Category: News

  • မုန်တိုင်းတဲ့ဟေ့…

    မုန်တိုင်းတဲ့ဟေ့…

    မုန်တိုင်းအထူးသတိပေးချက် 🌀 မြန်မာပြည်အနှံ့ မိုးသည်းထန်စွာရွာသွန်းမည့် အခြေအနေ

    မိုးလေဝသကျွမ်းကျင်သူ ဒေါက်တာစိုင်းခွန်အာကာ ရဲ့ နောက်ဆုံးရတွက်ချက်မှုများအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်နေပြီဖြစ်ပြီး နောက် ၄ ရက်မှ ၅ ရက်အတွင်း မုန်တိုင်းငယ် (Depression) အဆင့်အထိ အားကောင်းလာနိုင်ကြောင်း အထူးသတိပေးထားပါတယ်။ ⚠️

    ⛈ ဒေသအလိုက် မိုးရွာသွန်းမည့် ခန့်မှန်းချက်များ –

    ရှမ်းမြောက်၊ မန္တလေးအထက်ပိုင်းနှင့် ရခိုင်အလယ်ပိုင်း: ယနေ့မှစ၍ ၄၈ နာရီအတွင်း နေရာကွက်ကျား မိုးကြီးနိုင်သဖြင့် အထူးသတိပြုရန်။

    (ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် မေလ ၁၇ ရက်အထိ မိုးဆက်တိုက်ရွာပါမည်။)

    တနင်္သာရီတိုင်း: နောက် ၄၈ နာရီအတွင်း မုတ်သုံလေ စတင်ဝင်ရောက်ပါမည်။

    မွန်နှင့် ကရင်ပြည်နယ်: နောက် ၇၂ နာရီအတွင်း မုတ်သုံလေ အရှိန်ရလာပါမည်။

    ပဲခူးတိုင်း: မေလ ၁၆ ရက်အထိ မိုးရွာသွန်းမှု ရှိနေပါမည်။

    ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်နှင့် ချင်းပြည်နယ်: မေလ ၂၀ ရက်အထိ မိုးဆက်တိုက် ရွာနိုင်ပါတယ်။

    မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်: မေလ ၁၈ ရက်အထိ နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။

    ဒေါက်တာ စိုင်းခွန်အာကာ

    ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် လာမယ့် ၇ ရက်အတွင်း တိုင်းဒေသကြီး/ပြည်နယ် အချို့မှာ စံချိန်တင် မိုးကြီးနိုင်တယ်လို့ဆို

    မေလ ၁၁ ရက်နေ့မှ လာမယ့် (၇) ရက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့မှာ မိုးရွာသွန်းမှု အလွန်များပြီး မိုးရေချိန် သိသိသာသာ မြင့်တက်လာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

    အထူးသဖြင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့မှာ မိုးရေချိန် ၇၀၀ မီလီမီတာမှ ၈၀၀ မီလီမီတာ (၂၈ လက်မခန့်) အထိ စံချိန်တင် ရွာသွန်းနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

    လေဖိအားနည်းရပ်ဝန်းရဲ့ ရွေ့လျားမှုလမ်းကြောင်းအရ ရခိုင်ပြည်နယ်မှာ လာမယ့် ၇ ရက်အတွင်း ၅၀၀ မီလီမီတာ အထက်အထိ ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

    မကွေး၊ ပဲခူးနှင့် နေပြည်တော်တို့မှာလည်း ၅ ရက် ကျော်လာတာနှင့်အမျှ မိုးရေချိန် သိသိသာသာ မြင့်တက်လာပြီး မိုးရေချိန် ၅ လက်မမှ ၇ လက်မခန့် အထိ ရရှိလာနိုင်တယ်လို့ ဆိုပါတယ်။

    မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ မေလ ၁၁ ရက် ဒီကနေ့ ညနေ ၃ နာရီခွဲခန့်က တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း (သီရိလင်္ကာနိုင်ငံမြောက်ပိုင်းကမ်းလွန်)မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

    မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်ကတော့ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

    မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်လို့ ဆိုပါတယ်။

    နောက် ၂ ရက်အတွက် ခန့်မှန်းချက်ကတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ဆိုပါတယ်။

    နေပြည်တော်၊ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာနိုင်ပြီး ရွာရန် ရာနှုန်းပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

  • အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်

    အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်

    အုတ်ဖိုမြို့နယ်နှင့်လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံး

    ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက် ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံးခဲ့ကြောင်း

    အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ထုတ်ပြန်ချက်နှင့် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောဆိုချက်အရ သိရသည်။

    ယမန်နေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၊ မြို့အဝင်ရှိ ပျူစော ထီးစခန်းကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ

    စစ်တပ်လက်အောက်ခံ ပျူစောထီး ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    ထို့ပြင် မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာ၌ အကြမ်းဖက်စစ်တပ်၏ ကင်းပုန်းတပ်ဖွဲ့များနှင့် ပဲခူးတိုင်း စစ်ဌာန၊ အမှတ် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၅ တို့ကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

    အလားတူ မေလ ၉ ရက်နေ့တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်ဂိတ်စခန်းကိုလည်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များ နှင့် သာယာဝတီခရိုင်၊ ပကဖ တပ်ဖွဲ့ ၁ ၊ ၂ တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ

    စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

    “လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည် လမ်းဘေးက စစ်ခွေး အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကွမ်းခြံဂိတ်ကို ၄၀ မမ ဗုံး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်။

    ဂိတ်စခန်းထဲက ဘန်ကာတွေ ပျက်စီးသွားပြီး စစ်ခွေးတွေလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    ရန်ကုန်-ပြည်လမ်းရှိ ကွမ်းခြံစစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး ဘန်ကာများ ပျက်စီး

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည်လမ်းရှိ ကွမ်းခြံ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး ဘန်ကာများ ပျက်စီးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    မေလ ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ အင်အား ၂၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ကွမ်းခြံဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးများ၊ လက်နက်ငယ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုသည် ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိကာ စစ်တပ်ဂိတ် အတွင်းရှိ ဘန်ကာများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

    ” လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည် လမ်းဘေးက စစ်ခွေး အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကွမ်းခြံဂိတ်ကို ၄၀ မမ ဗုံး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်။ ဂိတ်စခန်းထဲက ဘန်ကာတွေ ပျက်စီးသွားပြီး စစ်ခွေးတွေလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်ပကဖ၊ အမှတ်(၁)တိုက်ခိုက်ရေးတပ်ဖွဲ့ (ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့) က လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

  • အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းက လူခေါ်ပွဲစား လူမိုက်တွေ အဖမ်းခံရ

    အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းက လူခေါ်ပွဲစား လူမိုက်တွေ အဖမ်းခံရ

    အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း Taxi သမားများနှင့် ခရီးသည်များထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့် လူခေါ်ပွဲစားလုပ်ကိုင်သူများအား ဖမ်းဆီး

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း အငှားယာဉ်တွေနဲ့ ခရီးသည်တွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လူခေါ်ပွဲစားတွေကို မေလ ၉ ရက်မှာ စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

    မေလ ၉ ရက် နေ့လယ်က လူခေါ်ပွဲစား တာတီး (ခ) ဇော်လင်းထွန်းကို အမှတ် (၃) လမ်းမကြီး၊ ရခိုင်ကျောင်းမှတ်တိုင်အနီးမှာ ဖမ်းမိခဲ့ပြီး

    ချစ်သား (ခ) စိုးသီဟကို ခရေပင်လမ်းနဲ့ အမှတ် (၃) လမ်းဆုံမှာ ထပ်မံဖမ်းမိကာ

    ခေါင်းဆောင်ဖြစ်သူ ဂျပန်ကြီးကို ရဲတွေက ရှာဖွေနေတယ်လို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

    “ဝင်းထဲက Taxi နဲ့ ကယ်ရီသမားတွေဆီက လစဉ်ကြေးတောင်းတယ်။ ခရီးသည်တွေကို သူတို့လိုင်းကြေးယူထားတဲ့ Taxi ကားတွေစီးဖို့ ဖိအားပေးတယ်။

    ကားခကို သတ်မှတ်ချက်ကြေးထက် ပိုတောင်းတယ်။ အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ ဂျပန်ကြီး၊ တာတီး၊ ချစ်သားဆို မသိတဲ့သူမရှိဘူး။

    သူတို့နောက်မှာ တပည့်တပန်း လူခေါ်ပွဲစားတွေ အများကြီး။ အခု တာတီးနဲ့ ချစ်သား မိသွားပြီဆိုတော့ ဂျပန်ကြီးပဲ ကျန်တော့တယ်” လို့ ပြောပါတယ်။

    အောင်မင်္ဂလာအဝေးပြေးကားဝင်းထဲမှာ ဂျပန်ကြီး၊ တာတီး၊ ချစ်သားတို့အပြင် ခိုင်မင်း၊ မျိုးအောင်၊ စိုးသူ၊ ကြက်ရိုး၊ ဂန်ဂျား၊ မည်းကြီးစတဲ့ တစ်ကိုယ်တော် လူခေါ်ပွဲစား လူမိုက်ပေါက်စများရှိပြီး

    ဆိုက်ရောက်ဂိတ်၊ ပစောက်ဝန်း၊ အီလိုက်ဝန်း၊ ပုဂံလမ်း၊ မြင်းခြံလမ်း၊ မကွေးလမ်း၊ မုံရွာလမ်း၊ တောင်ကြီးလမ်းတွေမှာ အခြေချတယ်လို့ ဝင်းအတွင်းနေသူတစ်ဦးက ပြောပါတယ်။

    “သူတို့ ၃ ယောက်မိလို့လည်း ပြဿနာက မပြီးသွားဘူး၊ အများကြီး ကျန်သေးတယ်။ အကုန်လုံးက စိုက်ပျိုးရေးဓမ္မာရုံမှတ်တိုင်ဘက်က။

    အုပ်ချုပ်ရေးရော ရဲတွေရော စည်ပင်ရော ပေးကျွေးထားတော့ အကုန်နှုတ်ပိတ်နေတာ။ ဘယ်သူတွေ ဒုက္ခရောက်လဲဆိုတော့ ခရီးသည်တွေနဲ့ ယာဉ်မောင်းတွေပဲ” လို့ ပြောပါတယ်။

    လူခေါ်ပွဲစားအများစုဟာ အောင်မင်္ဂလာအဝေးပြေးအတွင်း ခရီးသွားပြည်သူတွေကို ငွေကြေးတောင်းခံခြင်း၊ အုပ်စုဖွဲ့လုယက်ခြင်း၊ အငှားယာဉ် မငှားပါက ရိုက်နှက်ခြင်းများရှိတယ်လို့ ခရီးသွားလာသူတစ်ဦးက ပြောပါတယ်။

    “မန္တလေးကပြန်လာတုန်းက အထုပ်ကို အတင်းဆွဲပြီး ကားငှားခိုင်းတာ။ မငှားဘူးဆို အထုပ်ခတောင်းတယ်။ မပေးတော့ ဆဲဆိုသွားတယ်။ ကောင်လေးတစ်ယောက်ဆို အထုပ်တွေ ဝိုင်းသယ်ရင်း ဖုန်းလုသွားလို့ပြောတာကို ဝိုင်းရိုက်တယ်။

    ဘယ်သူမှ ဝိုင်းဆွဲမယ့်သူ မရှိဘူး။ မကြာခဏ လုယက်မှုဖြစ်တာလည်း အောင်မင်္ဂလာအဝေးပြေးကားဝင်းပဲ။ အမှန်ဆို အဝေးပြေးကားဝင်းတွေမှာ လူခေါ်ပွဲစားဆိုတာ မထားသင့်တော့ဘူး” လို့ သုံးသပ်ပြောဆိုပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစ၍ အောင်မင်္ဂလာအဝေးပြေးကားဝင်းနဲ့ ဒဂုံဧရာအဝေးပြေးကားဝင်းထဲက လူခေါ်ပွဲစားလုပ်ငန်းကို လူမိုက်တွေက စစ်တပ်နဲ့ ပူးပေါင်းပြီး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

  • သဲချောင်းထဲ ရေဆင်းကူးရာက မောင်နှမ ၃ ဦး ရေနစ်သေဆုံး

    သဲချောင်းထဲ ရေဆင်းကူးရာက မောင်နှမ ၃ ဦး ရေနစ်သေဆုံး

    လွိုင်ကော်မှာ သဲချောင်းထဲ ရေဆင်းကူးရာက မောင်နှမ ၃ ဦး ရေနစ်သေဆုံး

    ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ လူငယ် ၆ ဦး ရေဆင်းကူးရာက မောင်နှမဝမ်းကွဲ တော်စပ်သူ ၃ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာက သဲချောင်းမှာ

    လူငယ် ၆ ဦး ရေဆင်းကူးရာက ယောက်ျား ၂ ဦးနဲ့ မိန်းကလေး ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    “ချောင်းဆိုပေမယ့် ရေသေဖြစ်နေတဲ့ ကန်လိုမျိုးပါ၊ ကလေးမလေးက ရေမကူးတတ်ဘူး၊ ရေနစ်လို့ ကျန်တဲ့ ကလေး ၂ ယောက်က လိုက်ဆယ်တာကနေ ၃ ယောက်လုံး ရေနစ်ဆုံးသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

    ရေနစ်သေဆုံးသူတွေဟာ အသက်(၁၈)နှစ်အရွယ် မတင်တင်စန်းဦး၊ အသက်(၁၉)နှစ်အရွယ် မောင်စိုးသီဟနဲ့ အသက်(၂၀)နှစ်အရွယ် မောင်ရဲလင်းအောင်တို့ ဖြစ်တယ်လို့ သိရပြီး

    နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ မောင်နှမ ၃ ယောက်လုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

    “အကိုတွေကို အရင်တွေ့တာ ပြီးမှ ကောင်မလေးကို တွေ့တာပါ၊ သူတို့က အရင်က မော်ချီမှာ နေတာ၊

    ခုမှ လွိုင်ကော်၊ နမ့်ဘော်ဝမ်ရပ်ကွက်ကို ပြောင်းလာနေကြတာ၊

    ကလေးတွေက မောင်နှမဝမ်းကွဲတွေပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

    ရေနစ်သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို နယ်မြေခံ မီးသတ်တပ်ဖွဲ့က ဝိုင်းဝန်းရှာဖွေခဲ့ပြီး

    ရွှေညောင်ပင် နာရေးကူညီမှုအသင်းက လူနာတင်ယာဉ်တွေနဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

  • သထုံ – ဘားအံကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသမီးငယ် သုံးဦး  သေဆုံး

    သထုံ – ဘားအံကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသမီးငယ် သုံးဦး သေဆုံး

    သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာအနီး သထုံ – ဘားအံကားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာမှ အမျိုးသမီးငယ် သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    ယမန်နေ့ မေလ (၁၀) ရက် ညေနေ (၄) နာရီ (၃၀) မိနစ်ခန့်က အဆိုပါ သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာအနီး သထုံ – ဘားအံကားလမ်းမိုင်တိုင်အမှတ် (၃/၇) နှင့် (၃/၈) ကြားတွင် သထုံမြို့၊ သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာရှိ

    သထုံတာယာစက်ရုံဘက်သို့ အမျိုးသမီးငယ် သုံးဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်နှင့် ဘားအံဘက်မှ သထုံဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသော Honda Fit အမျိုးအစား မော်တော်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ

    မော်တော်ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးငယ် သုံးဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

    ၎င်းက ဆက်လက်ပြီး “ကောင်မလေးတွေက သုဝဏ္ဏဝတီမြို့သစ်မှာ မွေးနေ့ကိတ်ဝယ်ယူပြီးတော့ သထုံတာယာစက်ရုံဘက်ကို အပြန်မှာ ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့ကြရတာပါ” ဟု ပြောကြားသည်။

    ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ကြသူများမှာ သထုံမြိုနယ်၊ ကြာပန်းကျေးရွာ၊ တာယာစက်ရုံဝင်း ပင်လယ်ကွေ့ရပ်ကွက်နေ အသက် (၁၉) နှစ်အရွယ် မအေးအေးအောင် (Civil First Year) မော်လမြိုင်စက်မှုတက္ကသိုလ်၊

    သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ တာယာစက်ရုံဝင်း၊ နဝဒေးရပ်ကွက်နေ အသက် (၂၀) နှစ်အရွယ် မဂျူလိုင်မိုး (Chemistry Second Year) မော်လမြိုင်တက္ကသိုလ်နှင့်

    သထုံမြို့နယ် ကြာပန်းကျေးရွာ၊ တာယာစက်ရုံဝင်း၊ သုဝဏ္ဏရပ်ကွက်နေ အသက် (၁၉) နှစ်အရွယ် မနေခြည်ကျော် (Biochemistry First Year) မော်လမြိုင်တက္ကသိုလ်တို့ ဖြစ်ကြကြောင်း သိရသည်။

    ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ကြသူများအား သထုံမြို့ခံ လူမှုကူညီရေးအသင်းများမှ သထုံခရိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း နှင့် ရုပ်အလောင်းများအား မနက်ဖြန် (မေလ (၁၂) ရက်) နံနက် (၁၁) နာရီအချိန်တွင် ညောင်ဝိုင်း – သုံးအိမ်စု သုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဧပြီလ (၁၈) ရက်နေ့ ညနေ (၄) နာရီဝန်းကျင်အချိန်ခန့်က သထုံမြို့နယ် နောင်ဘိုကျေးရွာ၊ အပြင်အနန်းကုန်းပိုင်း အကောင်းကြိုက်လက်ဖက်ရည်ဆိုင်အနီး ရန်ကုန် – မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၄၁/၂) နှင့် (၁၄၁/၃) ကြားတွင်

    သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသော ရွှေလရောင် မန္တလာ ခရီးသည်တင်မှန်လုံယာဉ်မှ ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့မောင်းနှင်လာသော ရဟန်း (၁၃) ပါး၊ ကိုရင် (၁) ပါး၊ ခရီးသည် အမျိုးသား (၆) ဦး လိုက်ပါလာသည့်

    Mazada Bomgo အမျိုးအစားယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာမှ ရဟန်း (၈) ပါး၊ ကိုရင် (၁) ပါး ပျံလွန်တော်မူကာ အမျိုးသား (၄) ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာများထံမှ သိရသည်။

    Photo – အဖြူရောင်နှလုံးသားလူမှုကူညီကယ်ဆယ်ရေးအသင်း