Category: News

  • ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်း

    ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်း

    မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံနေရာအများစု ပျက်စီး

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ ထိုင်ဝမ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတစ်ခုလုံးနီးပါး ပျက်စီးသွားကြောင်း မီးသတ်အဖွဲ့များနှင့် မီးငြှိမ်းသတ်ရေး ကူညီခဲ့သော ပရဟိတအဖွဲ့တချို့ထံမှ သိရှိရသည်။

    ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ အမှတ် (C1, C2)၊ မြေဧရိယာ (၃၆၆၂၂.၈၈) စတုရန်းမီတာပေါ်ရှိ Myanmar Asia Optical International ကုမ္ပဏီ၏ မှန်ဘီလူးစက်ရုံမှာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းပြီးနောက် မီးသတ်တပ်ဖွဲ့များက လာရောက်ငြှိမ်းသတ်ခဲ့သော်လည်း နံနက် ၃ နာရီ ၃၀ မိနစ်အချိန်အထိ မီးလောင်ခဲ့ကာ နံနက် ၄ နာရီဝန်းကျင်အချိန်မှ မီးလုံး၀ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

    “စက်ရုံက တစ်ရုံလုံးနီးပါးပဲ မီးလောင်ကျွမ်းပျက်စီးတာ။ မနက် ၂ နာရီခွဲကျော်လောက်မှာ မီးစထိန်းနိုင်တယ်။ ဒါပေမယ့် မီးက အတွင်းမှာ လှိုက်ပြီး လောင်နေတာ။ မနက် ၃ ခွဲကနေ ၄နာရီလောက်မှ မီးအားလုံး ငြိမ်းတယ်။ မီးသတ်ရဲဘော်တချို့လည်း ဒဏ်ရာရတာရှိတယ်။ စက်ရုံကတော့ ပြန်လည်လည်ပတ်လို့ မရလောက်တော့ဘူး” ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သော ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

    အဆိုပါမှန်ဘီလူးစက်ရုံမှာ ၂၀၁၇ ခုနှစ်တွင် အင်အားပြည့် စတင်လည်ပတ်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး အလုပ်သမား ၅၀၀၀ နီးပါး အလုပ်လုပ်နေသော စက်ရုံဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းမရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါစက်ရုံက မှန်ဘီလူး (Lens) များကို အဓိက ထုတ်လုပ်နေခြင်းဖြစ်ပြီး ကင်မရာမှန်ဘီလူးများ၊ BMW နှင့် Mercedes Benz ကဲ့သို့သော ကမ္ဘာကျော် မော်တော်ယာဉ်များတွင်ပါ ထည့်သွင်းအသုံးပြုသော မှန်ဘီလူးများ အပါအဝင် မှန်ဘီလူးအမျိုးမျိုးကို ထုတ်လုပ်နေသော စက်ရုံဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ CMP စနစ်ဖြင့် အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။

  • စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို အသားလှီးဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်

    စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို အသားလှီးဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်

    ကျောက်ပန်းတောင်းတွင် စစ်ကော်မရှင်တပ်က ဒေသခံ ၅ ဦးကို အသားလှီးဖြတ်၍ ရက်ရက်စက်စက် သတ်ဖြတ်ကာ ရွာပြင်တွင်စွန့်ပစ်ထားခဲ့

    မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးကျေးရွာရှိ ဒေသခံပြည်သူ ငါး ဦးကို စစ်ကော် မရှင်တပ်က ဖမ်းဆီးပြီးနောက် အသားများကို လှီးဖြတ်ခြစ်ထုတ်ကာ ခြေလက်များ ဖြတ်တောက်သည့် အထိ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်၍ ရုပ်အလောင်းများကို ရွာပြင်တွင် စွန့်ပစ်ထားခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖတာဝန်ရှိသူထံမှ သိရသည်။

    အင်အား ၇၀ ခန့်ပါဝင်သော စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က အင်ပင်ကြီးကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးသည့် အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

    သတ်ဖြတ်ခံရသူများမှာ အသက် ၄၀ အရွယ် ဒေါ်စန်းခိုင်၊ ကိုမိုက်ခဲ၊ ကိုညီအောင်၊ ကိုဇော်မျိုးအောင်နှင့် ကိုသူရလွင်တို့ ဖြစ်ကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်က ဒေသခံများကို PDF စစ်ဝတ်စုံများ ဝတ်ဆင်ပေး၍ နှိပ်စက်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီးမတ်လ ၂၄ ရက်နေ့ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိချိန်တွင် ကျောရိုးနှင့် ဦးခေါင်းခွံသာ ကျန်ရှိတော့သည့် အနေအထားမျိုးဖြစ်သည်အထိ ရက်စက်စွာ သတ်ဖြတ်ထားကြောင်း ညောင်ဦးခရိုင် ပကဖ တာဝန်ရှိသူက အတည်ပြုပြောကြားသည်။

    “ရွာထဲကနေ ထွက်ပြေးတဲ့သူတွေကို လိုက်ဖမ်းပြီး ရက်ရက်စက်စက် သတ်ပစ်ခဲ့တာ။ PDF ယူနီ ဖောင်းတွေ ဝတ်ပေးပြီး အမျိုးသား လေး ဦးနဲ့ အမျိုးသမီး တစ် ဦး၊ စုစုပေါင်း ငါး ဦးကို သတ်ထားခဲ့တာပါ” ဟု ညောင်ဦးခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။

    ရုပ်အလောင်းများကို တွေ့ရှိချိန်တွင် အသားများကို လှီးထုတ်၊ ခြစ်ထုတ်ထားသည့်အပြင် ခြေလက် များကို ဖြတ်တောက်ထားပြီး အမျိုးသမီးရုပ်အလောင်းကိုမူ ကျောရိုးနှင့် ဦးခေါင်းခွံသာ ကျန်ရှိတော့သည့် အနေအထားမျိုးဖြင့် တွေ့ရှိခဲ့ရကြောင်း သိရသည်။

    အဆိုပါ စစ်ကြောင်းသည် ယင်းနေ့တွင်ပင် ကျောင်းစုကျေးရွာမှ ပြည်သူ နှစ် ဦးကိုလည်း ထပ်မံ ဖမ်းဆီးခေါ်ဆောင်ကာ ဒေသခံများထံမှ လက်ကိုင်ဖုန်း ၆၀ ကျော်ကို ခိုးယူလုယက်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ပြည်သူ နှစ် ဦးကိုမူ ငွေကျပ် ၂ သိန်းဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

    စစ်ကော်မရှင်တပ်သည် အရပ်သားများအပေါ် ယခုကဲ့သို့ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်သည့် ဖြစ်စဉ်များကို နယ်မြေအနှံ့အပြားတွင် ကျူးလွန်လျက်ရှိသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာတွင် ဒေသခံများကို ဖမ်းဆီးကာ အသားစများကို အရိုးသာကျန်သည်အထိ ခြစ်ထုတ်ခြင်း၊ ခြေလက်နှင့် ခေါင်းများကို ဖြတ်တောက်၍ ခြံစည်းရိုးတိုင်များတွင် ချိတ်ဆွဲခြင်းစသည့်တို့ပြုလုပ်၍ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် သတ်ဖြတ်ခဲ့ဖူးသည်။

    ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဗျိုင်းဖြူရွာသားများကို ဓာတ်ဆီ လောင်းမီးရှို့ခြင်းနှင့် အရေးပြားများလှီးဖြတ်ခြင်း ရေငတ်သူများအား ဆီးအတင်းသောက်ခိုင်းခြင်း စသည့် ညှဉ်းပန်းနှိပ်စက်မှုများကို ကျူးလွန်ခဲ့သည်။

    အဆိုပါ ဖြစ်စဉ်အတွင်း ကလေးသူငယ်များနှင့် အမျိုးသမီးများ အပါအဝင် ဒေသခံ ၇၆ ဦးခန့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရကြောင်း အာရက္ခ တပ်တော် (AA) က ထုတ်ပြန်ခဲ့သည်။

    ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အရပ်သား ခုနစ် ဦး ဖမ်းဆီးပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

    အလောင်းများ ပြန်တွေ့ချိန်တွင်နားရွက်များ လှီးဖြတ် ခံထားရခြင်းအပြင် ခန္ဓာကိုယ်တွင် ညှဉ်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများစွာ တွေ့ရှိခဲ့သည်။

    ဓာတ်ပုံ- KPG News

    ပုံစာ-စစ်ကော်မရှင်တပ်က ဒေသခံများကို PDF စစ်ဝတ်စုံများ ဝတ်ဆင်ပေးထားပုံကို တွေ့ရစဉ်

  • BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေ

    BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေ

    BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေပြီး စစ်ဒေသ ၃ ခု ဖွဲ့စည်း၍ မဟာမိတ်တပ်များနှင့်လည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်နေဟု ပြောဆို

    ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော် – BPLA က AA နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေပြီး စစ်ဒေသ ၃ ခု ဖွဲ့စည်း၍ မဟာမိတ်တပ်များနှင့်လည်း ဟန်ချက်ညီညီ တိုက်ပွဲဝင်နေကြောင်း BPLA တပ်ဖွဲ့ခေါင်းဆောင် ကိုဆောင်းခက ပြောကြားသည်။

    ယနေ့မတ်လ ၂၅ ရက်နေ့တွင် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် – BPLA တပ်ဖွဲ့ခေါင်း ဆောင် မောင်ဆောင်းခက အမှတ် ၂၀၃ ၊ ပဲခူးအနောက်ခြမ်းစစ်ဒေသ၊ မြေလတ်စစ်ဒေသအဖြစ်တိုးချဲ့ ပြင် ဆင်ဖွဲ့စည်းလိုက်ကြောင်း၊ လက်ရှိအချိန်တွင် အမှတ် ၁၀၇ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂၀၃ မြေ လတ် စစ်ဒေသ၊ အမှတ် ၃၀၈ အညာစစ်ဒေသ ဟူ၍ သတ်မှတ်တည်ဆောက်ထားထားကာ ယင်းစစ် ဒေသ ၃ ခုလုံး တွင်မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်လျက်ရှိကြောင်း အသိ ပေးထားသည်။

    “BPLA ရဲ့ အမှတ် ၂၀၃ ၊ ပဲခူးအနောက်ခြမ်းစစ်ဒေသကို မြေလတ်စစ်ဒေသအဖြစ်တိုးချဲ့ပြင်ဆင်လိုက် ပါတယ်။ လက်ရှိအချိန်မှာတော့ အမှတ် ၁၀၇ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂၀၃ မြေလတ် စစ်ဒေသ၊ အမှတ် ၃၀၈ အညာစစ်ဒေသ ဆိုပြီး သတ်မှတ်တည်ဆောက်ထားပါတယ်။ ဒီစစ်ဒေသ ၃ ခု စလုံးမှာ မဟာမိတ်တွေနဲ့အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်လျက်ရှိပါတယ်။ ဘယ်သူတွေဘာပြောပြော အ ကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်၊ အောင်မြင်အောင် စွမ်းဆောင်ပြမယ်။ ကျေလည်သော ညီညွတ် ရေးကို တည်ဆောက်မယ်။ ရသလောက်စုမယ်၊ နိုင်အောင်တိုက်မယ်။”ဟု BPLA တပ်ဖွဲ့ခေါင်းဆောင် မောင်ဆောင်းခ က ၎င်း၏ လူမှုကွန်ယက်မှတဆင့် ပြောဆိုထားသည်။

    ထို့ပြင် ပြီးခဲ့သည့် မတ် ၉ ရက်နေ့ကလည်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ အညာစစ်ဒေသမှ ရဲ ဘော်များအတွက် ဂုဏ်ပြုပွဲအခမ်းအနား တစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယင်းအခမ်းအနားတွင် ပဲခူးအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းနယ်မြေစစ်ဆင်ရေးနှင့် ကပစ ၁၆ အနီး တိုက်ပွဲ များအတွင်း အာရက္ခတပ်တော် (AA) နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည့် BPLA ၊ အညာစစ်ဒေသ၊ အမှတ် ၃၀၈ ဗျူဟာမှ တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေးနှင့် အမိန့်နာခံမှု ကောင်းမွန်သည့်ရဲဘော်များအား ထူးချွန် ဆု ပေးအပ်ခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည့် ရဲဘော်များအား သူရဲကောင်းဆုပေးအပ်ခြင်း၊ ကျ ဆုံးသွားခဲ့ရသည့်ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ကာ ၎င်းတို့၏ သက်ဆိုင်ရာမိသားစုဝင်များထံသို့ ဂုဏ်ပြုမှတ်တမ်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    လက်ရှိအချိန်တွင် အာရက္ခတပ်တော်(AA)နှင့်အတူ ပြုလုပ်နေသည့် ကပစ ၁၆ အနီး စစ်ဆင်ရေး များတွင် BPLA ၊ မြေလတ်စစ်ဒေသ၊ အမှတ် ၂၀၃ ဗျူဟာမှ ဆက်လက်ပါဝင်တိုက်ခိုက်လျက်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပွိုင့် ၆၆၆ စခန်းကုန်းကို ထပ်မံသိမ်းပိုက်ရာတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

  • ဆီအခက်အခဲကြောင့် ဧရာဝတီတိုင်းအတွင်း ပရဟိတအဖွဲ့အစည်းတွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေ

    ဆီအခက်အခဲကြောင့် ဧရာဝတီတိုင်းအတွင်း ပရဟိတအဖွဲ့အစည်းတွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေ

    “ကျွန်မတို့က တရားဝင်မှတ်ပုံတင်ထားတယ်။ သူတို့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာတယ်။ ဆီကျတော့ ကျွန်မတို့ဘာမှ လုပ်လို့မရဘူးလေ။ သူတို့ရောင်းပေးမှ ရမှာပေါ့။”

    စက်သုံးဆီရှားပါးလာမှုကို ကာကွယ်နိုင်ဖို့လို့ ခေါင်းစဉ်တပ်ထားတဲ့ ဆီဝယ်ယူရေး စီမံချက်တွေကို စစ်ကောင်စီက တခုပြီးတခုထုတ်ပြန်ခဲ့သလို ဒီထုတ်ပြန်ချက်တွေကြောင့် လူမှုကူညီရေးအဖွဲ့တွေရဲ့ အရေးပေါ်ယာဉ်တွေ လူနာသယ်ဆောင်ရေးမှာ အခက်အခဲတွေ ရှိလာနေတယ်လို့ ဧရာဝတီတိုင်းအတွင်းက လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

    “ဆီဈေးကတက်လာတဲ့အပြင် တစီးကို နှစ်သောင်းဖိုးပဲခွဲတမ်းနဲ့ရောင်းပေးတာ။ အရင်က နှစ်သောင်းဆိုရင် နည်းနည်းအလုပ်လုပ်လို့ရသေးတယ်။ အခု နှစ်သောင်းက ဆီဆိုင်ကထွက်တာနဲ့ ကုန်နေပြီ။ တကယ်စိတ်ညစ်တယ် ” လို့ မြောင်းမြမြို့က ပရဟိတ အဖွဲ့တခုရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

    ဒီလူမှုကူညီရေးအဖွဲ့အစည်းတွေဟာ အစိုးရထံမှာ မှတ်ပုံတင်ထားပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။

    အရေးပေါ် အခြေအနေနဲ့ ရွာတွေကနေ မြို့ပေါ်ကဆေးရုံတွေကို ပို့ဆောင်ဖို့ အခြေအနေတွေအပြင် ဟင်္သာတမြို့ကနေ ရန်ကုန်ကို လူနာပို့ရတဲ့ အခြေအနေမှာတောင် လမ်းမှာရှိတဲ့ ဆီဆိုင်တွေက ဆီထပ်ဖြည့်ပေးဖို့ မလုပ်ပေးတဲ့ဆိုင်တွေ ရှိသလို တချို့ဆိုင်တွေမှာ ဆီရဖို့၊တန်းစီဖို့ အပြောခံရတာတွေလည်း ရှိတယ်လို့ လူမှုကူညီရေး တဖွဲ့က သူတို့အတွေ့အကြုံကို ပြောပြပါတယ်။

    “လူနာလည်းပါတယ်။ လူနာကလည်း အရေးပေါ်ဖြစ်နေတာပဲ။ ဒါကိုတောင်မှ ရှိခိုးဦးတင် ပြောတာတောင် ဆီမထည့်ပေးတဲ့ ဆိုင်တွေရှိတယ်။ ဒီခရီး ဒီခရီးဟာ အသွားတကြောင်းတင် အနည်းဆုံး ၁ သိန်းဖိုး ကုန်တယ်။ လမ်းမှာ ဆီဆိုင် ၅ ဆိုင်လောက်က ကူညီပေးရင်ကို စိတ်အေးရတယ်။ ညောင်တုန်းရောက်ခါနီးမှာ ရွာထဲဆင်းပြီး တဘူး(တလီတာ) ငါးထောင်နဲ့ လိုသလောက်ထည့်လို့ရလိုက်တယ် ” လို့ ဆိုပါတယ်။

    အချို့ဆီဆိုင်တွေမှာ ဆီတန်းနေတဲ့ ကားတွေနဲ့ ဆီဆိုင်ဘက်က လူနာတင်ဆောင်လာတဲ့ ယာဉ်ကို ဆီရဖို့ တန်းစီခိုင်းတဲ့ ကိစ္စရပ်တွေ ရှိခဲ့တာကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

    ဒီလို အခြေအနေမျိုးတွေကို ဝါးခယ်မမြို့၊ ဇလွန်မြို့၊ အင်္ဂပူမြို့၊ ကျုံပျော်မြို့နဲ့ ဓနုဖြူမြို့နယ်ထဲက ပရဟိတအဖွဲ့အစည်းတွေမှာလည်း ကြုံတွေ့နေရပါတယ်။

    “ကျွန်မတို့က တရားဝင်မှတ်ပုံတင်ထားတယ်။ သူတို့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာတယ်။ ဆီကျတော့ ကျွန်မတို့ဘာမှ လုပ်လို့မရဘူးလေ။ သူတို့ရောင်းပေးမှ ရမှာပေါ့။ တကယ် အလုပ်လုပ်နေကြတဲ့ ပရဟိတ အဖွဲ့တွေအတွက် အစီအမံတမျိုး လုပ်ပေးစေချင်တယ် ” လို့ ကျုံပျော်မြို့က လူမှုကူညီရေး အဖွဲ့တခုက တာဝန်ရှိသူ တဦးက ဆိုပါတယ်။

    ဧရာဝတီတိုင်းအတွင်းမှာ စက်သုံးဆီပြတ်လပ်မှုနဲ့ ဆီဈေးတက်ကုန်တာကြောင့် စိုက်ပျိုး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ပရဟိတအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်တာတွေမှာပါ ထိခိုက်လာနေတာ ဖြစ်ပါတယ်။

    ဇလွန်မြို့နယ်က အနှိုင်းမဲ့အလင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ကတော့ “ 23.3.2026ရက်နေမှစ၍ ကျွန်တော့်တို့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့လူနာတင်ကားဆီဝယ်မရသည့်အတွက် ကူညီမှုများ ရပ်ဆိုင်းထားပါမည်ခင်ဗျ ” လို့ ထုတ်ပြန်ထားပါတယ်။

    ဒါပေမယ့် စစ်ကောင်စီကတော့ ဧရာဝတီတိုင်းက စစ်မျက်နှာတွေအပြင် နိုင်ငံအနှံ့က စစ်မျက်နှာတွေမှာပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက် လုပ်နေပါတယ်။

  • အကြွေးမဆပ်ချင်၍ သေချင်ယောင်ဆောင်သည့် ဖိလစ်ပိုင်နိုင်ငံသူ

    အကြွေးမဆပ်ချင်၍ သေချင်ယောင်ဆောင်သည့် ဖိလစ်ပိုင်နိုင်ငံသူ

    ဖိလစ်ပိုင်တွင် အကြွေးမဆပ်ချင်၍ ‘သေချင်ယောင်ဆောင်ခဲ့သူ’ တဦး၏ အကြောင်းမှာ လူမှုကွန်ရက်စာ မျက်နှာ များထက်တွင် ရေပန်းစားလျက်ရှိရာ နာမည်ကြီး ဆိုင်ကယ်ကယ်ရီဝန် ဆောင်မှုလုပ်ငန်းတခု ဖြစ်သည့် အန်းကပ်စ် (Angkas) ကလည်း ယင်းဖြစ်ရပ်ကို ဟာသနှော၍ ပြန်လည်မျှဝေခဲ့သည်။

    ယင်းဖြစ်ရပ်မှာ ဖေ့စ်ဘွတ်ခ်ရှိ တည်းခိုနေရာများဖော်ပြသည့်ဂရုတခုတွင် အဖွဲ့ဝင်တဦးက ငွေကြေးလိမ် လည်သွားသူတဦးအကြောင်း သတိပေးချက်ထုတ်ပြန်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအမျိုးသမီးသည် အညိုရောင်အင်္ကျီနှင့် အဝါရောင်စကတ်ကို ဝတ်ဆင်၍ ခုတင်ပေါ်တွင် အသက်မရှိတော့သကဲ့သို့ လဲလျောင်းနေသည့် ဓာတ်ပုံတပုံကို ပေးပို့ကာ သေဆုံးသွားပြီဖြစ်ကြောင်း ဟန်ဆောင်ခဲ့သည်။

    သို့သော် အကြွေးရှင်ဖြစ်သူက မယုံကြည်ဘဲ “ရှင်က သေချင်ယောင်ဆောင်နေပေမဲ့ ငါပို့တဲ့စာကို ကျတော့ Love Reaction ပေးနေသေးတယ်ပေါ့” ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    မူရင်းပို့စ်တွင် “သူ့ကို သိတဲ့သူရှိရင် ကျွန်မကို မက်ဆေ့ချ် ပို့ပေးကြပါ။ သူလိမ်ထားတဲ့ ပိုက်ဆံတွေ ပြန်မပေးချင်လို့ သေချင်ယောင်ဆောင်နေတာပါ။ ဘာရန်ဂိုင်းရုံးမှာ နှစ်ကြိမ်တောင် တွေ့ဆုံဖြေရှင်းခဲ့ပြီး ပြီ။ ကတိကဝတ်စာချုပ်မှာလည်း လက်မှတ် ထိုးခဲ့ပေမဲ့ အခုထိ ကတိမတည်သေးပါဘူး” ဟု ရေးသား ထားသည်။

    ထို့နောက် “လိမ်လည်သူ”ဟု စွပ်စွဲခံရသူက သူမအနေဖြင့် လစဉ် ၁၅ ရက်နေ့တိုင်း ငွေပေးချေရန် သဘောတူ ထားကြောင်း ပြောကြားခဲ့သည်။

    သို့သော် တဖက်လူက သူမက ပြီးခဲ့သည့်လက ငွေပေးချေရန် ပျက်ကွက်ခဲ့ကြောင်းနှင့် နောက်ထပ် ပေးချေရမည့်ရက်မှာလည်း နီးကပ်နေပြီဖြစ်ကြောင်း ပြန်လည်သတိပေးခဲ့သည်။

    ယင်းအွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားသည့် ဖြစ်ရပ်ကို အခြေခံ၍ ဆိုင်ကယ်ကယ်ရီဝန်ဆောင်မှုလုပ်ငန်း တခုဖြစ်သည့် အန်းကပ်စ်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် အညိုရောင်အင်္ကျီနှင့် အဝါရောင် စကတ်ဝတ် အမျိုးသမီးတဦး၏ သရုပ်ဖော်ပုံကို မတ်လ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

    ပုံတွင် “ထရပ်ကားကြီးနှစ်စီးကြားထဲ အန်းကပ်စ် ဖြတ်မောင်းသွားသည့်အခါ ကျွန်မ၏ပုံစံ (အသက်အောင့် ထားရသည့်ပုံစံ)” ဟု ရေးသားကာ နောက်ပြောင်ခဲ့သည်။

    ယင်းပို့စ်တွင် “ဘတ်ဂျက်ချွေတာရေး အပျော်ခရီးသွားနေတဲ့ ကျွန်မရဲ့ ပုံစံ” ဟူသည့် စာသားကိုလည်း ထည့်သွင်းဖော်ပြထားသည်။

    ထို့ပြင် “Follow The Trend Movement” အမည်ရှိ စာမျက်နှာကလည်း ယင်းဖြစ်ရပ်ကို အခြေခံ၍ “အက်စ်ပေးလိတ်တား (SPayLater) က ငွေလာတောင်းသည့်အခါ ကျွန်တော့်ပုံစံ” ဟု ဟာသပုံ ပြုလုပ် ခဲ့ရာ အရစ်ကျစနစ်ဖြင့် ငွေပေးချေနေသူများအကြား များစွာရေပန်းစားခဲ့သည်။

    အဆိုပါပို့စ်အောက်တွင် အခြေအနေမှန်ကို သိရှိနားလည်သည့် အသုံးပြုသူပေါင်းများစွာက “အက်ဒမင် က တကယ်ခေတ်မီတယ်” ဟု ချီးကျူးမှတ်ချက်ပေးခဲ့ကြသည်။

    အဆိုပါ ပို့စ်သည် ဖေ့စ်ဘွတ်ခ်အသုံးပြုသူများအကြား ရေပန်းစားခဲ့ပြီး Like နှင့် တုံ့ပြန်မှုပေါင်း ၁၁၅,၀၀၀၊ မျှဝေမှု ၁၁,၀၀၀ နှင့် မှတ်ချက်ပေါင်း ၁,၂၀၀ ကျော် ရရှိခဲ့သည်။

    အခြားတဦးကလည်း “အားလုံးပဲ အခုလို ခေတ်မီနေကြပါစေ” ဟု မှတ်ချက်ပေးခဲ့သည်။

    “ဟားဟား၊ အတင်းအဖျင်းသတင်းတွေဆိုရင်တော့ တကယ် ခေတ်မီတယ်” ဟု ပီနွိုင်းဆိုသူက ဆိုသည်။

    နောက်ထပ်တဦးက “ဒါကို ကျွန်မ သဘောပေါက်သွားပြီ၊ ဟားဟားဟား” ဟု ရေးသားခဲ့သည်။