Category: News

  • ပက်ထရစ်ရှာ ဘာမှမဖြစ်ပါဘူးလို့ အာမခံလိုက်တဲ့ ယုန်လေး

    ပက်ထရစ်ရှာ ဘာမှမဖြစ်ပါဘူးလို့ အာမခံလိုက်တဲ့ ယုန်လေး

    မလေးရှားရောက် ပက်ထရစ်ရှာ (စူးရှနိုင်) ဘာတွေဖြစ်နေတာလဲ?

    မလေးရှားနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတဲ့ မော်ဒယ် ပက်ထရစ်ရှာ (စူးရှနိုင်) တစ်ယောက် လက်ရှိမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေကြောင့် ပရိသတ်တွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

    ဖြစ်စဉ်မှာ ပက်ထရစ်ရှာဟာ မလေးရှားအခြေစိုက် Motivation Speaker တစ်ဦးနဲ့ ကြော်ငြာရိုက်ကူးဖို့ သွားရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း အဆင်မပြေမှုတွေ ရှိနေကြောင်း သူမရဲ့ လူမှုကွန်ရက်မှာ “ယု-တ်-မ-ာ-လို-က်-တာ” ဆိုတဲ့ စာသားကို တင်ခဲ့ရာကနေ စတင်ခဲ့တာပါ။

    ဒါ့အပြင် TikTok လူမှုကွန်ရက် (Ye Min Lwin အကောင့်) တွင် ပျံ့နှံ့နေတဲ့ အသံဖိုင်အရ သူမဟာ ဟိုတယ်အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရသလိုမျိုး အကူအညီတောင်းခံနေပြီး ဖုန်းပြောဆိုနေစဉ်မှာပင် တစ်စုံတစ်ယောက်ရဲ့ တားဆီးမှုကို ခံလိုက်ရတဲ့ပုံစံမျိုး ကြားသိရတာကြောင့် အခြေအနေက ပိုမိုစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

    လက်ရှိမှာတော့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေအချို့ကလည်း မလေးရှားရှိ အသိမိတ်ဆွေများအနေနဲ့ တတ်နိုင်သမျှ ကူညီစုံစမ်းပေးကြဖို့ တောင်းဆိုထားကြပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုတော့ ကာယကံရှင်ဘက်က တိကျတဲ့ ထုတ်ပြန်ချက်ကို ပရိသတ်တွေက ဆက်လက်စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

    (သတင်းအချက်အလက်များကို လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ကနဦး သိရှိရခြင်းဖြစ်ပြီး အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပါသည်)

    အခုမှ ကျွန်တော်နိုးတာပါ နိုးနိုးချင်း

    ညီမလေး ပတ်ထရှစ်ရှာ

    Video လေးတွေ အသံဖိုင်တွေ အများကြီးပဲ

    လာပို့ကျတယ် ။

    တိတိကျကျစုံစမ်းနေပါတယ် ။

    ညီမလေး နဲ့ လည်း အဆက်သွယ်မရသေးပါဘူး။

    အိမ်နဲ့ လည်း ဆက်သွယ်နေပါတယ် ။

    မလေးရှားက တာဝန်ရှိသူတွေ နဲ့ လည်း

    ချိတ်ဆက်နေပါတယ်။ သူနဲ့ ဖြစ်တဲ့ သူရဲ့

    လိပ်စာသိရင်လည်း ပေးစေချင်ပါတယ်။

    Edit သတင်းပို့ချိတ်ဆက် စရာတွေ အကုန် ချိတ်ဆက် ကူညီပြီးပါပြီ.

    မလေးမှ မြန်မာ သံရုံးလည်း သိပါပြီ ။

    သက်တိုင်ရာ ဌာနတွေ လည်း သိပါပြီ ။

    ကျွန်တော်နဲ့ ညီမလို ခင်မင်ရင်းနီးပါတယ်။

    ညီမလိုပက်သက်သက် မပက်သက်သက်

    ကိုယ့်နိုင်ငံသား မြန်မာမိန်းကလေး တစ်ယောက်

    သူများနိုင်ငံမှာ ဒုက္ခကြုံတဲ့ အချိန် ကူညီ ရမှာပဲ ။

    ကျွန်တော့်ကို Video File တွေ စာတွေ အများကြီး

    လာပို့ကျတယ် ။ စိတ်ပူသွားတယ် ။

    မလေးရှား သံရုံး ။ ပြည်ထဲရေး ။ သက်ဆိုင်တဲ့

    အဖွဲ့အစည်းတွေရော. မလေး က ပေါက်ပေါက်ရောက်ရောက်ရှိတဲ့

    သူငယ်ချင်းတွေရော ဆက်သွယ်ပြီးပါပြီ။

    Hotel လည်း ရောက်ပြီး ပြီ ။

    ညီမလေးနဲ့ တော့ အဆက်သွယ် မရသေးဘူး။

    လွဲနေတာ တစ်ခုက အရေးကြီးတဲ့ ကိစ္စဆို ညီမလေး

    ကျွန်တော့်ကို အကူညီတောင်းလေ့ရှိတယ်

    မသွားခင်လည်း ပြောသွားတယ် ။

    ကျွန်တော် အမြဲ ကူညီပေးတယ်။

    ဒီ တစ်ခါက တစ်ခုခု လွဲနေတယ် မြင်တယ် ။

    သုံးသပ်ကြည့်ရရင်. ညီမလေး ပက်ထရစ်ရှာ

    ဘာမှ မဖြစ်ဘူး ။

    အသက်အန္တရာယ် လည်း လုံးဝ လုံးဝ မစိုးရိမ်ရဘူး ။

    အေးအေး ချမ်းချမ်း ရန်ကုန်ကို

    ပြန်ရောက်လာပါလိမ့်မယ် ။

    Yone Lay

  • စစ်မှုထမ်းပြီးဆုံးသော လူငယ်များကို အလုပ်အကိုင်ပေးမည်ဟုဆိုကာ စစ်မှုထမ်းမည့် လူသစ်များ ရရှိရေး လိမ်လည်စည်းရုံးနေ

    စစ်မှုထမ်းပြီးဆုံးသော လူငယ်များကို အလုပ်အကိုင်ပေးမည်ဟုဆိုကာ စစ်မှုထမ်းမည့် လူသစ်များ ရရှိရေး လိမ်လည်စည်းရုံးနေ

    စစ်မှုထမ်း အပတ်စဉ် ၁ ပွဲမှ ပြန်လာသည်ဟုဆိုကာ ကြိုဆိုပွဲ အတုဖြင့် ဝါဒဖြန့်

    စစ်မှုထမ်းပြီးဆုံးသော လူငယ်များကို အလုပ်အကိုင်ပေးမည်ဟုဆိုကာ စစ်မှုထမ်းမည့် လူသစ်များ ရရှိရေး လိမ်လည်စည်းရုံးနေ

    ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁ ပွဲမှ ပြန်လာသည်ဟုဆိုကာ ကြိုဆိုပွဲ အတုဖြင့် ဝါဒဖြန့်မှုများ စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း၊ ဧရာဝတီတိုင်း၊ဝါးခယ်မမြိုနယ်၊လက်ခုပ်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ တာဝန်ထမ်းဆောင်ပြီး၍ ပြန်လာသော လူငယ်ကျော်ကျော်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးမြကျော်ထွေးနှင့် ကျေးရွာသူ ကျေးရွာသားများက ဂုဏ်ပြုကြိုဆိုသည်ဟုဆိုကာ

    စစ်တပ်တယ်လီဂရမ်ချန်နယ်များတွင် လိမ်လည် ဝါဒဖြန့်မှုများ လုပ်ဆောင်လာကြောင်း၊ အဆိုပါ လူငယ် ကျော်ကျော်ဦးမှာ စစ်မှုထမ်းအပတ်စဉ် ၁ မှ မဟုတ်သကဲ့သို့ စစ်မှုထမ်းခြင်းလည်းမရှိခဲ့ကြောင်း သိရှိရသည်။

    “လက်ခုပ်ကျေးရွာအုပ်စုမှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ပြန်လာတဲ့သူကို ကြိုဆိုပွဲဆိုပြီး လုပ်သွားတယ်။ တကယ်က စစ်မှုထမ်းအပတ်စဉ် ၁ က လူလည်းမဟုတ်ဘူး။ ပြန်လာတာလည်းမဟုတ်ဘူး။

    အဲဒီကြိုဆိုပွဲက လိမ်ဆင်ကြီးဖြစ်နေတာ။ အဲဒီ လူငယ်က စစ်မှုထမ်းတယ်လို့ လည်းမကြားဖူးဘူး။ ရွာကတော့ ပျောက်သွားတယ်။ ပြီးမှ စစ်မှုထမ်းက ပြန်လာတယ်ဆိုပြီး ကြိုဆိုပွဲ လုပ်တာ။ စစ်မှုထမ်းရာက ပြန်လာတာတော့မဟုတ်ဘူး” ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းမှ ပြန်လာသော လူငယ်များကို ကြိုဆိုပွဲများဖြင့် ပြည်သူများက ကြိုဆိုနေသည်ဆိုသော ဝါဒဖြန့် လုပ်ကြံမှုများကို လုပ်ဆောင်နေပြီး စစ်တပ် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ဝါဒဖြန့်ကာ စစ်မှုထမ်း လူငယ်များ ရရှိရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တပ်အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။

    ယင်းအပြင် စစ်မှုထမ်းပြန်လာသည့် လူငယ်များကို အလုပ်အကိုင်များ ဖန်တီးပေးနေသည်ဟုဆိုကာ စစ်တပ်က ဝါဒဖြန့် သတင်းစာများမှ တစ်ဆင့် လည်း ကြေညာမှုများ လုပ်ဆောင်နေသည်။

    မေလ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေး၌ စစ်အုပ်စု၏ အလုပ်သမားဒုဝန်ကြီး မောင်မောင်သန်းက စစ်မှုထမ်းကာလ ပြီးဆုံးသူများကို အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးမည်ဟု ဝါဒဖြန့်ပြောဆိုခဲ့သည်။

    စစ်မှုထမ်းပြီးဆုံးခဲ့သော လူငယ်များကို အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ချိတ်ဆက်ပေးခြင်း၊ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများတွင် အလုပ်ရရန် လုပ်ငန်းရှင်များ၊ စက်မှုဇုန်ကော်မတီများနှင့် ညှိနှိုင်းပေးခြင်းများ လုပ်ဆောင်ပေးမည်ဟု ဒုဝန်ကြီး မောင်မောင်သန်းကဆိုသည်။

    ယင်းမြှူဆွယ်မှုများသည် စစ်ရှုံးနေသည့် စစ်တပ်က ၎င်းတို့၏ စစ်သားစုဆောင်းရေးယန္တရား ဆက်လက်လည်ပတ်နိုင်ရန် လူငယ်များကို မက်လုံးပေးခြင်းသာ ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ရှုမြင်ကြသည်။

    စစ်တပ်က ယင်းကဲ့သို့ ဝါဒဖြန့်မှုများအကြီးအကျယ် လုပ်ဆောင်လာခြင်းမှာ လက်ရှိစစ်မှုထမ်းနေရသူများ၏ မကျေနပ်မှုကို ထိန်းသိမ်းရန်နှင့် နောင်လာမည့် အပတ်စဉ်များအတွက် လူသစ်ရရှိရန် ရည်ရွယ်သည့် လိမ်လည်နေခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ပြောဆိုသည်။

    အခြားတစ်ဖက်တွင်လည်း စစ်တပ်က လူငယ်များကို နိုင်ငံတစ်ဝန်းတွင် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို လုပ်ဆောင်ပြီး လစဉ် စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်နေရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ရှိလာပြီဖြစ်သည်။

  • ထိုင်းတွင် မြန်မာလုပ်သားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သူ ၄ ဦး ဖမ်းမိ၊ ၂ ဦး ထွက်ပြေးနေ

    ထိုင်းတွင် မြန်မာလုပ်သားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သူ ၄ ဦး ဖမ်းမိ၊ ၂ ဦး ထွက်ပြေးနေ

    ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်ရှိ စားသောက်ဆိုင်တခု၌ မြန်မာလုပ်သားတဦးဖြစ်သည့် ကိုသားသားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သည့် တရုတ်လုပ်ငန်းရှင် လေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းကိစ္စတွင် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် မြန်မာ့အလင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

    “ဒီနေ့ တယောက်ထပ်မိတယ်။ အားလုံးတော့ ဒီကလေး (ကိုသားသား) ကို လုပ်ခဲ့တဲ့လူ လေးယောက်တော့ ဖမ်းမိသွားပြီဗျ” ဟု မြန်မာ့အလင်း လူမှုကူညီရေးအဖွဲ့မှ ကိုနေလင်းသူက မေလ ၈ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

    ကိုသားသားကို ညှဥ်းပန်းနှိပ်စက်ခဲ့သူ တရုတ်လုပ်ငန်းရှင် ခြောက်ဦးထဲမှ ကျန်နှစ်ဦးမှာ ထွက်ပြေးနေသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များ ရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။

    “သူတို့နှစ်ယောက်ကတော့ ပြေးနေတယ်။ ဒါပေမဲ့ မလွတ်တော့ပါဘူး။ ဒီလေးယောက် မိသွားပြီဆိုတော့ ဒီနှစ်ယောက်ကတော့ မလွတ်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ယောက်ကတော့ မိမှာပါ။ တကယ်လို့ မမိရင်တောင်မှ ထိုင်းဥပဒေအရ သူတို့ကို ဝရမ်းပြေးထုတ်မှာပေါ့နော်။ ဖမ်းဝရမ်းထုတ်မှာပေါ့” ဟု ကိုနေလင်းသူက ပြောသည်။

    လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည့် တရုတ် လေးဦးကို စစ်ဆေးနေဆဲဖြစ်ပြီး ပုဒ်မများ မတပ်ရသေးကြောင်း၊ တရားရုံးသို့ ဖြစ်စဉ်များအကုန် တင်ပြထားဆဲဖြစ်ကြောင်းနှင့် တရားရုံးက အမိန့်စာထွက်လာမှ ပုဒ်မများ ပြောပြနိုင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

    ယင်းကိစ္စနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်အောင် ထိုင်းဥပဒေအတိုင်း “အဆုံးထိ” သွားမည်ဖြစ်ကြောင်း ကိုနေလင်းသူက ပြောသည်။ “ကျွန်တော်တို့ နိုင်ငံခြားအလုပ်သမားချင်း အတူတူပေါ့နော်။ ညှဥ်းပန်းနှိပ်စက်တဲ့ အမှုကတော့ ထိုင်းနိုင်ငံကလည်း လက်မခံဘူးပေါ့နော် ဒါမျိုးလုပ်တာကို။ အဲ့ဒီအတွက် အမှုကတော့ ကျွန်တော်တို့ အဆုံးထိ သွားမှာပါ” ဟု ဆိုသည်။

    အသက် ၂၇ နှစ်အရွယ် ကိုသားသားသည် ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် တရုတ်စကားပြန်အဖြစ် တလလျှင် ဘတ် ၂၀,၀၀၀ ဖြင့် လုပ်ကိုင်ခဲ့သည်။ နှစ်လအတွင်း လစာကျန်ငွေ ဘတ် ၁၆,၀၀၀ တောင်းသော်လည်း မရသဖြင့် အလုပ်ထွက်ခဲ့ကြောင်း သိရသည်။

    “ဧပြီ ၃၀ ရက်နေ့ ကျတော့ ၃ နာရီခွဲလောက်မှာ သားသားဆိုတဲ့ ညီလေးကို ပိုက်ဆံထုတ်ပေးပါမယ်ဆိုပြီးမှ သူ့အလုပ်ဆိုက်ထဲကနေ သွားခေါ်ထုတ်လာတာ။ သွားခေါ်လာတဲ့အချိန်မှာ သူ့ကို သူ့သူဌေးပါဆိုပြီး ပြောတဲ့လူရယ်၊ ပြီးလို့ရှိရင် ခုနက သူအလုပ်သင် သင်ပေးခဲ့တဲ့ တရုတ်စကားပြန်ညီလေးရယ်ပေါ့နော်။ သူတို့ နှစ်ယောက်နဲ့ လာခေါ်တယ်” ဟု ကိုနေလင်းသူက ရှင်းပြသည်။

    ထို့နောက် ရယောင်းခရိုင်တွင်ရှိသည့် တရုတ်စားသောက်ဆိုင်တဆိုင်သို့ ခေါ်ဆောင်ပြီး အဆိုပါ စားသောက်ဆိုင်၏ ရုံးခန်းထဲတွင် ပိတ်ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

    ကိုသားသားအား ဆိုင်ပိုင်ရှင် သူဌေးမဟုဆိုသည့် တရုတ်အမျိုးသမီးတဦးက သုံးမိနစ် ရေနွေးအိုးဖြင့် ရေနွေးပူ လေးအိုးအထိ လောင်းခဲ့ကြောင်း၊ ထို့နောက် ဂေါက်တံများ၊ သံပိုက်များဖြင့် အုပ်စုဖွဲ့ ထပ်မံဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် ကျားဖြန့်များ နှိပ်စက်သည့် ပုံစံများဖြစ်သည့် လက်သည်းခွံချွတ်ခြင်း၊ လက်များဖြတ်ခြင်း စသည့် ဗီဒီယိုဖိုင်များကို ပြသပြီး ကိုသားသား၏ ပါးစပ်ထဲသို့ ရေနွေးပူလောင်းထည့်ရန် လုပ်ဆောင်ချိန်တွင် ကိုသားသားက အတင်းရုန်းကန်ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသူများထဲတွင် ကိုသားသားကို လာရောက်ခေါ်ဆောင်သွားသည့် သူဌေးဟုဆိုသူနှင့် ၎င်းအား ရေနွေးပူနှင့် လောင်းခဲ့သည့် တရုတ်အမျိုးသမီးတို့ ပါဝင်ကြောင်းလည်း သိရသည်။

  • အပင်ပိုးကျ၍ မဟာဗောဓိညောင်ပင် အရွက်ဝါလာမှုကို “ထူးခြားဖြစ်စဉ်” အဖြစ် ဂေါပကအဖွဲ့ တင်ပြ

    အပင်ပိုးကျ၍ မဟာဗောဓိညောင်ပင် အရွက်ဝါလာမှုကို “ထူးခြားဖြစ်စဉ်” အဖြစ် ဂေါပကအဖွဲ့ တင်ပြ

    အပင်ပိုးကျ၍ မဟာဗောဓိညောင်ပင် အရွက်ဝါလာမှုကို “ထူးခြားဖြစ်စဉ်” အဖြစ် ဂေါပကအဖွဲ့ တင်ပြ

    ရန်ကုန်မြို့ရှိ မဟာဝိဇယစေတီတော် ဝင်းအတွင်း စိုက်ပျိုးထားသော မဟာဗောဓိညောင်ပင်၏ အရွက်များ အစိမ်းရောင်မှ ရွှေအိုရောင်သို့ ပြောင်းလဲလာသည့်ဖြစ်စဉ်ကို စေတီတော်ဂေါပကအဖွဲ့က “ထူးခြားဖြစ်စဉ်” အဖြစ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

    ဂေါပကအဖွဲ့၏ အဆိုအရ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်စိုက်ပျိုးထားသော ညောင်ပင်သည် မေ ၅ ရက် နံနက်ပိုင်းမှစတင်ကာ အရွက်အရောင်များ ပြောင်းလဲလာခဲ့ခြင်းဖြစ်ပြီး၊ ယင်းဖြစ်စဉ်ကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ သာသနာရေးဝန်ကြီးဌာနမှတစ်ဆင့် တာဝန်ရှိသူများထံ တင်ပြထားကြောင်း ဆိုသည်။

    သို့သော် စိုက်ပျိုးရေးပညာရှင်အချို့ကမူ ယင်းသည် ယခုလိုရာသီတွင် အပင်များတွင် တွေ့ရလေ့ရှိသည့် အဓိက ညောင်ပင် ဒီရာသီမှာ‌ ညောင်ပင်တွေက အရွက်ကြွေတယ် အသစ်ထွက်တယ် ဒါရိုးရိုးသာမန်ဖြစ်စဉ်တစ်ခုသာ ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

    နိုင်ငံရေးလေ့လာသူများကလည်း ယခင်စစ်အစိုးရလက်ထက်တွင် တည်ထားခဲ့သည့် စေတီတော်အတွင်း ဖြစ်ပွားသည့် ယင်းဖြစ်စဉ်ကို လက်ရှိစစ်ကောင်စီလက်ထက်တွင် “နိမိတ်ကောင်း” အသွင်ဖော်ပြနေခြင်းမှာ နိုင်ငံရေးအရ ပုံရိပ်တည်ဆောက်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် မြင်ကြောင်း ဆိုသည်။

    “”ယခင်က လည်းဆင်ဖြူတော်လပေါ်တယ်ဆိုပြီး စစ်ကောင်စီက ဘွဲ့တွေပေးခဲ့ဖူးတယ် သူလည်း သူ့နည်းသူဟန်နဲ့ရူးသလို သူ့အနားကသူတွေကလည်းအရူးဘုံမြှောက်နေတာပေါ့””လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    တစ်ဖက်တွင်လည်း လူမှုကွန်ရက်များပေါ်၌ လူငယ်အသုံးပြုသူများက ယင်းဖြစ်စဉ်အပေါ် လှောင်ပြောင်ဝေဖန်မှုများ ပြုလုပ်နေကြပြီး၊ သိပ္ပံနည်းကျ ရှင်းလင်းနိုင်သည့် သဘာဝဖြစ်စဉ်တစ်ခုကို အထူးသတင်းအဖြစ် တင်ပြနေခြင်းအပေါ် ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။

    နိမိတ်ကောင်းသည်ဟု ဝါဒဖြန့်ခဲ့သည့် မဟာဝိဇယဘုရားမှ ညောင်ရွက်များအားလုံး ကြွေကျ

    ရန်ကုန်မြို့၊ မဟာဝိဇယစေတီတော်ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်၌ အရွက်များ အရောင်ပြောင်းလဲခြင်းမှာ နိမိတ်ကောင်းဖြစ်သည်ဟု ဝါဒဖြန့်မှုများ ထွက်ပေါ်လာပြီးနောက် တစ်ရက်အကြာ ယနေ့ မေလ ၈ ရက်နေ့တွင် အဆိုပါညောင်ရွက်များမှာ တစ်ရွက်မကျန် ကြွေကျသွားကြောင်း သိရှိရသည်။

    ထို့အပြင် ၎င်းညောင်ပင်အနီးရှိ အခြားသောအပင်များတွင်လည်း အရွက်များမှာ အစိမ်းရောင်မှ ဝါဖျော့ရောင်သို့ အလားတူ ပြောင်းလဲလာနေသည်ကို မြင်တွေ့နေရသဖြင့် ယင်းဖြစ်စဉ်မှာ ဘာသာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရိုက်ခတ်မှုသာဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင် တစ်ဦးက ထောက်ပြသည်။

    “အခုလို အရွက်တွေအားလုံး တစ်ပြိုင်နက်တည်း ကြွေကျသွားတာဟာ အပင်က ပြင်းထန်တဲ့ အပူဒဏ်နဲ့ ရေဓာတ်ခန်းခြောက်တဲ့ဒဏ်ကို ခံနေရလို့ပါ။ အပင်ကိုယ်တိုင် ဆက်ပြီးအသက်ရှင်နိုင်ဖို့အတွက် ရေငွေ့ပျံတာကို အစွမ်းကုန်လျှော့ချလိုက်တဲ့ သဘာဝရဲ့ ခုခံကာကွယ်မှု ယန္တရားတစ်ခုပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

    ၎င်းက ဆက်လက်၍ ဘေးပတ်ဝန်းကျင်ရှိ အပင်များပါ အရွက်များ လိုက်ဝါလာခြင်းမှာ ထိုဒေသအတွင်း အပူချိန်လွန်ကဲမှု (Heat Stress) ကြောင့် အပင်များ၏ ဇီဝကမ္မဖြစ်စဉ် ယိုယွင်းလာခြင်းကို ပြသနေခြင်းဖြစ်ပြီး၊ သိပ္ပံနည်းကျ အချက်အလက်များကို မျက်ကွယ်ပြု၍ နိမိတ်များအဖြစ် ပုံဖော်ခြင်းမှာ ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ဆိုသည်။

    ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးကလည်း “မနေ့ကတင် ရွှေအိုရောင် နိမိတ်ကောင်းဆိုပြီး ဝါဒဖြန့်ခဲ့ပေမဲ့ ဒီနေ့မှာတော့ အရွက်တွေ အကုန်ကြွေကျသွားတာဟာ သဘာဝတရားက အမှန်တရားကို ပြန်ပြီး သက်သေပြလိုက်တာပဲ။ ပြည်သူတွေမှာ လျှပ်စစ်မီးနဲ့ ရေအခက်အခဲတွေ ကြုံနေရတဲ့အချိန်မှာ အပင်တွေတောင် အပူဒဏ်မခံနိုင်လို့ သွေ့ခြောက်နေရတာကို နိမိတ်လို့ ပြောနေတာကတော့ တကယ့်ကို ရုပ်ဆိုးလွန်းပါတယ်” ဟု ဝေဖန်သည်။

    နိုင်ငံအတွင်း စစ်ပွဲများနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူများ ဒုက္ခရောက်နေချိန်တွင် အစိုးရဌာနများက အပင်တစ်ပင် အရွက်ဝါသည်ကို နိုင်ငံတော်အဆင့် သတင်းအဖြစ် ပုံဖော်နေခြင်းမှာ လူထု၏အာရုံကို လွှဲရန် ကြိုးပမ်းသည့် လုပ်ရပ်ဟောင်းကြီးသာ ဖြစ်ကြောင်း နောက်ထပ် ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်။

    နိုင်ငံရေးလေ့လာသူများ၏ အဆိုအရ စစ်ကော်မရှင်သည် ၎င်းတို့၏ အုပ်ချုပ်ရေးအာဏာအပေါ် ဘုန်းကံရှိသယောင် ပြသနိုင်ရန်အတွက် မိုးကုတ်ပတ္တမြားသတင်းနှင့် ဤညောင်ရွက်သတင်းကို တပြိုင်တည်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။

    သို့သော်လည်း လက်တွေ့တွင် အပင်မှ အရွက်များ ကြွေကျကုန်ခြင်းမှာ ၎င်းတို့အုပ်ချုပ်သည့် ကာလအတွင်း တိုင်းပြည်၏ ယိုယွင်းပျက်စီးနေသည့် အခြေအနေကို ပိုမိုထင်ဟပ်စေသည့် ဆိုးကျိုးနိမိတ်သာ ဖြစ်ကြောင်း ထောက်ပြမှုများလည်းရှိသည်။

    အဆိုပါ ဖြစ်စဉ်သည် လူငယ်ထုနှင့် အသိပညာရှိသူများအကြားတွင် လှောင်ပြောင်ဝေဖန်စရာ တစ်ရပ်ဖြစ်လာခဲ့ပြီး၊ ဆိုရှယ်မီဒီယာများပေါ်တွင်လည်း သိပ္ပံနည်းကျ အဖြေထုတ်မှုများက ဝါဒဖြန့်ချိရေးထက် ပိုမိုအားကောင်းလာခဲ့သည်။

    ခေတ်အဆက်ဆက် အာဏာရှင်များသည် ဘာသာရေးနှင့် နိမိတ်များကို အသုံးပြု၍ လူထုအပေါ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းလေ့ရှိသော်လည်း၊ ခေတ်သစ်လူ့အဖွဲ့အစည်း၏ အသိတရားရှေ့မှောက်တွင် ယင်းလုပ်ရပ်များမှာ အရာမထင်တော့ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

    မဟာဝိဇယဘုရားရှိ ညောင်ရွက်ဝါများကို ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ဖူးမြော်ရ

    မဟာဝိဇယဘုရားမှာ စိုက်ထားတဲ့ ညောင်ပင်က ရွက်ဟောင်းကြွေပြီး ရွက်သစ်လဲဖို့အတွက် အရွက်ဝါတာကို ဂေါပကအဖွဲ့က ရွှေရောင်အဖြစ် ပြောင်းသွားတယ်ဆိုပြီး စစ်အာဏာရှင်ဆီ စာတင်ခဲ့လို့ ဌာနဆိုင်ရာဝန်ထမ်းတွေ သွားရောက်ဖူးမြော်နေရတယ်လို့ အုပ်ချုပ်ရေး အသိုက်အဝန်းက သိရပါတယ်။

    မေ ၆ ရက်က မဟာဝိဇယဘုရားမှာ စိုက်ထားတဲ့ ညောင်ပင်က ညောင်ရွက်တွေဟာ အစိမ်းရောင်ကနေ ရွှေရောင်ပြောင်းလဲသွားတယ်ဆိုပြီး ဂေါပကအဖွဲ့က တိုင်းသာသနာရေးဦးစီးဌာနကို တင်ပြခဲ့ပြီး တိုင်းသာသနာရေးကတဆင့် စစ်အာဏာရှင်တွေဆီ တင်ပြခဲ့လို့ ဝန်ထမ်းတွေ သွားရောက်ဖူးမြော်ရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “သာမန်ဖြစ်စဥ်ကို ဂေါပကအဖွဲ့က ပုံကြီးချဲ့တာ၊ အစိမ်းရောင်ကနေ ရွှေရောင်အဖြစ်ပြောင်းတာ မဟုတ်ဘူး၊ အဲ့သစ်ပင်က ပိုးကျနေတာ၊ အောက်မှာကျနေတဲ့ အရွက်တွေမှာ တခြမ်းက ညိုရင့်ပြီး တခြားက ဝါနေတာ၊ ဒါကို သဲဖြူခင်း ရာဇမတ်ကာပြီး ဖူးခိုင်းတာ။ ဒီနေ့ သစ်တောက ဝန်ထမ်းတွေရော သာသနာရေးဝန်ထမ်းတွေရော စည်ပင်ဝန်ထမ်းတွေရော လာဖူးကြတယ်။ ဒီနေ့ဆို အဲ့သစ်ပင်မှာ ညောင်ရွက်တွေမရှိတော့ဘူး၊ ကြွေကျလို့ ကုန်သလောက်ဖြစ်နေပြီ။”

    မဟာဝိဇယဘုရား ဂေါပကအဖွဲ့က စစ်အာဏာရှင်သမ္မတ လက်ထက်မှာ နိုင်ငံအေးချမ်းသာယာပြီ ဆိုတဲ့ အတိတ်နိမိတ်ကြောင့် ညောင်ရွက်တွေ ရွှေရောင်အဖြစ် ပြောင်းသွားကြောင်း ပုံဖော်တာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

    ညောင်ရွက်တွေ ဝါခြင်းမှာ ဇီဝကမ္မဖြစ်စဥ်တခုဖြစ်ပြီး သစ်ပင်တိုင်း နွေရာသီမှာ ရွက်ဟောင်းကြွေပြီး ရွက်သစ်လဲဖို့ အရွက်တွေ ဝါလာတာလို့ စိုက်ပျိုးရေးလုပ်ငန်းလုပ်သူတယောက်က ပြောပါတယ်။

    “ညောင်ပင်ဆိုတာ အမြဲစိမ်းတာ မှန်တယ်။ ဒါပေမဲ့ သက်တမ်းကုန်လို့ ရွက်ဟောင်းကြွေခါနီးရင် အရွက်တွေက အစိမ်းရောင်ကနေ အဝါရောင်ဘက်ကို သန်းသွားတယ်။ ပြီးရင် ဝါရိပြီး ကြွေသွားရော။ နောက်တခုက ရေဓာတ်အပြည့်အဝ မရရင်လည်း အရွက်တွေဝါတယ်။ ဘက်တီးရီးယားပိုးကြောင့် အရွက်တွေဝါပြီး တွန့်လိမ်ကုန်တယ်။ အသိဉာဏ်အားနည်းတဲ့ သူတွေအတွက်တော့ ထူးခြားနေမှာပေါ့။ စိုက်ပျိုးရေးလုပ်နေတဲ့သူတွေအတွက် ဒါက ထူးခြားမှုမဟုတ်ဘူး။ ဇီဝကမ္မဖြစ်စဥ်တခုပဲဖြစ်တယ်။”

    အဆိုပါ ညောင်ပင်မှာ ၁၉၈၄ ခုနှစ် မေ ၁၄ ရက်က သီရိလင်္ကာနိုင်ငံမှ ယူဆောင်လာပြီး မဟာဝိဇယဘုရားမှာ စိုက်ထားရာ သက်တမ်းမှာ ၄၂ နှစ် ကြာပြီဖြစ်ကြောင်း ဂေါပကအဖွဲ့က သာသနာရေးဦးစီးဌာနကို ပေးပို့တဲ့မှတ်တမ်းမှာ တွေ့ရပါတယ်။

    Photo: မဟာဝိဇယဂေါပကအဖွဲ့

  • သတင်းအမှောင်ကျနေဆဲ ပီတာဘား လူသတ်မှု

    သတင်းအမှောင်ကျနေဆဲ ပီတာဘား လူသတ်မှု

    တောင်ကြီးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပီတာဘား လူသတ်မှုရဲ့ အဓိက တရားခံဖြစ်သူ အောင်မျိုးသူ (ခ) ပီတာ ဟာ မေလ ၇ ရက် ညပိုင်းက တောင်ကြီးမြို့မရဲစခန်းကို ပြန်လည်လွှဲပြောင်း ရောက်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

    ပီတာဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာနယ်မြေရဲစခန်းမှာ မေလ ၆ ရက်၊ နေ့လယ်ပိုင်းက သွားရောက်အဖမ်းခံခဲ့ပြီးတဲ့နောက် အဆင့်ဆင့် လွှဲပြောင်းပြီး တောင်ကြီးမြို့မရဲစခန်းကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

    အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်‌မေးမြန်းရာမှာ တာဝန်ရှိသူ က “တရားခံကို ညကမှ ခေါ်လာတာ။ ပြန်စစ်ဦးမယ်။ (သတင်းထုတ်ပြန်ဖို့) မရှိသေးပါဘူး” လို့သာ ပြန်လည် ဖြေကြားပါတယ်။

    ◇ ဖြစ်စဉ်အကျဉ်း

    တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပီတာဘားဆိုင်မှာ အလုပ်လုပ်ကိုင် နေတဲ့ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ဝေကို ဆိုင်လာတဲ့ ဧည့်သည်က မုန့်ဖိုးပေးခဲ့တာ ဆိုင်ရှင် အောင်မျိုးသူ (ခ) ပီတာက သူ့ကို ပြောမပြတာကြောင့် ဆိုပြီး ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခဲ့တာကြောင့် မဖူးပွင့်ဝေဟာ ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

    အဲဒီလို သေဆုံးသွားပြီးတဲ့နောက် ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာဟာ နောက်တစ်နေ့ မနက်အစော မှာ ဆိုင်ကနေ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးတော့ သူ့ရဲ့ ဇနီးက မိန်းကလေးငယ်ဟာ သာမန် သေဆုံးတဲ့ ပုံစံမျိုးနဲ့ သုဿာန်ကိုပို့ပြီး သင်္ဂြိုဟ်ဖို့ လုပ်နေတဲ့အချိန်မှာ သံသယဖြစ်ဖွယ်ရှိတာကြောင့် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာကနေ လူသတ်မှု ပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။

    ◇ လူသတ်မှု ဖြစ်

    ဖြစ်စဉ် ဖြစ်ပွားချိန်မှာ သေဆုံးခဲ့ရသူ မဖူးပွင့်ဝေ အပြင် အသက် ၁၅ နှစ်အရွယ် တခြား ဆိုင်ဝန်ထမ်း မိန်းကလေး တစ်ဦးလည်း ဆိုင်အတွင်း ရှိနေတယ်လို့ သိရပါတယ်။

    သူ့ရဲ့ ထွက်ဆိုချက်အရ သေဆုံးသူ မိန်းကလေးငယ်ကို ပီတာက လက်သီးနဲ့ ထိုးတာ၊ ခေါင်းကို လက်နဲ့ကိုင်ပြီး စားပွဲနဲ့ ဆောင့်တာ၊ ခြေထောက်နဲ့ ကန်တာ၊ အရက်ထည့်တဲ့ ရေခွက်ကြီးထဲ ခေါင်းကိုနှစ်တာတွေအပြင် ရိုက်နှက် ညှဉ်းပန်းမှုတွေ လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    ဒါ့အပြင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ တာဝန်ရှိသူကလည်း “မှုခင်းဆရာဝန်ကြီးရဲ့ စစ်ဆေးချက်အရ ဦးခေါင်းမှာ ဒဏ်ရာရပြီးတော့ အတွင်းက ဦးနှောက်သွေးကြောပေါက်၊ သွေးခဲပြီး သေဆုံးတာပါ” လို့ ပြောဆို ထားပါတယ်။

    အဲဒါကြောင့် လူသတ်မှု ဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ရရှိထားတဲ့ ဒဏ်ရာအခြေအနေ၊ ဆေးရုံရဲ့ အတည်ပြုချက်၊ သက်သေခံ ထွက်ဆိုချက်တွေအရ မိန်းကလေးငယ် မဖူးပွင့်ဝေ ဟာ ဘားပိုင်ရှင်ရဲ့ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုတွေကြောင့် သေဆုံးခဲ့ရတာပါ။

    ◇ ပီတာ ဘာတွေပြောခဲ့လဲ

    တရားခံ အောင်မျိုးသူ (ခ) ပီတာဟာ တုံတာနယ်မြေရဲစခန်းမှာ ဖမ်းဆီးခံခဲ့တုန်းက မိန်းကလေးငယ်ဟာ ဆိုင်မှာ လာရောက်စားသောက်တဲ့ ဧည့်သည်တွေက ငွေရှင်းပြီး ပိုတဲ့ Tip Money ငွေတွေ ထည့်ထားတဲ့ စုဘူးထဲကငွေကို ခိုးယူတဲ့အတွက် ဒေါသမထိန်းနိုင်ဘဲ ဆိုင်အဝင်ပေါက် လှေကားအဆင်းမှာ မဖူးပွင့်ဝေရဲ့ ခေါင်းကို လက်နဲ့ရိုက်ပြီး ရင်ဘတ်ကို ဆောင့်တွန်းလိုက်တာမှာ မိန်းကလေးငယ်ဟာ လှေကားတိုင်နဲ့ ဦးခေါင်းနောက်စေ့ ဆောင့်မိပြီး တိုင်ဘေးက စားပွဲနဲ့ မျက်နှာ ထပ်မံဆောင့်မိကာ သတိလစ်မေ့မြောသွား ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    အဲဒီနောက် မိန်းကလေးကို တောင်ကြီးမြို့၊ မြတ်တော်ဝင်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာမှာ အခြေအနေ မကောင်း တဲ့အကြောင်း ပြောတဲ့အတွက် စားသောက်ဆိုင်ကို ပြန်ခေါ်လာပြီး ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာ က သူ့ရဲ့ဆိုင်ကယ်နဲ့ တောင်ကြီးကနေ မိုင်းပျဉ်းမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာပြီး တုံတာမြို့ အရောက်မှာ ပြစ်မှုကို နောင်တရကာ လာရောက်အဖမ်းခံခဲ့တာ ဖြစ်တယ်လို့ အောင်မျိုးသူက ထွက်ဆို ထားတယ်လို့လည်း ဆိုပါတယ်။

    မြတ်တော်ဝင်ဆေးရုံကို လူနာ ရောက်ရှိခဲ့မှုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာတော့ “ပုဂ္ဂလိက ဆေးရုံတွေမှာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအရ လူနာရဲ့ အချက်အလက်ကို ဖြေခွင့်မရှိပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေကိုတော့ သတင်းပေးရတယ်။ တခြား ဘာမှပြောခွင့်မရှိလို့ပါ” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

    ◇ ဒေသခံလူထု ပြောစကား

    အဲဒီ ပီတာဘားဆိုင်ဟာ လာဖွင့်တာ သိပ်မကြာသေးပေမဲ့ ဆိုင်မှာ မကြာခဏဆိုသလို ဘားဆိုင်ပိုင်ရှင်ရဲ့ အော်ဟစ်ဆဲဆိုသံတွေ၊ ရန်ဖြစ်သံတွေ ကြားရတတ်တယ်လို့ ပတ်ဝန်းကျင်က ပြောပါတယ်။

    “သူတို့ဆိုင်မှာက မကြာခဏဆိုသလို အဲဒီလို အော်ဟစ်ဆဲဆို၊ ရန်ဖြစ်သံတွေ ကြားရတတ်ပါတယ်။ ဖြစ်စဉ် ဖြစ်တဲ့ (မေလ ၄ ရက်) ညပိုင်းကလည်း ဆိုင်ပိုင်ရှင်ရဲ့ အော်ဟစ်သံတွေ ကြားပေမဲ့ ခါတိုင်းလိုပဲ ရန်ဖြစ်တယ် ထင်လိုက်တာပါ။ နောက်တစ်နေ့ နေ့လယ်မှ ကောင်မလေး ဆုံးသွားတယ်ဆိုတာ သိရပါတယ်” လို့ ပြည်တော်သာ ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဒီအမှုနဲ့ ပတ်သက်လို့ အမှန်တရားပေါ်ပေါက်ဖို့ လိုလားပြီးတော့ ကျူးလွန်သူက ပိုက်ဆံရှိလို့ လွတ်မြောက် သွားတယ် ဆိုတာမျိုး ဖြစ်မှာကို စိုးရိမ်နေကြတဲ့အပြင် တာဝန်ရှိသူတွေရဲ့ သတင်းဖုံးကွယ်မှုကြောင့် ပြစ်မှု ပေါ့လျော့သွားတာ၊ ပျောက်ကွယ်သွာတာမျိုး ဖြစ်ပေါ်မှာကို စိုးရိမ်နေကြပါတယ်။

    ဒါ့အပြင် ဝါရင့် တရားလွှတ်တော် ရှေ့နေတစ်ဦးကလည်း “အစက သူကထွက်ပြေးနေတယ်။ နောက်ပိုင်း ရှမ်းရှေ့မှာ အဖမ်းခံတယ်။ အဲဒီတော့ အရင်က သူကိုယ်တိုင် အဖမ်းမခံဘဲ ထွက်ပြေးတယ်။ ဒီအပြစ်ကို ဝန်ခံချင်တယ် ဆိုရင် ဖြစ်ကတည်းက ထွက်မပြေးဘဲ အသိပေးရမှာပေါ့။ အဲဒီလိုဆိုရင်တော့ သူကိုယ်တိုင် အဖမ်းခံတာ အကျုံးဝင်တယ်။ အခုက သူထွက်ပြေးထားတာ ရှိတဲ့အတွက်ကြောင့် ဥပဒေဘက်က ကြည့်ရင် လက်ခံစရာအကြောင်း မရှိပါဘူး” လို့ ရှင်းပြပြောဆိုခဲ့ပါတယ်။

    တစ်ဆက်တည်းမှာပဲ တရားခံဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခြင်းမပြုဖို့ ရှေ့နေ အသိုင်းအဝိုင်း က ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။

    ◇ ထုတ်ပြန်ပေးပါ

    လက်ရှိမှာ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ပြည်သူတွေ အားလုံး စိတ်ဝင်စားနေကြသလို သတင်းကလည်း အမှန် တွေကော၊ အမှားတွေပါ ပျံ့နှံ့နေပါတယ်။ အထူးသဖြင့် ငွေများတရားနိုင် ဆိုပြီး ကျူးလွန်တဲ့သူက ပြစ်ဒဏ် နည်းနည်းနဲ့ လျော့ပေါ့လွတ်မြောက်သွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ဖြစ်စဉ် အသေးစိတ်အခြေအနေနဲ့ အရေးယူဆောင်ရွက်ထားမှု အခြေအနေတွေကို တာဝန်ရှိသူတွေက သတင်း ထုတ်ပြန်ပေးဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း လတ်တလော စုံစမ်းရရှိချက်များကို အရဲစွန့်၍ တင်ပြလိုက်ရ ပါတယ်။