Category: News

  • အီရန်ဒရုန်းတွေက မြန်မာ ကုမ္ပဏီ တစ်ခုနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိနေ

    အီရန်ဒရုန်းတွေက မြန်မာ ကုမ္ပဏီ တစ်ခုနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိနေ

    အီရန်ရဲ့ စစ်သုံးဒရုန်းတွေ တည်ဆောက်မှုဟာ မြန်မာနိုင်ငံက ကုမ္ပဏီ တစ်ခုနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း Conflict Armament Research (CAR)ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တစ်ခုက ညွှန်ပြနေပါတယ်။

    အီရတ်-ဆီးရီးယား နယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုအပြီး သိမ်းဆည်းရမိတဲ့ ဒရုန်းအပျက်အစီးတွေထဲက မော်တာတစ်လုံးဟာ မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုနဲ့ ပတ်သက်နေတယ်လို့ CARက ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ၊ ပို့ကုန် ကန့်သတ်မှုတွေ အပြင်းအထန် ခံထားရတဲ့ နိုင်ငံနှစ်ခုကြားမှာ အပြန်အလှန် ကုန်သွယ် ဖလှယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်ကို အတည်ပြုပေးခဲ့ကြောင်း CA Rက သုံးသပ်ခဲ့ပါတယ်။

    အဲဒီ မော်တာကို ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ CARက ဆက်သွယ်ပြီး ကုမ္ပဏီရဲ့ ထုတ်ကုန်ဟာ စစ်ရေးရည်မှန်းချက်တွေအတွက် တလွဲ အသုံးချမှု ခံနေရကြောင်း အသိပေးခဲ့ပါတယ်။ ဂျပန်ကုမ္ပဏီရဲ့ ပူးပေါင်းမှုနဲ့အတူ CARဟာ အဲဒီ မော်တာကို လက်ပြောင်းလက်လွှဲ လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ခြေရာခံနိုင်ခဲ့ပါတယ်။

    CARရဲ့ အဆိုအရ ဂျပန် ကုမ္ပဏီဟာ လျှပ်စစ်မော်တာ အလုံးပေါင်း ၁၃၀ ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတုန်းက ဟောင်ကောင် အခြေစိုက် ဖြန့်ဝေရေး ကုမ္ပဏီဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီကနေတဆင့် မြန်မာနိုင်ငံ အခြေစိုက် Synpex Shwe လီမိတက်ဆိုတဲ့ ကုမ္ပဏီဆီ ရောင်းချခဲ့ကြောင်း သိရပါတယ်။ အဲဒီ ကုမ္ပဏီကို SS Technologyလို့လည်း ခေါ်ပါတယ်။

    ဟောင်ကောင်ကနေ Synpexဆီကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း အဲဒီလို မော်တာတွေ တင်ပို့ပေးမှု ၅ ကြိမ်ရှိခဲ့ပြီး စုစုပေါင်း မော်တာ ၃၀၀ ကျော်ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

    ဟောင်ကောင်မှာရှိတဲ့ ဖြန့်ချိရေး ကုမ္ပဏီကို အီရန်လုပ်ငန်းရှင်တွေကလည်း ရှယ်ယာ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဟောင်ကောင်နဲ့ တရုတ်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ပါဝင် ရင်းနှီးမြှုပ်နှံထားပါတယ်။ အဲဒီ ရှယ်ယာပိုင်ရှင် လုပ်ငန်းတွေရဲ့ လိပ်စာတစ်ခုဟာ အီရန်မှာ မှတ်ပုံတင်ထားတဲ့ သင်္ဘောကုမ္ပဏီ တစ်ခု ဖြစ်နေပါတယ်။ နောက်ပြီး ၂၀၁၁ ကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံထားရတဲ့ အီရန်လေကြောင်းလိုင်း Mahan Airကလည်း အဲဒီ ကွန်ရက်နဲ့ ပါဝင် ဆက်စပ်နေပါတယ်။

    CARက ဒီကိစ္စနဲ့ ပတ်သက်ပြီး Synpexဆီကို အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီ မော်တာတွေဟာ မြန်မာနိုင်ငံထဲမှာတော့ ဒရုန်းတွေ တည်ဆောက်ရေးအတွက် လက်နက်အဖြစ် တလွဲ အသုံးချခံရတဲ့ အထောက်အထား မတွေ့ခဲ့ကြောင်း CARက ဆိုပါတယ်။

    ၂၀၂၃ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဆီက ထုတ်ပြန်ချက် တစ်စောင်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ရုရှားဆီက လက်နက်တွေကို မြန်မာနိုင်ငံဆီ တင်သွင်းနေတဲ့ ကုမ္ပဏီ ၇ ခုထဲမှာ Synpexလည်း ပါဝင်ကြောင်း သိရပါတယ်။

    Synpexဆီကနေ အီရန်ကို ရောက်ရှိသွားတဲ့ မော်တာတွေထဲက နောက်ထပ်တစ်လုံးကိုတော့ အရှေ့အလယ်ပိုင်း ဒေသတွင်းက အီရန်နဲ့ အဆက်အသွယ်ရှိတဲ့ လက်နက်ကိုင် အစုအဖွဲ့ တစ်ခုရဲ့ ဒရုန်းမှာ အသုံးပြုထားတာကို တွေ့ရှိခဲ့ကြောင်း CARက ပြောပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီး အီရန်နဲ့ ဒရုန်းနည်းပညာပိုင်းဆိုင်ရာ စက်ပစ္စည်း အစိတ်အပိုင်းတွေ ဝေမျှမှုတွေ ရှိခဲ့ကြောင်း အရင်ကလည်း အချက်အလက်တချို့ တွေ့ရှိဖူးပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ ဒရုန်းတွေမှာ အသုံးပြုဖို့ အီရန်လုပ် MADO-550 ပစ္စတန် အင်ဂျင်တွေကို ပေးပို့ခဲ့ဖူးပါတယ်။ အဲဒီ အင်ဂျင်တွေကို အီရန်ရဲ့ လူသိများတဲ့ Shahed-136 ဒရုန်းတွေမှာလည်း တပ်ဆင်လေ့ရှိပြီး အခုအခါ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရတဲ့ Oje Parvaz Mado Nafarဆိုတဲ့ အီရန် ကုမ္ပဏီက ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။

    နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေကြောင့် စစ်လက်နက် ပစ္စည်း ဝယ်ယူမှုတွေမှာ အကန့်အသတ် ကြီးကြီးမားမားတွေ ကြုံနေတဲ့ အခြေအနေမှာ အီရန်နဲ့ မြန်မာတို့ဟာ အခုလိုမျိုး သိုသိုသိပ်သိပ်နဲ့ လက်နက် အစိတ်အပိုင်းတွေ ဆက်လက် ကုန်သွယ်နေနိုင်တာဖြစ်ကြောင်းလည်း CARက သုံးသပ်သွားခဲ့ပါတယ်။

    ကိုးကား/ဓာတ်ပုံ – Conflict Armament Research

  • ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု အဆောက်အဦများ မီးလောင်ပြာကျပြီး သံဃာတော်များ ထိခိုက်မှုရှိ

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ မီးလောင်ပြာကျပြီး သံဃာတော်များ ထိခိုက်မှုရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း စာသင်ကျောင်းသည် ၅ ရက်ကျောင်းပိတ်ထားသည့် အတွက် ထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော်များ ထိခိုက်မှုရှိကြောင်း သိရသည်။

    “ဆူးလေကုန်းရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဒီနေ့ မွန်းလွဲ ၁၂ နာရီကျော်မှာ ဗုံးကျဲသွားတယ်။ ကလေးတွေကျောင်း ၅ ရက်ပိတ်ထားလို့ အထိအခိုက်တော့မရှိဘူး။ ဗုံးကျဲခံရတဲ့နေရာတွေတော့ ပြာကျသွားပြီ သံဃာတော်တွေတော့ ထိခိုက်မှုရှိတယ်လို့ သိတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ ယမန်နေ့ မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်က ကသာမြို့၊ လေးထပ်ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့သည်။

    ထိုသို့ စစ်တပ်က စစ်ကိုင်းတိုင်းအတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို လေကြောင်းဖြင့် နေ့စဉ်ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။

  • ကသာမြို့ရဲ့ မြင်ရက်စရာမရှိသော အနိဋ္ဌာရုံများ

    ကသာမြို့ရဲ့ မြင်ရက်စရာမရှိသော အနိဋ္ဌာရုံများ

    ကသာမြို့၊ လေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲမှုအတွင်း သေဆုံးသွားသော အနည်းဆုံး ပြည်သူ ၅၀ ထက်မနည်း၏ အလောင်းများ၊ ဦးခေါင်းမဲ့ ခန္ဓာကိုယ်များ၊ အသားအပိုင်းအစများ နေရာအနှံ့ပြန့်ကျဲနေ၊ မီးလောင်ကျွမ်းပြီး အလောင်းပင် ပြန်မရတော့သူများလည်း အမြောက်အမြားရှိနေ

    စစ်ကိုင်းတိုင်း၊ ကသာမြို့၊ လေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကျဲမှုအတွင်း သေဆုံးသွားသော အနည်းဆုံး ပြည်သူ ၅၀ ထက်မနည်း၏ အလောင်းများ၊ ဦးခေါင်းမဲ့ ခန္ဓာကိုယ်များ၊ အသားအပိုင်းအစများ နေရာအနှံ့ပြန့်ကျဲနေပြီး မီးလောင်ကျွမ်း၍ အလောင်းပင် ပြန်မရတော့သူများ အမြောက်အမြားရှိနေကြောင်း ကသာမြို့နယ်အခြေစိုက် စစ်ဘေးရှောင်များကို ကူညီနေသူတချို့က ပြောဆိုသည်။

    မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ နှင့် တော်လှန်ရေးအင်အားစု (PDF) များ တိုက်ပွဲများဖြစ်ပွားကြောင်း၊ တိုက်ပွဲများမှာ ပန်းပဲကုန်းဘက်အထိပါ ကူးစက်သွားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ နံနက် ၁၀ နာရီကျော်အချိန် စစ်တပ်က ရပ်ကွက် ၃ ရှိ လေးထပ်ဘုန်းကြီး ကျောင်း နှင့် ပန်းပဲကုန်းဘက်သို့ လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောင်း သိရှိရသည်။

    “ခေါင်းပြတ်သွားတဲ့ သံဃာတော် ၁ ပါး၊ ကလေးအလောင်း၊ အမျိုးသမီး၊ အမျိုးသား အလောင်းတွေ ပြန်ရတာကတော့ ၁၀ ဦးလောက်ရှိမယ်။ လေးထပ်ကျောင်းဆောင်ပင်မဆောင်ကြီး မီးလောင်သွားတယ်။ အဲဒီအထဲမှာလည်း ကိုယ်ခန္ဓာအပိုင်းအပြတ်တွေ အများကြီးတွေ့တယ်။ မီးလောင်သွားတဲ့ အလောင်းတွေရှိတယ်။ အခု ပြန်ရတာတင် အလောင်း ၂၀ လောက်ရှိတယ်။ အစအနတွေလည်း များတယ်။ တကယ်တော့ အဲဒီဘုန်းကြီးကျောင်းက စစ်ရှောင်ပြည်သူ ၂၀၀ ဝန်းကျင်လောက် စစ်ဘေးခိုလှုံနေတာ။ ချက်ချင်းစာရင်းကောက်ဖို့ကလည်း မဖြစ်နိုင်ဘူး။ ခန့်မှန်းခြေသေဆုံးသူ ၅၀ ထက်မနည်း ရှိပါတယ်” ဟု ကသာမြို့အခြေစိုက် စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ရှင်းပြသည်။

    ယင်းအပြင် ပန်းဘဲကုန်းဘက်တွင်လည်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း၊ ဒဏ်ရာရရှိသူများတွင် ဒဏ်ရာ အလွန်ပြင်းထန်၍ အသက်အန္တရာယ်စိုးရိမ်ရသူ အများအပြား ပါဝင်ကြောင်း သိရှိရသည်။

    လက်ရှိတွင် စစ်တပ်က ကသာမြို့ကို ပိတ်ဆို့ထားပြီး ပြည်သူများကိုလည်း ထွက်ခွင့်မပေးကြောင်း၊ ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ တပ်ရင်းက မြို့နေရာအနှံ့အပြားတွင် နေရာယူထားကြောင်း၊ တော်လှန်ရေးတပ်များနှင့်စစ်တပ်အကြား စစ်ရေးတင်းမာနေပြီး ကသာအကျဉ်းထောင်တွင် လုံခြုံရေး ထူထပ်စွာ ချထားကြောင်း သိရှိရသည်။

    “တပ်က မြို့နေရာအတော်များများမှာ နေရာယူထားတယ်။ ထောင်ဘက်မှာလည်း သံချပ်ကာကားတွေပါ ချထားတယ်။ စစ်ရေးကတော့ တင်းမာနေတယ်။ တပ်က မြို့ကို ပိတ်ထားတာ။ ပြည်သူတွေလည်း ထွက်မရသလို တော်လှန်ရေးတပ်တွေလည်း မဝင်နိုင်အောင် ပိတ်ဆို့ထားတဲ့သဘောလို့ ပြောလို့ရတယ်” ဟု ကသာအခြေစိုက် ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ကသာမြို့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

  • စစ်ပွဲကို ‘ချက်ချင်း’ အဆုံးသတ်နိုင်သော်လည်း အီရန်’နာလန်မထူနိုင်အောင်’ ဆက်တိုက်သွားမည်ဟု ထရမ့် ပြော

    စစ်ပွဲကို ‘ချက်ချင်း’ အဆုံးသတ်နိုင်သော်လည်း အီရန်’နာလန်မထူနိုင်အောင်’ ဆက်တိုက်သွားမည်ဟု ထရမ့် ပြော

    အီရန်အပေါ် စစ်ရေးအရ အရေးယူမှုများကို ‘ယခုချက်ချင်း’ အဆုံးသတ်နိုင်သလို၊ အီရန်၏ စစ်ဘက် ဆိုင်ရာစွမ်းဆောင်ရည်များကို ဆယ်စုနှစ်တခုအတွင်း ပြန်လည်တည်ဆောက်နိုင်စွမ်းမရှိအောင် အမေရိ ကန်က လုပ်ဆောင်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့တွင် ပြောကြားလိုက်သည်။

    သို့သော် ယင်းမှာ “လက်ခံနိုင်ဖွယ်ရှိသော အခြေအနေမျိုး မဟုတ်ကြောင်း” ဒေါ်နယ်ထရမ့်က အမ်အက်စ်နောင်းသတင်းဌာနမှ စတီဖနီ ရူးလ်နှင့် ဖုန်းဖြင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

    အချိန်၁၅ မိနစ်ခန့်ကြာမြင့်သည့် ဖုန်းဖြင့် မေးမြန်းခန်းတွင် ထရမ့်က “ကျွန်တော်တို့ အခုချက်ချင်း ထွက်ခွာသွားမယ်ဆိုရင်တောင် အီရန်က ပြန်လည်တည်ဆောက်ဖို့ အနည်းဆုံး ၁၀ နှစ် ကြာပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ကလည်း ပြန်လည်တည်ဆောက်ကြမှာပဲ” ဟု ဆိုသည်။

    “ကျွန်တော်တို့ အဲဒီမှာ ကြာကြာနေမယ်ဆိုရင်တော့ သူတို့ ဘယ်တော့မှ ပြန်မတည်ဆောက်နိုင်တော့ ဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

    ထရမ့်၏ မှတ်ချက်စကားများသည် ဆန်ဒီယာဂိုမှ နောက်ထပ် မရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ ခန့်ကို အရှေ့ အလယ်ပိုင်းသို့ ပင်တဂွန်က စေလွှတ်ထားကြောင်း သတင်းများက ဖော်ပြပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

    ယင်းသည် ပြီးခဲ့သည့် တပတ်အတွင်း အရှေ့အလယ်ပိုင်းသို့ အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ကို ဒုတိယအကြိမ်မြောက် စေလွှတ်ခြင်း ဖြစ်သည်။

    အီရန်သို့ မြေပြင်တပ်ဖွဲ့များ စေလွှတ်မည်မဟုတ်ကြောင်း ထရမ့်က ကြာသပတေးနေ့က အိမ်ဖြူတော် အိုဗယ်ရုံးခန်းတွင် ပြောကြားခဲ့သည်။

    သို့သော် ထိုနေ့နှောင်းပိုင်းတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အီရန်တွင် ထိရောက် သော အစိုးရအပြောင်းအလဲဖြစ်စေရန် “မြေပြင်စစ်ဆင်ရေး ပါဝင်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

    ၎င်းတို့အနေဖြင့် နောက်ဆုံးတွင် “အခွင့်အရေးကို အရယူကြရမည်” ဟု ဆိုပြီး၊ ဘင်ဂျမင်နေတန်ယာဟု ၏ ယင်းမှတ်ချက်စကားများသည် အီရန်ပြည်သူများကို ရည်ညွှန်းပုံရသည်။ သို့သော် “မြေပြင်စစ်ဆင် ရေး” အတွက် “ဖြစ်နိုင်ခြေများစွာ ရှိနေသည်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

    သောကြာနေ့က စတီဖနီ ရူးလ်နှင့် အင်တာဗျူးရာတွင် ဒေါ်နယ်ထရမ့်က အီရန်နှင့် ပတ်သက်၍ အမေရိကန်နှင့် အစ္စရေးတို့တွင် “အလွန်တူညီသော” ရည်မှန်းချက်များ ရှိကြကြောင်း ပြောဆိုခဲ့သည်။

    “ကွာခြားချက်ကတော့ အစ္စရေးက အီရန်နဲ့ အိမ်နီးချင်းတွေဖြစ်ပြီး ကျွန်တော်တို့ကတော့ မဟုတ်ဘူး။ အဲဒါက ကြီးမားတဲ့ ကွာခြားချက်ပဲ” ဟု ထရမ့် က ဆိုသည်။

    စစ်ပွဲ၏ ပထမသီတင်းသုံးပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အယာတိုလာ အလီ ခါမေနီ အပါအဝင် အီရန်အစိုးရအဖွဲ့ဝင် အမြောက်အမြား သေဆုံးခဲ့ရသဖြင့် လက်ရှိအီရန်၏ ခေါင်းဆောင်မှု အပိုင်းမှာ ရှင်းလင်းမှုမရှိကြောင်း နေတန်ယာဟုနှင့် ထရမ့်က ပြောကြားခဲ့သည်။

  • ကျောက်ဖြူသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရ

    ကျောက်ဖြူသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရ

    ကျောက်ဖြူသို့ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၂ ဒါဇင်ကျော် သေဆုံး

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တပ်အပြောင်းအလဲများ ပြုလုပ်၍ ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်စစ်ကြောင်းနှစ်ခု နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရသဖြင့် နှစ်ဒါဇင်ကျော် သေဆုံးကာ အထိနာသွားကြောင်း သိရသည်။

    မတ်လ ၁၇ ရက်နေ့တွင် မင်းပြင်နှင့် သိုင်းချောင်ကျေးရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းကို အာရက္ခတပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၂၅ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

    အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် မတ် ၁၆ ရက်နေ့ကလည်း အဆိုပါကျေးရွာများအနီးမှာပင် တိုက်ခိုက်ခံရသဖြင့် တပ်ပျက်ကာ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

    ‎”ကျောက်ဖြူမြို့ရဲ့ တောင်ဘက် နေရာအစုံမှာ တိုက်ပွဲတွေကရှိနေတယ်။ စကခ ၅ရဲ့အခြေအနေကတော့ အဖွင့်လှတယ်ပေါ့နော်။ နှစ်ရက်ဆက်တိုက် စစ်ကြောင်းပြုတ်အောင်တိုက်ခံလိုက်ရတယ်ပေါ့” ဟု စစ်ရေးသိရှိသူ ကျောက်ဖြူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်သည် ကျောက်ဖြူတွင် ရှိနေသည့် တပ်မ (၁၁) ကို ပြန်လည်ခေါ်ယူပြီးနောက်၊ တောင်ကုတ် ဘက်တွင် တပ်ပျက်သွားသည့် စကခ-၅ မှ အင်အား ၄၀၀ ခန့်ကို ကျောက်ဖြူစစ်မျက်နှာသို့ အစားထိုး ပို့ဆောင်ထားခြင်း ဖြစ်သည်။

    ထိုသို့ တိုက်ပွဲများတွင် အရေးနိမ့်နေသဖြင့် စစ်ကော်မရှင်က ဒိုးတောင်ကျေးရွာကို မတ်လ ၁၈ ရက်နေ့တွင် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သား သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် သိုင်းချောင်း၊ မင်းပြင်၊ ချောင်းမြှောင်နှင့် ပျားချိန်ကျေးရွာများတွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးလှုပ်ရှားနေသဖြင့် AA နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

    ပုံစာ-စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ (ပုံဟောင်း)