Category: News

  • ထိုင်းတွင် စီးပွားရေးကျပ်တည်းမှုကြောင့် စက်ရုံ ၁၀ ရုံထက်မနည်း ပိတ်သိမ်း

    ထိုင်းတွင် စီးပွားရေးကျပ်တည်းမှုကြောင့် စက်ရုံ ၁၀ ရုံထက်မနည်း ပိတ်သိမ်း

    မြန်မာလုပ်သားများ အလုပ်ထုတ်ခံရမှု မြင့်တက်နေ

    ထိုင်းနိုင်ငံအတွင်း စီးပွားရေးကျဆင်းမှုနှင့် စက်သုံးဆီပြဿနာများကြောင့် ယခုမတ်လအတွင်း မြန်မာ အလုပ်သမားများ လုပ်ကိုင်နေသည့် စက်ရုံ ၁၀ ရုံထက်မနည်း ပိတ်သိမ်းခြင်းနှင့် လူဦးရေ လျော့ချခြင်းများ ပြုလုပ်နေသဖြင့် မြန်မာလုပ်သားများ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

    လက်ရှိတွင် အလုပ်သမားဦးရေ လျော့ချခြင်းနှင့် စက်ရုံပိတ်သိမ်းခြင်းများကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသူ မြန်မာလုပ်သား အရေအတွက်မှာ ယခုရက်ပိုင်းအတွင်း၌ပင် ၂၀၀ နီးပါး ရှိလာကြောင်း မဟာမိတ်အဖွဲ့ (MHAC) ထံမှ သိရသည်။

    အချို့စက်ရုံများမှာ လုပ်သားများကို လုပ်အားခမပေးဘဲ ပိတ်သိမ်းသွားမှုများလည်း ရှိနေသည်။

    “လက်ရှိထိုင်းနိုင်ငံထဲမှာ စက်သုံးဆီဂယက်ပဲပြောရမလား ထိုင်းစီးပွားရေးကျတယ်ပဲပြောရမလား ။ ထိုင်းစီးပွားရေးကျတာအပြင် နောက်တစ်ချက်က ထိုင်းလူမျိုးတွေကို နာမည်ခံခိုင်းထားပြီး အပြင်က လာလုပ်တဲ့ တရုတ်လုပ်ငန်းရှင်တွေ များလာတယ်။ အဲ့ဒီစက်ရုံတွေကို ဧပြီလ ၁ ရက်နေ့ကစပြီး ထိုင်းအာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးတော့မယ်။ အဲ့ဒီအခြေအနေတွေနဲ့လည်း အခုစက်ရုံပိတ်တာတွေက ဆက်စပ်မယ်”ဟု အေအေစီရဲမင်းက ပြောသည်။

    ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က ထိုင်းနိုင်ငံရှိ အီလက်ထရောနစ် စက်ရုံတစ်ခုမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၄၇၂ ဦးအတွက် ရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့များဖြစ်သည့် MHAC၊ AAC နှင့် LPN တို့က ကူညီဆောင်ရွက်ပေးခဲ့ရာ နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၈ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

    ထိုင်းနိုင်ငံတွင် စီးပွားရေးကျဆင်းမှုအပြင် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စက်သုံးဆီ ရရှိမှု အခက် အခဲများ ရှိလာသဖြင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများ တွင်လည်း ရိုက်ခတ်မှုများ ရှိနေကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။

    ယခုကဲ့သို့ စက်ရုံများ ပိတ်သိမ်းမှု မြင့်တက်လာနိုင်သည့် အခြေအနေကြောင့် ထိုင်းရောက် မြန်မာ အလုပ်သမားများအနေဖြင့် ရရှိထားသည့် အလုပ်အကိုင်များ မပြုတ်စေရန် ဂရုတစိုက် နေထိုင်ကြရန်နှင့် ငွေကြေးများကို စနစ်တကျ စုဆောင်းထားကြရန် အလုပ်သမား အကူအညီပေးရေး အဖွဲ့များက သတိပေး တိုက်တွန်းထားသည်။

    ဓာတ်ပုံ – လူမှုကွန်ရက်

  • မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အဖွဲ့ဝင် တေးသံရှင် ပက်ထရစ်တင်ထွန်း ကွယ်လွန်

    မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အဖွဲ့ဝင် တေးသံရှင် ပက်ထရစ်တင်ထွန်း ကွယ်လွန်

    ရန်ကုန်တွင် စက်သုံးဆီတန်းစီရင်း အသက် ၆၉ နှစ်အရွယ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အဖွဲ့ဝင် တေးသံရှင် ပက်ထရစ်တင်ထွန်း ကွယ်လွန်

    ရန်ကုန်တွင် စက်သုံးဆီတန်းစီရင်း အသက် ၆၉ နှစ်အရွယ် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အဖွဲ့ဝင် တေးသံရှင် ပက်ထရစ်တင်ထွန်း ကွယ်လွန်သွားကြောင်း သိရှိရသည်။

    ယနေ့ မွန်းလွဲပိုင်း ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ ဟာမစ်တစ်မှတ်တိုင်အနီး စက်သုံးဆီအရောင်းဆိုင်တွင် အငှားယာဉ်ဖြင့် တေးသံရှင် ပက်ထရစ်တင်ထွန်း (ခေါ်) ဦးတင်ထွန်းက ဝင်ရောက်တန်းစီခဲ့ကြောင်း၊ ယင်းနောက် ဆီတန်းစီရင်း သတိလစ်သွားရာ ဆေးရုံသို့ ပို့ဆောင်နေစဉ်မှာပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

    “သူကြည့်ရတာ သွေးတိုးရှိတယ်ထင်တယ်။ နေကလည်း တအားပူတယ်။ ဆေး ရုံပို့မယ့်အချိန်မှာပဲ ယာဉ်မောင်း ဆုံးသွားပြီ။” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့ရသူ ယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။

    သေဆုံးသူ တေးသံရှင် ပက်ထရစ် တင်ထွန်း (ခ) ဦးတင်ထွန်းသည် ၁၉၅၇ ခုနှစ်တွင် မွေးဖွားသူဖြစ်ပြီး အသက် ၆၉ နှစ်ရှီနေပြီဖြစ်ရာ ရန်ကုန်ရှီ ဆီဆိုင်တွင် တိုယိုတာ Fielder အမျိုးအစား အငှားယာဉ်ဖြင့် ဆီတန်းစီနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး စစ်တပ်က စက်သုံးဆီချွေတာရေး စီမံချက် ချမှတ်ထားခြင်းကြောင့် ပြည်သူများမှာ စက်သုံးဆီဆိုင်များတွင် နေ့ရောညပါ တိုးကြိတ်၍ ဆီရရှိရေး တန်းစီဝယ်ယူနေရသည်။

  • ကိုစန်းယုရဲ့ အခြေအနေ

    ကိုစန်းယုရဲ့ အခြေအနေ

    ကိုစန်းယုရဲ့ အခြေအနေ

    ၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက် နေ့လယ် ၁၂ နာရီ အချိန်ခန့်က ကိုစန်းယု ရုတ်တရက် ကွယ်လွန်သွားကြောင်း ကြားသိရပြီးနောက် ညနေ ၆ နာရီခန့်မှာ စက်ရုံရှိ မြန်မာလုပ်သားများက အကိုကြီး ကျနော်တို့ကို ဆေးရုံ လိုက်လာပါပြောလာတယ်၊

    အကိုကြီး အားရင် ဆေးရုံကို လိုက်လာပေးပါလားလို့ ပြောလာတာနဲ့ ကျနော်လည်း ဟွာဆောင်မှာ မြန်မာလုပ်သား တဦးရဲ့ ကိစ္စတခုကို ကူညီပေးပြီး ဆေးရုံကို လိုက်သွားခဲ့ပါတယ်။

    ဆေးရုံမှာ ရောက်နေတဲ့ စက်ရုံ တာဝန်ရှိသူနဲ့ စကားအသေအခြာ ပြောကြည့်လိုက်တော့မှ ခုနက လက်ထောက် ဆရာဝန်က ပြောလာကြောင်း၊ ကိုစန်းယုက အသက်ပြန် မရှင်နိုင်ကြောင်း

    အခု အောက်ဆီဂျင်ပေးထားပြီး အသက်ဆက်ထားကြောင်း

    နက်ဖြန် ဆရာဝန်ကြီးနဲ့ တွေ့ရမှ အသေးစိတ်ကိုသိရမှာ ဖြစ်ကြောင်း ပြောလာတော့ ကိုစန်းယု သေဆုံးခြင်း မရှိသေးကြောင်း အားလုံး သိလိုက်ရပါတယ်။

    ကိုစန်းယုကို ခွဲစိတ်ခန်းကို မခေါ်သွားသလို အအေးတိုက်ကိုလည်း မပို့ပဲ အရေးပေါ်ဌာနမှာ အောက်ဆီဂျင်စက်ဖြင့် အသက်ကို ဆက်ထားတာပါ။

    နောက်တနေ့ မတ်လ ၂၅ ရက် နံနက် ၁၁နာရီလောက်မှာ ပါမောက္ခ ဆရာဝန်ကြီးက ကိုစန်းယုရဲ့ ဦးခေါင်းရှိ အရိုး ၃ နေရာမှာ ကျိုးနေကြောင်း၊ သွေးကြောတချို့လည်း ပြတ်နေကြောင်း

    ခွဲစိတ်ကုသပါကလည်း အသက်ပြန်ရှင်လာစရာ မရှိကြောင်း၊

    အခု အောက်ဆီဂျင်စက်ဖြင့် ဆက်လက် အသက်ရှင်အောင် ကုသထားကြောင်း၊

    အောက်ဆီဂျင်စက်ကို ဖြုတ်လိုက်ပါက ကိုစန်းယုရဲ့ အသက် ဇိဝိန်လည်း ချုပ်သွားမှာ ဖြစ်ကြောင်း၊

    အောက်ဆီဂျင်စက်ဖြုတ်လိုပါက ကိုစန်းယုရဲ့ မိသားစုအရင်းထဲက ပုဂ္ဂိုလ် တဦးဦးရဲ့ ဆုံးဖြတ်ချက် လိုအပ်ကြောင်း

    မိသားစုအရင်းထဲက ဆုံးဖြတ်ချက် ရရှိပါက ဆေးရုံကို ဆက်သွယ်ပေးပါရန်နဲ့ လက်ရှိ ကိုစန်းယုကို အောက်ဆီဂျင်နဲ့ တခြားသော လိုအပ်သော ဆေးကုသခြင်းများကို လုပ်ပေးထားမှာ ဖြစ်ကြောင်း အသေအခြာ ရှင်းလင်း ပြောကြားလာပါတယ်။

    ကိုစန်းယုရဲ့ ဇနီးဘက်က မောင်နှမဝမ်းကွဲတွေမှ တဆင့် အောက်ဆီဂျင်စက်ကို ဖြုတ်ပေးရန် လုပ်ပေးလို့ မရကြောင်းပါ ပြောလာပါတယ်။

    ကျနော်လည်း ကိုစန်းယု ကိစ္စကို တတ်နိုင်တဲ့ ဘက်က ကူညီပေးနေသလို ကိုစန်းယုရဲ့ ဇနီးဘက်မှ မောင်နှမ ဝမ်းကွဲတွေကလည်း အလုပ်ဖျက်ပြီး နေ့မအား ညမအား လာရောက် ဝန်းရံ လုပ်ကိုင်ပေးနေကြပါတယ်။

    ကျနော်တို့ တတွေလည်း မြန်မာပြည်မှ မိသားစုများ၊ အလုပ်ရုံရှိ မြန်မာ လုပ်သားများ၊ စက်ရုံ တာဝန်ရှိသူများ၊ ကိုစန်းယုရဲ့ ဇနီးဘက်က မောင်နှမ ဝမ်းကွဲများနဲ့ ဆက်သွယ်ပြောနေရလို့ လုံးဝကို မအားလပ်ခဲ့ရပါ။

    အင်တာနက်ပေါ်မှာ မျိုးစုံကုန်သော သတင်းပေါင်းစုံ တက်လာသဖြင့် အဖြစ်မှန်ကို အခုလို ရေးသားပေးလိုက်တာပါ။

    ကိုစန်းယုရဲ့ ဇနီးနဲ့ အမအရင်းတို့ ကိုရီးယားကို လာရောက်ဘို့ ကိစ္စကို စက်ရုံမှ တာဝန်ရှိသူများနဲ့ ကိုစန်းယုရဲ့ ဇနီးဘက်က မောင်နှမဝမ်းကွဲတွေက ဆွေးနွေး လုပ်ဆောင်နေကြဆဲပါ။

    ကိုစန်းယုရဲ့ ဇနီးနဲ့ အမအရင်းတို့က ဗီဇာရရှိမှ ကိုရီးယားကို လာလို့ ရမှာပါ။

    ကျနော့်ထံ သတင်းသမားများ လာရောက် မေးမြန်းကြပေမယ့် ကျနော့်ဘက်က အချိန်မပေးနိုင်သေးသဖြင့် ကိုစန်းယုရဲ့ အခြေအနေကို ဖြေကြားပေးခြင်း မရှိခဲ့ပါ။

    အားလုံး ကျန်းမာ ချမ်းသာ ဘေးရန် ကင်းကြပါစေ။

    ဇော်မိုးအောင်(ကိုရီးယား)

  • ပန်းဘဲတန်းတွင် အထပ်မြင့်တိုက် အင်္ဂတေအမိုးပြားပြိုကျ

    ပန်းဘဲတန်းတွင် အထပ်မြင့်တိုက် အင်္ဂတေအမိုးပြားပြိုကျ

    ပန်းဘဲတန်းတွင် အထပ်မြင့်တိုက် အင်္ဂတေအမိုးပြားပြိုကျ၍ လမ်းသွားလမ်းလာအပါအဝင် နှစ်ဦးထိခိုက်သွား

    ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်အတွင်းတွင် အထပ်မြင့်တိုက်တစ်တိုက်၏ အင်္ဂတေအမိုးပြားပြိုကျရာမှ လမ်းသွားလမ်းလာအပါအဝင် လူနှစ်ဦး ထိခိုက်မိခဲ့သည့်ဖြစ်ရပ်တစ်ခု ယနေ့(မတ်လ ၂၅ ရက်) ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

    အဆိုပါ အမိုးအင်္ဂတေပြိုကျသောတိုက်မှာ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းအပေါ်ဘက်ခြမ်းတွင်ရှိပြီး မြေညီထပ်တွင်ဖွင့်လှစ်ထားသော ကြက်ကင်ဆိုင်၏ အင်္ဂတေအမိုးအစွန်းပြား ပြိုကျခြင်းလည်းဖြစ်သည်။

    ထိုဖြစ်ပွားမှုကြောင့် လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦးနှင့် ယင်းအနီးမှ ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပတ်ဝန်းကျင်ရှိသူများက ဒဏ်ရာရသူများကို တက္ကစီဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ ကူညီပေးခဲ့ကြကြောင်း၊ ကျောက်တံတားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ လင်းလက်လူမှုကူညီရေးအသင်း၊ ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ ပါလေရာပရဟိတအသင်း စသည့် အသင်းအဖွဲ့များမှလည်း သွားရောက်ကူညီပေးခဲ့ကြကြောင်း သိရသည်။

    Photo – လင်းလက်လူမှုကူညီရေးအသင်း

  • ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်း

    ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်း

    မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံနေရာအများစု ပျက်စီး

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတစ်ခုလုံးနီးပါး ပျက်စီးသွားကြောင်း မီးသတ်အဖွဲ့များနှင့် မီးငြှိမ်းသတ်ရေး ကူညီခဲ့သော ပရဟိတအဖွဲ့တချို့ထံမှ သိရှိရသည်။

    ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ အမှတ် (C1, C2)၊ မြေဧရိယာ (၃၆၆၂၂.၈၈) စတုရန်းမီတာပေါ်ရှိ Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံမှာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းပြီးနောက် မီးသတ်တပ်ဖွဲ့များက လာရောက်ငြှိမ်းသတ်ခဲ့သော်လည်း နံနက် ၃ နာရီ ၃၀ မိနစ်အချိန်အထိ မီးလောင်ခဲ့ကာ နံနက် ၄ နာရီဝန်းကျင်အချိန်မှ မီးလုံး၀ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

    “စက်ရုံက တစ်ရုံလုံးနီးပါးပဲ မီးလောင်ကျွမ်းပျက်စီးတာ။ မနက် ၂ နာရီခွဲကျော်လောက်မှာ မီးစထိန်းနိုင်တယ်။ ဒါပေမယ့် မီးက အတွင်းမှာ လှိုက်ပြီး လောင်နေတာ။ မနက် ၃ ခွဲကနေ ၄နာရီလောက်မှ မီးအားလုံး ငြိမ်းတယ်။ မီးသတ်ရဲဘော်တချို့လည်း ဒဏ်ရာရတာရှိတယ်။ စက်ရုံကတော့ ပြန်လည်လည်ပတ်လို့ မရလောက်တော့ဘူး” ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သော ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

    အဆိုပါမှန်ဘီလူးစက်ရုံမှာ ၂၀၁၇ ခုနှစ်တွင် အင်အားပြည့် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး အလုပ်သမား ၅၀၀၀ နီးပါး အလုပ်လုပ်နေသော စက်ရုံဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းမရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါစက်ရုံက မှန်ဘီလူး (Lens) များကို အဓိက ထုတ်လုပ်နေခြင်းဖြစ်ပြီး ကင်မရာမှန်ဘီလူးများ၊ BMW နှင့် Mercedes Benz ကဲ့သို့သော ကမ္ဘာကျော် မော်တော်ယာဉ်များတွင်ပါ ထည့်သွင်းအသုံးပြုသော မှန်ဘီလူးများ အပါအဝင် မှန်ဘီလူးအမျိုးမျိုးကို ထုတ်လုပ်နေသော စက်ရုံဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ CMP စနစ်ဖြင့် အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။