မတ် ၁၈ ရက် နေ့လယ်က ပြစ်မှုကျူးလွန်သူ ဒေါ်နှင်းဝေဖြိုးကို သင်္ဃန်းကျွန်းခရိုင်တရားရုံးက လူကုန်တားပုဒ်မ ၃၅ အရ အလုပ် နဲ့ ထောင်ဒဏ် ၁၅ နှစ်ချလိုက်တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

    “ကောင်မလေးနှစ်ယောက်က မကွေးဘက်ကနေ အလုပ်လာလုပ်တာ စက်ရုံမှာ နေ့စားခ ၅,၀၀၀ ပဲ ရလို့ အဲစက်ရုံကနေ အလုပ်ထွက်ပြီ အလုပ်လိုက်ရှာနေတဲ့အချိန် လူကုန်ကူးတဲ့ အမျိုးသမီးနဲ့တွေ့ပြီး အဲ့အမျိုးသမီးက တရုတ်လူမျိုးနဲ့လက်ထပ်ရင် သိန်း ၈၀ ရမယ်ဆိုမယ်လို့ စည်းရုံးသိမ်းသွင်းပြီး တရုတ်နိုင်ငံကို ရောင်းစားဖို့လုပ်တာ ပြစ်မှုထင်ရှားလို့ ထောင်ဒဏ် ၁၅ နှစ် ချလိုက်တာ။”

    အမှုဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၀ ရက်ကဖြစ်ပြီး မြောက်ဒဂုံမြိုနယ်ကနေ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာစက်မှုဇုန်ရှိ အထည်ချုပ်ရုံစက်ရုံတရုံမှာ အလုပ်ဆင်းနေတဲ့ အမျိုးသမီးငယ် ၂ ယောက် တရုတ်နိုင်ငံကို ရောင်းစားခံရတာလို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

    “တရုတ်နိုင်ငံကိုပို့ဖို့ ပတ်စပိုစ်လုပ်တာ မရလို့ မြစ်ကြီးနားကတဆင့် ပို့ဖို့လုပ်တဲ့အချိန် အောင်မင်္ဂလာအဝေးပြေးဝင်းမှာ ရဲတွေက စစ်ဆေးရင်း လူကုန်ကူးမှန်သိတာ ကောင်မလေးနှစ်ယောက် ကံကောင်းသွားတာ။”

    လူကုန်ကူးသူ ဒေါ်နှင်းဝေဖြိုးကို အမှတ် ၆ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု (ပ)၆၅/၂၀၂၅၊ ပုဒ်မ ၃၅/၄၄ နဲ့ တရားစွဲဆိုခဲ့ပြီး မတ် ၁၈ ရက်မှာ သင်္ဃန်းကျွန်းခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မတ် ၁၃ ရက်ကလည်း ဇနီးမယားအဖြစ် ပေါင်းသင်းမည်ဆိုပြီး လိင်အမြတ်ထုတ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan နဲ့ချိတ်ဆက်ပေးသူ မကျော့ကေခိုင် နဲ့ နိုဇင်မိုးတိုကို ကမာရွတ်ခရိုင်တရားရုံးက လူကုန်တားပုဒ်မ ၃၅ အရ ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချခဲ့ပါတယ်။

  • အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်သဖြင့်  အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ဆေးကုသဟုဆို

    အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်သဖြင့် အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ဆေးကုသဟုဆို

    အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်သဖြင့် အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ဆေးကုသဟုဆို

    အကြမ်းဖက် မင်းအောင်လှိုင် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်မှု အိန္ဒိယဆရာဝန်များဖြင့် ၂ နာရီကြာ ခွဲစိတ်ခဲ့ပြီး ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း စစ်တပ်က ယနေ့ ညနေပိုင်း သတင်းထုတ်ပြန်သည်။

    မင်းအောင်လှိုင်သည် ခါးရိုးဆစ်ပေါင်းရောဂါကြောင့် အာရုံကြောညှပ်ခြင်း (Lumbar Spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့် မတ် လ ၂၀ ရက်နေ့ စစ်ဆေးရုံတွင် အိန္ဒိယနိုင်ငံမှပါရဂူများနှင့် စစ်ဆေးတပ်ဖွဲ့တို့ ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုကို ၂ နာရီကြာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    မင်းအောင်လှိုင်၏ ခွဲစိတ်ကုသမှုအောင်မြင်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သော်လည်း လာမည့် မတ်လ ၂၇ ရက်နေ့ စစ်တပ်နေ့ အခမ်းအနား တက်မည်၊ မတက်မည်ကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

  • မင်းလှအုပ်ချုပ်ရေးမှူး အောင်ကျော်မိုး ပစ်ခတ်ခံရပြီး သေဆုံး

    မင်းလှအုပ်ချုပ်ရေးမှူး အောင်ကျော်မိုး ပစ်ခတ်ခံရပြီး သေဆုံး

    မင်းလှမြို့နယ်တွင် လစဉ်စစ်မှုထမ်းကြေး ပေးနိုင်ခြင်းမရှိသော ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းသည့် အုပ်ချုပ်ရေးမှူး အောင်ကျော်မိုး ပစ်ခတ်ခံရပြီး သေဆုံး

    ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် လစဉ်စစ်မှုထမ်းကြေး ပေးနိုင်ခြင်းမရှိသော ပြည်သူများကို အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းသည့် အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မင်းလှမြိုနယ်၊ ဝက်လှကြီးကျေးရွာ၊ အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးကို သာယာဝတီခရိုင်ပကဖ၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) မှ ရဲဘော်များက ၎င်းနေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးရန် လုပ်ဆောင်ရန် ခုခံထွက်ပြေးရန် လုပ်ဆောင်ခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များက ၄င်းအိမ်အတွင်း ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်မှုထမ်းကြေးကောက်ခံထားသော စာရွက်စာတမ်းများ၊ မှတ်ပုံတင်တစ်ခုနှင့် အတူ ယာဉ်မောင်းလိုင်စင်တစ်ခုပါ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့နောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးသည် အကြမ်းဖက် စစ်တပ်က ခိုင်းစေသည့် ပြည်သူများ အပေါ် အာဏာပြကာစစ်မှုထမ်းကြေးများ အတင်းအဓမ္မကောက်ခံခြင်း၊ မပေးနိုင်သည့်ပြည်သူများကို အကြမ်းဖက် စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်းများ အပြင် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူဖြစ်ကြောင်း သိရှိရသည်။

    တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များက ၄င်းအိမ်အတွင်း ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်မှုထမ်းကြေးကောက်ခံထားသော စာရွက်စာတမ်းများ၊ မှတ်ပုံတင်တစ်ခုနှင့် အတူ ယာဉ်မောင်းလိုင်စင်တစ်ခုပါ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့နောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

    “အောင်ကျော်မိုးက ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်တာတွေ လုပ်ဆောင်နေတာတော်တော်ကြားပြီး ပြည်သူတွေတိုင်ကြားတာလည်းအရမ်းများတယ်။ အခုနောက်ပိုင်း အဲ့ကောင်က စစ်မှုထမ်းကြေး မပေးနိုင်တဲ သူတွေကို စစ်တပ်ခေါ်ပြီး ဖမ်းခိုင်းတဲ့ အဆင့်ထိပါလုပ်ဆောင်လာလို့ တိုက်ခိုက်ခဲ့တာပါ” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

  • ပဲခူးမြို့တွင် စက်သုံးဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ ဆီဝယ်ခွင့်ရ

    ပဲခူးမြို့တွင် စက်သုံးဆီထုတ်ယူခွင့်စာအုပ်ဖြင့်သာ ဆီဝယ်ခွင့်ရ

    ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာ စက်သုံးဆီဝယ်ယူလိုပါက စက်သုံးဆီ ထုတ်ယူခွင့်စာအုပ် လုပ်ရမှာဖြစ်ပြီး အဆိုပါစာအုပ်နဲ့သာ ဝယ်ယူခွင့်ရမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ် ၂၁ ရက်မှာ ကြေညာထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မတ် ၂၁ ရက်က မြို့နယ်ထွေအုပ်ရဲ့ ညွှန်ကြားချက်အရ ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ယာဥ်စာရင်း လိုက်လံကောက်ယူနေပြီး ပေးရတဲ့အချက်အလက်တွေ ကွဲပြားမှုတွေ ရှိတယ်လို့ မဇင်းရပ်ကွက်နေသူတယောက်က ပြောပါတယ်။

    “မနေ့ကတည်းက စက်သုံးဆီဝယ်ယူခွင့်စာအုပ် လုပ်ရမယ်ဆိုပြီး ကြေညာတာ၊ စာအုပ်အတွက် အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းသွားပေးရတယ်။ ယာဉ်လိုင်စင်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ပေးရတယ်။ ကုန်ကျစရိတ်က ကျပ် ၈,၀၀၀ ကနေ ၁၀,၀၀၀ ကြား ကုန်တယ်။”

    ပဲခူးမြို့ပေါ်ရပ်ကွက်တွေမှာ ယာဥ်လိုင်စင်မိတ္တူနဲ့ မှတ်ပုံတင်ပဲ ပေးရပေမဲ့ ကျေးရွာဘက်တွေမှာတော့ အိမ်ထောင်စုစာရင်းနဲ့ ယာဥ်ပိုင်ရှင်ဖြစ်ကြောင်း ထောက်ခံစာတွေပါ ပေးရတယ်လို့ ကလိကျေးရွာနေသူတယောက်က ပြောပါတယ်။

    “တနေရာနဲ့ တနေရာ မတူဘူး။ ရပ်ကွက်တွေမှာ Wheel Tax နဲ့ မှတ်ပုံတင်မိတ္တူပဲ ပေးရတယ်။ ရွာဘက်တွေမှာဆို Wheel Tax၊ မှတ်ပုံတင်မိတ္တူအပြင် အိမ်ထောင်စာရင်းနဲ့ ယာဥ်ပိုင်ဆိုင်ကြောင်း အုပ်ချုပ်ရေးက ထောက်ခံစာပါပေးရတယ်။”

    စက်သုံးဆီထုတ်ယူခွင့်စာအုပ်ကို ရပ်ကျေးအုပ်ချုပ်ရေးနဲ့ မြို့နယ်ထွေအုပ်က ပြုလုပ်ပေးတာ မဟုတ်ဘဲ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပေးတာဖြစ်တယ်လို့ ပဲခူးမြို့နယ် ထွေအုပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးက အချက်အလက်တွေ စုပြီး မြို့နယ်ထွေအုပ်ကို ပို့ပေးတယ်။ မြို့နယ်ထွေအုပ်က စွမ်းအင်ဝန်ကြီးဌာနကို တင်ပေးရတာ။ သူတို့ကနေ စာအုပ်လုပ်ပေးပြီး ထွေအုပ်ကိုပေး၊ ထွေအုပ်ကတဆင့် ရပ်ကွက်နဲ့ ကျေးရွာကို ပြန်ပေးမှာ။ ပြောရရင် ကျနော်တို့က ကြားခံသဘောမျိုး။”

    စက်သုံးဆီပြတ်လပ်မှု ပြဿနာနဲ့ ရင်ဆိုင်လာရတဲ့ စစ်ကောင်စီတပ် အနေနဲ့လည်း မနေ့ညက Non CDM ဝန်ထမ်းတွေကို မတ် ၂၅ ရက်ကစပြီး အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ နေအိမ်ကနေ အလုပ်လုပ်ဖို့ အမိန်ထုတ်ခဲ့သလို စက်စွမ်းအားပေါ်မူတည်ပြီး ယာဥ်တွေကို တပတ်ကိုတကြိမ် ဒါမှမဟုတ် ၂ ကြိမ်သာ ရောင်းချပေးသွားတော့မယ်လို့ ကြေညာထားပါတယ်။

    အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မတ် ၃ ရက်မှာ စစ်ကောင်စီက စုံနဲ့ မ စနစ်ကို သတ်မှတ်ခဲ့ပြီး စက်သုံးဆီခွဲတမ်းကို QR နဲ့ စကန်ဖတ်ပြီး ရောင်းချဖို့ ညွှန်ကြားခဲ့ပေမဲ့ ဆီဆိုင်တွေမှာ Wheel Tax QR ကုတ်ကို စကန်ဖတ်မရလို့ ဆီမထုတ်ရတဲ့ ပြဿနာတွေကို အခုချိန်ထိ ရင်ဆိုင်နေရပါတယ်။