Category: News

  • ၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်း ‘Dai Dai’ ကို ရှာကီရာ မိတ်ဆက်

    ၂၀၂၆ ကမ္ဘာ့ဖလား တရားဝင်သီချင်း ‘Dai Dai’ ကို ရှာကီရာ မိတ်ဆက်

    ကိုလံဘီယာအဆိုတော် ရှာကီရာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရားဝင်သီချင်းဖြစ်တဲ့ “Dai Dai” ကို ကြာသပတေးနေ့မှာ ထုတ်ပြလိုက်ပါတယ်။

    အသက် ၄၉ နှစ်အရွယ် ရှာကီရာဟာ နိုင်ဂျီးရီးယားအဆိုတော် Burna Boy နဲ့ တွဲဖက်ဆိုထားတဲ့ ဒီသီချင်းကို အမြည်းပြသတဲ့အနေနဲ့ ဘရာဇီးလ်နိုင်ငံ၊ မာရာကာနာကွင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတခုကို Instagram မှာ တင်ခဲ့ပါတယ်။ ဒီသီချင်းကိုတော့ မေလ ၁၄ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ။

    ကမ္ဘာ့ဖလားပြိုင်ဝင် နိုင်ငံအသီးသီးရဲ့ အရောင်တွေ ဝတ်ဆင်ထားတဲ့ အကသမားတွေနဲ့အတူ ရှာကီရာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။

    ဒါ့အပြင် ၂၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲမှာ အသုံးပြုခဲ့တဲ့ ဘောလုံးတွေကိုလည်း ထည့်သွင်းပြသထားတာ တွေ့ရပြီး ဒါဟာ ရှာကီရာကိုယ်တိုင် ဂီတပိုင်းအရ အဓိကပါဝင်ခဲ့တဲ့ အရင်ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။

    လက်တင်ပေါ့ပ်ကြယ်ပွင့် ရှာကီရာဟာ ၂၀၁၀ တောင်အာဖရိကကမ္ဘာ့ဖလားတုန်းကလည်း official song “Waka Waka (This Time for Africa)” ကို သီဆိုခဲ့ဖူးသူပါ။

    သူမဟာ ၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားနဲ့ ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလား အခမ်းအနားတွေမှာလည်း သူမရဲ့ နာမည်ကြီးသီချင်းတွေဖြစ်တဲ့ “Hips Don’t Lie” နဲ့ “La La La (Brazil 2014)” တို့ကို ဖျော်ဖြေတင်ဆက်ခဲ့ဖူးပါတယ်။

    အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတိုမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကိုတော့ ဇွန် ၁၁ ရက်မှာ စတင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

    Shakira – Dai DAI (Official Music Video)

  • နှစ်ပေါင်း ၁၅၀ နီးပါးအတွင်း အပြင်းထန်ဆုံး ‘Monster’ ဖြစ်စဉ် ယခုနွေရာသီတွင် စတင်မည်

    နှစ်ပေါင်း ၁၅၀ နီးပါးအတွင်း အပြင်းထန်ဆုံး ‘Monster’ ဖြစ်စဉ် ယခုနွေရာသီတွင် စတင်မည်

    မိုးလေဝသပညာရှင်များက ယခုနွေရာသီတွင် ရှားပါးပြီး ကြောက်မက်ဖွယ်ကောင်းသော “Monster” အယ်လ်နီညိုဖြစ်စဉ်တခု စတင်တော့မည်ဖြစ်ကြောင်း သတိပေးလိုက်ပြီး ၎င်းသည် ၁၈၇၀ ပြည့်နှစ်များအလွန်တွင် စံချိန်တင် မှတ်တမ်းတင်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ဖြစ်စဉ်တခု ဖြစ်လာနိုင်ခြေရှိသည်။

    အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာ အပူပိုင်းဒေသရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝရာသီဥတု ဖြစ်စဉ်တခုဖြစ်ပြီး နှစ် နှစ်မှ ခုနှစ် နှစ်အကြား တကြိမ် ပုံမှန်ဖြစ်ပေါ်လေ့ရှိသည်။

    အယ်လ်နီညိုသည် ပုံမှန်လေစီးကြောင်း ပုံစံများ ပျက်ယွင်းသွားခြင်းနှင့် တောင်အမေရိက ကမ်းရိုးတန်းများသို့ ရေနွေးများ စီးဆင်းသွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

    ပုံမှန်အားဖြင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းမှ ရေနွေးများသည် တောင်အမေရိကဘက်သို့ ရွေ့လျားသွားသောအခါ အယ်လ်နီညို စတင်သည်။ ထိုသို့ ရွေ့လျားမှုကြောင့် ပီရူးနိုင်ငံအနီးရှိ အောက်ခြေမှ အာဟာရဓာတ်ကြွယ်ဝသော ရေအေးများ အပေါ်သို့ တက်လာကာ လေထုအပူချိန်ကို မြင့်တက်စေသည်။ ၎င်းက လေထုလည်ပတ်မှုကို ပြောင်းလဲစေပြီး နောက်ဆုံးတွင် တကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပုံစံများကိုပါ ပြောင်းလဲပစ်လိုက်သည်။

    လာမည့် နိုဝင်ဘာလတွင် စူပါအယ်လ်နီညို (အလွန်ပြင်းထန်သော အယ်လ်နီညို) ဖြစ်ပေါ်လာရန် ၁၀၀ ရာခိုင်နှုန်း သေချာနေပြီဟု ဥရောပ အလယ်အလတ်တန်းစား မိုးလေဝသ ခန့်မှန်းချက်ဗဟိုဌာန (ECMWF) က ပြောသည်။

    ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ခြမ်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက် ၃ ဒီဂရီစဲလ်စီးယပ်စ် နီးပါးအထိ မြင့်တက်လာရန် ရှိနေသည်။

    ဤအပူချိန် အဆင့်သည် စံချိန်တင် မှတ်တမ်းများတွင် အမြင့်ဆုံးဖြစ်သည်။ ကမ္ဘာမြေကြီးသည် ၁၈၇၇-၇၈ ခုနှစ်နောက်ပိုင်း ယခုကဲ့သို့ အတိုင်းအတာကြီးမားသော အယ်လ်နီညိုဖြစ်စဉ်မျိုး တကြိမ်မျှ မကြုံတွေ့ခဲ့ဖူးသေးပေ။

    ရာသီဥတုအပေါ် ဘယ်လို သက်ရောက်လဲ

    ဤ စူပါအယ်လ်နီညိုသည် တကမ္ဘာလုံးတွင် ရာသီဥတု ကမောက်ကမဖြစ်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

    အမေရိကန်ပြည်ထောင်စု၊ နယူးအင်္ဂလန်ဒေသတွင် စံချိန်တင် နွေရာသီအပူရှိန်ကို ကြုံတွေ့ရနိုင်သလို အပူလှိုင်းများ ပိုမိုကျရောက်ခြင်း၊ စိုထိုင်းဆ မြင့်မားခြင်းနှင့် ကမ်းရိုးတန်းမုန်တိုင်းများကြောင့် ပုံမှန်ထက် မိုးပိုရွာခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

    ပုံမှန် အယ်လ်နီညိုကာလများတွင် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဟာရီကိန်းမုန်တိုင်း ဖြစ်ပေါ်မှု နည်းပါးလေ့ရှိသော်လည်း ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ခြမ်းတွင်မူ မုန်တိုင်းများ ပိုမိုများပြားလာတတ်သည်။

    ဆောင်းရာသီတွင် တောင်ဘက်ဒေသများ၌ ပုံမှန်ထက် ပိုမိုစိုစွတ်ပြီး နှင်း ပိုကျနိုင်ကာ၊ မြောက်ဘက်ဒေသများတွင်မူ ပိုမိုနွေးထွေးပြီး စိုထိုင်းဆ နည်းပါးသော ဆောင်းရာသီကို ကြုံတွေ့ရနိုင်သည်။

    တကမ္ဘာလုံးဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များ

    ထိုသို့ရာသီဥတု ကမောက်ကမဖြစ်မှုများသည် ထိခိုက်လွယ်သော အပူပိုင်းနိုင်ငံများတွင် အစားအစာ ပြတ်လပ်မှု၊ ရေရှားပါးမှုနှင့် ပြည်တွင်း ပဋိပက္ခများကိုပါ ဖြစ်ပွားစေနိုင်သည်။

    အပြင်းထန်ဆုံး ဖြစ်လာနိုင်သည့် အယ်လ်နီညို ရိုက်ခတ်တော့မည် ဖြစ်သောကြောင့် အပူလှိုင်း စံချိန်သစ်များ မြင်တွေ့ရဖွယ်ရှိ သည်။

  • လေယာဉ်ဗုံးများ လျှို့ဝှက်သယ်ဆောင်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

    လေယာဉ်ဗုံးများ လျှို့ဝှက်သယ်ဆောင်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

    ဆိပ်ဖြူတွင် ကပစစက်ရုံမှ ရှမ်းတဲလေတပ်သို့ ပို့ဆောင်မည့် လေယာဉ်ဗုံးများ လျှို့ဝှက်သယ်ဆောင်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ မှ လေယာဉ်ကြဲဗုံးများနှင့် ခဲယမ်းများ လျှို့ဝှက် သယ် ဆောင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရှင်းပြသည်။

    မေလ ၆ ရက်နေ့တွင် ကပစ စက်ရုံမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပုသိမ်-မုံရွာလမ်း၊ ဆိပ်ဖြူ-ပေါက် လမ်းဆုံအနောက်ဘက်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်း ၃ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းမောင်းသမား မိုင်းထိမှန်သေဆုံးခဲ့ပြီး ၎င်းထိန်းချုပ်ထားသည့် ဒရုန်းများမှာ စစ်သားများအပေါ်သို့ ပြန်လည်ပျက်ကျကာ ဗုံးသီးများ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

    ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက “ဒရုန်းမောင်းတဲ့ကောင်က မိုင်းမိသွားပြီးတော့ မီးလောင်သွားတယ်။ သူတို့ ဒရုန်းက ထိန်းချုပ်မှုမရှိတော့ပဲနဲ့ ဒရုန်းပျက်ကျပြီးတော့ သူတို့ပေါ်တွေ ပြန်ကျတာပါ။ အဲဒီလိုပျက်ကျပြီးတော့ တော်တော်များများသေတယ်လို့ သိရတယ်။”ဟု ရှင်းပြသည်။

    ယင်းတိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့သည့်အပြင် ဒရုန်း ၂ စီး မီးလောင်ပျက်စီးခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များက စစ်အသုံးဆောင်ပစ္စည်းများနှင့် ပျက်စီးနေသော ဒရုန်းတစ်စီးကို သိမ်းဆည်းရမိခဲ့သည်။

    အဆိုပါ တိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ကပစ ၂၁ မှ မိတ္တီလာ ရှမ်းတဲလေတပ်စခန်းသို့ လေယာဉ်ဗုံးများ အထူးစီမံချက်ဖြင့် သယ်ယူပို့ဆောင်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ပေါက်ကြားလာသော လျှို့ဝှက်စာအရ သိရသည်။

    အဆိုပါစစ်ကြောင်းက ၂၅၀ ကီလိုဂရမ် လေယာဉ်ဗုံး ၃၀ လုံး၊ ၅၀၀ ကီလိုဂရမ် လေယာဉ်ဗုံး ၂၀ လုံး၊ထပ်ဆင့်ပေါက်ကွဲဗုံး ၁၀ လုံး တို့ သယ်ဆောင်လာကြောင်း သိရှိရသည်။

    အဆိုပါယာဉ်တန်းကို ဗိုလ်ကြီး သူရိန်လင်းက အနီးကပ်ကွပ်ကဲရန် ညွှန်ကြားထားပြီး ၁၂ ဘီးတပ် HOWO ကားကြီး ၄ စီးဖြင့် သယ်ဆောင်နေခြင်းဖြစ်ပြီး လုံခြုံရေး အင်အား ၂၂ ဦး၊ ရှေ့ပြေးယာဉ်တွင် အင်အား ၆ ဦး၊ခဲယမ်း တင်ယာဉ် ၄ စီးပေါ်တွင် တစ်စီးလျှင် စစ်သား ၄ ဦးစီဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ရှေ့ပြေးကင်းယာဉ်သည် ပင်မယာဉ်တန်း မရောက်ရှိမီ လမ်းကြောင်း ကင်းထောက်မှု ပြုလုပ်ရန်၊ လမ်းကြောင်းပိတ်ဆို့မှုနှင့် ရန်သူ့နှောင့်ယှက်မှု အန္တရာယ်များအား ကြိုတင် ဖယ်ရှားရန်” ဟု စစ်ကောင်စီ၏ လျှို့ဝှက်ညွှန်ကြားချက်တွင် ပါရှိသော်လည်း လမ်းခရီးတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

    ယခုတိုက်ခိုက်မှုကို ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး LDF၊ ပေါက်မြို့နယ် ပကဖ နှင့် ကျေးရွာပကဖ အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

  • ဖလမ်း – ဟားခါးလမ်းတိုက်ပွဲ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးဟုဆို

    ဖလမ်း – ဟားခါးလမ်းတိုက်ပွဲ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးဟုဆို

    ချင်းပြည်နယ်၊ ဖလမ်းနှင့် ဟားခါးမြို့နယ်လမ်းပိုင်း၌ ဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

    ဖလမ်းမြို့ကို စစ်အုပ်စုတပ်က ဧပြီလ ၂၅ ရက်နေ့တွင် သိမ်းယူခဲ့ပြီးနောက် ဖလမ်း – ဟားခါးလမ်းပိုင်းကို စစ်ကြောင်းထိုးလျက်ရှိရာ ယမန်နေ့ (မေလ ၇ ရက်) မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် လိုင်ကွာ (Liakua) တောင်ကျော၌ ချင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ရန်သူ့ဘက်က ၁၅ ယောက်လောက်သေပြီး ဒဏ်ရာရတာတွေလည်း များတယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူး” ဟု ချင်းအမျိုးသားတပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

    စစ်အုပ်စုတပ်သည် အင်အား ၃၀၀ ကျော်ကို စစ်ကြောင်းသုံးကြောင်း ဖြန့်ခွဲထိုးလာနေခြင်းဖြစ်ပြီး ဆက်လက်၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။

    စစ်ကြောင်းရောက်ရှိနေသော နေရာသည် ဖလမ်း – ဟားခါးနှင့် ထန်တလန်အစပ်ဖြစ်ပြီး ဖလမ်းမြို့နယ်အတွင်း ခရီးရှည်သော်လည်း နယ်စပ်မြို့ ရိဒ်ခေါ်ဒါသို့ ရောက်နိုင်သဖြင့် ထန်တလန် သို့မဟုတ် ဟားခါးမြို့သို့ သွားရောက်ပူးပေါင်းမည့် အခြေအနေကို စစ်ရေးအကဲခတ်များက စောင့်ကြည့်လျက်ရှိသည်။

    ဖလမ်း – ဟားခါးလမ်းပိုင်းကို စစ်အုပ်စုတပ် စစ်ကြောင်းထိုးလာရာတွင် CNA နှင့် ချင်းအမျိုးသားကောင်စီ (CC) ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ ခုခံတိုက်ခိုက်မှုများကြောင့် ယနေ့ (မေလ ၈ ရက်) တွင် ၁၃ ရက်တိုင်ရှိပြီဖြစ်ပြီး ဟားခါးမြို့နှင့် လမ်းတဝက် မိုင် ၂၀ ခန့်သာ ရောက်ရှိနေကြောင်း သိရသည်။

    အဆိုပါ စစ်ကြောင်းနှင့် တိုက်ပွဲများကြောင့် ယင်းလမ်းပိုင်းရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၂,၀၀၀ ကျော် တိမ်းရှောင်နေရပြီး မိုးဥတုဝင်လာနေသဖြင့် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း အကူအညီပေးသူများထံက သိရသည်။

    ချင်းပြည်နယ် ကိုးမြို့နယ်အနက် ဟားခါးနှင့် တီးတိန်မှအပ ကျန်ခုနစ်မြို့နယ်ကို စစ်အုပ်စုတပ်က အရေးပေါ်ကာလ ရက် ၉၀ ကြေညာထားပြီး ဖလမ်း၊ တီးတိန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေကာ ကျန်မြို့နယ်များကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

    တီးတိန်မြို့နယ်အတွင်းရှိ စစ်ရေးအရ အရေးပါသော ကနေဒီတောင်ကို စစ်အုပ်စုက မေလ ၅ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီး မေလ ၆ ရက်နေ့တွင် ယင်းတောင်နှင့်အနီး ဖူနွမ်းရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ PDF – Zoland တပ်ဖွဲ့ဝင် ခုနစ်ဦးနှင့် အရပ်သားသုံးဦး သေဆုံးခဲ့သည်။

    ကလေးမြို့မှ ဖလမ်းမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်စတင်ရန်အတွက် ခေါ်ဆောင်လာသည့် လုံခြုံရေးတပ်ဖွဲ့ကို CDF – CDM Siyin က မေလ ၆ ရက်နေ့၌ ချုံခိုတိုက်ခိုက်ရာ စစ်အုပ်စုတပ်မှ ဗိုလ်ကြီးတဦးအပါအဝင် ငါးဦး သေဆုံးပြီး လက်နက်ခဲယမ်းများကို ချင်းတပ်ဖွဲ့က သိမ်းယူခဲ့သည်။

    မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မင်းတပ်မြို့ကိုလည်း ယနေ့ (မေလ ၈ ရက်) တွင် စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံများ ပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

  • ဟန်တာဗိုင်းရပ်စ် ကူးစက်ခံနိုင်ရသည့် သံသယဖြင့် စင်ကာပူနိုင်ငံတွင် လူ ၂ ဦးကို သီးသန့်စောင့်ကြည့်နေ

    ဟန်တာဗိုင်းရပ်စ် ကူးစက်ခံနိုင်ရသည့် သံသယဖြင့် စင်ကာပူနိုင်ငံတွင် လူ ၂ ဦးကို သီးသန့်စောင့်ကြည့်နေ

    ကမ္ဘာ့ကပ်ရောဂါ အသွင်ဖြစ်လာနိုင်သော ဟန်တာဗိုင်းရပ်စ် ကူးစက်ခံနိုင်ရသည့် သံသယဖြင့် စင်ကာပူနိုင်ငံတွင် လူ ၂ ဦးကို သီးသန့်စောင့်ကြည့်နေ

    ဟန်တာဗိုင်းရပ်စ်က မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများထံသို့ ခြေဦးလှည့် ခြိမ်းခြောက်လာ

    ကုသဆေး နှင့်ကာကွယ်ဆေး မရှိသော ဟန်တာဗိုင်းရပ်စ် ကူးစက်ရန် သံသယရှိခံရသူများမှာ နိုင်ငံ ၁၂ နိုင်ငံသို့ အသီးသီးပြန့်နှံ့သွားသဖြင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် အရေးပေါ် ပြင်ဆင်မှုများ လုပ်ဆောင်နေ

    ကြွက်မှတစ်ဆင့် ကူးစက်ပြီး လူအချင်းချင်း ကူးစက်နေသည့် ကုသဆေးမပေါ်သေးသော ဟန်တာဗိုင်းရပ်စ် သံသယ ဖြင့် စင်ကာပူနိုင်ငံသား ၂ ဦးကို သီးသန့်စောင့်ကြည့်နေကြောင်း စင်ကာပူမှ လာသော သတင်းများအရ သိရှိရသည်။

    ဟန်တာဗိုင်းရပ်စ် ကူးစက်မှုမှာ အာဂျင်တီးနားနိုင်ငံမှ ထွက်ခွာလာသော MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ရှားပါးပြီး အသက်သေဆုံးနိုင်ခြေရှိသော Andes hantavirus ကူးစက်မှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ လူ ၃ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားသည့် ခရီးသည်များကို ကျန်းမာရေးတာဝန်ရှိသူများက အပူတပြင်း လိုက်လံရှာဖွေနေရကြောင်း သိရှိရပါသည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ရာ၌ အဆိုပါဗိုင်းရပ်စ်သည် ပုံမှန်အားဖြင့် ကြွက်များမှတစ်ဆင့် ကူးစက်သော်လည်း ယခုမျိုးစိတ် (Andes strain) မှာ လူအချင်းချင်း ကူးစက်နိုင်စွမ်းရှိကြောင်း အတည်ပြုသည်။

    ဟန်တာ ဗိုင်းရပ်စ်၏ ပျိုးပင်သက်တမ်းမှာ ၆ ပတ် (၄၅ ရက်) အထိ ကြာမြင့်နိုင်သောကြောင့် နောက်ထပ် ကူးစက်ခံရသူများ ထပ်မံထွက်ပေါ်လာနိုင်သော်လည်း လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပါက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် (Pandemic) ဖြစ်လာနိုင်ခြေမရှိကြောင်း WHO က သတိပေးသည်။

    MV Hondius အပျော်စီးသင်္ဘောပေါ်တွင်ဗိုင်းရပ်စ်ကူးစက်ခဲ့သော ဒတ်ခ်ျလူမျိုး ဇနီးမောင်နှံ ၂ ဦးနှင့် ဂျာမန်လူမျိုး ခရီးသည် ၁ ဦး အပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးခဲ့သည်။ ဒတ်ခ်ျအမျိုးသားမှာ သင်္ဘောပေါ်တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ ရုပ်အလောင်းနှင့်အတူ စိန့်ဟယ်လီနာကျွန်းမှတစ်ဆင့် တောင်အာဖရိကသို့ လေယာဉ်ဖြင့် လိုက်ပါသွားစဉ် ရောဂါလက္ခဏာပြပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

    လက်ရှိတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၅ ဦးနှင့် သံသယလူနာ ၃ ဦး ရှိနေပြီး ဗြိတိန်၊ ဂျာမနီ၊ နယ်သာလန်၊ ဆွစ်ဇာလန်နှင့် တောင်အာဖရိကနိုင်ငံတို့တွင် ဆေးကုသမှု ခံယူနေကြသည်။

    အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါခဲ့သည့် စင်ကာပူနိုင်ငံသားတစ်ဦးနှင့် အမြဲတမ်းနေထိုင်ခွင့်ရသူ (PR) တစ်ဦးတို့မှာ စင်ကာပူသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လက်ရှိတွင် အမျိုးသားကူးစက်ရောဂါဗေဒဌာန (NCID) ၌ သီးသန့်ခွဲခြား စောင့်ကြည့်ခြင်း ခံထားရသည်။ ယင်းအခြေအနေမှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများသို့ ဟန်တာ ဗိုင်းရပ်စ်က ခြေဦးလှည့် ခြိမ်းခြောက်လာသည့်အခြေအနေရှိကြောင်း သတင်းများက ဆိုသည်။

    စင်ကာပူနိုင်ငံတွင် စောင့်ကြည့်ခံနေရသူ ၂ ဦးမှာ ဟန်တာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသွားသော ဒတ်ခ်ျအမျိုးသမီးနှင့်အတူ တစ်လေယာဉ်တည်း လိုက်ပါလာခဲ့ကြသူများဖြစ်ပြီး တစ်ဦးမှာ နှာစေးသည့် လက္ခဏာရှိကာ ကျန်တစ်ဦးမှာ ရောဂါလက္ခဏာမရှိသေးကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးအား စစ်ဆေးမှုများပြုလုပ်နေပြီး ရောဂါမရှိဟု အဖြေထွက်ပါကလည်း ၃၀ ရက်ကြာ ကွာရန်တင်း (Quarantine) ထားရှိဦးမည်ဖြစ်သည်။

    အပျော်စီးသင်္ဘောပေါ်မှ ခရီးသည် ၄၀ ခန့်မှာ မည်သည့်ကျန်းမာရေးစစ်ဆေးမှု (Contact Tracing) မျှ မပြုလုပ်ရသေးဘဲ စိန့်ဟယ်လီနာကျွန်းတွင် ဆင်းခွာသွားခဲ့ကာ ၎င်းတို့၏ နေရပ်နိုင်ငံအသီးသီးသို့ ပြန်သွားခဲ့ကြသဖြင့် တာဝန်ရှိသူများက အချိန်နှင့်အမျှ အပြိုင် လိုက်လံရှာဖွေနေရခြင်း ဖြစ်သည်။ ၎င်းတို့အနက် ၁၂ နိုင်ငံမှ နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။

    ဟန်တာဗိုင်းရပ်စ်-Hantavirus သည် ကြွက်များ၏ ဆီး၊ မစင်နှင့် တံတွေးတို့မှတစ်ဆင့် ကူးစက်တတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သည်။ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစာအိမ်ပြဿနာနှင့် အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပြီး ပြင်းထန်ပါက အသက်သေဆုံးနိုင်သည်။ လက်ရှိအချိန်အထိ အဆိုပါရောဂါအတွက် ကာ ကွယ်ဆေးနှင့် ကုသဆေး မရှိသေးဘဲ ဝေဒနာသက်သာအောင်သာ ပြုစုကုသပေးနိုင်ကြောင်း သိရှိရသည်။

    ဆက်စပ်သတင်း

    အတ္တလန္တိတ်ခရုဇ်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ်ကူးစက်မှု သံသယဖြစ်စဉ်ကြောင့် လူ ၃ ဦး သေဆုံး