Category: News

  • ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျ

    ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျ

    ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ပေါ်ရှိ ကောင်းထက်ဆီဆိုင် မီးလောင်ပြီး ဆီဆိုင်တစ်ခုလုံးပြာကျသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ မေလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝါးခယ်မမြို့ တံတားအဆင်းရှိ ကောင်းထက် ဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထို မီးလောင်မှုဖြစ်ပွားသည့် အကြောင်းအရင်းကို မသိရှိရသေးဘဲ မီးလောင်မှု အတွင်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

    “ဘယ်ကနေ စလောင်တာလဲဆိုတာတော့ မသိရသေးဘူး။ လူထိခိုက်မှုတော့မရှိဘူးလို့ သိရတယ်။ ဆီဆိုင် တစ်ဆိုင်လုံးကတော့ မီးလောင်ပြာကျသွားတယ်” ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

    အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆီတင်မော်တော်များက ကုန်ကားများပေါ်သို့ ဆီရိုက်တင်နေစဉ် အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ ထိုမီးလောင်မှုကြောင့် မော်တော် ၂၂ စီးနှင့် ကုန်ကား ၂ စီး မီးကူးဆက်လောင်ကျွမ်းခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

  • ဘီးလင်းတွင် အာဝါဒေးပွဲပြန်လူငယ် ၂၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး

    ဘီးလင်းတွင် အာဝါဒေးပွဲပြန်လူငယ် ၂၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး

    ဘီးလင်းတွင် အာဝါဒေးပွဲပြန်လူငယ် ၂၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးကာ တစ်ဦးလျှင် သိန်း ၃၀၀ ဖြင့် ပြန်ရွေးခိုင်းနေ၊ စစ်မှုထမ်းအကြောင်းပြ ငွေညှစ်မှုများ တိုင်ကြားသော်လည်း အရေးမယူ

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ကျင်းပပြုလုပ်သည့် အာဝါဒေးဖျော်ဖြေရေးပွဲမှ ပြန်လာသော လူငယ် ၂၃ ဦးကို အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးနောက် တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀၀ အထိ ပေးဆောင်ကာ ပြန်လည်ရွေးချယ်ခိုင်းနေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

    ဧပြီလ ၂၇ ရက်နေ့ နှင့် ဧပြီလ ၂၈ ရက်နေ့ ညပိုင်းများတွင် ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာနှင့် နှင်းပုလဲကျေးရွာအကြား ပြုလုပ်နေသော အာဝါဒေးဖျော်ဖြေရေးပွဲမှ ပြန်လာသော လူငယ်များကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

    ဖမ်းဆီးခံရသူများမှာ အသက် ၁၅ နှစ်မှ ၂၅ နှစ်အရွယ် အမျိုးသားများဖြစ်ကြပြီး လက်ရှိတွင် ၎င်းတို့အား မိသားစုနှင့် တွေ့ဆုံခွင့်မပေးဘဲ မော်လမြိုင်မြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်အတွင်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    စစ်ကောင်စီတပ်သည် ဖမ်းဆီးထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးရန်အတွက် ငွေကြေးအမြောက် အမြား တောင်းခံနေကြောင်း သိရှိရသည်။

    “စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးထားသူတွေကို မိသားစုနှင့်တွေ့ခွင့်မပေးဘူး။ စစ်ခွေး ပေါ်တာဆွဲဖမ်းဆီးထားသူများကို တစ်ဦးလျှင် သိန်း ၂၀၀ ကနေ သိန်း ၃၀၀ နဲ့ ပြန်ရွေးခိုင်းတယ်။ လက်ရှိမှာ စစ်ခွေးတွေ ဖမ်းဆီးထားတဲ့သူတွေကို မော်လမြိုင်မြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ်ထဲကို ပို့ဆောင်လိုက်တယ်လို့ သိရတယ်။”ဟု ဒေသခံသတင်းရင်းမြစ်က ရှင်းပြသည်။

    ယခုကဲ့သို့ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်သည့်လုပ်ရပ်ကြောင့် ဒေသခံပြည်သူများနှင့် မိသားစုဝင်များအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေသည်။

    အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေကျော်ကြီးကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ကျော်လွင်က စစ်မှုထမ်းကြေးများကို ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံမှ အဓမ္မကောက်ခံနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ညောင်လေးပင်မြို့နယ်၊ ရေကျော်ကြီးကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်လွင်က ကျေးရွာရှိ အိမ်ထောင်စုတစ်စုလျှင် လစဉ် ငွေကျပ် ၅ သောင်းစီ အတင်းအဓမ္မ ထည့်ဝင်ခိုင်းနေကြောင်း၊ စစ်မှုထမ်းကြေးမပေးနိုင်သော မိသားစုများကို စစ်တပ်နှင့်ရဲခေါ်ကာ အတင်းအကျပ် ခြိမ်းခြောက်ကောက်ခံနေကြောင်း သိရှိရသည်။

    “ရွာသားတွေမှာ စစ်မှုထမ်းကြေး မတရားတောင်းတော့ အရမ်းကို ဒုက္ခရောက် ကျပ်တည်းကြတယ်။ စီးပွားရေးကလည်း မပြေလည်ဘူး” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    လက်ရှိတွင် ရေကျော်ကြီးကျေးရွာသားများသည် စစ်မှုထမ်းရန်အတွက် စစ်မှုထမ်းကြေး မပေးနိုင်သူများ၏ လယ်ယာမြေများကို သိမ်းယူမည်ဟုဆိုကာ ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ပြည်သူများအကြားတွင် ပေါ်ပေါ်တင်တင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေသော အကြမ်းဖက်စစ်တပ်မှ စစ်သားများ။

  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆို

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆို

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆို

    မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့က တောင်းဆိုလိုက်ကြသည်။

    ဧပြီလ ၃၀ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံနေရသည့်နေရာကို ပြောင်းလဲလိုက်ပြီး သတ်မှတ်ထားသည့်နေအိမ်တွင် ပြစ်ဒဏ်များ ဆက်လက်ကျခံရန် အကြမ်းဖက်စစ်တပ်က ပြောင်းလဲ သတ်မှတ်ခဲ့သည်။

    အမေရိကန်ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည်အား “ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန်” ဆက်လက်တောင်းဆိုလိုက်ပြီး သူမ၏ ကျန်းမာရေးအခြေအနေကြောင့် လုံလောက်သည့် ဆေးကုသမှု ရရှိစေရန် စစ်ကောင်စီကို တိုက်တွန်းခဲ့လိုက်သည်။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနှင့် ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် ဆက်လက်တောင်းဆိုပါသည်” ဟု ပြောကြားသည်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်သို့ ပြောင်းရွှေ့မှုကို မှတ်သားထားပြီး၊ မတရားဖမ်းဆီးခံထားရသူအားလုံးကို “မြန်မြန်ဆန်ဆန်နှင့် ခြွင်းချက်မရှိ” လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ခိုင်မာသည့် နိုင်ငံရေးအဖြေရှာမှုသည် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုအပေါ်တွင်သာ အခြေခံရမည်ဟု ၎င်းက ဆိုသည်။

    ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး “ကောင်း မွန်သော အဆင့်များ” အဖြစ် ရှုမြင်ကြောင်း ထုတ်ပြန်သည်။ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများ ထပ်မံလွတ်မြောက်လာရေးအတွက် ဂျပန်က မျှော်လင့်နေသည်ဟု ဂျပန်အစိုးရက သတင်းထုတ်ပြန်သည်။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံတွင် လူပေါင်းထောင်ချီ သေဆုံးကာ သန်းနှင့်ချီသော ပြည်သူများ နေရပ်စွန့်ခွာခဲ့ကြရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအတွင်း လူထုထောက်ခံမှု အများအပြား ရရှိထားဆဲဖြစ်သော်လည်း ပြင်ပနှင့် အဆက်အသွယ် လုံးဝဖြတ်တောက်ခံထားရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

  • ထရမ့် လူယုံ ရော်ဂျာစတုန်းကို လော်ဘီလုပ်ပေးရန် တစ်လ ဒေါ်လာ ၅ သောင်းဖြင့် စစ်အုပ်စု ငှား

    ထရမ့် လူယုံ ရော်ဂျာစတုန်းကို လော်ဘီလုပ်ပေးရန် တစ်လ ဒေါ်လာ ၅ သောင်းဖြင့် စစ်အုပ်စု ငှား

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လူသိများသော လူယုံတစ်ဦးဖြစ်သူ ရော်ဂျာစတုန်းသည် မြန်မာနှင့် အမေရိကန်တို့၏ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန် စစ်အုပ်စု၏ လော်ဘီအဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။

    ရော်ဂျာစတုန်းသည် အမေရိကန်နိုင်ငံ၏ Foreign Agents Registration Act (FARA) ဥပဒေအရ နိုင်ငံခြားအကျိုးစီးပွားကို ကိုယ်စားပြု လုပ်ဆောင်နေသူအဖြစ် တရားဝင် မှတ်ပုံတင်ထားသူ ဖြစ်သည်။

    သူသည် နိုင်ငံရေးလောကတွင် အတွေ့အကြုံများပြီး ထရမ့်နှင့် ဆယ်စုနှစ်များစွာကြာ ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်သည်။ စတုန်းသည် မြန်မာစစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနအတွက် လော်ဘီလုပ်ပေးရန် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် ငှားရမ်းခြင်းခံရကြောင်း ဧပြီလ ၂၉ ရက်နေ့တွင် တင်သွင်းခဲ့သည့် FARA မှတ်တမ်း၌ ဖော်ပြထားသည်။

    အဆိုပါ ဥပဒေသည် နိုင်ငံခြားအစိုးရ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းများအတွက် အကျိုးဆောင် လော်ဘီလုပ်ပေးမည်သူများအနေဖြင့် မဖြစ်မနေ မှတ်ပုံတင်ရသည့် ဥပဒေတရပ်ဖြစ်သည်။

    စတုန်းသည် မြန်မာစစ်အုပ်စုနှင့် အမေရိကန်အစိုးရတို့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ သဘာဝသယံဇာတနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးကိစ္စများကို အဓိကထား ဆောင်ရွက်သွားမည်ဟုလည်း မှတ်တမ်းတွင် ပါရှိသည်။

    ရီပတ်ဘလီကန်ပါတီနှင့် ဆက်နွှယ်မှုရှိသော အမေရိကန်အခြေစိုက် DCI လော်ဘီအဖွဲ့ကို စစ်အုပ်စုက ငှားရမ်းထားရာယင်းအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် စတုန်းကို ယခုကဲ့သို့ ငှားရမ်းလိုက်ခြင်း ဖြစ်သည်။

    စတုန်းသည် ထရမ့်၏ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အလွတ်သဘော အကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး ထရမ့် သမ္မတသက်တမ်းတစ်လျှောက်လုံးတွင်လည်း အမာခံထောက်ခံသူတစ်ဦးဖြစ်ခဲ့သည်။

    ရုရှားက အမေရိကန် ရွေးကောက်ပွဲအတွင်း ဝင်ရောက်စွက်ဖက်မှုကို စုံစမ်းစစ်ဆေးရာတွင် စတုန်းသည် ကွန်ဂရက်လွှတ်တော်သို့ လိမ်လည်ပြောဆိုမှု၊ သက်သေများကို နှောင့်ယှက်မှု အပါအဝင် ပြစ်မှုများဖြင့် ၂၀၁၉ ခုနှစ်တွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်တွင် ထရမ့်က သူ့ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အုပ်စုက အာဏာသိမ်းယူခဲ့ပြီးနောက် အရပ်သားအစိုးရအဖြစ် ဟန်ပြပုံဖော်၍ နိုင်ငံတကာတွင် ပုံရိပ်ကောင်းရရန် ကြိုးပမ်းနေချိန်တွင် စတုန်း၏အခန်းကဏ္ဍ ယခုကဲ့သို့ ပေါ်ထွက်လာခြင်းဖြစ်သည်။

    အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဒီမိုကရေစီ အခြေခံအဖွဲ့အစည်းများကို ဖျက်ဆီးမှုများကြောင့် အမေရိကန်အစိုးရသည် စစ်ခေါင်းဆောင်များအပေါ် ကန့်သတ်ပိတ်ဆို့မှု အမျိုးမျိုးကို ချမှတ်ထားသည်။

  • အီရန်စစ်ပွဲတွင် အသံထက်မြန်သော “Dark Eagle” ဒုံးကျည်စနစ်ကို အသုံးပြုရန် အမေရိကန် စီစဉ်

    အီရန်စစ်ပွဲတွင် အသံထက်မြန်သော “Dark Eagle” ဒုံးကျည်စနစ်ကို အသုံးပြုရန် အမေရိကန် စီစဉ်

    အမေရိကန်နှင့် အီရန်အကြား အပစ်အခတ်ရပ်စဲရေးမှာ ထိလွယ်ရှလွယ်ဖြစ်နေချိန်တွင် အမေရိကန်က အီရန်ပဋိပက္ခတွင် အဆင့်မြင့်ဆုံးလက်နက်စနစ်တခုဖြစ်သည့် “Dark Eagle” ဟု လူသိများသော အသံ ထက်မြန်သောဒုံးကျည်စနစ်ကို ဖြန့်ကြက်ရန် စီစဉ်နေသဖြင့်၊ ယင်းမှာ တင်းမာမှုကို အဆင့်သစ်တခုသို့ ရောက်ရှိသွားနိုင်သည့် အခြေအနေဖြစ်ကြောင်း သတင်းများက ဆိုသည်။

    တရားဝင်အားဖြင့် “တာဝေးပစ် အသံထက်မြန်သောလက်နက်” ဟု ခေါ်ဆိုသည့် ယင်းလက်နက်စနစ်မှာ အပြည့်အဝအသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေး သော်လည်း ခွင့်ပြုချက်ရရှိပါက ယင်းသည် အမေရိကန်က တိုက်ရိုက်ပဋိပက္ခတခုအတွင်း အသံထက် မြန်သောလက်နက်ကို ပထမဆုံးအကြိမ် ဖြန့်ကြက်အသုံးပြုခြင်း ဖြစ်လာမည်ဖြစ်သည်။

    Dark Eagle ဆိုသည်မှာ မည်သည့်အရာနည်း

    “Dark Eagle” သည် အခိုင်အမာကာကွယ်ထားသည့် ပစ်မှတ်များနှင့် အချိန်နှင့်တပြေးညီ တိုက်ခိုက်ရန် လိုအပ်သော ပစ်မှတ်များကို တာဝေးမှ တိကျစွာပစ်ခတ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည့် မြေပြင်အခြေစိုက် အသံထက်မြန်သောဒုံးကျည် ဖြစ်သည်။

    အစဉ်အလာ ပဲ့ထိန်းဒုံးကျည်များနှင့်မတူဘဲ ယင်းဒုံးကျည်သည် အသံထက်မြန်သော လျောစီးယာဉ်ကို အသုံးပြုထားကာ အသံထက် ငါးဆကျော် ပိုမြန်ပြီး၊ ပျံသန်းနေစဉ်အတွင်း လမ်းကြောင်းပြောင်းလဲနိုင် သည်။

    ထိုသို့ အလွန်မြန်သော အရှိန်နှင့် ခန့်မှန်းရခက်သော လမ်းကြောင်းပြောင်းလဲနိုင်စွမ်းတို့ကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များက ခြေရာခံရန် (သို့မဟုတ်) ကြားဖြတ်ဟန့်တားရန် အလွန်ခက်ခဲ စေသည်။

    Dark Eagle အကြောင်း သိကောင်းစရာ

    Dark Eagle ဆိုသည်မှာ မည်သည့်အရာနည်း

    ယင်းသည် အခိုင်အမာကာကွယ်ထားသော ပစ်မှတ်များကို တာဝေးမှ တိကျစွာပစ်ခတ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အမေရိကန်ကြည်းတပ်သုံး မြေပြင်အခြေစိုက် အသံထက်မြန်သော ဒုံးကျည် ဖြစ်သည်။

    မည်မျှ မြန်သနည်း

    ယင်းသည် အသံထက် ငါးဆကျော် ပိုမြန်သဖြင့် ရန်သူ့က ခြေရာခံရန်နှင့် ကြားဖြတ်ဟန့်တားရန် အလွန်ခက်ခဲသည်။

    မည်သည့် အကာအဝေးအထိ ပစ်ခတ်နိုင်သနည်း

    မိုင်ပေါင်း ၁,၇၀၀ (ကီလိုမီတာ ၂,၇၀၀ ခန့်) အထိ ပစ်ခတ်နိုင်သဖြင့် ရန်သူ့နယ်မြေအတွင်းပိုင်း အထိ နက်ရှိုင်းစွာ တိုက်ခိုက်နိုင်သည် ။

    မည်သည့်အရာများကို ပစ်မှတ်ထားနိုင်သနည်း

    လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ကွပ်ကဲမှုဗဟိုဌာနများ၊ ဒုံးကျည်ပစ်စင်များနှင့် အခြား တန်ဖိုးကြီး အရေးပါသော ပစ်မှတ်များကို တိုက်ခိုက်နိုင်သည်။

    အမေရိကန်က အဘယ်ကြောင့် ဖြန့်ကြက်ရန် စဉ်းစားနေသနည်း

    အီရန်က ယင်း၏ အဓိကစစ်လက်နက်ပစ္စည်းများကို လက်ရှိအမေရိကန်တပ်ဖွဲ့များ လက်လှမ်း မမီနိုင်သော နေရာများသို့ ရွှေ့ပြောင်းထားခြင်းကြောင့် ပိုမိုဝေးကွာသော ပစ်မှတ်များကို တိုက်ခိုက်နိုင်မည့် လက်နက်ကို အသုံးပြုရန် စဉ်းစားလာခြင်းဖြစ်သည်။

    လက်ရှိတွင် အသုံးပြုနေပြီလား

    အပြည့်အဝ အသုံးမပြုနိုင်သေးပါ။ “Dark Eagle” မှာ အပြည့်အဝ အသုံးပြုနိုင်သည့်အဆင့်သို့ ရောက်ရှိကြောင်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးဘဲ၊ ယခုဖြန့်ကြက်မှုမှာ ပထမဆုံး စစ်မြေပြင်အသုံးပြုမှု ဖြစ်လာနိုင်သည်။

    ကုန်ကျစရိတ် မည်မျှရှိသနည်း?

    ဒုံးကျည်တစင်းလျှင် အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းရပြီး လက်ရှိတွင် အရေအတွက် အကန့်အသတ်ဖြင့်သာ ရှိသည်။

    စစ်ပွဲရလဒ်ကို ပြောင်းလဲနိုင်သလား

    ယင်းသည် တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်သော်လည်း အရေအတွက် အကန့်အ သတ်ရှိနေခြင်းနှင့် စစ်မြေပြင်တွင် စမ်းသပ်ရခြင်းမရှိသေးခြင်းတို့ကြောင့် ယင်းလက်နက်တခု တည်းဖြင့် စစ်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်လိမ့်မည်မဟုတ်ဟု လေ့လာဆန်းစစ်သူများက ဆိုကြသည်။

    ယင်းဒုံးကျည်သည် မိုင်ပေါင်း ၁,၇၀၀ (ကီလိုမီတာ ၂,၇၀၀ ခန့်) အကွာအဝေးအထိ ပစ်ခတ်နိုင်သည်ဟု ယူဆရပြီး၊ ယင်းထက်ပင် ပိုမိုပစ်ခတ်နိုင်သည်ဟု အချို့က ဆိုကြသည်။

    ယင်းကို ရန်သူ့နယ်မြေအတွင်းပိုင်းရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ကွပ်ကဲမှုဗဟိုဌာနများနှင့် ဒုံးကျည်ပစ်စင်များကဲ့သို့သော အရေးပါသည့်ပစ်မှတ်များကို တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားသည်။

    ဒုံးကျည်တစင်းလျှင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် ကုန်ကျပြီး လက်ရှိတွင် အရေအတွက် အကန့်အသတ်ဖြင့်သာ ရှိနေခြင်းက ယင်းလက်နက်သည် အကျိုးသက်ရောက်မှုကြီးမားသည့် ပစ်မှတ် များကို ရွေးချယ်တိုက်ခိုက်ရာတွင်သာ အသုံးပြုမည့် အမျိုးအစားဖြစ်ကြောင်း ပေါ်လွင်စေသည်။

    အမေရိကန်က မည်သည့်အတွက် ဖြန့်ကြက်ရန် စဉ်းစားနေသနည်း။

    အမေရိကန်အရာရှိများကို ကိုးကား၍ ထွက်ပေါ်လာသော သတင်းများအရ အီရန်က အဓိကစစ် လက် နက်ပစ္စည်းများကို လက်ရှိအမေရိကန်၏ တိကျပစ်ခတ်မှုစနစ်များ လက်လှမ်းမမီနိုင်သော နေရာများသို့ ရွှေ့ပြောင်းထားကြောင်း သိရပြီးနောက်၊ အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က Dark Eagle ကို ဖြန့်ကြက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

    အမေရိကန်က အီရန်စစ်ပွဲတွင် ကျင့်သုံးနေသော လက်ရှိမဟာဗျူဟာကို ချိန်ညှိနေစဉ်အတွင်း ယခုကဲ့သို့ အပြောင်း အလဲများပေါ်ပေါက်လာခြင်း ဖြစ်သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ စီးပွားရေးကို အကျပ်ကိုင်ရန်အတွက် ရေတပ်ဖြင့် ပိတ်ဆို့မှုကိုသာ အဓိကထား လုပ်ဆောင်နေပြီး ယင်းမှာ “ဗုံးကြဲခြင်းထက် ပိုမိုထိရောက်သည်” ဟု ဆိုထားသည်။

    တချိန်တည်းမှာပင် ပင်တဂွန်စစ်ဌာနချုပ်က သံတမန်ရေးရာနည်းလမ်းများ မအောင်မြင်ခဲ့ပါက အသုံးပြု နိုင်မည့် စစ်ရေးရွေးချယ်စရာများကို ဆက်လက်ပြင်ဆင်နေသည်။

    Dark Eagle ကို ဖြန့်ကြက်ခြင်းဖြင့် အမေရိကန်သည် လေကြောင်းမှ အကြီးအကျယ် တိုက်ခိုက်မှုများကို ချက်ချင်းလုပ်ဆောင်ရန် မလိုဘဲ၊ လက်ရှိတွင် လက်လှမ်းမီရန် ခက်ခဲသော ရန်သူ့နယ်မြေအတွင်းပိုင်းရှိ အခိုင်အမာကာကွယ်ထားသည့် ပစ်မှတ်များကို ထိုးဖောက်တိုက်ခိုက်နိုင်စွမ်း ပိုမိုမြင့်မားလာမည် ဖြစ်သည်။

    စစ်ပွဲအလှည့်အပြောင်းဖြစ်စေမည့် လက်နက်ဖြစ်သလား

    အသံထက်မြန်သောလက်နက်များကို စစ်ပွဲအလှည့်အပြောင်းဖြစ်စေမည့် လက်နက်များအဖြစ် ဖော်ပြ လေ့ရှိသော်လည်း၊ အနည်းဆုံးအားဖြင့် လက်ရှိအချိန်တွင် ယင်းတို့၏ အကျိုးသက်ရောက်မှုကို လွန်ကဲစွာ မခန့်မှန်းရန် လေ့လာဆန်းစစ်သူများက သတိပေးထားသည်။

    အမေရိကန်၏ အသံထက်မြန်သောလက်နက် အစီအစဉ်မှာ ဖွံ့ဖြိုးဆဲအဆင့်မှာပင် ရှိနေသေးပြီး “Dark Eagle” ကိုလည်း စစ်မြေပြင်တွင် အသုံးပြုဖူးခြင်း မရှိသေးပေ။ ထို့ပြင် လက်နက်အရေအတွက် အကန့် အသတ်ဖြင့်သာ ရှိနေခြင်းကြောင့် ၎င်းကို စစ်ပွဲ၏ အဓိကလက်နက်အဖြစ် သုံးမည့်အစား အရေးပါသော နေရာများတွင်သာ ရွေးချယ်အသုံးပြုဖွယ် ရှိသည်။

    ပို၍အရေးကြီးသည်မှာ မည်မျှပင်အဆင့်မြင့်သော စစ်ရေးဖိအားဖြစ်စေကာမူ အီရန်တွင် နိုင်ငံရေး ရည်မှန်းချက်များကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည့် မဟာဗျူဟာမြောက် မေးခွန်းမှာ အဖြေမထွက်သေးခြင်းဖြစ်သည်။

    ယခင်က အမေရိကန်၏ တိုက်ခိုက်မှုများသည် ကြီးမားသော ထိခိုက်ပျက်စီးမှုများ ဖြစ်စေခဲ့သော်လည်း အဆုံးအဖြတ်ပေးနိုင်သည့် ရလဒ်မျိုး မရရှိခဲ့သဖြင့် နည်းပညာတခုတည်းဖြင့် စစ်ရေးအသာစီးရမှုကို ပြောင်းလဲနိုင်လိမ့်မည်မဟုတ်ကြောင်း သုံးသပ်ရသည်။

    ယင်းက မည်သည့်အချက်ကို အရိပ်အယောင်ပြနေသနည်း။

    အမှန်တကယ် ဖြန့်ကြက်ခြင်းမပြုရသေးသော်လည်း “Dark Eagle” ကို အသုံးပြုရန် စဉ်းစားခြင်းသည် ပင် ရှင်းလင်းသော သတိပေးချက်တခု ပေးပို့လိုက်ခြင်းဖြစ်သည်။

    ယင်းက ဝါရှင်တန်၏ အဓိကမဟာဗျူဟာမှာ စီးပွားရေးပိတ်ဆို့မှုမှတဆင့် ဖိအားပေးရန်ဖြစ်သော်လည်း အဆင့်မြင့်တိုက်ခိုက်မှုဆိုင်ရာ ရွေးချယ်စရာများကိုလည်း အဆင်သင့်ပြင်ထားကြောင်းကိုလည်း ဖော်ပြနေသည်။

    တချိန်တည်းမှာပင် အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်သည် အီရန်၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် “တိုတောင်းသော်လည်း ပြင်းထန်သော” တိုက်ခိုက်မှုများအတွက် အစီအစဉ်များ ပြင်ဆင်ထားကြောင်း သတင်းများက ဆိုနေကြပြီး၊ ယင်းမှာ လက်ရှိအပစ်အခတ်ရပ်စဲရေးမှာ မည်မျှအထိ ထိလွယ်ရှလွယ်ဖြစ်နေသည်ကို မီးမောင်းထိုးပြနေသည်။

    ပဋိပက္ခ အရှိန်မြင့်လာနိုင်ခြေရှိသည့် အန္တရာယ်များ

    ယခုပဋိပက္ခအတွင်း အသံထက်မြန်သောလက်နက်များ ပါဝင်လာခြင်းသည် တင်းမာမှုများကို သိသိ သာသာ မြင့်တက်စေမည်ဖြစ်ပြီး အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မှုများနှင့်အတူ ဒေသတွင်းစစ်ပွဲကြီး တခုအဖြစ်သို့ ကူးစက်သွားနိုင်သည့် အန္တရာယ်လည်း တိုးပွားစေပါသည်။

    အီရန်က စစ်ရေးစွမ်းဆောင်ရည်သစ်များကို ပြင်ဆင်နေကြောင်း အရိပ်အယောင်ပြထားရာ စီးပွားရေး ဖိအားပေးမှု၊ စစ်ရေးအင်အားပြမှုနှင့် လမ်းစပျောက်နေသော သံတမန်ရေးရာများ ရောယှက်နေသည့် ယင်းပဋိပက္ခမှာ ပိုမိုစိုးရိမ်စရာ ဖြစ်လာခဲ့သည်။

    ဆုံးဖြတ်ချက်မဟုတ်သေးသော သတိပေးချက်

    လက်ရှိအချိန်တွင် “Dark Eagle” ကို ဖြန့်ကြက်ရန်မှာ စဉ်းစားဆဲအဆင့်မှာပင် ရှိနေပါသေးသည်။ သို့သော် ယင်းက အီရန်စစ်ပွဲ၏ အဓိကအရှိတရားတခုကို မီးမောင်းထိုးပြနေသည်။

    ယင်းမှာ တိုက်ပွဲများခေတ္တရပ်နားထားသော်လည်း စစ်ရေးအရ အရှိန်မြှင့်တင်နိုင်ခြေမှာ အမြဲတစေ ရှိနေ သည်ဟူသောအချက်ပင် ဖြစ်သည်။

    ယင်းပဋိပက္ခသည် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ဦးတည်မလား (သို့မဟုတ်) တိုက်ပွဲများဆီသို့ ပြန်လည် ရောက်ရှိသွားမလား ဆိုသည်မှာ စီးပွားရေးဖိအားပေးမှုအပေါ်တွင်သာမက နှစ်ဖက်စလုံးက လက်ရှိချပြ ထားသော စစ်ရေးရွေးချယ်စရာများအပေါ် မည်သို့တုံ့ပြန်ကြမည်ဆိုသည့်အချက်အပေါ်တွင်လည်း အဓိက မူတည်နေပါသည်။