Category: News

  • အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် ဘားပိုင်ရှင် ထွက်ပြေး

    အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် ဘားပိုင်ရှင် ထွက်ပြေး

    တောင်ကြီးတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် ဘားပိုင်ရှင် ထွက်ပြေး လွတ်မြောက်နေ

    ရှမ်းပြည်မြိုတော်၊ တောင်ကြီးမြိုတွင် လူသတ်မှု ကျူးလွန်ခဲ့သည့် ပီတာဘားပိုင်ရှင် ဖြစ်သူ ကိုပီတာ(ခေါ်) အောင်မျိုးသူမှာ ယနေ့ (ဧပြီ ၆) အထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်ဟု သေဆုံးသူနှင့် နီးစပ်သူများက ပြောသည်။

    တောင်ကြီးမြို၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ၎င်းပိုင်ဆိုင်သည့် ဘား၌ အမျိုးသမီး လိင်ဖျော်ဖြေရေး ဝန်ထမ်းတစ်ဦးအား တရားလွန်ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

    ပီတာဘားဆိုင်သို မကြာခဏ သွားရောက်လေ့ရှိသူ တစ်ဦးက “ဧည့်သည် မုန့်ဖိုးပေးခဲ့တာကို သူ့လာမအပ်လို့ဆိုပြီး ရိုက်တယ်လို့ ကြားတယ်။ ရိုက်ရင်း လက်လွန်သွားတာပေါ့။ ကလေးမလေးကလည်း အသက်မပြည့်သေးဘူး။ အဲ့ရက်ကမှ ရောက်လာတာ။ သူလည်း ထိပ်ဆုံးရက်ဆိုတော့ ပိုက်ဆံပြန်အပ်ရမှာ မသိဘူးလေ။ အလုပ်စဆင်းတဲ့ ရက်မှာပဲ ဆုံးသွားတာ” ဟု ပြောသည်။

    ဧပြီ ၄ ရက်နေ့ည ဖြစ်စဉ်အတွင်း ဆိုင်ပိုင်ရှင် ကိုပီတာ၏ ရိုက်နှက်မှုကြောင့် ဝန်ထမ်းဖြစ်သူမှာ သေဆုံးခဲ့ပြီး နောက်ရက် နံနက် ၅ နာရီဝန်းကျင်ခန့်၌ ၎င်းမှ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသည်ဟု မျက်မြင်တွေ့ရှိသူ အချို့က ဆိုသည်။

    လက်ရှိတွင် ကျူးလွန်သူ ကိုပီတာမှာ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာအကောင့် (Facebook Acc) အပြင် ၎င်းအားဆက်သွယ်နိုင်သည့် နည်းလမ်းမှန်သမျှ ဖြတ်တောက်ထားပြီး ၎င်း၏ ဒုတိယ ဇနီးမှတဆင့် စုံစမ်းနေဆဲ ဖြစ်သည်ဟု နီးစပ်သူ အချို့က ပြောသည်။

    သေဆုံးသူမှာ ညောင်ရွှေမြိုနယ်၊ မင်းချောင်းရှေ့ ကျေးရွာမှာ နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး မိသားစု စားဝတ်နေရေး မပြေလည်မှုကြောင့် လိင်ဖျော်ဖြေရေး လုပ်ငန်းအား လုပ်ကိုင်နေရသည်ဟု သိရသည်။

    ပြည်တော်သာရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက “အဲ့ရက်က နာရေးရှိတယ်။ ဆိုင်က ဝန်ထမ်းချော်လဲလို့ သေတယ်ဆိုပြီး ရပ်ကွက်ကို သတင်းလာပို့တာ။ အဲ့တာနဲ့ အုပ်ကြီးက မဖြစ်နိုင်ဘူးဆိုပြီး ရဲခေါ်တော့ သူတောင်းစားက ပြေးပြီ။ မနက်စောစော ဆိုင်ကယ်နဲ့ ပြေးတာတဲ့။ အရင်မိန်းမတုန်းကလည်း ကလေးတစ်ယောက်နဲ့ သူမတရားရိုက်လို ကွဲကြတာ” လို ပြောပါတယ်။

    ပီတာဘားဆိုင်တွင် အသက်မပြည့်သေးသည့် လိင်ဖျော်ဖြေရေး အမျိုးသမီးဝန်ထမ်းများ ခန့်အပ်ထားသည့်အပြင် မူးယစ်ဆေးလည်း စိတ်ကြိုက်သုံးစွဲခွင့်ရနေပြီး ပိုင်ရှင် ကိုပီတာမှ အမြောက်အမြားလာဘ်ပေးထားခြင်းကြောင့် စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲက မျက်ကွယ်ပြုထားခြင်း ဖြစ်သည်။

    ၎င်းဆိုင်တွင် လုပ်ကိုင်နေသည့် ဝန်ထမ်းအားလုံးကိုလည်း ဧည့်စာရင်းတိုင်ရမည်ဟုဆိုကာ မှတ်ပုံတင်များ သိမ်းဆည်း၍ ဆိုင်မှ မထွက်နိုင်အောင် ပြုလုပ်ထားခြင်း၊ အစမ်းခန့်ကာလအတွင်း ပျက်ကွက်ပါက လစာမရသည့်အပြင် ဒဏ်ကြေးဆောင်ရခြင်း၊ ဧည့်သည်မှ ပေးအပ်သည့် မုန့်ဖိုးများကို တစ်ပြားမကျန် အကုန်ပြန်အပ်ရခြင်း၊ မအပ်ပါက အညိုအမည်း စွဲသည်အထိ ရိုက်နှက်ခြင်း စသည့်လုပ်ရပ်များအား ကျူးလွန်ခဲ့ဖူးသည်ဟု ဝန်ထမ်းဟောင်းများက ပြောဆိုထားသည်။

    တောင်ကြီးမြို့သို့ ရဲချုပ် ဗိုလ်ချုပ်စိုးလှိုင် ရောက်ရှိစဉ် ဘားမှ ဝန်ထမ်းအမျိုးသမီး ၁ ဦး အသတ်ခံရမှု ရှမ်းပြည် နယ်ရဲတပ်ဖွဲ့က ဖုံးဖိ

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရဲချုပ် ဗိုလ်ချုပ်စိုးလှိုင် ရောက်ရှိနေသည့် အချိန်အတွင်း ရက်စက်ကြမ်းကြုတ်သော လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ပြည်သူများအကြား သတင်းမပြန့်နှံ့စေရန် ပြည်နယ်ရဲတပ်ဖွဲ့က ဖုံးဖိထားကြောင်း ရဲသတင်းရင်းမြစ်နှင့် ဒေသခံများထံမှ သိရှိရသည်။

    မေလ ၄ ရက်နေ့ ညပိုင်းတွင် တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ “Perer” ဘားနှင့် စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် ဝန်ထမ်းအမျိုးသမီးငယ် မဖူးပွင့်ဝေကို ဆိုင်ပိုင်ရှင်ဖြစ်သူ အောင်မျိုးသူက ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

    ဖြစ်စဉ်မှာ ဧည့်သည်တစ်ဦးက မဖူးပွင့်ဝေကို ပေးခဲ့သည့် မုန့်ဖိုးငွေ ၅,၀၀၀ ကျပ်အား ဆိုင်ပိုင်ရှင်ကို အသိမပေးခြင်းကြောင့် ဆိုင်ပိုင်ရှင် အောင်မျိုးသူက ဒေါသထွက်ကာ လက်သီးဖြင့်ထိုးခြင်း၊ စားပွဲနှင့် ဦးခေါင်းကို ဆောင့်ရိုက်ခြင်းနှင့် ခြေထောက်ဖြင့် ကန်ခြင်းစသည့် ပြင်းထန်သော ရိုက်နှက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရိုက်နှက်ဒဏ်ရာများကြောင့် မဖူးပွင့်ဝေမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရသည်။

    အဆိုပါအမှုဖြစ်ပွားချိန်မှာ ရဲချုပ်က တောင်ကြီးမြို့သို့ ရောက်ရှိနေချိန်တွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံရပြီး တရားခံမှာလည်း လွတ်မြောက်နေခြင်းကြောင့် အထက်လူကြီးများ၏ ပြစ်တင်ဝေဖန်မှုကို ကြောက်လန့်ကာ ရဲတပ်ဖွဲ့က သတင်းကို အတတ်နိုင်ဆုံး ဖုံးကွယ်ခဲ့ခြင်းဖြစ်သည်။

    “ရဲချုပ်ရောက်နေချိန်မှာ သတင်းမပြန့်အောင် အတတ်နိုင်ဆုံး ဖုံးဖိခဲ့ကြတယ်။ သတင်းဂျာနယ်တွေရဲ့ မေးမြန်းမှုတွေကိုလည်း ဖြေဆိုခြင်းမရှိဘဲ ငြင်းဆိုခဲ့တယ်”ဟု ရဲသတင်းရင်းမြစ်က ရှင်းပြသည်။

    သေဆုံးသူအား သုဿာန်သို့ တိတ်တဆိတ် ပို့ဆောင်ရန် စီစဉ်နေစဉ်အတွင်း တိုင်ကြားမှုကြောင့်သာ ရဲတပ်ဖွဲ့မှ သိရှိခဲ့ရခြင်းဖြစ် သည်။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ မဖူးပွင့်ဝေ၏ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများစွာ တွေ့ရှိခဲ့သည်။

    လူသတ်မှုကျူးလွန်သူ ဆိုင်ပိုင်ရှင် အောင်မျိုးသူသည် မေလ ၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဆိုင်မှ မော်တော် ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးရမိရန် အပူတ ပြင်း ရှာဖွေနေသည်ဟု ဆိုသော်လည်း ရဲတပ်ဖွဲ့က သတင်းမထုတ်ပြန်ဘဲ ဖုံးဖိထားသည်။

  • Miss Grand Myanmar ပြိုင်ပွဲစီစဥ်သူနှင့် အလှမယ်အပါအဝင် ၄ ဦးကို အရေးယူထား

    Miss Grand Myanmar ပြိုင်ပွဲစီစဥ်သူနှင့် အလှမယ်အပါအဝင် ၄ ဦးကို အရေးယူထား

    Miss Grand Myanmar ပြိုင်ပွဲမှာ သီလရှင်ဝတ်စုံနဲ့ အလှမယ်တယောက် ဝင်ပြိုင်တဲ့ကိစ္စ ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက် ပွဲစီစဥ်သူ၊ ပွဲတာဝန်ခံ၊ ဒါရိုက်တာနဲ့ အလှမယ်တို့ကို ကျောက်တံတားခရိုင်မှာ ဘာသာ သာသနာညှိုနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ခဲ့တယ်လို့ အုပ်ချုပ်ရေးကနေ သိရပါတယ်။

    ရန်ကုန်မြို့ The Eravati Sule Grand Yangon ဟိုတယ်မှာ မေ ၄ ရက်က ပြုလုပ်ခဲ့တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်တဲ့အပြင် သာသနာညှိုးနွမ်းစေတဲ့ လုပ်ရပ်တွေကြောင့် ကျောက်တံတားခရိုင်က အမှုဖွင့်တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “ပွဲစီစဥ်သူနဲ့ ပွဲတာဝန်ခံ ၂ ယောက်ကို ရပ်ကျေးဥပဒေ ပုဒ်မ ၂၆ ရယ်၊ သာသနာညှိုးနွမ်းဥပဒေ ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ထားတယ်။ အလှမယ်နဲ့ City ဒါရိုက်တာ နှစ်ယောက်ကို ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ထားတယ်။ ဟိုတယ်လုံခြုံရေးတာဝန်ခံကိုတော့ ဝန်ခံကတိ လက်မှတ်ထိုးခိုင်းထားတယ်”လို့ ပြောပါတယ်။

    မေ ၅ ရက် မနက်က သီလရှင်ပုံစံနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ အလှမယ်နဲ့အတူ ပြိုင်ပွဲကျင်းပရေးနဲ့ ဆက်စပ်သူအားလုံးကို အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ သာသနာရေးဝန်ကြီးက တင်ပြခဲ့တာကြောင့် အရေးယူရတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

    လတ်တလောမှာ ကျောက်တံတားမြို့မရဲစခန်းမှာ ပွဲစီစဥ်သူ မရမ်ဆိုင်းနော်နဲ့ ပွဲဖြစ်မြောက်ရေး တာဝန်ခံ မရမ်လုလုအောင်တို့ကို ပုဒ်မ ၂၆၊ ပုဒ်မ ၂၉၅ (က)၊ တာချီလိတ် အလှမယ် အိမွန်လွင်နဲ့ City Director သန့်ဇင်ဦးတို့ကို ပုဒ်မ ၂၉၅ (က) အမှုဖွင့်ထားပါတယ်။

    မေ ၄ ရက်က ပြုလုပ်ခဲ့တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ တာချီလိတ် အလှမယ်က သီလရှင်ဝတ်စုံနဲ့ ဝင်ပြိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

    သီလရှင်ဝတ်စုံနဲ့ ဝင်ပြိုင်ခဲ့တဲ့ အလှမယ် အိမွန်လွင်ကို မြန်မာပြည် လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာရောက်တာ စတဲ့ ပြိုင်ပွဲစည်းကမ်းချိုးဖောက်တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ကြောင်း Miss Grand Myanmar Organization အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    Photo: MSG

  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြင်သစ်နဲ့ အာစီယံဥက္ကဋ္ဌတို့ တောင်းဆို

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပြင်သစ်နဲ့ အာစီယံဥက္ကဋ္ဌတို့ တောင်းဆို

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းမည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကတိပြု

    အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေး ပြင်သစ်နိုင်ငံက ကြိုးပမ်းမည်ဟု ပြင်သစ်နိုင်ငံ၊ ဥရောပနှင့်နိုင်ငံခြားရေးဝန်ကြီး ဂျန်နိုရယ် ဘာရော့ (M. Jean-Noël Barrot) က ကတိပြု ပြောဆိုလိုက်သည်။

    မေလ ၅ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်းနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံစဉ် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး M. Jean-Noël Barrotက အထက်ပါအတိုင်း ကတိပြုလိုက်ခြင်းဖြစ်သည်။

    အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ထုတ်ပြန်ချက်များကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက မှတ်သားထားကြောင်း၊ သူမကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် ပြင်သစ်နိုင်ငံက ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို အထူးဂရုပြု စောင့်ကြည့်နေပြီး ဆေးကုသခွင့်ရရှိရန်၊ ရှေ့နေများအပြင် မိသားစုဝင်များနှင့် ဆက်သွယ်ခွင့်ရရှိရန် လိုအပ်ကြောင်း ဝန်ကြီးက ထောက်ပြသည်။

    ထို့အပြင် ကိုထိန်လင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်နေသည့် “Proof of Life” (အသက်ရှိထင်ရှားရှိကြောင်း သက်သေပြရေး) လှုပ်ရှားမှုကိုလည်း ဝန်ကြီးက ကြိုဆိုဂုဏ်ပြုသည်။

    မြန်မာ့အရေး ဖြေရှင်းရေးအတွက် ချမှတ်ထားသော အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် အားလုံးပါဝင်နိုင်သည့် ဆွေးနွေးပွဲများ ဖြစ်လာစေရန် ပြင်သစ်နိုင်ငံက တောင်းဆိုထားသည်။

    စစ်ကောင်စီဘက်က ထိရောက်သည့် တိုးတက်မှုများ မရှိသည့်အတွက် ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်နေ့တွင် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးလိုက်ခြင်းကို ပြင်သစ်က ထောက်ခံသည်။ အဆိုပါပိတ်ဆို့မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်သူများနှင့် လူ့အခွင့်အရေး ချိုးဖောက်သူများကို ပစ်မှတ်ထားခြင်းဖြစ်သည်။

    ပြင်သစ်အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာ မိသားစုဝင်များနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုထားသည်။

    “ပြင်သစ်နိုင်ငံရဲ့ ဥရောပနဲ့နိုင်ခြားရေးဝန်ကြီး Mr. Jean-Noel Barrot နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ပြင်သစ်အစိုးရရဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ပြင်သစ်နိုင်ငံက ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်း လုံးဝလွှတ်ပေးရန် တောင်းဆိုထားပြီး၊ မေမေ့ကျန်းမာရေး၊ ဆေးကုသခွင့်နဲ မိသားစုနဲ့ဆက်သွယ်ခွင့်တို့ကို အထူးအရေးထားကြောင်းလည်း ပြောပါတယ်။

    Proof of Life campaign ကို အသိအမှတ်ပြုပေးပြီး ပွင့်လင်းမြင်သာမှုနဲ့ လူ့အခွင့်အရေးများအတွက် တောင်းဆိုပေးထားတာကိုလည်း ကျေးဇူးတင်ပါတယ်။ နိုင်ငံတကာအစိုးရများအားလုံးက ယုံကြည်စိတ်ချရပြီး အမှီအခိုကင်းပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းများက အတည်ပြုထားသော proof of life ရရှိဖို့ ဆက်လက် တောင်းဆိုပေးကြပါရန် ကျနော် တောင်းဆိုလိုက်ပါတယ်” ဟု ကိုထိန်လင်းက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

    ဒေါ်အောင်ဆန်းစုကြည်ကို ‘ခြွင်းချက်မရှိ လွှတ်ပေးရန်’ ဩစတြေးလျ တောင်းဆို

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်” တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျသံရုံးက ယနေ့ (မေ ၆ ) တွင်ထုတ်ပြန်သည်။

    “ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့သည့်သတင်းများကို ကြားသိရပါသည်။ သူမအား မိသားစုနှင့်ဆက်သွယ်ခွင့်ပြုရန်၊ သူမ၏ရှေ့နေများနှင့်တွေ့ဆုံခွင့်ပြုရန်နှင့် သင့်လျော်သောကျန်းမာရေးစောင့်ရှောက်မှုတို့ရရှိစေရန် မိမိတို့မျှော်လင့်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

    ထို့ပြင် “သူမကို ခြွင်းချက်မရှိလွှတ်ပေးရန်နှင့် မတရားသဖြင့်ထိန်းသိမ်းထားသူ အားလုံးကို လွှတ်ပေးရန် မိမိတို့ဆက်လက်တောင်းဆိုသည်” ဟု ဖော်ပြထားသည်။

    ယင်းပြင် အကြမ်းဖက်မှုများရပ်တန့်ရန်၊ လူသားချင်းစာနာမှုအကူအညီများကို လုံခြုံစွာ အဟန့်အတားမရှိ လက်လှမ်းမီစေရန်နှင့် သက်ဆိုင်သူများအကြား အားလုံးပါဝင်သော ဆွေးနွေးမှုလုပ်ဆောင်ရန် ထပ်လောင်းတောင်းဆိုကြောင်းလည်း ဖော်ပြထားသည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စုထံ “ဓားစာခံအဖြစ် ရှိနေဆဲ” ဖြစ်ကြောင်း၊ အသက်ရှင်နေသေးပါက သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကလည်း တောင်းဆိုလျက်ရှိသကဲ့သို့ သပိတ်အဖွဲ့များနှင့် ပြည်သူများကလည်း Proof of Life လှုပ်ရှားမှုကို ဆက်လုပ်ပြုလုပ်လျက်ရှိသည်။

    လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မိသားစု၊ ရှေ့နေများနှင့် ပုံမှန်တွေ့ဆုံခွင့်ပေးရန်နှင့် “အကြွင်းမဲ့” လွှတ်ပေးရန် ဉရောပသမဂ္ဂ (EU) ကလည်း မေလ ၃ ရက်နေ့က တောင်းဆိုထားသည်။

    ထို့ပြင် အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ထပ်မံတိုက်တွန်းထားကြသည်။

    စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှ “သတ်မှတ်နေအိမ်” ၌ ကျန်ရှိပြစ်ဒဏ်များအား ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ကြောင်း ဓာတ်ပုံတပုံနှင့်အတူ ဧပြီလ ၃၀ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    အာဏာသိမ်းကာလအတွင်း စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု ၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်မပေးဘဲ အဆက်အသွယ်ဖြတ်တောက်ထားခြင်းဖြစ်ပြီး ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး စာဖြင့်အကြိမ်ကြိမ်တင်ပြတောင်းဆိုနေသော်လည်း အကြောင်းပြန်ခြင်း မရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူများက မေလ ၁ ရက်နေ့တွင် ဖြေဆိုထားသည်။

    စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခံခဲ့ရပြီး စုစုပေါင်း ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထောင်ဒဏ် နှစ်နှစ်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ထောင်ဒဏ်ခြောက်နှစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ခဲ့သည်။

    ထို့နောက် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့နှင့် ယနေ့ (ဧပြီ ၃၀) တို့တွင် ပြစ်ဒဏ်ခြောက်ပုံတပုံ လျှော့သည့်အထဲ ပါဝင်ခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၁၈ နှစ် ၉ လ ဆက်လက်ချမှတ်ခံထားရကြောင်း သိရသည်။

    အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ပေးရန် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက တောင်းဆို

    အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံက အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသော ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်နှင့် တွေ့ဆုံခွင့်ပေးရန် ယနေ့ မေလ ၆ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန် ကြီးဌာနက တရားဝင်ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၃၀ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်း ထောင်မှ နေအိမ်အချုပ်သို့ စစ်တပ်က ပြောင်းရွှေ့လိုက်ခြင်းနှင့် အကျဉ်းသားများကို စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းတို့ကို ကြိုဆိုကြောင်း ပြောဆိုသည်။

    သို့သော်လည်း ယင်းလုပ်ဆောင်ချက်များသည် စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးသို့ ရှေးရှုရန်အတွက် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

    “အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တတွေ့ဆုံခွင့်ရရှိရန် တောင်းဆိုချက်ကို မြန်မာနိုင်ငံဘက်က ခွင့်ပြုပေးလိမ့်မည်ဟု ဖိလစ်ပိုင်နိုင်ငံက မျှော်လင့်ပါသည်။ ထိုသို့ ခွင့်ပြုပေးခြင်းသည် အားလုံးပါဝင်နိုင်သည့် အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန်အတွက် အစုအဖွဲ့အားလုံးနှင့် ထိတွေ့ဆက်ဆံရမည့် အထူးသံတမန်၏ အခန်းကဏ္ဍနှင့် ကိုက်ညီမှုရှိမည် ဖြစ်ပါသည်။”ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ကြေညာသည်။

    ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်မှုအတွက် ယုံကြည်မှုတည်ဆောက်ရန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ မိသားစုနှင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်ပေးရန်လည်း တိုက်တွန်းထားသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်သော ကတိကဝတ်ရှိမရှိကို ပြသရာရောက်မည်ဟု ဆိုသည်။

    ယခုနောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများမှာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက် အရှိန်အဟုန်ကောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း၊ မြန်မာ နိုင်ငံကိုယ်တိုင် ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်စေရန် ဖိလစ်ပိုင်နိုင်ငံက တိုက်တွန်းထားသည်။

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် လက်ရှိ အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro က တာဝန်ထမ်းဆောင်လျက်ရှိသည်။

  • မူးယစ်ဆေးကြောင့် ဘဝပျက်၊ မိဘကို သတ်တဲ့အထိ ဖြစ်သွားရတဲ့ ဖြစ်ရပ်

    မူးယစ်ဆေးကြောင့် ဘဝပျက်၊ မိဘကို သတ်တဲ့အထိ ဖြစ်သွားရတဲ့ ဖြစ်ရပ်

    “မနက်ဖြန်ကျရင် ငါ့သားအတွက် ငွေလွှဲပေးမယ်” ဆိုပြီး စိတ်ကူးထားတဲ့ ဖခင်တစ်ယောက်ရဲ့ မနက်ဖြန်ဟာ ဘယ်တော့မှ ရောက်မလာတော့ပါဘူး။

    ထိုင်းနိုင်ငံ၊ ဖတ်သလုန်းခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကတော့ တကယ့်ကို ရင်နာစရာကောင်းလှပါတယ်။

    အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းဟာ ကျောက်ကပ်ရောဂါ ဝေဒနာရှင်တစ်ဦးပါ။

    သူဟာ နွားရောင်းလို့ရထားတဲ့ ငွေ ဘတ် ၉ သောင်းကို ဘဏ်ထဲမှာ သိမ်းထားပြီး၊ သူ့ရဲ့သားဖြစ်သူ ဝီရယုဒ် (အသက် ၄၄ နှစ်) ကို မနက်ဖြန် မနက် ကျောက်ကပ်ဆေးသွားတဲ့အခါမှ လွှဲပေးမယ်လို့ ဆုံးဖြတ်ထားတာပါ။

    ဒါပေမယ့် မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်နေတဲ့ သားမိုက်ကတော့ ယင်းထနေပြီမလို့ အချိန်အဆမရှိခဲ့ပါဘူး။

    ချက်ချင်းငွေရဖို့ အတင်းအဓမ္မ တောင်းဆိုရာကနေ စကားများကြပြီး ဖခင်အိုကြီးကို မီးဖိုချောင်ထဲမှာတင် လူမဆန်စွာ ရိုက်နှက်ခဲ့ပါတယ်။

    ရောဂါဝေဒနာကြောင့် အားအင်ချည့်နဲ့နေတဲ့ ဖခင်ဟာ သားဖြစ်သူလက်ကနေ လွတ်အောင် အိမ်ရှေ့လမ်းမပေါ်အထိ ပြေးထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရရှိထားတဲ့ ဒါဏ်ရာတွေနဲ့တင် လဲကျသွားခဲ့ပြီး ဆေးရုံအရောက်မှာ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

    ဒီထက် ပိုစိတ်မကောင်းစရာကောင်းတာက သေဆုံးသူရဲ့ ဇနီးဖြစ်သူ ပြောပြချက်အရ ဒီသားမိုက်ဟာ မူးယစ်ဆေးကြောင့် အမြဲရမ်းကားနေတတ်သူဖြစ်ပြီး၊ အရင်ကလည်း မိခင်ဖြစ်သူကို ပါးစပ်စုတ်ပြဲအောင်အထိ နှိပ်စက်ခဲ့ဖူးလို့ ရဲလက်အပ်ပြီး (၂) ကြိမ်တိုင်တိုင် ဆေးဖြတ်ခိုင်းခဲ့ဖူးတယ်လို့ သိရပါတယ်။

    ဒါပေမယ့် မူးယစ်ဆေးဝါးက သူ့ရဲ့အသိစိတ်တွေကို ဝါးမြိုသွားခဲ့ပြီမို့ အခုလို ကိုယ်တိုင်မွေးထားတဲ့ ဖခင်ကိုတောင် ပြန်သတ်တဲ့အထိ ဖြစ်သွားခဲ့ရတာပါ။

    လက်ရှိမှာတော့ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးသွားတဲ့ သားဖြစ်သူကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံရှာဖွေနေပါတယ်။

    မိဘကို လုပ်ကျွေးပြုစုရမယ့်အစား မူးယစ်ဆေးကြောင့် ဘဝပျက်၊ မိဘကို သတ်တဲ့အထိ ဖြစ်သွားရတဲ့ ဒီဖြစ်ရပ်ဟာ ကျွန်မတို့ လူသားတွေအတွက် တကယ့်ကို ကြီးမားတဲ့ သင်ခန်းစာပါပဲ။

    မိသားစုတိုင်း မူးယစ်ဆေးဝါး ဘေးအန္တရာယ်ကနေ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

  • တောင်ကြီးမြို့ ကော့တေး ဘားဆိုင်မှ ထိတ်လန့်ဖွယ် လူသေမှု

    တောင်ကြီးမြို့ ကော့တေး ဘားဆိုင်မှ ထိတ်လန့်ဖွယ် လူသေမှု

    တောင်ကြီးမြို့ ၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်တွင် ဖွင့်ထားသော ပီတာ ကော့တေး ဘားဆိုင် တွင် ထိတ်လန့်ဖွယ် ကောင်းသော လူသေမှု တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။

    ဆိုင်ရှင် ဖြစ်သူ ပီတာ(ခေါ်) အောင်မျိုးသူ မှာ အသက်မပြည့်သေးသော ဆိုင်ဝန်ထမ်း ဖြစ်သူ မိန်းကလေးငယ် ကို လူမဆန်စွာ ထိုးကြိတ်ရိုက်နှက်ခြင်းကြောင့် အသက်သေဆုံးခဲ့ရသည် အထိ ဖြစ်ခဲ့သည်။ လူသေမှု ဆိုခြင်းထက် လူသတ်မှု ဟုပင် ဆိုရမည်ပင် ဖြစ်တော့သည်။

    အခင်းဖြစ်စဉ် ညတွင် ညပိုင်း ၁၀ နာရီ ကျော်အထိ ဆိုင်ရောက်ရှိနေသော စားသုံးသူ တစ်ဦး ပြောပြချက် အရ ညပိုင်း (၁၀) နာရီ အချိန်ထိ ထူးထူးခြားခြား ဘာမှ မဖြစ်သေးကြောင်းကိုလည်း ဆိုသည်။ ထို့ကြောင့် ညပိုင်း လူရှင်းချိန် ရောက်မှ ဆိုင်ရှင် ပီတာ မှ ဝန်ထမ်း မိန်းကလေးကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်း၍ ရသည်။

    ထိုဖြစ်စဉ်ကို သိရှိသူ ပတ်ဝန်းကျင်မှ လူအများမှ ပြောပြချက်အရ ထို ဝန်ထမ်း မိန်းကလေး သည် ညောင်ရွှေမြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ကာ အမည် ဖူးပွင့်ဝေ ဖြစ်ကြောင်း၊ မေလ ၄ ရက်တွင် ဆိုင် ကို ရောက်လာခြင်း ဖြစ်ကြောင်း ၊ ဆိုင်ရှိ စားသုံးသူ ဖောက်သည်မှ ပေးသော မုန့်ဖိုး ကို ပြောပြခြင်း မရှိ သောကြောင့် ဆိုင်ရှင် ပီတာ မှ ရိုက်နှက် ထိုးကြိတ်ရာမှ လက်လွန်ကာ မိန်းကလေးငယ် သေဆုံးခြင်း ဖြစ်ကြောင်း ကိုလည်း သိရသည်။

    ဆိုင်ရှင် အမျိုးသား ရိုက်နှက်မှုကြောင့် အမျိုးသမီးငယ်၏ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်ပိုင်းတို့တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ကျန်းမာရေးဌာန ဖြေကြားချက်အရ သိရသည်။

    “ကျွန်မ တို့ သိရသလောက် က မနေ့ည ထဲက သေသွားလောက်ပြီ။ အဲဒါကို သူ့မိန်းမ က လိမ်ညာပြီး ရပ်ကွက် ကို နာရေး ဖြစ်တယ် ဆိုပြီး နယ်မြေမှူး တွေကို သတင်းပို့တော့ သူတို့ကလည်း မသိဘဲ လိုက်လုပ်ပေးကြတယ်။ စည်ပင်ရုံးတွေကိုလည်း သွားလုပ်ပေးကြတာပေါ့။ ချော်လဲတယ် ဆိုပြီး လုပ်တာ၊ နေ့လည် ၁ နာရီ လောက်မှ မဟုတ်သေးဘူး ဆိုပြီး ရဲ က လှမ်းပြောလို့ အဲလို ဖြစ်ကုန်တာ၊ နာရေး ကူညီမှု အသင်း နဲ့ အလောင်းကို လာသယ်သွားတာပေါ့။ ဆိုင်ရှင် အမျိုးသား ကလည်း ခရီးထွက်သွားတယ် လို့လည်း ပြောတယ်။ အမှန်တော့ ထွက်ပြေး သွားပြီပေါ့” ဟု ဘေးပတ်ဝန်းကျင် နေအိမ် တို့က ပြောပြသည်။

    ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ၊ မေလ ၄ ရက် ညပိုင်း အချိန်တွင် ဝန်ထမ်း အမျိုးသမီး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ၊ နောက်ရက် မနက်ပိုင်း မေလ ၅ ရက် ၊ နံနက် ၄ နာရီ အချိန်တွင် ပီတာ(ခေါ်) အောင်မျိုးသူ ထွက် ပြေး လွတ်မြောက် သွားကြောင်း ကိုလည်း သိရသည်။

    ထို ဆိုင်ရှင် ပီတာ မှာ ညောင်ရွှေ၊ မိုင်းသောက် သွားလမ်းတွင် ပီတာကော့တေး ဘား ဆိုင် ဖွင့်လှစ်ခဲ့ကာ၊ ကိုဗစ်နောက်ပိုင်း တွင် ရောင်းမကောင်းခြင်း ၊ အိမ်ထောင်ရေး အဆင်မပြေခြင်း တို့ကြောင့် ကလောမြို့ ရွေ့ပြောင်း ဖွင့်လှစ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ တွင် စံချိန်တင် ရေကြီးနစ်မြုပ်ခြင်းကြောင့် ကလောဆိုင် တဖန် ပျက်စီးခဲ့ရာမှ တောင်ကြီးမြို့ ရောက်ရှိလာခြင်း ဖြစ်သည်။

    အလုပ်သမားနေ့ နောက်ပိုင်း ဘားဆိုင် ဖြစ်စဉ်

    မေလ ၁ ရက် နေ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ကာ တောင်ကြီးမြို့တော် ခန်းမ တွင် အလုပ်သမားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သေးသည်။ သို့သော် အလုပ်သမား ဖိနှိပ်ခံရမှုများ နှင့် ရိုက်နှက်နှိပ်စက် ခံရမှု ဖြစ်စဉ်များတို့ ဖြစ်ပွားလျက် ရှိနေကြောင်း ကော့တေးဆိုင် ဖြစ်စဉ် က မီးမောင်း ထိုးပြနေသည်။

    ထိုဖြစ်စဉ်ကို ကြည့်လျှင် အလုပ်သမားများအပေါ် အလုပ်ရှင်များ၏ ဖိနှိပ်မှု ၊ ရိုက်နှက်ညှဉ်းပန်း နှိပ်စက်မှု ဖြစ်စဉ်များ မည်မျှ လောက် များနေမည်လဲဟု စိုးရိမ်စရာ ပင် ဖြစ်သည်။ ထိုကိစ္စရပ်များကို အလုပ်သမား ဝန်ကြီး ဌာန မှ လိုက်လံ စစ်ဆေးမှု မရှိလျှင် အလုပ်သမား ဥပဒေပါ အခွင့်အရေး နှင့် လုံခြုံမှုများတို့သည် စိုးရိမ်ဖွယ် ဖြစ်နေနိုင်ကြောင်း ကိုလည်း ဝေဖန်လျက် ရှိကြသည်။

    ထို့ပြင် တောင်ကြီးမြို့နယ် ရှိ စားသောက်ဆိုင်၊ ဘီယာဆိုင်တို့တွင် အသက်မပြည့်သေးသော ကလေးငယ် များကို ခိုင်းစေမှုများလည်း ရှိကြောင်း သိရသည်။ ထို့ပြင် အေးသာယာမြို့တွင် စားသောက်ဆိုင် အမည်ခံ အသက်မပြည့်သေးသော မိန်းကလေးငယ်များကို လိင်လုပ်ငန်း ခိုင်းစေမှုများလည်း ရှိကြောင်း သိရသည်။

    ကလေးသူငယ်များကို ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး သို့မဟုတ် အကျင့်စာရိတ္တကို ထိခိုက်စေသော အန္တရာယ်ရှိသည့် အလုပ်များတွင် ခိုင်းစေခြင်းကို နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ကွန်ဗင်းရှင်းများ နှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေး သဘောတူညီချက်များအရ တင်းကြပ်စွာ တားမြစ်ထားသည်။ အသက် (၁၈) နှစ်အောက် ကလေးငယ်များအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသော အခြေအနေများတွင် လုပ်ကိုင်ခွင့်မရှိဟု သတ်မှတ်ထားသည်။

    ထိုသို့ အန္တရာယ်ရှိသော လုပ်ငန်းခွင် တွင် လုပ်ကိုင်ရာတွင်လည်း ကလေးများကို ၄ နာရီ ထက် ပို ခိုင်းခွင့် မရှိစေရသလို၊ ခန္ဓာကိုယ် ကလည်း ကျန်းမာရေး ကောင်းကြောင်း ဆရာဝန် ထောက်ခံစာ ပါမှသာ ခိုင်းခွင့် ရှိကြောင်း၊ လုပ်ငန်းခွင်တွင် ပညာသင်ကြား ရရှိခွင့်ရှိရသလို၊ ဘ၀တက်လမ်း တိုးတက်ဖို့ လေ့လာခွင့်လည်း ရရှိစေရမည်ဟု သတ်မှတ်ထားကြောင်း နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်များ အရ သိရသည်။

    အန္တရာယ် ရှိသော လုပ်ငန်းခွင် များဟု ဆိုရာတွင် မူးယစ်ဆေးဝါး၊ လိင်ကျွန် ၊ ကလေးစစ်သား၊ မိုင်းတွင်း၊ စိုက်ပျိုးရေး လုပ်ငန်း ၊ သတ္တု တူးဖော်ရေး၊ အုတ်ဖုတ်လုပ်ငန်း များ၊ ရေလုပ်သားများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင် တို့ဖြစ်ကာ၊ အန္တရာယ်ရှိသော လုပ်ငန်းခွင် များတွင် ကလေးငယ်များကို ခိုင်းစေခွင့် မရှိကြောင်း သိရသည်။

    ရှမ်းပြည်နယ်တွင် စစ်ပွဲ နောက်ဆက်တွဲ ဆိုးကျိုးအရ ကလေးလုပ်သား ဦးရေ များပြားလျက် ရှိကာ ကျောင်းပြင်ပ ရောက် ကလေးငယ်များ၊ အလုပ်လက်မဲ့ ကလေးငယ်များ နှင့် ဥပဒေ အကာအကွယ် မရရှိ သော ကလေးငယ်များစွာ ရှိကြောင်းကိုလည်း အချက်အလက် စုဆောင်းသူများထံမှ သိရသည်။