Author: Baby Yit Lone

  • မမက်ချင်တဲ့အိပ်မက်ဆိုးတွေ

    မမက်ချင်တဲ့အိပ်မက်ဆိုးတွေ

    မမက်ချင်တဲ့အိပ်မက်ဆိုးတွေ

    ဆယ်ကျော်အသက်အရွယ်သမီးဖြစ်သူကို သူငယ်ချင်းမွေးနေ့မှာ သူ့သူငယ်ချင်းတွေနဲ့အတူ လည်ပတ်သွားလာ ပြီး မုန့်စားဖို့ချိန်းဆိုထားတဲ့ ဆိုင်တဆိုင်ဆီ လိုက်ပို့ရင်း အရက်ဘီယာတွေ အများကြီးမသောက်ဖို့ ၊ မသိတဲ့ လူတွေနဲ့ မလိုက်သွားဖို့ ကိုမိုးဇက်တယောက်က မှာနေပါတယ်။

    ဒါ့အပြင် ဒီဆိုင်ကနေ တခြားတနေရာကို ထပ်ရွှေ့တယ်ဆိုရင်လည်း ဘယ်ကို သွားတယ်ဆိုတာ အဖေ့ဆီကို ဖုန်းဆက်ဖို့ တွင်တွင်မှာနေခဲ့တယ်။

    မုန့်စားဖို့ ချိန်းထားတဲ့ ဆိုင်ရှေ့မှာ သမီးကိုချထားခဲ့ပေမယ့် သူ့စိတ်ကတော့ အိမ်ပြန်မရောက်သေးပါဘူး။

    သူတို့မိသားစုနေထိုင်ရာ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသမှာက မူးယစ်ဆေးဝါးဆိုတာ လွယ်လင့်တကူ ရရှိနိုင်တဲ့အရာ ဖြစ်ပြီး လောင်းကစားနဲ့ မူးယစ်‌ဆေးဝါးကြောင့် ပစ္စည်းခိုးမှုတွေ၊ ပြန်ပေးဆွဲ လုယက် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်လေ့ရှိတော့ လုံခြုံမှုမရှိပါဘူး။

    သမီးဖြစ်သူကို လူငယ်သဘာဝ ပျော်ပျော်ပါးပါးသွားလာတာ ခွင့်ပြုထားပေမယ့် မူးယစ်ဆေးဝါးတွေနဲ့ နီးစပ်သွားမှာ၊ နောက်ဆက်တွဲ အန္တရာယ်တွေ ကြုံလာမှာကို ဆယ်ကျော်သက်သမီးငယ်ရဲ့ ဖခင်ဖြစ်သူ ကိုမိုးဇက်တယောက် စိုးရိမ်ပူပင်နေပါတယ်။

    အထူးသဖြင့် တရားဥပဒေစိုးမိုးမှု လျော့နည်းနေတဲ့ နယ်စပ်မြို့တွေမှာ မူးယစ်ဆေးဝါး ပျံ့နှံ့မှုက ထိန်းချုပ်ရ ခက်ပြီး ဘိန်းဖြူလို မူးယစ်ဆေးဝါးတွေသာမက WY ၊ K ၊ Happy Water လို စိတ်ကြွမူးယစ်ဆေးဝါးတွေကို အသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တွေကအစ သုံးစွဲမှုများလာကြပါတယ်။

    ကိုယ့်သားသမီးတွေ ကာကွယ်ချင်စိတ်နဲ့ ကလေးတွေ သွားလာရာမှာ နီးနီးစပ်စပ်နဲ့ တတ်နိုင်သလောက် လိုက်ပါ စောင့်ရှောက်ပေမယ့် မျက်ကွယ် တနေရာရာမှာ မူးယစ်နွံနစ်မှာ၊ ရာဇဝတ်အမှုအခင်းတွေကြုံရမှာတွေကို ကြုံရမှာကို မိဘတွေမှာ စိုးရိမ်မကင်း ဖြစ်နေကြရပါတယ်။

    ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ် မိုင်းပန်မှာ အသက် ၁၆နှစ်အရွယ် ၁၂တန်းကျောင်းသူတဦး ကေတီဗီမှာ Happy Water သောက်သုံးပြီး သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ခဲ့သလို၊ ပြီးခဲ့တဲ့ လပိုင်းက ကေတီဗီမှာ ဆေးသုံးရင်း သတိလစ် သွားတဲ့အမျိုးသမီးကို လမ်းဘေးမှာစွန့်ပစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ဖူးပါတယ်။

    ဒီလို အဖြစ်အပျက်တွေဟာ ကိုမိုးဇက်ကို သာမက လူငယ်လူရွယ်သားသမီးတွေရှိကြတဲ့ မိဘတိုင်းအတွက်တော့ ဘယ်တော့မှ မမက်ချင်တဲ့ အိပ်မက်ဆိုးတွေပါပဲ။

    ကိုမိုးဇက်လိုပဲ ဆယ်ကျော်သက်အရွယ်သမီးလေးတဦးရဲ့ မိခင်ဖြစ်တဲ့ ဒေါ်နန်းနီက ဒီလိုသတင်းတွေကြားရတိုင်း သူ့သမီး အပြင်သွားတဲ့အခါ ဆေးအခတ်ခံလိုက်ရမလား တွေးပူရတယ်လို့ ပြောပြပါတယ်။ မူးယစ်ဆေးတွေဟာ ဆေးပြား၊ အမှုန့်၊ အချိုရည်၊ ကော်ဖီစသဖြင့် ပုံစံမျိုးစုံနဲ့ ရှိနေတဲ့အတွက် ငယ်ရွယ်သူမိန်းကလေးတွေက မသိဘဲ သောက်သုံးမိနိုင်တာကြောင့် သမီးဖြစ်သူကိုလည်း အမြဲလိုလို သတိပေးပြောဆိုတာတွေ လုပ်နေရပါတယ်။

    သူက ”သူတို့အရွယ်တွေက အရမ်းတင်းကျပ်ရင်လည်း စိတ်ထင်ရာလုပ်မှာစိုးတဲ့အတွက် သူ့ကိုတော့ ဘယ်နေရာ တွေ သွားရင် သတိထားရမယ်၊ မူးယစ်ဆေးဆိုးကျိုးတွေ၊ လိင်ပိုင်းဆိုင်ရာအသိပညာတွေကို သူတို့အရွယ် အလိုက် သိထားသင့် တာကို ပြောပြထားရတယ် “လို့ ပြောပါတယ်။

    မြန်မာပြည်ရဲ့ ပဋိပက္ခတွေနဲ့ မငြိမ်သက်တဲ့အခြေအနေတွေကြောင့် မူးယစ်ဆေးဝါးတွေက ပိုပျံ့နှံ့လျက်ရှိသလို၊ အထူးသဖြင့် စစ်ကောင်စီအုပ်ချုပ်နေတဲ့ လက်ထက်မှာ ပိုဆိုးရွားလာနေပြီး မူးယစ်ဆေးနဲ့ စိတ်ကြွဆေးဝါး တွေကို စျေးပေါပေါနဲ့ လူတိုင်း လက်လှမ်းမှီမှီ သုံးစွဲမှုများလာတာက လူငယ်တွေအနာဂတ်အတွက် ခြိမ်းခြောက် မှုတခု ဖြစ်နေတယ်လို့ ကိုမိုးဇက်က ပြောပါတယ်။

    “ဘိန်းဖြူတွေ ဘိန်းစာရွက်တွေအပြင် စိတ်ကြွဆေးဝါးတွေပါ သုံးစွဲတာတွေက ပုံမှန်လိုတောင် ဖြစ်လာတယ်၊ ဒီမှာတော့ အသက်အရွယ်မရွေး သုံးကြတယ်”လို့ သူက ဆက်ပြောတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခတွေနဲ့ လူမှုစီးပွားအကြပ်အတည်းတွေကြောင့် လူငယ်တွေမှာ ကျောင်းမနေရတာ၊ စီးပွားရေးအခွင့်အလမ်းနဲ့ သင်ယူစရာတွေနည်းပါးလာတဲ့အခါ အနာဂတ် ပျောက်ပြီး မျှော်လင့်ချက် ပျက်သုဉ်းတာ၊ အလုပ်အကိုင်နဲ့ ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးရတဲ့ နောက်ဆက်တွဲအဖြစ် မူးယစ်ဆေးကို လက်တည့်စမ်းရင်း သုံးလာကြတာတွေက ကိုမိုးဇက်တို့ဒေသမှာ သာမာန်မြင်ကွင်းတခုလို ဖြစ်နေပါတယ်။

    နယ်စပ်မြို့ဖြစ်တဲ့အလျောက် ငွေကြေးလည်းအရလွယ်သလို မူးယစ်ဆေးလောင်းကစား ‌အပျော်အပါးကိစ္စ တွေကလည်း အလွယ်ရနေတာကြောင့် သမီးမိန်းကလေးရှိသူတွေသာမက သားယောက်ျားလေးရှိတဲ့ အိမ်တိုင်း အတွက် တခုမဟုတ်တခု ပူပန်နေရတာလို့ ရှမ်းမြောက်ပိုင်းမှာနေထိုင်တဲ့ အသက်၃၀ အရွယ် ကိုတစ်က ပြောပါ တယ်။

    သူ့ရဲ့ ဆွေမျိုးတော်စပ်သူ ညီတဦးမှာလည်း ကိုဗစ်ကတည်းက ကျောင်းမတက်ရတဲ့နောက် အချိန်ပြည့် ဂိမ်းကစားတဲ့ဘက် ရောက်သလို အပေါင်းအသင်းတွေနဲ့ ဆေးအတူသုံးလာတဲ့အထိဖြစ်လာတာကြောင့် မိဘတွေမှာ မြို့ပြကိုပို့ပြီး သင်တန်းတွေ တက်၊ နိုင်ငံခြားမှာ ကျောင်းတက် အလုပ်လုပ်နိုင်ဖို့ လမ်းကြောင်း ပြောင်းပေးခဲ့ရတယ်လို့ သူကဆိုတယ်။

    “ဒီဘက်မှာက ဒါတွေက မထူးဆန်းတဲ့ကိစ္စလိုပဲ၊ တချို့မိဘတွေကလည်း ဘိန်းမထိုးရင်ပြီးရော အရက်သောက် ဆေးရှုတာ လောက်ကိုတော့ လွတ်ထားရတာလည်းရှိတယ်၊ ကိုယ့်ကလေး စကျွံလာတယ်ဆိုကတည်း ဒီရပ်ဝန်း ကနေကင်းအောင် သေချာလေးတော့ လမ်းကြောင်းပြောင်းပေးသင့်တယ်” လို့ ကိုတစ်က ဘဝတူ မိဘတွေကို အကြံပြုပါတယ်။

    ရှမ်းပြည်နယ်စပ်ဒေသတွေမှာက ဘိန်းဖြူနဲ့ ဆေးပြားတွေက အရင်ကတည်းကရှိနေပြီး အလုပ်ကြမ်း ပင်ပင်ပန်းပန်းလုပ်တဲ့သူ တွေအသုံးများကြပေမယ့် လက်ရှိမှာ ရွာတွေမှာတောင် အလွယ်တကူ သုံးလို့ရတဲ့ အခြေအနေဖြစ်နေပြီး အရွယ်ရောက်ပြီးသား ယောကျာ်းလေး၊ မိန်းကလေး လူငယ်တဝက်လောက်က ဆေးနဲ့ မကင်းကြဘူးလို့လို့ ကိုမိုးစက်ကဆိုပါတယ်။

    “ အရွယ်ငယ်ငယ်လေးတွေလည်း ဆေးထိုးတာ လမ်းဘေးခြုံထဲ ဆေးထိုးအပ်တွေချည်း ဆေးပြားတွေရော သုံးကြတယ်၊ အုပ်ချုပ်တဲ့သူတွေကိုယ်တိုင်က စိတ်မဝင်စားကြတော့ ဘာမှမထူးသလိုပဲ “လို့ သူက ထောက်ပြ ပါတယ်။

    ဆေးသမားတွေမှာလည်း ဆေးဖိုးလိုအပ်ရင် နေအိမ်တွေဖောက်ထွင်းပြီး ပစ္စည်းခိုးတာ၊ ခိုးယူနေရင်း လူမိလို့ သတ်ပြီး ထွက်ပြေးတာတွေကလည်း ရွာဝန်းကျင်မှာ ကြုံတွေနေကျအခြေအနေဖြစ်ပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီးတာ အရေးယူတာတွေက မရှိသလောက်ဖြစ်နေတယ်လို့ သူကဆက်ပြောတယ်။

    မူးယစ်ဆေးဝါးပျံ့နှံ့မှုကို မထိန်းချုပ်နိုင်တာက အခုမှတော့မဟုတ်ပါဘူး။ အစိုးရအဆက်ဆက်လက်ထက်မှာ မူးယစ်ဆေး ကင်းစင်ရေးတွေကို တခမ်းတနား ပြုလုပ်တာ၊ တန်နဲ့ချီတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုတွေ ဖမ်းဆီးပြတာ ရှိပေမယ့်လည်း ပျောက်ကွယ် မသွားတဲ့အပြင် ပိုတောင်တိုးလာတယ်လို့ အသက် ၂၀ကျော်အရွယ် သမီးလေးတဦးရဲ့ မိခင်ဖြစ်တဲ့ တာချီလိတ်ဒေသခံ ဒေါ်နန်းကြွယ်က ပြောတယ်

    သူက “အရင်ကဆို တလုံးကို ဘတ် ၇၀၊ ဘတ် ၁၀၀၊ အခုဆို တလုံး ၁၀ ဘတ်၊ ၁၀၀ဖိုးဆို အများကြီးရတယ်၊ လက်ဖက်ရည်၊ ဘီယာထက်ကို စျေးချိုနေတာ” လို့ ပြောပါတယ်။

    ဒါ့အပြင် ဆေးသုံးတဲ့သူတွေမှာလည်း ဆေးအရှိန်နဲ့ လန်းဆန်းပြီးတက်ကြွနေပေမယ့် အရှိန်ပြေတဲ့အခါ စိတ်အလို မကျတာ ဒေါသထွက်လွယ်တာမျိုးတွေရှိသလို တချို့ကလည်း အိမ်တွင်းအကြမ်းဖက်တာ၊ စုံတွဲတွေအချင်းချင်း အကြမ်းဖက် ရိုက်နှက်တာတွေလည်း မျက်မြင်တွေ့နေရတယ်လို့သူကဆက်ပြောပါတယ်။

    ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး ( UNODC ) ရဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ထုတ်ပြန်ချက်တွေ အရ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုက ၁၀နှစ်အတွင်း အမြင့်ဆုံးကိုရောက်ရှိနေပြီး ရှမ်းပြည်နယ်က ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

    အရင်အရပ်သားအစိုးရလက်ထက် မှာ နိုင်ငံတကာနဲ့ ဒေသတွင်းဆိုင်ရာ မူးယစ်ဆေးဝါးပပျောက်ရေး စီမံချက် တွေကြောင့် မြန်မာနိုင်ငံအပါအဝင် ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွေ လျော့နည်းသွား ပေမယ့် ဘိန်းမဟုတ်တဲ့ WY လိုမျိုး စိတ်ကြွဆေးပြား၊ Ice ၊ K စတာတွေက ပိုများလာပြီး စစ်အာဏာသိမ်းပြီး နောက် ကြုံလာတဲ့ ပဋိပက္ခအခြေအနေကြောင့် ထိန်းသိမ်းမနိုင်လောက်အောင်ကို များပြားလာတယ်လို့ ဆိုတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မငြိမ်သက်မှုဟာ ဓာတုဆေးဝါးထုတ်လုပ် ရောင်းဝယ်ဖောက်ကား မှုတွေနဲ့ ဘိန်းစိုက်ပျိုးမှုတွေ မြင့်တက်စေခဲ့တယ်လို့ UNODC ကထုတ်ပြန်ထားပါတယ်။

    နယ်စပ်ဒေသမှာ မူးယစ်ဆေးဝါး ပျံ့နှံ့မှုအခြေအနေ အရင်ထက်ဆိုးရွားလာသလို မူးယစ်ဆေးဝါးဖြတ်‌ဖို့ ရောက်လာသူတွေလည်း များလာတယ်လို့ မူဆယ်မြို့ ဘဝသစ် လူငယ်ပြုစု ပျိုးထောင်ရေးသင်တန်းကျောင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

    အများအာဖြင့် မူးယစ်ဆေးဖြတ်ဖို့ ရောက်လာသူတွေထဲ အသက် ၁၂ နှစ် ၁၃ နှစ်ကနေ အသက်၆၀ကျော်၊ ၇၀ကျော် အရွယ်တွေ အထိပါဝင်ကြသလို မူးယစ်ဆေးဖြတ်သူတွေမှာ ကူးစက်ရောဂါနဲ့ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေပါ တဆက်တည်းကြုံရတာတွေ့ရ တယ်လို့ သူကဆက်ပြောတယ်။

    “သူတို့ကဆေးထိုးအပ်ပေါင်းသုံးတော့ ကူးစက်ရောဂါတွေပါ ရှိတယ်၊ အဓိက က ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာပေးလေးတွေ လိုအပ်တယ်”လို့ ယင်းတာဝန်ရှိသူက ပြောပါတယ်။

    မူးယစ်ဆေးဝါး အလွယ်ရတာကြောင့်ရော ငွေကြေးတက်နိုင်တာကြောင့်ရော မိဘတွေမှာလည်း သားသမီးတွေ သုံးစွဲ လာတာကို ထိန်းချုပ်ဖို့ ခဲယဉ်းပေမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြသနာတွေ မကြုံဖို့အတွက် သတိပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ သူကဆက်ပြောတယ်။

    နယ်စပ်မြို့တွေမှာ ဘိန်းဖြူ၊ ဆေးပြား၊ ဘိန်းစာရွက်အပြင် Party Drug လို့ခေါ်တဲ့ ကက်တမင်းရှုတာ၊ Happy Water သောက်တာတွေက လူငယ်တွေကြား ခေတ်စားနေတာလည်း နှစ်အနည်းငယ်ကြာနေပြီလို့ မူဆယ်ဒေသခံ အသက် ၃၀ ကျော်အရွယ် မဒီးဒီးက ပြောတယ်။

    WY လို စိတ်ကြွဆေးပြားတွေက ဆေးပြား တပြားကို ကျပ်ငွေ ငါးရာ၊ တထောင်နဲ့ ပေါပေါ‌ လောလော ဝယ်ယူလို့ရနေတော့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အမျိုးသမီးတွေလည်း သုံးတာ များလာသလို တချို့က မိသားစုလိုက် သုံးစွဲနေကြတာတွေလည်း တွေ့ရတယ်လို့ သူကပြောတယ်။

    ဒါ့အပြင်အမျိုးသမီးတွေကြားသုံးစွဲမှု များလာတဲ့ Party Drug လို့ခေါ်တဲ့ Happy Water က အက်တစီ၊ မက်သာဖက် တမင်း၊ ဒိုင်ယာဇီပင်နဲ့ ကက်တမင်းတို့လို မူးယစ်ဆေးဝါးတွေရောစပ်ထားတဲ့ စိတ်ကြွဆေးတမျိုးဖြစ်ပြီး ရေ၊ အရက်၊ အချိုရည် တို့နဲ့ ရောစပ်သောက်သုံးကြတဲ့အခါ စိတ်ကိုတက်ကြွစေပြီး မမောမပန်းဘဲ ကခုန်ပျော်ပါးနိုင်တဲ့အတွက် လူငယ်တွေကြား အပျော်အပါးကိစ္စတွေမှာ မပါမဖြစ်လို့ ဆိုပါတယ်။

    ဒီဆေးဝါးတွေက ဆယ်ကျော်သက် လူငယ်တွေကြားမှာကို သာမန်တွေ့ဆုံရင်တောင် အပျော်အနေနဲ့ သုံးစွဲလေ့ရှိကြတဲ့အတွက် ကျန်းမာရေးထိခိုက်လာမှာ၊ ဆေးသုံးနေချိန် သတိလက်လွတ်နဲ့ လိင်ကိစ္စတွေမှာ အထိန်းကွပ်မဲ့ ဖြစ်လာမှာကို စိတ်ပူရတယ်လို့ မဒီးဒီးက ပြောပါတယ်။

    မူဆယ်မြို့ပေါ်နဲ့ ရပ်ကွက်တွေမှာကို လောင်းကစားရုံတွေနဲ့ ကေတီဗီတွေက ပေါများလာသလို အဲ့ဒီနေရာ တွေမှာ စိတ်ကြွမူးယစ်ဆေးဝါးသုံးစွဲပြီး အမျိုးသမီးတွေ သတိလစ်လို့ ဆေးရုံရောက်တာ၊ ဆေးရှိန်လွန်ပြီး နှလုံးရပ် သေဆုံးတာ တွေကလည်း သူတို့ဒေသခံတွေအတွက်တော့ မကြာမကြာ ကြားနေ၊ သိနေရတဲ့ အကြောင်းအရာတွေပါပဲ။

    မဒီးဒီးက “ကောင်မလေးတွေ ဆေးရှိန်လွန်လို့ သေတာ၊ ဆေးအတူသုံးရင်း လိင်ကိစ္စဖြစ်သွားတာတွေ၊ အစော်ကားခံရတာတွေကလည်း ၁ခု၊ ၂ ခုမကတော့ဘူး၊ တချို့ဖြစ်စဉ်တွေပဲ အွန်လိုင်းပေါ်တက်လာတာ၊ လိုင်းပေါ်မတက်ပဲ ဖြစ်သွားတာတွေက အများကြီးရှိတယ်”လို့ မဒီးဒီးပြောတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုတွေနဲ့ ဖမ်းဆီးရမိမှု အခြေအနေတွေကို သုတေသနပြု လေ့လာထားတဲ့ ISP-Myanmar (မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု) အချက်အလက်တွေ အရ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေ အနက်အိုက်စ် (Ice) လို့ ခေါ်တဲ့ မက်သာဖက်တမင်း မူးယစ်ဆေးဝါး တွေက အများဆုံး ဖြစ်ပါတယ်။

    ဒုတိယအများဆုံးကတော့ K လို့ခေါ်တဲ့ ကတ်တမင်းက ၃၂ ရာခိုင်နှုန်း၊ WY ဆေးပြားတွေက တတိယအများဆုံးနဲ့ ဘိန်းဖြူ ကတော့ သုံးရာခိုင်နှုန်းပဲရှိတာကြောင့် လူအများ စောင့်ကြည့်လေ့လာနေတဲ့ ဘိန်းထက်တောင် အခြားမူးယစ်ဆေးတွေက ပြည်တွင်းမှာ သုံးစွဲမှု အတော်လေး များနေတယ်လို့ စစ်တမ်းမှာဖော်ပြထားတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေကို နိုင်ငံရေး လုပ်တာကလွဲရင် ကျန်တဲ့မူးယစ်ဆေးဝါး၊ အရက်၊ မကောင်းမှုဒုစရိုက် လုပ်ငန်းတွေမှာ ပျော်ဝင်အောင်ခွင့်ပြုပေးတာကြောင့်လည်း မူးယစ်ဆေးဝါးပြသနာက ပိုမိုဆိုးရွားလာတယ်လို့ အရပ်သား အစိုးရ လက်ထက်မှာ ရှမ်းပြည်နယ်က ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သူ တဦးက သုံးသပ်ပါတယ်။

    မူးယစ်ဆေးဝါးတွေက လူငယ်တွေရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတယ်ဆိုပေမယ့် မူးယစ်ဆေးပျံ့နှံမှုကို တားဆီးဖို့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေမရှိရင်တော့ အမျိုးသား၊ အမျိုးသမီး လူငယ်တွေမှာ မူးယစ်ဆေးထဲ နစ်နေဦးမှာပဲလို့ သူကဆက်ပြောတယ်။

    “အရင်လိုမျိုး အစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေ ဦးဆောင်တဲ့ မူးယစ်ဆေး တားဆီးရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်တာမျိုး၊ နောက်လူငယ်တွေအတွက်လည်း မှန်ကန်တဲ့ အပန်းဖြေစရာ စိတ်ထွက်ပေါက်တွေရှိနေရင်တော့ လုံးဝ ပျောက်သွားမှာ မဟုတ်ပေမယ့် လျော့ကျသွားမယ်”လို့ အရပ်သား အစိုးရ လက်ထက်မှာ ရှမ်းပြည်နယ်က ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ သူကဆိုတယ်။

    စစ်ကောင်စီက မူးယစ်ဆေးနဲ့ပတ်သက်ပြီးဖမ်းဆီးရရှိမှုတွေ မကြာခဏထုတ်ပြန်လေ့ရှိပေမယ့် တကယ့်အရင်းအမြစ်တွေနဲ့ အောက်ခြေပိုင်းတွေမှာတော့ အရေးယူဖို့ လျစ်လျူရှုထားဆဲဖြစ်ပြီး ဒါက မျိုးဆက်သစ်လူငယ်တွေအတွက် အန္တရာယ်တခုဖြစ်စေသလို မိဘတွေအတွက်လည်း ခြောက်လှန့်နေတဲ့ ကိစ္စလို့ ဒေသခံတွေက တညီတညွတ်တည်း လက်ခံထားကြပါတယ်။

    လက်ရှိမှာ တရားဥပေဒလျော့ရဲပြီး မူးယစ်ဆေးသုံးစွဲသူတွေ၊ ပျံ့နှံ့တဲ့နေရာတွေကိုလည်း မျက်ကွယ်ပြုနေတာ တွေကြောင့် ပိုဆိုးလာသလိုဖြစ်တဲ့အတွက် ဒါတွေကို တိတိကျကျ အရေးယူမှုတွေမလုပ်ဘူးဆိုရင် မိဘတိုင်းဟာ ကိုယ်သားသမီးအတွက် မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အန္တရာယ်တွေ ကြုံရမှာကို အမြဲတစေ စိုးရိမ်နေရဦးမှာလို့ ကိုမိုးဇက်ကပြောပါတယ်။

    ကလေး ၃ဦး ဖခင်ဖြစ်တဲ့ ကိုမိုးဇက်က “ကျွန်တော့်သမီးလေးတွေက အပျိုပေါက်လေးတွေဖြစ်လာတော့ ပူနေ ရတာ၊ ဆေးသမားတွေက အန္တရာယ်ပြုတာတွေလည်း ရှိတော့ ကလေးတွေ နောက်ကနေလိုက်နေရတယ်”လို့ ပြောပါတယ်။

    ဒါက မူးယစ်ဆေးနဲ့ အန္တရာယ်တွေ ပိုပြီးနီးကပ်လာတဲ့ ရပ်ဝန်းတခုမှာ ကိုမိုးဇက်လို မိဘတွေအဖို့ ကိုယ့်သားသမီး တွေ သားကောင်မဖြစ်စေဖို့ သူတို့နည်းသူတို့ဟန်နဲ့ ကြိုတင်ကာကွယ်ဖို့ ကြိုးစားနေကြရတာကို ပြသနေတဲ့ အရာပဲ ဖြစ်ပါတယ်။

    ဓာတ်ပုံ – ပုံဟောင်း

    ✍🏻ဒေဝီ

  • သံတမန်လောကကပါ ဝိုင်းဝန်းဂုဏ်ပြုလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် UFC ဖလိုက်ဝိတ် ဘုရင်ကြီး Joshua Van

    သံတမန်လောကကပါ ဝိုင်းဝန်းဂုဏ်ပြုလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် UFC ဖလိုက်ဝိတ် ဘုရင်ကြီး Joshua Van

    ဂျော့ရှုဝါဗန် အနိုင်ရမှု အမေရိကန်သံရုံး ဂုဏ်ပြု

    အမေရိကန်နိုင်ငံ၌ မေလ ၁၀ ရက်က ကျင်းပသော UFC 328 ပြိုင်ပွဲတွင် ဖလိုက်ဝိတ်တန်းချန်ပီယံ ဂျော့ရှုဝါဗန်သည် ဂျပန်ဖိုက်တာ Tatsuro Taira အား အနိုင်ယူကာ ချန်ပီယံခါးပတ် ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ထုတ်ပြန်သည်။

    UFC တွင် အံ့မခန်း စွမ်းဆောင်ရည်အတွက် မြန်မာ-အမေရိကန် ဖလိုင်းဝိတ် ကြယ်ပွင့် Joshua “The Fearless” ကို အထူးဂုဏ်ပြုကြောင်း၊ ဗန်၏ကြိုးစားအားထုတ်မှုနှင့် မကြောက်မရွံ့ စိတ်ဓာတ်များသည် မြန်မာ နိုင်ငံကနေ အမေရိကန်အထိ ပရိသတ်များအား ဆက်လက် စိတ်ခွန်အားများ လှုံ့ဆော်ပေးနေကြောင်း ဆိုထားသည်။

    ဂျော့ရှုဝါဗန်သည် ယမန်နှစ် ဒီဇင်ဘာလက ဖလိုင်းဝိတ်ချန်ပီယံ Pantoja အား အနိုင်ယူကာ ပထမဆုံးသော မြန်မာနွယ်ဖွား UFC ချန်ပီယံဖြစ်လာခြင်း ဖြစ်သည်။

    🇲🇲 + 🇺🇸 သံတမန်လောကကပါ ဝိုင်းဝန်းဂုဏ်ပြုလိုက်ရတဲ့ မြန်မာ့ဂုဏ်ဆောင် UFC ဖလိုက်ဝိတ် ဘုရင်ကြီး Joshua Van

    ကျွန်တော်တို့ရဲ့ ချန်ပီယံ Joshua Van ရဲ့ အောင်မြင်မှုဟာ လှောင်အိမ် (Octagon) ထဲမှာတင် ရပ်တန့်နေတာ မဟုတ်ပါဘူး ။ အခုဆိုရင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး (U.S. Embassy Rangoon) ကပါ ဗန်ရဲ့ ခါးပတ်ကာကွယ်ပွဲ အောင်မြင်မှုကို တခမ်းတနားနဲ့ ဂုဏ်ပြုစကားဆိုလာခဲ့တာပါ။

    သံရုံးရဲ့ ဂုဏ်ပြုစာလွှာမှာ “UFC မှာ အံ့မခန်း စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ မြန်မာ-အမေရိကန် ဖလိုက်ဝိတ်တန်း စတားဗန် အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

    မင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ‘မကြောက်မရွံ့’ တဲ့ စိတ်ဓာတ်တွေဟာ မြန်မာနိုင်ငံကနေ အမေရိကန်အထိ ပရိသတ်တွေကို အမြဲတမ်း ခွန်အားပေး စေ့ဆော်နေပါတယ်။

    ဆက်ပြီးတော့ ပျံသန်းနေပါဦး ချန်ပီယံကြီးရေ…” ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

    အမေရိကန်သံရုံးဟာ ဗန် ပထမဆုံးအကြိမ် ပန်တိုဂျာကို အနိုင်ယူတုန်းကလည်း ဂုဏ်ပြုခဲ့ဖူးသလို၊ အခုတစ်ခေါက် သမိုင်းဝင် ခါးပတ်ကာကွယ်ပွဲမှာလည်း မမေ့မလျော့ဘဲ ချီးကျူးဂုဏ်ပြုခဲ့တာ ပါ။

    ဒါဟာ ဗန်ရဲ့ အောင်မြင်မှုဟာ နှစ်နိုင်ငံကြားက ပရိသတ်တွေအားလုံးကို စုစည်းပေးနိုင်ရုံတင်မကဘဲ နိုင်ငံတကာ အသိအမှတ်ပြုမှုကိုပါ အခိုင်အမာ ရရှိထားကြောင်း သက်သေပြနေပါတယ်။

    လှောင်အိမ်ထဲမှာတင်မကဘဲ ပြင်ပလောကမှာပါ အားလုံးက လေးစားချစ်ခင်ရတဲ့ ကျွန်တော်တို့ရဲ့ ဘုရင်ကြီးမောင်ဗန်ဟာ မြန်မာ့ဂုဏ်ကို ကမ္ဘာ့အလယ်မှာ အခုလို အဆင့်အတန်းရှိရှိ မြှင့်တင်ပေးနေတာ တကယ့်ကို ကြည်နူးစရာကောင်းလှပါတယ်။

  • ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်

    ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်

    ပြည်သူများအပေါ် ဗုံးကျဲသတ်ဖြတ်နေမှုများအတွက် မြန်မာစစ်တပ်ကို ထပ်မံအရေးယူမည်ဖြစ်ပြီး မင်းအောင်လှိုင်နှင့် စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုဟု အမေရိကန်အစိုးရက ဆက်လက်သုံးစွဲ

    မြန်မာပြည်သူများနှင့် ခရစ်ယာန်ဘာသာရေး အဆောက်အအုံများအပေါ် ဗုံးကျဲသတ်ဖြတ် တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံအရေးယူမည်ဟု အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက် ထောက်နိုင်ငံ ခြားရေးဝန်ကြီး Michael George DeSombre က တရားဝင် ထုတ်ဖော်ပြောဆိုသည်။

    အမေရိကန်အခြေစိုက် Burma Research Institute က ဦးဆောင်၍ ခရစ် ယာန်ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများ စုပေါင်းပြီး မြန်မာနိုင်ငံတွင် ပြည်သူများနှင့် ခရစ်ယာန်ဘာသာဝင်များအပေါ် တိုက်ခိုက်နေမှုများနှင့် ပတ် သက်၍ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး Rubio ထံသို့ စာပေးပို့ခဲ့ကြရာ၊ အမေရိကန်အစိုးရက ထိုသို့ တုံ့ပြန်ပြောဆိုလာခြင်းဖြစ်သည်။

    “ကျနော်တို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီကို မြန်မာနိုင်ငံမှာ ပြည်သူတွေနဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အအုံတွေကို နေ့ထူးနေ့မြတ်တွေမှာတောင် တိုက်ခိုက်နေတာတွေအတွက် စာရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုယ်စား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက စာပြန်ပါတယ်။

    သူရဲ့စာထဲမှာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို အစိုးရလို့လည်း မသုံးထားသလို အသိအမှတ်လည်း မပြုထားဘူး။ သူက မြန်မာအာဏာသိမ်းစစ်တပ် (Military Regime) လို့ပဲ သုံးနှုန်းထားတယ်။

    မြန်မာ Military Regime ကို ထိရောက်တဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမယ်ဆိုတာ အကြောင်းပြန်ထားတယ်” ဟု Burma Research Institute မှ ဥက္ကဋ္ဌ Zo Tum Hmung က ပြောဆိုသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ ပေးပို့သောစာတွင် ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ “Christ the King” ကက်သလစ်ဘုရားကျောင်းနှင့် မင်းတပ်မြို့ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတို့ကို

    ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း ခရစ်ယာန်ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်အချိန်များတွင် စစ်တပ်က ဗုံးကျဲတိုက်ခိုက် သတ်ဖြတ်မှုများအပါ အဝင် နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများကို အသေးစိတ်ဖော်ပြခဲ့သည်။

    ယင်းအပြင် မြန်မာအကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ချိုးဖောက်နေသူများကို အမေရိကန်အစိုးရက ထိထိရောက်ရောက် အရေးယူရန် အကြံပြုချက် ၁၀ ချက်ကိုလည်း ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရှိရသည်။

    “အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တာနဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူတာမျိုးတွေ ဆက်လုပ်သွားမှာပါ။

    လူကြီးမင်းတို့ အကြံပြုချက်တစ်ခုချင်းစီကို သေချာစိစစ်ပြီး စစ်ကောင်စီက အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်လာအောင်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အဆင်ပြေပြေ ပေးပို့နိုင်အောင်၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးအောင်နဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးလာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပိုပြီး ဖိအားပေးနိုင်မလဲဆိုတာကို သေချာစဉ်းစားသွားပါ့မယ်” ဟု အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael George DeSombre က ပြောဆိုထားသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး သမ္မတ အဖြစ် ကိုယ့်ကိုကိုယ် ခန့်အပ်ပြီးနောက်၊ အမေရိကန်အစိုးရနှင့် ပြေ လည်စေရန် ဒေါ်လာသန်းချီသုံး၍ လော်ဘီ (Lobbyist) များ ငှားရမ်းခြင်းများ လုပ်ဆောင်နေချိန်တွင် အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ထပ်မံဒဏ်ခတ်ပိတ်ဆို့ အရေးယူမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

    အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်နှင့် စစ်တပ်ကို အမေရိကန်အစိုးရက အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အာဏာသိမ်းစစ်အုပ်စုအဖြစ် ဆက် လက်သုံးစွဲနေခြင်းလည်း ဖြစ်သည်။

  • မန္တလေးမှာ လူမှုကူညီရေး လူငယ် ၁၉ ဦးကို စစ်တပ် ပေါ်တာဆွဲဟုဆို

    မန္တလေးမှာ လူမှုကူညီရေး လူငယ် ၁၉ ဦးကို စစ်တပ် ပေါ်တာဆွဲဟုဆို

    မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်တွင် လူမှုကူညီရေးအသင်းမှ လူငယ် ၁၉ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရသည်။

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား ၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ တောင်ခွင်မင်းကြီးတိုက် ၊ ရှမ်းပွဲဇေတဝန်ကျောင်းအနီး ဖွင့်လှစ်ထားသော ဖေးကူလက်များ လူမှုကူညီရေးအသင်း၌ ရှိနေသည့် လူငယ် ၁၉ ဦးကို စစ်သား ၁၀ယောက်က မေလ ၈ ရက်၊ ည ၁၁ နာရီခွဲခန့်တွင် ဝင်ရောက် ပေါ်တာဆွဲသွားကြောင်း Voice Of Mandalayက သတင်းထုတ်ပြန်သည်။

    ” ၁၀ ယောက် ကား ၂ စီးနဲ့ လာဖမ်းတာပါ”ဟု Voice Of Mandalay မှ တာဝန်ရှိသူတစ်ဦးက မေ ၁၁ ရက်တွင် ပြောသည်။

    ယင်းလူငယ်များကို မည်သည့်နေရာသို့ ပို့ဆောင်လိုက်သလဲ မသိရသေးကြောင်း သိရသည်။

    မန္တလေးမြို့ခံ လူမှုကူညီရေးသမားတစ်ဦးက “လူငယ်တွေကို ကောက်သင်းကောက်လိုက်ဖမ်းရတာ ထက်စာရင် အခုလို လူငယ်တွေစုနေချိန်မှာ ဖမ်းတာကျ စစ်တပ်အတွက် ပိုအဆင်ပြေတယ်။ သတင်း ပေးတဲ့သူရှိလို့ လာဖမ်းတာလို့ ကြားရတယ်”ဟု ပြောသည်။

    မေလ ၁၀ ရက်၊ မွန်းလွဲ တစ်နာရီခွဲခန့်တွင်လည်း မဟာအောင်မြေမြို့နယ်အတွင်း Mark 2 ကားတစ် စီးဖြင့် လာသည့် စစ်သားများက ဝပ်ရှော့ဆိုင်ထဲရှိ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

    မန္တလေးမြို့အတွင်း၌ သူခိုး ၊ ဆေးသမားနှင့် လူမိုက်များကို စစ်တပ်က ငွေနဲ့ဆွဲဆောင်ကာ ပျူစော ထီးအဖြစ် သွတ်သွင်းနေကြောင်း ၊ တစ်ပတ်အတွင်း စစ်မှုထမ်း အင်အား ၄၀၀ မှ ၆၀၀ အတွင်းရရှိ စေရန် မြို့တွင်းရှိ လူငယ်များကို ပေါ်တာဆွဲခိုင်းနေပြီး လူငယ်တစ်ဦး ဖမ်းမိလျှင် ပျမ်းမျှ ငွေ ၂ သိန်းပေးမည်ဖြစ်ကြောင်း သိရသည်။

    ယင်းပျူစောထီးများသည် စစ်တပ်အကြိုက်လိုက်ကာ နေအိမ်များထဲထိ ဝင်ရောက်ပေါ်တာဆွဲခြင်း နှင့် လမ်းသွားလမ်းလာပြည်သူများကို ထိုးကြိတ်ဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် ဂရုစိုက်နေထိုင်ကြရန် Voice Of Mandalay က အသိပေးထားသည်။

  • မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

    မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

    မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် မယွန်းစုစုဇင် အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဘူးတောင်းကန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၈ နှစ်အရွယ် မယွန်းစုစုဇင် အပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    မေလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် မုံရွာ ကျောက်စစ်ပုံ အမြောက်တပ်မှ အကြမ်းဖက် စစ်သားများက ဘူးတောင်းကန်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံးကိုထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုလက်နက်ကြီးကျည် ထိမှန်၍ အသက် ၈ နှစ်အရွယ် မယွန်းစုစုဇင် နှင့် အသက် ၈၀ ကျော် အရွယ် ဒေါ်တင်ပိုင် တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေပြည်သူ ဦးအောင်ဝင်း၊ ဒေါ်ရီတင် ၊ ကိုသိန်းဇော် ၊ ဒေါ်တင်မြိုင် ၊ ကိုစိုးမင်းခန့် ၊ မဖြိုးဟန်နီထွန်း နှင့် ဒေါ်အေးမော်တို့ ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူတွေ နေထိုင်တဲ့ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးပစ်တဲ့ လက်နက်ကြီးကျည်က နေအိမ် ၁ လုံးကို ထိမှန်ပြီး နေအိမ်ထဲမှာရှိနေတဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်နဲ့ အဖွားအို ၁ ဦး ကျည်ထိပြီး ပွဲချင်းပြီးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၇ ဦးရှိတယ်။ ဒဏ်ရာရတဲ့ သူတွေကတော့ မစိုးရိမ်ရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် ဧပြီလ ၂၄ ရက်နေ့ကလည်း အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးသည် မုံရွာမြို့နယ်၊ ကျွန်းကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျွန်းကြီးကျေးရွာတွင် နေထိုင်သော ကလေးငယ် ၁ ဦး အပါအဝင် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။